Ch-22 Unicode
ချန်ချင့် လမ်းထဲက လျှောက်ထွက်လာပြီးနောက် သူသွားရာမည့်လမ်းကို မရှာခင် ခဏလောက် လိုက်ကြည့်နေခဲ့သည်။ သူသည် အမွှေးတိုင်၊ ဖယောင်းတိုင်နှင့် ငွေစက္ကူ အရောင်းဆိုင်သို့ သွားချင်ပြီး အဆိုပါဆိုင်များဟာ ပျားပန်းခတ်လှုပ်ရှားနေသော လမ်းများတွင် မရှိတာကြောင့် ချန်ချင့်လည်း ခေါင်းငုံ့၍ မြို့အစွန်ဘက်သို့ လျှောက်သွားခဲ့သည်။
သို့ပေတိ သူသည် လူကျဲပါးသောလမ်းသို့ ရောက်ရုံရှိသေး သူ့အင်္ကျီလက်မှာ အဆွဲခံလိုက်ရသည်။ ချက်ချင်းပင် ချန်ချင့်၏ နှလုံးမှာ လည်ချောင်းဆီသို့ ခုန်တက်သွားရလျက်။ သူ မတုံ့ပြန်နိုင်ခင်မှာပဲ သူ့လက်ကို နွေးထွေးမှုတစ်လွှာ လွှမ်းခြုံသွားခဲ့လေသည်။
ချန်ချင့် ခေါင်းငုံ့ကြည့်လိုက်ရာ ဆီစက္ကူဖြင့် ပတ်ထားသော အသားဘန်းမုန့်ပေါင်းကြီးနှစ်ခုကို တွေ့လိုက်ရသဖြင့် အနည်းငယ် မှင်တက်သွားရလျက်။ သူ့ခေါင်းကို ပြန်မော့လိုက်သည့်အခါ လမ်းအဆုံးက အရပ်ရှည်ရှည်အရိပ်တစ်ခုကိုသာ တွေ့လိုက်ရတော့သည်။
အဲဒါ ကျိုးယွမ်ပဲ...
ချန်ချင့် သူ့လက်ထဲက အသားဘန်းမုန့်ကြီးနှစ်ခုကို ကြည့်ပြီး စားသင့်သလား မစားသင့်ဘူးလား မသိတော့ချေ။ ကျိုးယွမ်က သူ့အတွက် ဘန်းမုန့်တွေ ဝယ်ပေးတာကို လီရှင်းသိရဲ့လား...
ဘန်းမုန့်နှစ်ခုဟာ လေးဆင့်ရှိတယ်... နောက်မှ လီရှင်းရှေ့မှာ သူ့ကို အဲ့ပိုက်ဆံတွေပေးလိုက်သင့်လား...
ချန်ချင့် ခဏမျှ တုံ့ဆိုင်းသွားရသော်လည်း နောက်ဆုံးတွင် ခေါင်းငုံ့လိုက်ကာ ဘန်းမုန့်အား စတင်စားလိုက်တော့သည်။ မြို့ထဲရှိ အသားဘန်းမုန့်များမှာ တစ်ခုကို နှစ်ဆင့်စီ ကုန်ကျပြီး အရွယ်အစားကား ချန်ချင့်၏ မျက်နှာထက်ပိုကြီးသလို မုန့်ညက်ကလည်း ကောင်းစွာ အချဉ်ဖောက်ထား၏။
ဘန်းမုန့်တစ်ခုလုံးက နူးညံ့ပျော့ပျောင်းပေမယ့် အဟလေးတွေတိုင်းမှာ ဆီနစ်နေလျက်။ ဘန်းမုန့်ထဲဝယ် မျှစ်တစ်ချို့ကို အသားအဆာသွပ်ထဲ ပေါင်းထည့်ထားသဖြင့် ဝါးရတာ ပိုကောင်းလှသည်။
ဒါ့ကြောင့် ဘန်းမုန့်တစ်ခုကို နှစ်ဆင့်နဲ့ ရောင်းနိုင်ကြတာ အံ့သြစရာမရှိတော့ဘူးပဲ...
ချန်ချင့် တစ်ခုပဲစားကာ ကျန်တစ်ခုကိုတော့ သူ့အမေအားကျွေးရန် ကြံရွယ်ကာ သူ့ရင်ခွင်ထဲ သေချာထည့်သိမ်းလိုက်သည်။
မကြာခင်မှာပဲ ချန်ချင့်သည် အမွှေးတိုင်၊ ဖယောင်းတိုင်နှင့် ငွေစက္ကူ အရောင်းဆိုင်တစ်ဆိုင်ကို ရှာတွေ့ခဲ့သော်လည်း နှစ်ရက်အတွင်း ဆောင်းဦးလလယ်ပွဲတော်ကျင်းပတော့မည်ဖြစ်တာကြောင့် လူများစွာ လာရောက်ဝယ်နေကြသည်။ လူအုပ်ကြီးကို တွေ့လိုက်ရသည့်အခါ သူ့ဦးရေပြားတွေ တင်းကျပ်သွားသလို ခံစားလိုက်ရ၍ နံဘေးတွင် အချိန်အကြာကြီး စောင့်နေပြီး လူပါးလာတော့မှ သွားဝယ်ခဲ့သည်။
အချိန်အတော်ကြာသွားချေပြီ။ ချန်ချင့်လည်း သူ့ပစ္စည်းများအား ကျောတွင်သယ်ကာ လမ်းမကြီးဆီ ပြန်လျှောက်လာခဲ့သည်။ သူဘာလုပ်ရမှန်းမသိ၍ လမ်းပေါ်မှာ ကြောင်တက်တက်ရပ်နေချိန် လီရှင်းက သူ့အား အနောက်မှ ခြောက်လန့်ခဲ့လေသည်။
"မင်း ပစ္စည်းတွေဝယ်တာ ဘာလို့ဒီလောက်ကြာနေတာလဲ"
လီရှင်းက သူဝယ်ထားသည့် ပစ္စည်းများကို တစ်ချက်ကြည့်လိုက်ပြီး "ဒါတွေပဲ ဝယ်ထားတာလား"
ချန်ချင့် ခေါင်းညိတ်ကာ : "ဒီနှစ်ရက်အတွင်း ဆောင်းဦးလလယ်ပွဲတော်ရောက်တော့မှာလေ... ငါ သူ့အတွက် နည်းနည်းဝယ်လိုက်တာ"
"မင်း မုန့်ထောင်းကို အရမ်းသတိရနေတာလား"
လီရှင်း၏ မျက်နှာအမူအရာမှာ အနည်းငယ် ထူးဆန်းနေ၏။
ချန်ချင့်ကတော့ ဖြစ်သင့်သည့်ကိစ္စပါပဲဆိုသည့် ပုံစံမျိုးဖြင့် ပြောလာသည်။
"ဒါက ဖြစ်သင့်တာပဲမဟုတ်လား မင်းရော ဈေးဝယ်ပြီးသွားပြီလား"
လီရှင်းသည် အစကတည်းက သူ့အမေအတွက် ဆေးယူရန် မြို့တက်လာခြင်းပင်။ သူ ဆေးတွေယူပြီးသွား၍ ဤနေရာတွင် ချန်ချင့်အား စောင့်နေခဲ့သည်။
ချန်ချင့် ဘန်းမုန့်များအကြောင်း မေးလိုက်ချင်သော်လည်း သူ့ကိုယ်သူ ပြန်ထိန်းလိုက်၏။
ချန်ချင့် : "ဒါဆို ပြန်ကြတော့မလား"
"ကောင်းပြီ"
မြို့ထဲရှိ နွားလှည်းများရပ်ထားသည့်နေရာသို့ သူတို့နှစ်ယောက် အတူတူလျှောက်လာခဲ့ကြသည့်အခါ နွားလှည်းပေါ်မှာထိုင်ပြီး သူတို့ကို စောင့်နေသော ကျိုးယွမ်ကို တွေ့လိုက်ရလေ၏။
ကျိုးယွမ်က သူ့အချိန်တွေကို ဖြုန်းနေမိတာကြောင့် ထွက်သွားတာကြာလှပြီဟု ချန်ချင့် တွေးထင်ခဲ့ပေမယ့် သူ လီရှင်းကို ဒီလောက်အကြာကြီးစောင့်ချင်စိတ်ရှိလိမ့်မည်ဟု မမျှော်လင့်ထားမိခဲ့ချေ။
(လွဲပြန်ပြီ အတွေးတွေကတော့လေ)
အပြန်လမ်းတွင် သုံးယောက်သား အတူတူပြန်ခဲ့ကြသည်။ ချန်ချင့်လက်ထဲ၌ ကြေးဒင်္ဂါးပြားလေးပြားကို ကိုင်ထားပြီး ကျိုးယွမ်ထံ ဘယ်အချိန်ပေးရမလဲ သူမသိတော့။
ကျိုးယွမ်က သူ့အတွက် ဘန်းမုန့်တွေ ဝယ်ပေးတာကို လီရှင်း သိလား မသိလားဆိုတာ သူမသိဘူး... လီရှင်းမသိခဲ့ဘူးဆိုရင် ချန်ချင့်က သူ့ကို ပိုက်ဆံပေးလိုက်တဲ့အခါ သူတို့ဆက်ဆံရေး ထိခိုက်သွားမှာ သူကြောက်မိပါရဲ့...
လီရှင်းသည် ချန်ချင့်အားကြည့်၍ သူ့လက်ကိုဆွဲကိုင်ပြီး လက်ဖဝါးကို ဖွင့်လိုက်ရာ သူ့လက်ထဲ၌ ကြေးဒင်္ဂါးပြားလေးပြားကို တွေ့လိုက်ရလေ၏။
"မင်း ကြေးဒင်္ဂါးပြားတွေကို ဘာလုပ်ဖို့ကိုင်ထားတာလဲ"
ကျိုးယွမ် ထိုစကားကိုကြားသောအခါ သူ့ဆီ လှည့်ကြည့်လာသည်။
ချန်ချင့်လည်း ခေါင်းငုံ့ချလိုက်ပြီး အသံတိုးတိုးလေးဖြင့် "မဟုတ်ဘူး ဘာမှမဟုတ်ဘူး"
ကျိုးယွမ် : "အဲဒါက ငါ့နွားလှည်းအတွက် ပေးချေငွေတွေပဲ... သူစီးတိုင်းပေးနေကျလေ"
ချန်ချင့် သူ့ကို လှည့်ကြည့်လိုက်မိသည်။ ကျိုးယွမ်ရဲ့ စကားတွေထဲမှာ ထေ့ငေါ့သံတစ်ခုခုကို သူကြားလိုက်ရသလိုပဲနော်...
"မဟုတ်ပါဘူး..."
လီရှင်းလည်း သူတို့နှစ်ယောက်ကို တစ်လှည့်စီကြည့်လိုက်ပြီးနောက် ချန်ချင့်ကို ပြောလိုက်၏။
"ဒါဆို မင်းပိုက်ဆံကို သိမ်းထားလိုက်လေ"
"အိုး"
အပြန်လမ်းတွင် သူတို့သုံးယောက်လုံး စကားမပြောဖြစ်ခဲ့ကြချေ။ ရွာအဝင်ဝသို့ ရောက်သည့်အခါ လီရှင်းက နွားလှည်းပေါ်မှ ခုန်ဆင်းလိုက်ပြီး
"အားချင့် နေ့ခင်းကျရင် ငါ မင်းနဲ့ လာကစားမယ်နော်"
လီရှင်း ထွက်သွားပြီးနောက် နွားလှည်း၌ ချန်ချင့်နှင့် ကျိုးယွမ်သာ ကျန်ခဲ့တော့သည်။
ချန်ချင့် သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး သူ့လက်ဖဝါးထဲမှာ ကြေးဒင်္ဂါးလေးပြားရှိနေလျက်။
"ဒါက ခင်ဗျား ကျွန်တော့်အတွက် ဝယ်ပေးလိုက်တဲ့ ဘန်းမုန့်ဖိုး... လီရှင်းက ခုနက လှည်းထဲမှာရှိနေတော့ ကျွန်တော် ကြောက်တာ..."
"မင်းက ဘာကိုကြောက်တာလဲ"
ကျိုးယွမ်က သူ့ပိုက်ဆံကို မယူလိုက်ဘဲ သူ့စကားကိုသာ ဆက်ပေးလိုက်သည်။
"အာ အဲဒါ လီရှင်း ခင်ဗျားတို့တွေ..."
ချန်ချင့် အကြာကြီးတုံ့ဆိုင်းနေသော်ငြား ဘာမှပြောမထွက်ခဲ့ချေ။ ပထမဆုံးအကြိမ် ရဲဆေးတင်ကာ သူ ကျိုးယွမ်လက်ကို ဆွဲယူ၍ ဒင်္ဂါးပြားတွေကို ပေးလိုက်ပြီးနောက် နွားလှည်းပေါ်မှ ခုန်ဆင်းလျက် တောင်းကိုလွယ်ကာ အလွန်လျင်မြန်စွာ ပြေးသွားတော့သည်။
ကျိုးယွမ်လည်း သူ့လက်ထဲက ကြေးဒင်္ဂါးပြားများကို ကြည့်ပြီး ဒေါသကြောင့် အော်ရယ်မိတော့မလိုပင်။
ချန်ချင့် အိမ်ပြန်ရောက်သည့်အခါ စွင်းတာ့ညန်က ချန်ချင့်ကိုဆွဲ၍ ဒီနေ့ အဖြစ်အပျက်အကြောင်း မေးမြန်းလေပြီ။ ချန်ချင့် စိတ်တွေ ဗလာဖြစ်နေလျက် "သားကောင်တွေကို သူတို့အတူတူ သွားရောင်းကြတယ်..." လို့သာ ပြောလိုက်သည်။
စွင်းတာ့ညန် ပြုံးလျက် "ကောင်းတာပေါ့"
ချန်ချင့် သူ့ရင်ခွင်ထဲက ဘန်းမုန့်များကို သတိရလိုက်ကာ စွင်းတာ့ညန်ဆီ အမြန်ပေးလိုက်သည်။
"အမေ အသားဘန်းမုန့်တွေ စားပါအုံး"
"ဟေး မင်း ငါ့အတွက်ဝယ်ခဲ့တာပဲ... မင်းဘာမင်းရော စားပြီးပြီလား... မင်းရဲ့ ပိုက်ဆံတွေအကုန် ကုန်သွားပြီလား... နောက်မှ ငါ မင်းကို မုန့်ဖိုးနည်းနည်းပေးပါဦးမယ်"
စွင်းတာ့ညန်သည် မြို့ထဲရှိ အသားဘန်းမုန့်များ စားခဲသည်။ ဘာပဲဖြစ်ဖြစ် ဘယ်သူကမှ ပိုက်ဆံတွေကို အရမ်းကာရော မသုံးကြဘူးလေ..
"ကျွန်တော့်မှာ ပိုက်ဆံကျန်ပါသေးတယ် အကုန်မသုံးပါဘူး"
ချန်ချင့် အသက်ပြင်းပြင်းရှူလိုက်ပြီး "ကျွန်တော် အခန်းထဲပြန်ပြီး ခဏအနားယူလိုက်ဦးမယ်နော်"
"ကောင်းပြီ"
ချန်ချင့် သူ့အခန်းထဲဝင်ပြီး လှဲချရုံရှိသေး ကျိုးယွမ် ရောက်လာခဲ့သည်။ စွင်းတာ့ညန်က ပြုံးလျက် သူ့အား စနောက်လေ၏။
"အိုင်းယား ဘာကိစ္စရှိလို့လဲကွယ်... မင်းဘယ်လောက်တောင် တက်ကြွနေလဲဆိုတာ ကြည့်ပါဦး... လူတွေက သူတို့ပျော်နေတဲ့အချိန် စိတ်ဓာတ်တက်ကြွနေကြတယ်ဆိုတာ အမှန်ပဲ"
ကျိုးယွမ် မျက်မှောင်ကြုတ်ကာ "ဘာပျော်ရွှင်စရာပွဲလဲဗျ"
"မင်းရဲ့ ပျော်ရွှင်စရာပွဲအကြောင်း ငါ့ကိုဘာလို့လာမေးနေတာတုန်း"
စွင်းတာ့ညန် ရယ်ကာမောကာဖြင့် "ဘာကိစ္စလဲ"
"နောက်ရက်အနည်းငယ်ဆို ဆောင်းဦးလလယ်ပွဲတော် ရောက်တော့မှာလေ... ကျွန်တော် ဒီနေ့ မြို့ထဲမှာ အမွှေးတိုင်၊ ဖယောင်းတိုင်၊ ငွေစက္ကူတွေ သွားဝယ်တော့ အားလုံးရောင်းကုန်သွားပြီမှန်း တွေ့ခဲ့ရတယ်"
စွင်းတာ့ညန်က ချန်ချင့်ဝယ်လာတာတွေကို ကြည့်ပြီး
"ဒီမှာ နည်းနည်းယူသွားလိုက်လေ... အားချင့်က အများကြီးဝယ်လာတာ ငါတို့လဲ အားလုံးသုံးမကုန်ပါဘူး"
"ကျေးဇူးပါ ဒေါ်ဒေါ်"
စွင်းတာ့ညန် : "အားချင့်က သူ့မုန့်ဖိုးတွေကို သုံးပြီး ထောင်းဇီအတွက် တစ်ခုခုလုပ်ပေးချင်တယ်လို့ ပြောခဲ့တာလေ"
ကျိုးယွမ် : ...
ကျိုးယွမ် မျက်နှာအမူအရာမပြောင်းဘဲ သူ့အိတ်ကပ်ထဲမှ ဒင်္ဂါးပြားလေးပြားကို ထုတ်ယူလိုက်ပြီး
"မနက်က သူ့မုန့်ကို ကျွန်တော်စားလိုက်မိတာ... နောက်မှ သူ မနက်စာမစားရသေးမှန်း သိလိုက်ရတော့ သူ့အတွက် အသားဘန်းမုန့်နှစ်ခုဝယ်ပေးခဲ့တာဗျာ... ဒါပေမဲ့ သူက အတင်းပိုက်ဆံပြန်ပေးနေလို့... ဒေါ်ဒေါ်ကပဲ သူ့ဆီ ပြန်ပေးပေးပါအုံး"
စွင်းတာ့ညန် အံ့အားသင့်သွားပြီး အခန်းဆီ ကြည့်လိုက်မိသည်။ သူမ အနည်းငယ်ရှက်ရွံ့သွားမိလျက်။
"ဝေါ်းထိုက အသားဘန်းမုန့်လောက် တန်ဖိုးမရှိပါဘူးကွယ်..."
"ဒါဆို ဒေါ်ဒေါ် နောက်တစ်ခါ ဝေါ်းထိုလုပ်ရင် ကျွန်တော့်ကို သတိရပါဦး"
ကျိုးယွမ်က စွင်းတာ့ညန်ထံ ဒင်္ဂါးပြားများကို ကမ်းပေးလိုက်ပြီး ချန်ချင့်၏ တောင်းအသေးလေးထဲမှ အမွှေးတိုင်၊ ဖယောင်းတိုင်၊ ငွေစက္ကူတို့ကို ယူကာ စွင်းတာ့ညန်ကို ပိုက်ဆံတစ်ပြားပေးလိုက်ပြီး သူမ ငြင်းဆန်မှာကို မစောင့်ဘဲ ထွက်သွားတော့သည်။
xxx