Ch-26 Unicode
လော့ဟယ်ရွာရှိ ချန်ချင့်ခမျာ ဘာတွေဖြစ်လိမ့်မည်မှန်းမသိရှာပေ။ သူနှင့် စွင်းတာ့ညန်တို့က ပြောင်းခင်းထဲသွားကာ မနက်ဖြန် ပြောင်းစတင်ရိတ်သိမ်းရန် ဆုံးဖြတ်ခဲ့ကြသည်။
သူတို့မိသားစုရှိ လယ်မြေများမှာ တောင်ပေါ်၌ရှိသဖြင့် ပြောင်းဖူးများကို တောင်ပေါ်မှ သယ်ချရသည်မှာ အခက်ခဲဆုံးပင်။
"မနက်ဖြန် စောစောစကြတာပေါ့"
စွင်းတာ့ညန် : "စောစောသွားကြမယ်.. နေပူကြီးထဲဆို အလုပ်ရတာ အဆင်မပြေဖြစ်လွန်းမှာ"
ချန်ချင့် ခေါင်းညိတ်လိုက်၏။ သူတို့နှစ်ဦးဟာ လွန်ခဲ့သည့် နှစ်အနည်းငယ်ကတည်းက ဤနည်းအတိုင်း လုပ်ဆောင်ခဲ့ကြသလို ယခုနှစ်လည်း ပြောင်းလဲမှုမရှိပါချေ။
နောက်တစ်နေ့ ယင်အချိန်၌ ချန်ချင့်နှင့် စွင်းတာ့ညန် အိပ်ရာထခဲ့ကြပြီး မနက်စာမလုပ်တော့ဘဲ သူတို့တောင်းထဲသို့ မနေ့ညက လုပ်ထားပြီးသား ရေအိတ်နှင့် ဘန်းမုန့်ပေါင်းတို့ကို ထည့်လိုက်၏။ ရွာထဲက ကြက်ဖတွေမတွန်သေးခင်မှာ သူတို့ထွက်လာခဲ့ကြသည်။
ပြောင်းရွက်၏ အစွန်းများဟာ စူးရှ၍ အရေပြားကို ပွတ်မိသည့်အခါ နာကျင်ပြီး ယားယံခြင်းကို ဖြစ်စေသည်။ ချန်ချင့် အလုပ်များကို မြန်မြန်သွက်သွက်လုပ်သော်ငြား ပြောင်းရိတ်ခြင်းဟာ သူ့အဖို့ ခက်ခဲလှသည်။
မှောင်နေသေးဆဲဖြစ်၍ တောင်ပေါ်တက်သည့်လမ်းမှာ လမ်းလျှောက်ရမလွယ်ပါချေ။ သူတို့မြေသို့ မရောက်ခင်အထိ ချန်ချင့် ခဏခဏ ခလုတ်တိုက်ခဲ့သည်။
နှစ်ယောက်သား ထိုင်ချကာ မုန့်စားလိုက်ကြပေမယ့် မနက်အစောကြီးထရ၍ အစာစားချင်စိတ် သိပ်မရှိကြတာကြောင့် အလုတ်နည်းနည်းသာကိုက်ပြီး အလုပ်စလုပ်တော့သည်။
ချန်ချင့်၏ ခါးတွင် ဓားတစ်ချောင်းရှိကာ ပြောင်းဖူးကိုချိုးပြီးနောက် ပြောင်းဖူးရိုးတံကို လှီးဖြတ်လိုက်သည်။ ထိုပြောင်းဖူးရိုးတံများကို အခြောက်ခံပြီးပါက ထင်းအဖြစ် အသုံးပြုနိုင်ပါသည်။
ချန်ချင့် နှင့် စွင်းတာ့ညန် တစ်တန်းစီ ရိတ်သိမ်းနေခဲ့ကြသည်။ ချန်ချင့်က စွင်းတာ့ညန်ထက် အနည်းငယ်နှေးသဖြင့် များမကြာမီ နောက်ကောက်ကျသွားချေပြီ။
တဖြည်းဖြည်း နေမြင့်တက်လာကာ တောထဲရှိ ငှက်ကလေးတွေ သီချင်းစတင်သီဆိုသည်အထိ..
ပြောင်းရွက်များဟာ ချန်ချင့်၏ လည်ပင်းနှင့် မျက်နှာကို ခြစ်မိသဖြင့် ယားယံလာရာ သူကုတ်ခြစ်နေမိလျက်။
တောင်ပေါ်ရှိမြေမှာ သိပ်မကြီးပါချေ။ သုံးလေးခေါက်သယ်ပြီးသွားပါက ပြောင်းဖူးအားလုံးကို အိမ်ပြန်သယ်နိုင်မည်ဟု ချန်ချင့် အစီအစဉ်ချထားခဲ့သည်။
"အမေ.. အမေက ခဏနေရင် ခြင်းတောင်းတစ်လုံးလောက် သယ်ရင် လုံလောက်ပြီနော်.. ကျန်တာတွေကို ကျွန်တော် နောက်ထပ်သုံးလေးခေါက်လောက်ထပ်သွားပြီး သယ်လိုက်မယ်"
ချန်ချင့် ရေသောက်ရင်း မြေကြီးပေါ်မှာ ထိုင်ချလိုက်သည်။
"ကောင်းပါပြီကွယ်"
စွင်းတာ့ညန်လည်း ငြင်းခုံမနေတော့။ သူမ ခါးနာထားတာ မကြာသေး၍ အတင်းတွန်းအားမပေးရဲချေ။ သူမ နောက်တစ်ခါ ခါးထိပြီး အိပ်ရာထဲလဲသွားပါက တခြားသူတွေကိုပါ ဝန်ပိစေလိမ့်မည်။
"မင်း တစ်ကြိမ်စီကို လျှော့လျှော့သယ်ပြီး အကြိမ်နည်းနည်းလောက်ပိုသွားသင့်တယ်"
"အမ်"
"ရွာထဲက မြေဆို သွားလာရလွယ်တယ်.. နွားလှည်းငှားဖို့ ကျိုးယွမ်ကို မေးကြည့်လိုက်ရင် အဲဒါဆို တစ်ခေါက် နှစ်ခေါက်လောက်နဲ့ ပြီးသွားမှာ" စွင်းတာ့ညန် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေ၏။
နေထွက်လာချိန်၌ ဤမြေကွက်အား ရိတ်သိမ်းပြီးသွားခဲ့ပြီ။ စွင်းတာ့ညန် ပြောင်းဖူးခြင်းတစ်ခြင်းအား ကောက်ယူကာ ခြင်းတောင်းထဲတွင် ပြောင်းဖူးတွေထည့်ရန် ချန်ချင့်အား ကူညီပေးလိုက်၏။ သို့သော် ချန်ချင့်အတွက် သယ်ရခက်ခဲမှာကို စိုးရိမ်သောကြောင့် ခြင်းတောင်းတစ်ခုစီတိုင်း အပြည့်မပါချေ။
တောင်ပေါ်ကဆင်းရန် ပြင်ဆင်နေကြသည့်အချိန် စွင်းတာ့ညန်က လက်ကိုင်ပုဝါကို အထပ်ထပ်ခေါက်လျက် ချန်ချင့်၏ ပခုံးပေါ် တင်ပေးလိုက်သည်။
နှစ်စဉ်နှစ်တိုင်း ဤကဲ့သို့သောအချိန်မျိုးတွင် ချန်ချင့်၏ ပခုံးတွေ နာကျင်ခံစားရမြဲ။
စွင်းတာ့ညန် ကျောပေါ်တွင် ခြင်းတောင်းကို ထမ်းလျက် တောင်ပေါ်မှ ဆင်းလာခဲ့သည်။ ချန်ချင့် အသက်ပြင်းပြင်းရှူလိုက်ကာ ပြောင်းဖူးတောင်းနှစ်တောင်းပါသော ထမ်းပိုးကို သယ်လိုက်၏။
သူထင်ထားသည်ထက် ပိုလေးနေသော်လည်း မသယ်နိုင်လောက်အောင်တော့ လေးလံမနေပါချေ။
"အားချင့် ဖြေးဖြေးလျှောက်.. ပင်ပန်းရင် ခဏနားဦး"
"ဟုတ် သိပါပြီ"
ချန်ချင့်၏ မျက်နှာမှာ နီရဲတွတ်နေလျက်။ တောင်ပေါ်မှ ဆင်းသည့်လမ်းဟာ လမ်းလျှောက်ရန် သိပ်မလွယ်လှသဖြင့် ခြေလှမ်းတိုင်းကို သတိချပ်ကာ လျှောက်နေရသည်။
ချန်ချင့်အဖို့ ပြောင်းဖူးတောင်းနှစ်တောင်းဟာ လေးလံလွန်းလှ၍ အိမ်အပြန်လမ်းတွင် အကြိမ်ကြိမ် အနားယူခဲ့ရလေ၏။
ချန်ချင့် အိမ်ပြန်ရောက်ချိန်တွင် အမောဆို့လုနီးနီး။ ဒါပေမဲ့ ဒါက တစ်ခေါက်ပဲရှိသေးတာလေ..
စွင်းတာ့ညန်လည်း သူ့ဝန်ထုပ်ဝန်ပိုးကို ဝေမျှချင်နေဆဲဖြစ်သည့်အလျောက် ခြင်းတောင်းကိုထမ်းကာ သူနှင့်အတူ တောင်ပေါ်လိုက်တက်ပြီး တတ်နိုင်သမျှ ကူညီပေးရန် ကြိုးစားခဲ့ပေသည်။
သူတို့ ဒုတိယအကျော့ ပြန်ရောက်လာသည့်အခါ လီရှင်းက ခြံထဲ၌ ထိုင်နေကာ ပြောင်းဖူးခွံများကို ကူညီဆုတ်ဖြဲပေးနေလေပြီ။ အခွံများကို လွှင့်ပစ်မည်မဟုတ်၊ အခြောက်ခံပြီးပါက မီးမွှေးရာတွင် အလွန်အဆင်ပြေလှသည်။
စားပွဲပေါ်တွင် ရေတချို့ ခြောက်သွားကာ လီရှင်းသည်လည်း ပြောင်းဖူးအများအပြားကို ဆုတ်ခွာပြီးနှင့်ပြီ။
"လီရှင်းလား.. မင်း ဘာလို့ ဒီလောက်အစောကြီးလာတာလဲ"
ချန်ချင့် ရေသောက်ရန် စားပွဲဆီ အပြေးသွားလိုက်ကာ ရေသောက်ပြီးနောက် လီရှင်းအား ပြောလိုက်သည်။
"အိမ်မှာဘာမှလုပ်စရာမရှိလို့.. ဒီတော့ မင်းကိုလာကူညီတာပေါ့ကွာ"
လီရှင်းသည် သူ့၏ ခြောက်နှစ်အရွယ်ညီလေး လီကျင်ထုန်ကိုပါ ခေါ်လာခဲ့သည်။ ထိုကလေးလေးက ပြောင်းဖူးခွံထဲမှာ လူးလှိမ့်နေလေရဲ့။
လီကျင်ထုန်၏ နာမည်ကို လီရှင်း၏ အဖိုးက ပေးထားခဲ့ခြင်းပင်။ ရွာမှာ မှည့်လေ့ရှိကြသော နာမည်တို့နှင့် ကွဲလွဲလွန်းနေ၍ လီရှင်း၏ အဖေက သူ့အား နျိုနျိုလို့ နာမည်ပြောင်ပေးခဲ့သည်။
"နျိုနျိုလဲ ရောက်နေတာပဲ"
စွင်းတာ့ညန်က ကလေးများကို အရမ်းသဘောကျ၍ အိမ်က သကြားလုံးတစ်လုံးကို ထုတ်ကာ နျိုနျိုအား ပေးလိုက်လေ၏။ အနှီသကြားလုံးဟာ နောက်ဆုံးတစ်ခေါက်တုန်းက ကျိုးယွမ် ချန်ချင့်အား ပေးထားခြင်းပင်။ ချန်ချင့်က စွင်းတာ့ညန်ကို ပေးခဲ့သော်လည်း စွင်းတာ့ညန်က စားရန် ဝန်လေးနေခဲ့ခြင်း။
"ကျေးဇူးပါ ဒေါ်လေး"
နျိုနျိုလေးဟာ အလွန်သိတတ်လိမ္မာသူဖြစ်ပြီး သကြားလုံးစားရန် ပြောင်းဖူးအခွံပုံထဲ၌ ထိုင်ချလိုက်သည်။
ချန်ချင့် ခေတ္တအနားယူပြီးနောက် ကျန်ရှိနေသော ပြောင်းဖူးများကို သွားယူရန် ပြင်လိုက်၏။ နောက်ထပ်နှစ်ခေါက်လောက် သွားလိုက်ရင်တော့ အားလုံးသယ်လို့ပြီးလောက်မယ်လို့ သူ့စိတ်ထဲတွင် တွက်ချက်နေခဲ့သည်။
စွင်းတာ့ညန်က သူနဲ့အတူလိုက်ချင်သော်လည်း လီရှင်း ထရပ်လိုက်ပြီး ပြောလာ၏။
"ဒေါ်လေး ကျွန်တော် သူနဲ့လိုက်သွားလိုက်မယ်.. ဒေါ်လေးရဲ့ ခါးက မကောင်းသေးဘူးဆိုတော့ အိမ်မှာပဲ နျိုနျိုကို ကျွန်တော့်အတွက် ကူကြည့်ပေးထားလေနော်.. ကျွန်တော် သူနဲ့လိုက်သွားလိုက်မယ်"
စွင်းတာ့ညန် ခဏစဉ်းစားပြီးနောက် သဘောတူလိုက်လေ၏။
လီရှင်း ပြောသလိုပင် ချန်ချင့်၏ တောင်းကို ကူသယ်ပေးခဲ့သည်။ သူတို့ ကျိုးယွမ်၏ အိမ်ရှေ့မှ ဖြတ်သွားသည့်အချိန် ကျိုးယွမ်က အခန်းထဲမှ ထွက်လာသည်ကို တွေ့လိုက်ရသည်။
စွင်းတာ့ညန်၏ ဖြောင်းဖြပြောဆိုမှုအပြီး ချန်ချင့်လေးဟာ ကျိုးယွမ်နှင့် ပုံမှန် ပြောဆိုဆက်ဆံနိုင်ခဲ့ချေပြီ။ ပုံမှန်ရက်များတွင် သူတို့မိသားစုအတွက် ကျိုးယွမ်၏ အကူအညီကိုလည်း လက်ခံနိုင်ခဲ့ပြီဖြစ်သည်။
ကျိုးယွမ်သည် လီရှင်းကိုယ်ပေါ်က ထမ်းပိုးကို ကြည့်လိုက်သည်။ ချန်ချင့်၏ စရိုက်ကို သူသိပြီးသားပင်။ သူကိုယ်တိုင် လုပ်နိုင်သော အရာများကို အခြားသူများထံ ဘယ်တော့မှ အကူအညီမတောင်းတတ်ပေ။ သို့သော် ယခု ချန်ချင့် လက်ထဲမှာ ဘာမှမရှိသည့်အတွက် ထူးဆန်းလှ၏။
ကျိုးယွမ်က မနက်ပိုင်း၌ သူ့ကိုယ်ပိုင်လယ်မြေထံ သွားကြည့်နေသဖြင့် ပြောင်းဖူးသယ်နေသည့် ချန်ချင့်နဲ့ မဆုံခဲ့ပေ။
"အပြင်ထွက်မလို့လား"
ချန်ချင့် ခေါင်းညိတ်လိုက်၏။
ထိုအချိန်တွင် လီရှင်းက ချန်ချင့်အနားကပ်လာကာ သူ့လက်ကို ချန်ချင့်၏ ပခုံးပေါ်တင်လိုက်၏။ ချန်ချင့်၏ ပခုံးမှာ နီရဲနေပြီး ရောင်ကိုင်းနေလေပြီ။ လီရှင်းက သူ့အပေါ် လက်တင်လိုက်သည့်အခါ ချန်ချင့် 'ဟစ်'လို့ ညည်းညူမိသွားရလျက်။
"ချန်ချင့်ရဲ့ မိသားစုက ပြောင်းဖူးတွေ ရိတ်သိမ်းနေတာလေ.. သူ့လယ်မြေတွေက တောင်ပေါ်မှာဆိုတော့ ပြောင်းဖူးတွေကို ပြန်သယ်နေရတာ" လီရှင်း ပြောပြလိုက်သည်။
"သူ ၃ ခေါက်တောင် သယ်ပြီးသွားပြီမို့ အခုဆို သူ့ပခုံးတွေ ရောင်ကိုင်းနေတော့တာပဲ"
ချန်ချင့် လီရှင်း၏ အင်္ကျီလက်စအား ဆွဲလိုက်သည်။
ကျိုးယွမ် သူ့ခြံထဲက ထွက်လာကာ လီရှင်း၏ ပုခုံးပေါ်က ထမ်းပိုးကို ယူလိုက်ပြီး
"ကျန်တာတွေ ကိုယ် ကူသယ်ပေးပါ့မယ်ကွာ"
"ဟင့်အင်း မလိုပါဘူးဗျ ကျွန်တော်ကိုယ်တိုင် လုပ်နိုင်ပါတယ်.."
ချန်ချင့် စကားမဆုံးခင်မှာပင် သူ့ဗိုက်သူ ကိုင်လိုက်သော လီရှင်းကို တွေ့လိုက်ရလေ၏။
"အားချင့် ငါ ဗိုက်နာလို့.. မင်းအရင်သွားနှင့်နော်.. ငါ ခဏနေ လိုက်လာခဲ့မယ်.."
ချန်ချင့်လည်း လီရှင်းအား မတားနိုင်သဖြင့် ကျည်ဆန်ကိုကိုက်ကာ ရှေ့ဆက်သွားခဲ့ရသည်။
ကံကောင်းထောက်မစွာဖြင့် တောင်ပေါ်တွင် သူတို့မြေမှလွဲ၍ တခြားမြေတွေမရှိပါချေ.. မဟုတ်ရင်တော့ ကျိုးယွမ်က သူတို့မိသားစုအတွက် ပြောင်းဖူးတွေကူသယ်ပေးနေတာကို သူတို့မြင်သွားရင် ရွာထဲမှာ ကောလဟာလတွေ ပျံ့ သွားလိမ့်မှာပဲ..
လီရှင်းလဲ အတူတူပဲ.. ဘာလို့ ချက်ချင်းကြီး ကောက်ကာငင်ကာ ဗိုက်နာရတာလဲလို့..
"တောင်ပေါ်ကို ရေသယ်ရတာ ပင်ပန်းနေလား"
(ကိုယ့်အထင် 'ရေ'နေရာမှာ 'ပြောင်းဖူး'ဖြစ်ရမလားလို့လေနော် ဒါပေမဲ့ မူရင်းစာရေးသူအတိုင်းပဲ ထည့်ပေးလိုက်ပါတယ်)
"အာ"
ချန်ချင့် အနည်းငယ် အံ့အားသင့်သွားရလျက်။
"မပင်ပန်းပါဘူး.. ကျွန်တော် အပြည့်မဖြည့်ပါဘူး"
ဤခရီးဟာ ရှည်လျားလွန်းလှတယ်လို့ ချန်ချင့် တစ်ခါမှ မခံစားခဲ့ရဖူးပေ။ တောင်ပေါ်သို့ရောက်သည့်နောက် ခြင်းတောင်းထဲသို့ ပြောင်းဖူးများကို တိတ်တိတ်လေး ထည့်နေပြီး ပြည့်လုနီးနီးဖြစ်သည့်အခါ ရပ်လိုက်သည်။
ကျိုးယွမ်က သိပ်မကျန်တော့တာကို မြင်လိုက်၍ ပြောလိုက်သည်။
"မင်း အားလုံးမထည့်လိုက်ချင်ဘူးလား.. နောက်တခေါက် ထပ်သွားမလို့လား"
"အများကြီးပဲ..."
"ကိုယ်က မင်းထက် ပိုသန်မာပါတယ်ကွာ"
ကျိုးယွမ် ခြင်းတောင်းထဲသို့ ကျန်ရှိနေသော ပြောင်းဖူးအားလုံးကို ကောက်ထည့်လိုက်ပြီး ထည့်မဆံ့တော့သည့် ပြောင်းဖူးများကို ချန်ချင့် သယ်လာသော နောက်ကျောလွယ်တောင်းထဲ ထည့်လိုက်လေသည်။
ထို့နောက် သူသည် ခြင်းတောင်းအား အားစိုက်ထုတ်ခြင်းမရှိဘဲ သယ်မလိုက်ပြီး ချန်ချင့်ကမူ သူ့နောက်ကျောတွင် တောင်းကို လွယ်ထားခဲ့သည်။ သူ ကျောပေါ်လွယ်လိုက်ချိန်တွင် သူ့ပုခုံးထက်မှ နာကျင်မှုကို ခံစားလိုက်ရ၍ မျက်နှာလေး ရှုံ့မဲ့သွားရကာ သက်ပြင်းချလျက် ကျိုးယွမ်၏ ခြေလှမ်းအတိုင်း နောက်ကလိုက်လာခဲ့သည်။
နေ့ခင်းပိုင်းတွင် ကျန်ရှိနေသော ပြောင်းဖူးအားလုံးကို စုစည်းပြီးချေပြီ။
ချန်ချင့် ကျိုးယွမ်နောက်ကနေ မလှမ်းမကမ်းမှလိုက်၍ သူ့ကိုကြည့်ကာ ခပ်သွက်သွက် လျှောက်နေပြီး ဤအခိုက်အတန့်ကို ဘယ်သူမှမတွေ့ပါစေနဲ့လို့ ဆုတောင်းနေမိလျက်။
သို့သော် အကြောင်းရင်းတချို့ကြောင့် လျှို့ဝှက်စွာ ပျော်ရွှင်နေမိလေသည်။
xxx