no

Font
Theme

Ch-29 Unicode

"ဒေါ်လေး ကျွန်တော် အရင်ပြန်လိုက်အုံးမယ်"

"ကောင်းပါပြီ"

စွင်းတာ့ညန်လည်း ချန်ချင့်ဆီသွားဖို့ အလျင်လိုနေလေရာ သူ့အား လက်ပြနှုတ်ဆက်လိုက်၏။

"အားချင့် ထောင်းဇီအကြောင်း အိပ်မက်မက်လို့လား"

စွင်းတာ့ညန်က ချန်ချင့်၏ အိပ်ရာဆီ လျှောက်လာကာ ချွေးတွေရွှဲနေသည့် ချန်ချင့်ကို တွေ့လိုက်ရလေ၏။

ချန်ချင့် ခေါင်းညိတ်ပြလိုက်သည်။

"သူ့မျက်နှာကို ကျွန်တော် ရှင်းရှင်းလင်းလင်းမမြင်ရပေမယ့် အမေ့ကို ဂရုစိုက်ဖို့ သူ မှာသွားတာ"

စွင်းတာ့ညန် မျက်ရည်တွေကို သုတ်လိုက်ရင်း

"သူဟာ လိမ္မာတဲ့ကလေးမှန်း ငါသိတယ်"

သူမရဲ့ အိပ်မက်ထဲ ပေါ်မလာတာက သူမ ဝမ်းနည်းသွားမှာကို သူကြောက်နေလို့ပဲလား..

သို့ပေမယ့် သူတို့မှာ လုပ်စရာအလုပ်တွေ အများကြီးစောင့်နေသေးတာကြောင့် သူတို့၏ နေ့ရက်များကို ဝမ်းနည်းပူဆွေးဖို့ အချိန်မရှိပါချေ။

ရွာရှိ မြေပြန့်လယ်ကွင်း၌ ရိတ်သိမ်းရသည်မှာ တောင်ပေါ်မှာလောက် မခက်ခဲသည့်အတွက် သူတို့ စောစောအိပ်ရာမထကြတော့။

ယခုအချိန်၌ သူတို့ အပြင်ထွက်သည့်အခါ သူတို့ပတ်ဝန်းကျင်တွင် အလုပ်လုပ်နေကြသူများရှိနေ၏။ လူတိုင်း တစ်မနက်လုံး စကားပြောပြီး ရယ်မောနေကြသည်။ သူတို့ ရယ်ရယ်မောမော စကားပြောနေကြသည့်အခါ အလုပ်က သိပ်ပင်ပန်းပုံမပေါ်တော့ချေ။ ခဏအတွင်းမှာပဲ လယ်ကွင်းအားလုံး ရိတ်သိမ်းပြီးသွားခဲ့လေပြီ။

ချန်ချင့်၏ အိမ်ဘေးရှိ မြေကွက်တော်တော်များများဟာ မုန့်ထောင်းနှင့် စစ်စခန်းဆီ အတူတူပါသွားခဲ့ကြသော မိသားစုတစ်စု ပိုင်ဆိုင်လေ၏။

"နင်တို့ မုန့်ချီ လက်ထပ်တော့မယ်လို့ ငါကြားမိတယ်"

သူတို့ ပြောင်းဖူးများကို ချိုးပြီးနောက် ယခုအခါ ပြောင်းဖူးရိုးများကို ခုတ်နေချေပြီ။

"ဟုတ်တယ်.. ဆန်စပါးတွေရိတ်သိမ်းပြီးလို့ အခွန်တွေပေးပြီးသွားရင် သူ ဇနီးအသစ်လေးကို လက်ထပ်နိုင်ပြီလေ"

မုန့်ချီအမေက စိတ်ဓာတ်တက်ကြွနေလျက်။ မုန့်ချီသည် ကျိုးယွမ်လောက် စစ်စခန်း၌ အောင်မြင်မှုများ မရရှိခဲ့သော်လည်း အနည်းဆုံးတော့ ဘေးကင်းစွာ အိမ်ပြန်လာနိုင်ခဲ့သည်။ သူ ဇနီးတစ်ယောက်နှင့် အိမ်ထောင်ကျပြီး ကလေးတစ်ယောက်ရှိလာခြင်းမှာ သူမ၏ တစ်ခုတည်းသောဆန္ဒပင်။

စွင်းတာ့ညန် ပြုံးနေပေမယ့်လည်း အပြုံးကတော့ အနည်းငယ် ခါးသက်နေလေ၏။

"အရမ်းကောင်းတယ်.. အရမ်းကောင်းတာပဲ"

နံဘေး၌ မုန့်ချီလည်း လာရောက်ကူညီခဲ့သည်။ သူ ပြန်ရောက်ကတည်းက စွင်းတာ့ညန်နှင့် သိပ်မတွေ့ဖြစ်ပါချေ။

စွင်းတာ့ညန် သူမသားကို ဆုံးရှုံးလိုက်ရတဲ့ ဝေဒနာကို သတိရနေမိမှာ ကြောက်သည့်အတွက် သူတို့အား စွင်းတာ့ညန်ကို သွားမတွေ့ဖို့ သူတို့အမေတွေက မှာထားကြပြီး သူတို့ မုန့်ထောင်းအတွက် အမွှေးတိုင်ပူဇော်ပေးချင်တာတောင် သူတို့အမေတွေက တားမြစ်ခဲ့ကြလေသည်။

(*စစ်စခန်းက ပြန်လာကြတဲ့သူတွေကိုမြင်ရင် စွင်းတာ့ညန် မုန့်ထောင်းကို သတိရနေမှာ အမေတွေက စိုးရိမ်နေကြလို့ပါနော်၊ ရွာထဲက သွားခဲ့ကြတဲ့လူအုပ်ထဲမှာ မုန့်ထောင်းတစ်ယောက်ပဲ ပြန်မလာနိုင်ခဲ့တာမို့ပါ၊ ရေးထားတာ မရှင်းမှာစိုးလို့ရယ်)

နောက်ဆုံးတွင်မူ သေခြင်းရှင်ခြင်းတို့ကိုတွေ့ကြုံပြီးနောက်ပိုင်း လော့ဟယ်ရွာမှ ထွက်ခွာသွားခဲ့ကြသော လူနည်းစုမှာ အများကြီး ရင့်ကျက်သွားခဲ့ကြလေပြီ။ ယခင်က သူတို့ ကလေးဆန်နေဆဲဖြစ်ကောင်းဖြစ်နိုင်သော်လည်း ယခုတော့ သူတို့ဘာသာ သူတို့ရပ်တည်နိုင်ပြီဖြစ်သည်။

မုန့်ချီက စွင်းတာ့ညန်ကို နှုတ်ဆက်လိုက်ပြီး သူ့အမေ၏ သဘောမတူသော အကြည့်အောက်မှာပင် နယ်စပ်နှင့် ပတ်သက်သည့် အကြောင်းအရာတချို့ကို စွင်းတာ့ညန်အား ပြောပြနေခဲ့သည်။

စွင်းတာ့ညန် တိတ်တဆိတ် နားထောင်နေရင်း ရံဖန်ရံခါ သူမ၏ မျက်လုံးများကို အင်္ကျီလက်ဖြင့် သုတ်နေမိသည်။

"ကျေးဇူးပါကွယ် မုန့်ချီ"

မုန့်ချီသည် ငယ်ငယ်တုန်းကထက် ပိုမိုသန်မာလာပြီး အသားညိုသွားခဲ့သည်။ သူ အနည်းငယ်ဝမ်းနည်းသံဖြင့်

"စစ်စခန်းဝင်ပြီးတဲ့နောက် ကျွန်တော်တို့လည်း ကွဲကွာသွားကြတာ.. လူတော်တော်များများက မတူတဲ့ စခန်းအသီးသီးရောက်သွားကြတယ်.. ကြားရက်တွေမှာဆို ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် မတွေ့နိုင်ဘူး..

အစ်ကိုထောင်းအကြောင်း ကျွန်တော် သိပ်မသိပေမယ့် ပင်စင်လစာ ငွေ၁၀လျန်လောက်ရတာဆိုတော့ စစ်မြေပြင်မှာ သူ အရမ်းသတ္တိရှိလို့ပဲဖြစ်ရမယ်"

မည်သို့ပင်ဆိုစေကာမူ စစ်မြေပြင်၌ အောင်မြင်မှုများရရှိပြီး အသက်ရှင်လျက် ပြန်လာနိုင်သည့် ကျိုးယွမ်အား တရားရုံးက ဘယ်လောက်ပေးသလဲဆိုတာကို မည်သူမျှ မသိခဲ့ကြပေ။

ကျိုးယွမ်သည်လည်း သူမအား ထိုစကားများ ပြောပြီးပြီဖြစ်သော်လည်း စွင်းတာ့ညန် ဒါကို အကြိမ်ပေါင်းထောင်ချီ ထပ်ခါထပ်ခါ ကြားရရင်တောင် ငြီးငွေ့မည်မဟုတ်ပါချေ။

သူတို့ပြောနေကြရင်း မြေကွက်နှစ်ကွက်ကို ရိတ်သိမ်းပြီးသွားလေပြီ။ မုန့်ချီအမေက စွန်းတာ့ညန်အား ကြည့်လျက် မေးလာသည်။

"နင် ပြောင်းဖူးတွေကို ဘယ်လိုပြန်သယ်သွားမှာလဲ.. ဒီနေရာက နင့်အိမ်နဲ့မနီးဘူးလေ.. ချီဇီကို နည်းနည်းကူသယ်ခိုင်းရင်ရော"

စွင်းတာ့ညန် ခေါင်းခါလိုက်ပြီး

"ငါတို့ ကျိုးယွမ်ရဲ့ နွားလှည်းကို ငှားထားတယ်"

မုန့်ချီအမေ ရုတ်တရက် သဘောပေါက်သွားကာ

"ဟုတ်သားပဲ.. နင်တို့ မိသားစုနှစ်စုက နီးနီးလေးနော်... သူ့မိသားစုမှာလဲ နွားတွေရှိတာပဲ"

ယခုနှစ်ဆောင်းဦးရိတ်သိမ်းရာသီ၌ ကျိုးယွမ်၏ အကူအညီဖြင့် ချန်ချင့်တို့မိသားစု ပြောင်းဖူးရိတ်သိမ်းချိန်မှာ ယခင်နှစ်ကထက် ပိုမိုမြန်ဆန်သွားပြီး ရိတ်သိမ်းပြီးသား ပြောင်းဖူးများကိုလည်း ကျိုးယွမ်၏ ခြံထဲ၌ စုပုံထားခဲ့ကြသည်။

ချန်ချင့်တို့မိသားစုအပြင် အခြားမိသားစုများကလည်း ကျိုးယွမ်၏နွားကို ချေးငှားချင်ကြသည်။ တိရစ္ဆာန်တွေကို သုံးနိုင်ရင် ဘယ်သူကများ အလုပ်ကြမ်းလုပ်ချင်မှာတဲ့လဲ..

သို့ပေမယ့် ကျိုးယွမ်ကမူ မိသားစုတိုင်းကို မငှားပါချေ။ အမျိုးသားမရှိသော မိသားစုများ သို့မဟုတ် အိုမင်းအားနည်းသော မသန်စွမ်းသော မိသားစုများကိုသာ ငှားပေးခဲ့သည်။ နွားတွေကို ကောင်းကောင်းကျွေးနိုင်နေသရွေ့ သူ ဘာအခကြေးငွေမှ မတောင်းခဲ့ချေ။

ရွာရှိ ဆောင်းဦးကောက်ရိတ်သိမ်းရာသီတွင် ရိတ်သိမ်းမှုအပြည့်ရရှိကာ ရွာသူကြီးမိသားစုလည်း ခြွင်းချက်မဟုတ်ပေ။ သူ့မိသားစုသည် ရွာရှိ အခြားမိသားစုများထက် ပိုမိုချမ်းသာသော်လည်း မြေယာအားလုံးကို ငှားရမ်းထားသည့် ပန်းပဲဆရာလီ၏ မိသားစုနှင့် မတူပါချေ။ ဖီလာအားဖြင့် သူတို့မိသားစုက အခြားမိသားစုများထက် မြေပိုများများ စိုက်ပျိုးခဲ့ကြသည်။

ယခုအချိန်တွင် ပန်းပဲဆရာလီ၏ မိသားစုဟာ ပိုချမ်းသာသထက် ချမ်းသာလာ၏။ စစ်ပွဲက သူတို့အပေါ် သက်ရောက်မှုမရှိဘူးလို့ ထင်ရသော်လည်း ပန်းပဲအလုပ်အကိုင်ဟာ အစိုးရရုံး၌ မှတ်ပုံတင်ထားရလေသည်။

ရှေ့တန်းမှာ လိုအပ်နေတဲ့ လက်နက်တွေအားလုံးကို ပန်းပဲဆရာတွေကပဲ လုပ်ပေးရတာ မဟုတ်ဘူးလား..

ထိုအချိန်တုန်းက ပန်းပဲဆရာလီသည် မြို့တော်သို့ ဆင့်ခေါ်ခံလိုက်ရပြီး မြို့တော်မှာပင် ပန်းပဲဆရာအဖြစ် နှစ်အတော်ကြာ လုပ်ကိုင်ခဲ့ရသည်။

သူတို့တိုင်းပြည် အောင်ပွဲရရှိခဲ့တာကြောင့် ရန်သူတိုင်းပြည်က လျော်ကြေးငွေ အများအပြားပေးခဲ့၍ တရားရုံးက အနှီပန်းပဲဆရာများကို ရက်ရက်ရောရော ဆုတွေပေးခဲ့ခြင်းပင်။

ကံအားလျော်စွာဖြင့် ရွာသူကြီး၏ မိသားစုတွင် ငယ်ရွယ်ပြီး သန်မာအားကောင်းသော လူများစွာရှိနေသည်။ ရွာသူကြီးတွင် သားသုံးယောက်ရှိပြီး သုံးယောက်လုံးက အလုပ်လုပ်ရာတွင် တော်ကြသည်။

သားသုံးယောက်တွင် ဇနီးသည်သုံးယောက် - ဖူးလန်နှစ်ယောက်နှင့် ချွေးမတစ်ယောက်ရှိသည်။ အကြီးဆုံးသားနှင့် အငယ်ဆုံးသားတို့နှစ်ယောက်လုံးက ဖူးလန်တွေနဲ့ အိမ်ထောင်ကျပြီး ဒုတိယသားကတော့ ဇနီးတစ်ယောက်နှင့် အိမ်ထောင်ပြုခဲ့သည်။

ယနေ့ အငယ်ဆုံးသား၏ ဖူးလန်က နေသိပ်မကောင်းဘူးဆိုသဖြင့် အိမ်မှာနေပြီး အဒေါ်ဝမ်အား ချက်ပြုတ်ကူနေခဲ့သည်။

"ထူးဆန်းလိုက်တာ.. ဒီနှစ် နွားလှည်းငှားဖို့ ဘာလို့ ဘယ်သူမှမလာကြတာပါလိမ့်"

အဒေါ်ဝမ်သည် ပြောင်းဖူးခွံ ဆုတ်ဖြဲနေရင်း ဖူးလန်ဖြစ်သူ ကျန်းရန်နှင့် စကားပြောနေလေ၏။

အရင်နှစ်တွေတုန်းကဆို အမျိုးသားတွေမရှိတဲ့ မိသားစုတချို့က အချိန်တန်ရင် နွားလှည်းလာငှားကြပေမယ့် ဒီနှစ်တော့ ဘယ်သူမှ မလာကြဘူးပဲ..

"သူတို့အားလုံး ကျိုးယွမ်ဆီကနေ ငှားကြတယ်လို့ ကျွန်တော်ကြားထားတယ်" ကျန်းရန် ပြောလိုက်သည်။

အဒေါ်ဝမ် အံကြိတ်လိုက်ရ၏။ ကျိုးယွမ် ရောက်လာကတည်းက သူတို့မိသားစု ဘယ်အရာမှ ချောချောမွေ့မွေ့မဖြစ်တော့ဘူး..

ချန်စစ်နှင့် မုန့်ကျူဇီတို့ သူ့အိမ်မှာ ပစ္စည်းသွားခိုးခဲ့တာကြောင့် လျော်ကြေးငွေပေးလိုက်ရသည်။ သို့နှင့် အိမ်ထောင်ကျပြီးသား ယောင်းမဖြစ်သူက ပြဿနာရှာရန် နေ့တိုင်း အိမ်ကိုရောက်လာတတ်သည်။ သူမက ဒီလောက်အသက်ကြီးနေပြီဖြစ်ပေမယ့် ငိုယိုပြီး သတ်သေမယ်လို့ ခြိမ်းခြောက် ပြဿနာရှာနေတုန်းပဲ..

သူမက အရှက်မဲ့စွာဖြင့် ကလေးတွေရဲ့ စားစရာကိုပင် မြည်းစမ်းကြည့်ဖို့ ကြိုးစားနေပြီး သူမရဲ့ အကိုကြီးက သူမရဲ့ ပြဿနာကို ကောင်းကောင်းမဖြေရှင်းပေးဘူးလို့ ပြောနေလေရဲ့..

အဆုံးသတ်အကျဥ်းချုပ်ရရင်တော့ ဒါတွေအားလုံးက ကျိုးယွမ်ရဲ့ အပြစ်တွေချည်းပဲ..

အခုလဲ သူတို့ကို နွားတွေ ငှားပေးလိုက်ပြန်ပြီ။ အရင်ကဆို နွားတွေ ငှားတဲ့အတွက် သူတို့ အကျိုးအမြတ်တချို့ ရခဲ့တာလေ.. အခုတော့ သူတို့မိသားစုဆီ ဘယ်သူမှ မလာကြတော့ ဘာမှမရနိုင်တော့ဘူးပေါ့..

"ကျွန်တော်တို့ ဘာလုပ်နိုင်မှာလဲ!"

ကျန်းရန်က ဆိုသည်။

"သူ့ရဲ့ စစ်မြေပြင်က အောင်မြင်မှုတွေကြောင့် အဖေက သူ့ကို လေးစားသမှုနဲ့ ဆက်ဆံရမှာပဲလေ.. ပြီးတော့ ပန်းပဲဆရာလီက သူ့သားကို သူနဲ့ အိမ်ထောင်ပြုပေးချင်နေတာလို့ ကျွန်တော် ကြားထားသေးတယ်"

သူ့စကားကို သေချာဂရုတစိုက် နားထောင်ကြည့်ပါလျှင် အနည်းငယ်ချဥ်စူးနေတာကို တွေ့ရှိရပေမည်။

အဒေါ်ဝမ် နှာခေါင်းရှုံ့လိုက်ပြီး "သူ့မိသားစုက လူတိုင်းကို အထင်သေးနေတာမဟုတ်ဘူးလား"

အဒေါ်ဝမ် ဒီအကြောင်း ပြောလေလေ ဒေါသထွက်လေလေပင်။

မူလက သူမရဲ့ သားအငယ်ဆုံးနဲ့ လီရှင်းကို လက်ထပ်ပေးလိုသော်ငြား သူတို့မိသားစုက ဆင်ခြေပေါင်းစုံပေးခဲ့သေးတာ.. ပန်းပဲဆရာလီက မြို့တော်ရောက်နေလို့၊ လီရှင်းက ငယ်သေးလို့ဆိုပြီး ပြောခဲ့တာလေ.. တိုတိုပြောရရင်တော့ သူတို့က လက်မထပ်ချင်တဲ့ သဘောပါပဲ..

အခုတော့ သူတို့က အိမ်ထောင်ပြုပေးဖို့ စိတ်အားထက်သန်နေပြီပဲ..

"တကယ်လို့ ဒီအိမ်ထောင်ရေးသာ တကယ်ဖြစ်သွားခဲ့ရင် ပန်းပဲဆရာလီနဲ့ ကျိုးယွမ်က ရွာထဲမှာ ကြီးစိုးတဲ့ပုံစံနဲ့ သွားလာနိုင်တော့မှာပဲ မဟုတ်ဘူးလား"

ကျန်းရန်သည် မီးထပ်မွှေးလိုက်သည်။ သူဟာ ရွာသူကြီးမိသားစု၏ ဒုတိယရွေးချယ်မှုမှန်း သိထားခဲ့သည်။ အိမ်ထောင်ပြုပြီးနောက်ပိုင်းမှသာ သူဟာ တကယ်သနားစရာကောင်းမှန်း သဘောပေါက်လိုက်ခြင်းပင်။

"ဟမ့်"

အဒေါ်ဝမ်က ဘာမှထပ်မပြောသော်လည်း သူမ၏ လက်တွေကတော့ ပိုမိုကြမ်းတမ်းစွာ လှုပ်ရှားနေခဲ့သည်။

xxx

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment