no

Font
Theme

Ch-30 Unicode

အဒေါ်ဝမ်က ဘာမှထပ်မပြောသော်လည်း သူမ၏ လက်တွေကတော့ ပိုမိုကြမ်းတမ်းစွာ လှုပ်ရှားနေခဲ့သည်။

"ကျိုးယွမ်မှာက တခြားသူတွေယှဉ်လို့မရတဲ့ အခြေအနေကောင်းတွေရှိတယ်လေ"

ကျန်းရန် ချဥ်စူးစွာဖြင့် "တခြားဟာတွေမပြောနဲ့အုံး.. ညဘက်ကိုပဲ ပြောရရင် တချို့လူတွေက မီးပိတ်တဲ့အထိတောင် မကြာနိုင်ဘူးလေ"

အဒေါ်ဝမ် သူ့အား စိုက်ကြည့်ကာ ပြောလိုက်၏။

"ပါးစပ်ပိတ်ထားစမ်း!"

ဆောင်းဦးရိတ်သိမ်းရာသီမှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ ရိတ်သိမ်းပြီးသော ပြောင်းဖူးများကို နေရောင်အောက်တွင် အခြောက်ခံပြီးနောက် ခြွေကြသည်။ ခြွေပြီးပါက ထပ်မံအခြောက်ခံရပြန်သည်။

လုံးလုံးအခြောက်ခံပြီးသည့်နောက် တရားရုံးမှ အခွန်ကောက်သူများ အခွန်လာကောက်ရန်အတွက် သူတို့ စောင့်ဆိုင်းရပေမည်။

စစ်ပွဲကာလအတွင်း လယ်ယာမြေအထွက်နှုန်း၏ ၁၅ ရာခိုင်နှုန်းကို အခွန်အခပေးဆောင်ရသဖြင့် လယ်သမားများအားလုံး ခါးကိုတင်းတင်းကျပ်ကျပ်စည်းနှောင်ကာ နေထိုင်ခဲ့ရသည်။

ယခုနှစ် စစ်ပွဲပြီးဆုံးသွားပြီဖြစ်သလို တရားရုံးက ပေါ်လစီမထုတ်ပြန်သေးသည့်အတွက် အခွန်နှုန်းကို လျှော့ချသင့်တယ်လို့ ထင်မြင်မိသည်။

လယ်သမားများအားလုံး သူတို့၏ စားဝတ်နေရေးအတွက် လယ်ယာမြေကို အားကိုးနေရသည်။ ကံအားလျော်စွာဖြင့် မကြာသေးမီနှစ်များအတွင်း ရာသီဥတုကောင်းမွန်နေသောကြောင့် အခွန်ပေးဆောင်ပြီးနောက် အပိုအလျှံတချို့ရှိခဲ့ကြသည်။ မဟုတ်ပါက သူတို့ဘဝတွေ ဘယ်လိုဖြစ်နေမလဲဆိုတာ မသိတော့ဘူး..

ပြောင်းဖူးအားလုံးကို အခြောက်လှန်းပြီးနောက် ချန်ချင့် အိမ်တွင် ပြောင်းဖူးများကို စတင်ခြွေနေချေပြီ။

မျိုးစေ့အတွက် ကြီးမားပြီး ပြည့်တင်းသော အစေ့အဆန်များကို ရွေးချယ်လိုက်ပြီး နောင်တွင် ကိုယ်တိုင်စားသုံးရန်အတွက် အင်းဆက်ပိုးမွှားကင်းစင်သော အစေ့အဆန်များကို သိမ်းဆည်းကာ ကျန်တာတွေကို ရောနှောပြီး အခွန်ပေးဆောင်ရန် သုံးပေမည်။

ယခုအချိန်တွင် မိသားစုတိုင်း မိမိအိမ်၌ ပြောင်းဖူးခြွေနေကြသည်။ လီရှင်းက နျိုနျိုကို ခေါ်ကာ ချန်ချင့်အိမ်သို့ ရောက်လာကာပြောင်းဖူးဝိုင်းခြွေရင်း ချန်ချင့်နှင့် စကားပြောနေလေ၏။

"ဆွေမျိုးတစ်ယောက် ငါ့အိမ်ကို ရောက်လာတယ်" လီရှင်း ပြောလိုက်၏။

"ဆွေမျိုးတွေလာတယ်ဆိုတာ သာမာန်ပဲလေ"

ပြောသာပြောလိုက်ရပေမယ့် သူ့မိသားစုမှာတော့ ဆွေမျိုးမရှိဘူးပဲ.. နောက်ဆုံးတစ်ခေါက် သူတို့ ရောက်လာတုန်းက သူ့မိသားစုရဲ့ ပိုက်ဆံတွေကို တွက်ချက်နေကြသေးတာ..

"ငါတို့နဲ့ အရမ်းအရမ်းအရမ်းဝေးကွာတဲ့ ဆွေမျိုးလို့ ငါ့အဖေဆီက ကြားလိုက်ရတယ်"

လီရှင်း ထိုလူအား တွေ့လိုက်ရချိန်ကို ပြန်သတိရနေမိသည်။ သူတို့မိသားစု ညစာစားနေချိန်တွင် သူ့အဖေက အမေနဲ့ သူ့အိမ်ထောင်ရေးအကြောင်း ပြောနေစဥ်မှာပင် ခြံတံခါးအပြင်ဘက်မှာ တံခါးခေါက်သံတစ်သံကို ကြားလိုက်ရသည်။

သူ တံခါးသွားဖွင့်လိုက်သည့်အခါ တံခါးဝ၌ ပိန်ပိန်ပါးပါး လူတစ်ယောက် ရပ်နေတာကို တွေ့လိုက်ရ၏။ ထိုသူက အစိမ်းရောင်ဝတ်ရုံရှည်တစ်ထည်ကို ဝတ်ဆင်ထားပြီး သူ့နောက်ကျောတွင် စာအုပ်သေတ္တာကို ကျောပိုးထားလျက်။ သူ့ပုံစံမှာ စာသင်သားတစ်ယောက်နှင့်တူနေသည်။

ထိုသူဟာ အစာမစားရတာ တော်တော်ကြာနေသကဲ့သို့ ဖြူဖျော့ပိန်ပါးနေလေသည်။

လီရှင်း ထိုလူကို မသိတာကြောင့် ပန်းပဲဆရာလီကို ထွက်လာရန် ခေါ်လိုက်ရသည်။

ပန်းပဲဆရာလီလည်း သူ့အား မမှတ်မိပါချေ။ အချိန်အတော်ကြာ မေးမြန်းပြီးနောက် သူဟာ ကွယ်လွန်လေပြီးသော အဖွားလီ၏ ဝမ်းကွဲ၏ မြေးဖြစ်ကြောင်း နောက်ဆုံးတွင် သိရှိသွားခဲ့လေပြီ။ သူက မိုင်ပေါင်းများစွာကွာဝေးသောနေရာမှ ရောက်လာခြင်းပင်။ သူတို့အိမ်ကို သူဘယ်လိုရှာတွေ့သလဲဆိုတာ ဘယ်သူမှမသိပါချေ။

တစ်ဖက်လူက အိမ်တံခါးဆီ ရောက်လာပြီဖြစ်၍ နှင်ထုတ်လို့မကောင်းသည့်အတွက် လီရှင်း၏ အမေက သူ့အတွက် ပန်းကန်လုံးတစ်လုံးနှင့် တူတစ်စုံ ပေးလိုက်သည်။

သူ ဗိုက်တော်တော်ဆာနေသဖြင့် စာသင်သားတစ်ယောက်၏ ယဉ်ကျေးသိမ်မွေ့မှုကိုပင် ဂရုမစိုက်တော့ဘဲ အငမ်းမရ စားသောက်ရင်း ငိုနေမိ၏။ သို့နှင့် နျိုနျိုလည်း ထိတ်လန့်သွားရပြီး စငိုလေတော့သည်။

ချီးရှုးနင်၏ ဇာတ်လမ်းမှာ ရိုးရှင်းလွန်းလှ၏။

သူ့တွင် အားနည်းသော ကိုယ်ခန္ဓာရှိပြီး အမေကလည်း စောစောကွယ်လွန်သွားခဲ့သဖြင့် ယုတ်မာသော မိထွေးတစ်ဦးရှိလာခဲ့သည်။ ထိုအခါ မွေးသဖခင်ဟာလည်း ပထွေးဖြစ်လာခဲ့လေသည်။

နောက်ပိုင်းတွင် သူသည် မုဆိုးမအဖွားနှင့် အတူနေထိုင်ခဲ့သော်လည်း အဖွားပါ ဆုံးပါးသွားသောကြောင့် သူ့အိမ်သို့ ပြန်သွားခဲ့ရသည်။

သို့သော်လည်း မိသားစုထဲ၌ သူ့အတွက် နေရာမရှိတော့ပေ။ သူ့မိထွေးက သူ့အား စာဆက်သင်ခွင့်မပေးဘဲ အလုပ်ကြမ်းလုပ်ခိုင်းခဲ့ပေမယ့် သူ့ခန္ဓာကိုယ်မှာ အလုပ်ကြမ်းမလုပ်နိုင်ပါချေ။

သူ့အဖွားပြောခဲ့ဖူးသော တခြားဆွေမျိုးတွေအကြောင်း တွေးမိသွားကာ သူ့အဖွား၏ အမှတ်တရပစ္စည်းကိုယူ၍ ပန်းပဲဆရာလီအိမ်ကို လိုက်ရှာခဲ့ခြင်းပင်။

ပန်းပဲဆရာလီ သက်ပြင်းချလျက် သူ ထုတ်လာသည့်ပစ္စည်းအား ကြည့်လိုက်၏။

ဒါ တကယ်ပဲ သူ့အမေရဲ့ ပစ္စည်းပဲ..

"မင်းက ငါတို့ကို ဘယ်လိုကူညီစေချင်တာလဲ"

ချီးရှုးနင် ပြောလိုက်သည်။

"ကျွန်တော် စာလေ့လာချင်ပါတယ်"

...

ချန်ချင့် သူ့အလုပ်ထဲမှာ ခေါင်းမြှုပ်ထားလျက်။

"ဦးလေးလီ ဘာပြောလဲ"

"ငါ့အဖေက ဘာပြောနိုင်မှာလဲ"

လီရှင်း နှုတ်ခမ်းစူလျက်: "ငါတို့မိသားစုက အဖေ့ကို ပန်းပဲပညာသင်ဖို့ ပို့ချင်ခဲ့ပေမယ့် ဆင်းရဲလို့ ပိုက်ဆံမလောက်ဘူးလေ.. ငါ့အဖွားက ငွေချေးဖို့ သူ့မိဘအိမ်ကို ပြန်သွားခဲ့ပေမယ့် သူတို့မှာ ပိုက်ဆံမရှိဘူးလို့ ပြောခဲ့ကြတယ်..

အဲဒီအချိန်တုန်းက ဖြစ်ချင်တော့ ငါ့အဘွားရဲ့ ဝမ်းကွဲက အိမ်ပြန်လာတော့ အဲဒီအကြောင်း ကြားသွားတာနဲ့ သူမက လက်ကောက်ကို ချွတ်ပြီး အဖွားကို ပေးခဲ့တာ.. အဲဒါကြောင့် ငါ့အဖေကို ပန်းပဲပညာသွားသင်နိုင်ခဲ့တာပေါ့..

နောက်ပိုင်း ငါ့အဖေက ပန်းပဲပညာကို တတ်မြောက်သွားခဲ့တယ်.. ငါ့အဖေက ငါ့အဖွားမသေခင်က နောက်ဆုံးဆန္ဒကို မှတ်မိနေပြီး အဖွားရဲ့ ဝမ်းကွဲကို ကျေးဇူးပြန်ဆပ်ချင်ပေမယ့် အဖွားရဲ့ ဝမ်းကွဲမိသားစုက ဘယ်ကိုပြောင်းသွားတယ်ဆိုတာ ဘယ်သူမှမသိတဲ့အတွက် ဒီကိစ္စကို မဖြေရှင်းနိုင်ဘဲ ကျန်ရစ်နေခဲ့တော့တာပေါ့ကွာ..

အခု သူ ငါတို့အိမ်ကို ရောက်လာတော့ ငါ့အဖေက ဒီကြင်နာမှုကို အမှတ်ရနေဆဲပဲလေ"

ချန်ချင့် ခေါင်းညိတ်လိုက်သည်။

"ဘာပဲပြောပြော သူ့အဖွားက ဦးလေးလီအပေါ် ကြင်နာခဲ့တာပဲ"

"စာသင်သားတစ်ယောက်ကို ထောက်ပံ့ဖို့က ပြဿနာမဟုတ်ပေမယ့် သူ့လို အရွယ်ရောက်သူတစ်ယောက်က ဘယ်လိုဖြစ်ပြီး ဒီလိုမျိုးအဆုံးသတ်သွားနိုင်ရတာလဲလို့ ငါတွေးနေမိရုံပါပဲ"

လီရှင်း ဆက်ပြောလိုက်သည်။

"သူက ငါ့ထက် နှစ်နှစ်ပဲကြီးတာလေ.. သူ့ကိုယ်သူ မထောက်ပံ့နိုင်ဘူးလား"

ချန်ချင့် ပြောလိုက်၏။

"ဖုံးကွယ်ထားတဲ့ ဇာတ်လမ်းတစ်ခုခု ရှိကောင်းရှိနိုင်တယ်"

"မသိတော့ပါဘူးကွာ.. ထားလိုက်ပါတော့"

လီရှင်းသည် စွင်းတာ့ညန် ပေးထားသည့် ရေအေးအေးလေးကို တစ်ငုံသောက်လိုက်ပြီး

"ဘာပဲဖြစ်ဖြစ်ပါလေ သူက ငါတို့အိမ်မှာ နေမှာမဟုတ်ပါဘူး"

ပန်းပဲဆရာလီသည် ပုံမှန်အားဖြင့် သူ့အိမ်တွင် သံထုရိုက်နေလို့မရပါချေ။ သူ လုပ်ပါက ဆူညံသံများက သူ့အိမ်နီးနားချင်းများကို စိတ်အနှောက်အယှက်ဖြစ်စေမည်မှာ အသေအချာပင်။ ထို့ကြောင့် သူ့တွင် သီးခြားဆိုင်တစ်ဆိုင်ရှိကာ နေ့ဘက်တွင် သံထုရိုက်ရန် ဆိုင်သို့သွားပြီး ညဘက်တွင် ဆိုင်ပိတ်ကာ အိမ်ပြန်လာခဲ့သည်။

အိမ်တွင် လက်မထပ်ရသေးသည့် ကောတစ်ဦးရှိနေသည့်အတွက် သူ့ကို အိမ်မှာထားခဲ့လို့မရနိုင်ပေ။ သူ့အား ဆိုင်မှာနေစေပြီး ညဘက်တွင် ဆိုင်ကူကြည့်ခိုင်းလို့ရသည်ကလည်း ကောင်းသည်လေ။

ထို့ကြောင့် ချီးရှုးနင်က ပန်းပဲဆရာလီ၏ ဆိုင်တွင် နေထိုင်ခဲ့သည်။ နေ့ခင်းဘက်တွင် ပန်းပဲဆရာလီက သံထုရိုက်ကာ သူက စာကျက်ရန် အပြင်ထွက်သွား၏။

ညဘက်၌ ပန်းပဲဆရာလီ အိမ်ပြန်သွားသည့်အခါ သူက ဆိုင်မှာ နေထိုင်ခဲ့သည်။ ဒီလိုနဲ့ အရာရာတိုင်း ခဏတာ အေးချမ်းနေလေတော့သည်။

အစားအသောက်အတွက်မူ ပန်းပဲဆရာလီက မနက်စောစောကတည်းက အားလုံးယူလာခဲ့သည်။

လီရှင်း ချန်ချင့်၏ နီရဲနေသော လက်ချောင်းများကို ကြည့်၍ ခြံဝန်းပတ်ပတ်လည် ကြည့်လိုက်ပြန်သည်။ ခြံထဲ၌ ပြောင်းဖူးတွေ အများကြီး ကျန်နေပါသေးသည်။

"ဒါတွေအားလုံး ခြွေပြီးဖို့ဆို ဘယ်လောက်ကြာမှာလဲ"

"ဒီနှစ် ရိတ်သိမ်းတာ ကောင်းတယ်လေ.. အရင်နှစ်တွေကထက် ထက်ဝက်လောက် ပိုများတယ်.. အခွန်လာမကောက်ခင် ပေးဖို့လိုအပ်တဲ့ ဒီဟာတွေကိုတော့ အားလုံးပြီးအောင် ကြိုးစားရမှာပဲ.. ကျန်တာတွေကတော့ ဖြည်းဖြည်းချင်းခြွေလို့ရတယ်.. ဘာပဲဖြစ်ဖြစ် ဆောင်းရာသီ နီးလာတာနဲ့ ငါတို့ အဆင်ပြေသွားမှာပါ"

ယခုလက်ရှိ သူတို့ ပြောင်းဖူးခြွေသည့် လုပ်ငန်းစဉ်သည်ကား အရင်ဆုံး စွင်းတာ့ညန်က ပြောင်းဖူးပေါ်မှာ လိုင်းတစ်လိုင်းဖော်ရန်အတွက် ကတ်ကြေးကို အသုံးပြုသည်။ ထို့နောက် သူတို့က ထိုဖြတ်ရာအတိုင်း ခြွေချလိုက်သဖြင့် အားထုတ်ရ သက်သာလှသည်။

သို့သော်ငြား လူက သူတို့နှစ်ဦးသာရှိ၍ ပြီးအောင်လုပ်ဖို့ အများကြီး ကြိုးစားအားထုတ်ရပေဦးမည်။

ကျိုးယွမ်ရဲ့ ခြံဝင်းထဲကဟာတွေ မ​ပါသေးဘူးနော်..

"အင်းပါ"

လီရှင်း ဆက်ခြွေနေလိုက်၏။ သို့သော် သူဆိုသည်က ဒီတိုင်းထိုင်နေနိုင်သူမဟုတ်သဖြင့် ခဏကြာတော့ မတ်တပ်ထရပ်လိုက်ပြီး

"ငါ ဟိုနားဒီနား လျှောက်လိုက်အုံးမယ်"

ချန်ချင့် ခေါင်းညိတ်ပြလိုက်၏။ သူ့စိတ်က သူ့မိသားစုအတွက် အလုပ်မလုပ်တော့ကြောင်း သူသိထား၍ ချန်ချင့်လည်း သူ့ကို မတားလိုက်တော့။ ချန်ချင့်တစ်ယောက် သူ့ကိုယ်သူ နှစ်သိမ့်ပြီးကတည်းက သူ့တွင် ချဉ်စူးသော ခံစားချက်မျိုး မရှိတော့ပေ။

ဘာပဲဖြစ်ဖြစ် မြေကြီးပေါ်က ပြောင်းဖူးတွေက သူ့အနာဂတ်ပဲ..

"လီရှင်း အပြင်သွားတာလား"

စွင်းတာ့ညန် ဝင်လာချိန်တွင် လီရှင်းဘေးအိမ်သို့ သွားနေသည်ကို မြင်လိုက်ရလေ၏။ သူမ စိတ်သက်သာရာရသွားပြီး

"မကြာခင် မင်္ဂလာပွဲဖြစ်လာတော့မယ်လို့ ငါထင်တယ်"

ချန်ချင့် ခေါင်းညိတ်လိုက်၏။

စွင်းတာ့ညန် သူ့ဘေးမှာ ဝင်ထိုင်လိုက်ပြီး သူနှင့်အတူတူ ပြောင်းဖူးခြွေနေရင်း

"ဒီနှစ် ရိတ်သိမ်းမှုက မနှစ်ကထက် ပိုများတာပဲ.. အခွန်ပေးပြီးရင် ရောင်းဖို့တောင် နည်းနည်းကျန်အုံးမယ်ထင်တယ်"

ချန်ချင့် အနည်းငယ် ရှုပ်ထွေးနေဟန်ဖြင့် ခေါင်းမော့လာ၏။

စွင်းတာ့ညန် : "ငါ ပိုက်ဆံပိုစုထားချင်လို့.. ဒီနှစ် ဝမ်းနည်းပူဆွေးကာလပြီးသွားရင် မင်းအတွက် ယောက်ျားရှာပေးမယ်ကွယ်"

ချန်ချင့် သူ့လက်ထဲကပြောင်းဖူး ခြင်းတောင်းထဲ ပြုတ်ကျသွားသည်အထိ အလွန်တရာ ထိတ်လန့်သွားရလေသည်။ သူ ခပ်မြန်မြန် ခေါင်းခါလိုက်ကာ

"အမေ ဟင့်အင်း.. ကျွန်တော် အိမ်ထောင်မပြုချင်ဘူး.. အမေနဲ့ပဲအတူနေမှာ"

"မဟုတ်တာတွေ.. မင်းက ငယ်ငယ်လေးရှိသေးတယ်.. ငါ့လို ကြက်ဟင်းခါးသီးအိုကြီးနဲ့ မင်းရဲ့ ဘဝတစ်သက်တာလုံးကို ကုန်ဆုံးချင်နေတာလား.. မင်း ရူးများနေသလားကွယ်"

စွင်းတာ့ညန် သူ့အား ရယ်မောနေလျက်။

"အချိန်တန်ရင် မင်းအတွက် ခန်းဝင်ပစ္စည်းကြီးကြီး ငါပေးမယ်.. အဲဒါဆို မင်း ဝမ်းနည်းပူဆွေးတဲ့ အဝတ်အစားတွေဝတ်ခဲ့တာကို သူတို့ ဂရုမစိုက်လောက်ဘူးလို့ ငါထင်တယ်"

ချန်ချင့် သူ့ခေါင်းကိုခါယမ်းနေဆဲ။

"ကျွန်တော် အိမ်ထောင်မပြုချင်ဘူး.. အမေနဲ့ပဲ အတူတူနေမှာ.. အမေ အသက်ကြီးလာရင် အမေ့ကို ပြုစုစောင့်ရှောက်ပေးမှာ"

စွင်းတာ့ညန် သူ့ကို ဝယ်လာပြီးကတည်းက သူ့ကျန်ဘဝတစ်သက်တာလုံးကို သူမအတွက် ဝတ်ကြီးဝတ်ငယ်ပြုပေးရန် ဆုံးဖြတ်ပြီးသားပင်။

"အိမ်ထောင်ပြုတာနဲ့ ငါ့အပေါ် ဝတ်ကြီးဝတ်ငယ်ပြုတာက ကွဲလွဲမှုမရှိပါဘူးကွယ်.. မင်း အိမ်ထောင်ကျပြီးရင် ငါ့ကို ပြန်လာမတွေ့တော့မှာမို့လား"

"ဟင့်အင်း ကျွန်တော် အိမ်ထောင်ပြုမှာမဟုတ်ဘူး!"

xxx

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment