အပိုင်း (၂၄၂)
ရှောက်ယွိတစ်ယောက် ဖေ့ယန်လီ၏စကားကို ကြားလိုက်ရသောအခါ စိတ်ထဲမှာ အလွန်ဝမ်းသာသွားပြီး သူ့ကို နူးညံ့စွာ ပြန်လည်နမ်းရှုပ်လိုက်သည်။
ထိုစဉ် တံခါးအပြင်ဘက်မှ သုတ်သီးသုတ်ပျာပြေးလာသော ခြေသံများကို ကြားလိုက်ရသဖြင့် နှစ်ဦးသား ချက်ချင်းဆိုသလို လူချင်းခွာလိုက်ကြ၏။
မင်ဟယ်က ပြေးဝင်လာပြီး အော်ပြောလိုက်သည်။
"ဦးငယ်၊ ဦးလေးလု ပြန်ရောက်လာပြီ!"
"အခုလား။"
ရှောက်ယွိတစ််ယောက် အံ့ဩသွားခဲ့သည်။
မင်ဟယ်က အမောတကောဖြင့် ပြောလိုက်သည်။
"ဟုတ်၊ နန်းတော်ထဲကို ဝင်လာပြီ၊ တိတိက ကြိုဆိုဖို့အတွက် အရှင်မင်းကြီးဆီ အရင်သွားနှင့်ပြီ။"
"သွားကြစို့၊ ကျွန်တော်တို့လည်း သွားကြည့်ရအောင်။"
ရှောက်ယွိက ပြောလိုက်လေသည်။
ဖေ့ယန်လီက ထရပ်လိုက်၏။
၎င်းတို့သုံးယောက် ခြံဝင်းထဲ အတူတူထွက်လာကြရာ အဝေးမှ ယုံရှီးဧကရာဇ်နှင့် သမ်းကျစ်တို့ အတူတူထွက်လာပြီး ဧည့်ခံနန်းဆောင်သို့ ဦးတည်သွားသည်အား လှမ်းမြင်လိုက်ရသဖြင့် ၎င်းတို့လည်း အမြန်လိုက်သွားခဲ့ကြသည်။ ဧည့်ခံနန်းဆောင်သို့ ရောက်သောအခါ ရှေ့တန်းမှ စစ်သည်အမြောက်အမြား ထိုဘက်သို့လျှောက်လာနေကြောင်း မြင်တွေ့လိုက်ရ၏။
"ဦးငယ်၊ သူတို့ လာနေကြပြီ။"
မင်ဟယ်က ရှောက်ယွိ၏အရှေ့မှာရပ်ရင်း ပြောလိုက်လေသည်။
"နောက်ဆုံးတော့ ပြန်ရောက်လာကြပြီပေါ့။"
ရှောက်ယွိတစ်ယောက် စိတ်ခံစားချက်များဖြင့် ပြောလိိုက်သည်။
ဖေ့ယန်လီက ပြောလိုက််၏။
"အင်း၊ ကိုယ် လုမင်ကို မြင်ပြီ။"
"ဟိုမှာ ဘာဖြစ်လို့ ကလေးပွေ့ထားတဲ့လူ ရှိနေတာလဲ။"
မင်ဟယ်က မျက်စိရှင်ရှင်ဖြင့် လှမ်းမြင်လိုက်ပြီး မေးလိုက်သည်။
ရှောက်ယွိလည်း အရပ်ရှည်ရှည်နှင့် ထွားထွားကျိုင်းကျိုင်း အမျိုးသားတစ်ယောက်ကို မြင်လိုက်ရပြီး ထိုလူ၏ရင်ခွင်ထဲမှာ အသက်နှစ်နှစ်၊ သုံးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို ပွေ့ချီထားကာ သူ့ဘေးမှာ သွယ်သွယ်လျလျအမျိုးသမီးတစ်ယောက် လိုက်ပါလာကြောင်း တွေ့လိုက်ရသည်။ ၎င်းတို့၏မျက်နှာကို သေချာမမြင်ရသော်လည်း ထူးထူးဆန်းဆန်း ရင်းနှီးနေသလို ခံစားလိုက်ရ၏။
"စုန့်စန်းဝူလား။"
ဖေ့ယန်လီက တိုးတိုးလေး ရေရွတ်လိုက်သည်။
လွန်ခဲ့သောရက်ပိုင်းက ယုံရှီးဧကရာဇ်သည် အစောင့်အရှောက်အဖွဲ့တစ်ဖွဲ့က လုမင်တို့ကို ကယ်တင်ခဲ့ပြီး စစ်ရေးအခြေအနေကို ပြောင်းလဲပေးခဲ့သည်ဟု ပြောဖူးရာ ထိုစဉ်က ရှောက်ယွိ၏အတွေးထဲ စုန့်စန်းဝူကို ဖျပ်ခနဲ သတိရလိုက်မိသော်လည်း နောက်ပိုင်းတွင် အခြားအရာများကြောင့် အာရုံပြောင်းသွားသဖြင့် ထပ်မစဉ်းစားဖြစ်ခဲ့ပေ။ ယခု ထိုလူက စုန့်စန်းဝူဖြစ်နေလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။
အမှန်တကယ်ကို စုန့်စန်းဝူက လုမင်တို့ကို ကယ်တင်ခဲ့ခြင်းပင်။ ဤသည်မှာ ကြီးမားသောအကျိုးပြုမှုကို ဆောင်ရွက်ခဲ့ခြင်းဖြစ်၏။
သူက ပြောလိုက်သည်။
"အဲ့ဒါ စုန့်စန်းဝူပဲ၊ လုမင်က ဘာလို့ ကြိုမပြောခဲ့တာလဲမသိဘူး။"
"သူက ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာ၊ ကိုယ်တို့ကို အံ့ဩသွားအောင်လို့ တမင်လျှို့ဝှက်ထားတာ။"
ဖေ့ယန်လီက ပြောလိုက်သည်။
ဤသည်မှာ လုမင် လုပ်လေ့လုပ်ထရှိသော အပြုအမူမျိုး ဖြစ်သဖြင့် ရှောက်ယွိက လှည့်မေးလိုက်ပြန်သည်။
"အရှင်မင်းကြီးကလည်း ဘာမှမပြောဘူးနော်။"
"အရှင်မင်းကြီးက သူသိတဲ့ကိစ္စတွေကို ကိုယ်တို့ကို အကုန်လုံး လိုက်ရှင်းပြနေဖို့ မလိုဘူးလေ။"
ဖေ့ယန်လီက ရယ်မောရင်း ပြောလိုက်၏။
"ဒါလည်း ဟုတ်တာပါပဲ။"
ရှောက်ယွိတစ််ယောက် ချက်ချင်းဆိုသလို တစ်စုံတစ်ခုကို သတိရသွားပြီး မေးလိုက်သည်။
"စန်းဝူကောတို့လည်း ကျွန်တော်တို့ရဲ့အထောက်အထားမှန်ကို သိသွားကြပြီပေါ့။"
ဖေ့ယန်လီက ခေါင်းညိတ်ပြလိုက်၏။
စကားပြောနေစဉ်အတွင်း လုမင်နှင့် အခြားသူများက အနားသို့ ရောက်ရှိလာကြလေပြီ။
ရှောက်ယွိတစ်ယောက် စုန့်စန်းဝူ၊ ယွမ်ယွမ်နှင့် ယာယာတို့ကို လှမ်းကြည့်လိုက်သည်။ သုံးနှစ်နီးပါးလောက် မတွေ့ခဲ့ရသဖြင့် စုန့်စန်းဝူက ပို၍ထွားကျိုင်းလာပြီး ယွမ်ယွမ်ကတော့ အရင်အတိုင်း နူးညံ့သိမ်မွေ့ကာ လှပနေဆဲပင်။ သုံးနှစ်အရွယ်ယာယာက နူးညံ့လှပသော မျက်နှာသွင်ပြင်ရှိပြီး ငယ်ငယ်ရွယ်ရွယ်နှင့် ထက်မြက်သောအသွင်ရှိကာ ဆံပင်ကို နှစ်ဖက်ခွဲ၍ ကျစ်ဆံမြီးကျစ်ထားသည်။ ခရီးသွားလာရသည်ကို ကျင့်သားရနေသဖြင့် သူ(မ)က လူများစွာကို မြင်တွေ့နေရသော်လည်း နည်းနည်းလေးမှတောင် ကြောက်ရွံ့ခြင်းမရှိပေ။
စုန့်စန်းဝူနှင့် ယွမ်ယွမ်တို့က ရှောက်ယွိကို မြင်လိုက်ရသောအခါ စိတ်လှုပ်ရှားဝမ်းသာသွားကြသော်လည်း ၎င်းတို့အရှေ့မှာရှိနေသူက ဧကရာဇ်ဖြစ်နေသောကြောင့် ယာယာကို အောက်ချပေးလိုက်ပြီး လုမင်အနောက်ကနေ ရိုသေစွာဖြင့် အရိုအသေပေးလိုက်ကြသည်။
ယုံရှီးဧကရာဇ်က ၎င်းတို့ကို ချက်ချင်းထခိုင်းလိုက်ပြီး နန်းဆောင်အတွင်းသို့ ခေါ်ဆောင်သွားကာ အကြောင်းအရာများကို မေးမြန်းတော့သည်။
လုမင်ကလည်း စာထဲမှာရေးသားထားသော အကြောင်းအရာများကို ပြန်လည်လျှောက်တင်လိုက်၏။ ၎င်းတို့က တောင်ကြားလမ်းတစ်ခုမှာ နန်ယွဲ့လူမျိုးများနှင့် ယွဲ့လူမျိုးများဆီကနေ ဝိုင်းရံပိတ်ဆို့ခံလိုက်ရပြီး ပိတ်ဆို့မှုကို ဖောက်ထွက်ရန် မအောင်မြင်သဖြင့် စစ်ကူများကိုသာ မျှော်လင့်နေခဲ့ရသည်။
ရိက္ခာများ ကုန်ခန်းလုနီးပါးဖြစ်ကာ စိုးရိမ်နေရစဉ် စုန့်စန်းဝူက သူ့လူများနှင့်အတူ လမ်းကြုံဖြတ်သန်းလာရာ နန်ယွဲ့လူမျိုးများနှင့် ယွဲ့လူမျိုးများက မိမိတို့တိုင်းသူပြည်သားများကို နှိပ်စက်ညှဉ်းပန်းနေကြောင်း တွေ့ရှိခဲ့ရသဖြင့် ၎င်းတို့၏နယ်မြေကျွမ်းကျင်မှုနှင့် အတွေ့အကြုံများကို အသုံးချကာ တောင်ကြားထဲသို့ စိမ့်ဝင်တိုက်ခိုက်ခဲ့ကြ၏။ ထိုအခါမှ ပိတ်ဆို့ခံထားရသူမှာ လုမင်ဖြစ်နေကြောင်း သိရှိသွားခဲ့ကြသည်။
နှစ်ဖက်စလုံး အလွန်အံ့ဩသွားခဲ့ကြပြီး အင်အားချင်း ပူးပေါင်း၍ ပိတ်ဆို့မှုကို ဖောက်ထွက်တိုက်ခိုက်ခဲ့ကြရာ နန်ယွဲ့လူမျိုးများနှင့် ယွဲ့လူမျိုးများကို ချေမှုန်းနိုင်ခဲ့ပြီး ၎င်းတို့တိုင်းပြည်နှစ်ခုလုံး၏ အညံ့ခံကတိစာချွန်လွှာကိုပါ ရရှိခဲ့ကြသည်။
စုန့်စန်းဝူတို့အဖွဲ့သာ မရှိခဲ့ပါက ယနေ့ကဲ့သို့အောင်ပွဲမျိုးကို ရရှိနိုင်မည်မဟုတ်ဟု ပြောလို့ရပေ၏။
ယုံရှီးဧကရာဇ်က အရည်အချင်းရှိသူကို တန်ဖိုးထားတတ်သူဖြစ်ရာ စာထဲမှ စုန့်စန်းဝူ၏စွမ်းဆောင်ရည်များကို သိရှိပြီးကတည်းက စုန့်စန်းဝူကို ဒုတပ်မှူးရာထူးကိုအပ်နှင်းခဲ့ပြီး သူ့ဇနီးနှင့်အတူ နန်းမြို့တော်သို့ လိုက်ပါလာရန် ဖိတ်ခေါ်ခဲ့သည်။
စုန့်စန်းဝူတို့တစ်မိသားစုလုံးကလည်း အပြင်မှာ နှစ်နှစ်၊ သုံးနှစ်လောက် လှည့်လည်သွားလာခဲ့ပြီးဖြစ်၍ အခြေချနေထိုင်ချင်နေကြသဖြင့် လက်ခံခဲ့ကြသည်။
ယခု ယုံရှီးဧကရာဇ်က စုန့်စန်းဝူတို့မိသားစုနှင့် လုမင်တို့ကို ချီးကျူးစကားဆိုနေပြီး သူ၏အကြည့်က ယာယာဆီသို့ ကျရောက်သွားကာ မေးလိုက်သည်။
"မိန်းကလေး၊ မင်းကလည်း အရမ်းသတ္တိရှိတယ်လို့ ကြားတယ်။"
"ဟုတ်ပါတယ်!"
ယာယာ၏အသံက ကြည်လင်ပြတ်သားပြီး ကလေးသဘာဝအတိုင်း ချစ်စရာကောင်းသဖြင့် နားဝင်ချ်ိုနေ၏။
ထိုစဉ် ရှောက်ယွိတစ်ယောက် ရုတ်တရက် မူးဝေသွားသဖြင့် သူ၏နဖူးကို လက်ဖြင့်အုပ်လိုက်သည်။
ဖေ့ယန်လီက တစ်ခုခုထူးဆန်းနေကြောင်း သတိပြုမိသဖြင့် မေးလိုက်သည်။
"ဘာဖြစ်လို့လဲ။"
ခေါင်းမူးပျောက်သွားပြီးနောက် ရှောက်ယွိတစ်ယောက် ပုံမှန်အတိုင်း ပြန်ဖြစ်သွားကာ ပြောလိုက်သည်။
"ဘာမှမဖြစ်ပါဘူး။"
ယာယာက ဆက်ပြောလိုက်၏။
"အဲ့ဒီလိုဏ်ဂူပေါက်က အရမ်းသေးတာ၊ ဖေဖေတို့တောင် ဝင်လို့မရဘူး။ သမီးက အဲ့ဒီထဲကိုတိုးဝင်ပြီး သတင်းသွားပို့ပေးခဲ့တာ။"
"တကယ်ကိုတော်တာပဲ!"
ယာယာ့လို ရဲရင့်ပြတ်သားသော ကလေးမျိုးကို မြင်ရခဲသဖြင့် ယုံရှီးဧကရာဇ်က မနေနိုင်ဘဲ အနည်းငယ်မေးမြန်းလိုက်ပြီးနောက်မှ အစေခံများကို စုန့်စန်းဝူတို့မိသားစုအား သေသေချာချာ ဧည့်ခံကျွေးမွေးရန် အမိန့်ပေးကာ ညနေပိုင်းတွင်လည်း ဂုဏ်ပြုစားပွဲရှိကြောင်း အသိပေးလိုက်သည်။
ရှောက်ယွိက လျှောက်တင်လိုက်၏။
"အရှင်မင်းကြီး၊ ကျွန်တော်မျိုးက စုန့်တပ်မှူးတို့မိသားစုနဲ့ မိတ်ဟောင်းဆွေဟောင်းတွေပါ။"
ဤအချက်ကို ယုံရှီးဧကရာဇ်က လုမင်၏စာထဲကနေ သိရှိပြီးဖြစ်သဖြင့် အမိန့်ပေးလိုက်သည်။
"ဒါဆို မင်းပဲ သူတို့ကို သွားပြီးဧည့်ခံလိုက်ပါ။"
"အမိန့်တော်အတိုင်းပါ။"
ရှောက်ယွိက ပြန်လည်လျှောက်တင်လိုက်သည်။
ရှောင်းယွမ်ရှင်းက အရှေ့နန်းဆောင်တံခါးဝမှာ စောင့်ဆိုင်းနေစဉ် ရှောက်ယွိနှင့် သူ့အစ်ကိုတော်တို့ဘေးမှာ လူစိမ်းအချို့ပါလာသည်အား တွေ့လိုက်ရသဖြင့် အလွန်အံ့ဩသွား၏။ ထို့နောက် သူ၏အကြည့်များက ယာယာ့ဆီ ကျရောက်သွားခဲ့သည်။
ယာယာတစ်ယောက် အရှေ့နန်းဆောင်လိုမျိုး ခမ်းနားထည်ဝါသော အဆောက်အအုံမျိုးကို တစ်ခါမှမမြင်ဖူးသဖြင့် ဝင်လာကတည်းက ပတ်ပတ်လည်ကို စူးစမ်းကြည့်နေခဲ့သည်။
အပြင်လူများမရှိတော့သည့်အချိန်မှာ စုန့်စန်းဝူနှင့် ယွမ်ယွမ်တို့က ဟန်ဆောင်မနေတော့ပေ။
စုန့်စန်းဝူက စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်၏။
"ရှောက်ယွိ၊ မင်းက ဘယ်လိုဖြစ်ပြီး နန်းတော်ထဲရောက်နေတာလဲ။"
ယွမ်ယွမ်က ရှောက်ယွိ၏လက်ကို တိုက်ရိုက်ဆွဲကိုင်ကာ ရေရွတ်တော့သည်။
"သမ်းကျစ်က အိမ်ရှေ့စံမင်းသားဖြစ်နေလိမ့်မယ်လို့ မျှော်လင့်မထားဘူး!"
စုန့်စန်းဝူက ဆက်ပြောလိုက်ပြန်သည်။
"ခုန်းရှစ်ယီးကလည်း... စစ်သေနာပတိချုပ်ကြီး ဖေ့ယန်လီ ဖြစ်နေတာပဲ!"
ရှောက်ယွိ ပြန်မဖြေရသေးခင် ယွမ်ယွမ်က မင်ဟယ်နှင့် သမ်းကျစ်တို့ကို သူ(မ)အရှေ့သို့ ဆွဲခေါ်လိုက်ပြီး ၎င်းတို့၏ ပါးလေးများကို ပွတ်သပ်ပေးရင်း ဆိုလိုက်သည်။
"မင်ဟယ်၊ သမ်းကျစ်... မင်းတို့တွေက အခု ဒီအရွယ်တောင်ရောက်နေကြပြီကိုး။ နှစ်ယောက်လုံး ပိုပြီးတော့လည်း ချောလာကြတယ်။"
မင်ဟယ်နှင့် သမ်းကျစ်တို့၏ လွန်ခဲ့သော နှစ်နှစ်၊ သုံးနှစ်ခန့်က မှတ်ဉာဏ်များမှာ အနည်းငယ်ဝေဝါးနေပြီဖြစ်ရာ ယွမ်ယွမ်တို့ဇနီးမောင်နှံကို ချက်ချင်း မမှတ်မိခဲ့ကြပေ။
စုန့်စန်းဝူက ယွမ်ယွမ်၏လက်ကို ဆုပ်ကိုင်လိုက်ပြီး သတိပေးလိုက်၏။
"ယွမ်ယွမ်၊ သူက အခု အိမ်ရှေ့စံမင်းသားလေ၊ မင်း ဒီလိုလုပ်တာက မသင့်တော်ဘူး။"
ယွမ်ယွမ်တစ်ယောက် ထိတ်လန့်သွားပြီး လက်ကို ချက်ချင်းလွှတ်ကာ အလျင်အမြန်တောင်းပန်တော့သည်။
ရှောက်ယွိက ပြုံးလျက် ပြောလိုက်၏။
"ကိစ္စမရှိပါဘူး၊ တကယ်ကို ကိစ္စမရှိပါဘူး။"
သမ်းကျစ်ကလည်း ယွမ်ယွမ်၏ရင်းနှီးဖော်ရွေမှုကို ခံစားမိသဖြင့် ပြောလိုက်သည်။
"ဘာမှမဖြစ်ပါဘူး။"
ထိုအခါမှ စုန့်စန်းဝူနှင့် ယွမ်ယွမ်တို့မှာ စိတ်အေးသွားကြပြီး ရှောက်ယွိအား လွန်ခဲ့သောနှစ်နှစ်၊ သုံးနှစ်အတွင်း ဖြစ်ပျက်ခဲ့သောကိစ္စရပ်များကို ဆက်မေးကြတော့သည်။
ရှောက်ယွိ ပြန်မဖြေရသေးခင် ရုတ်တရက် ဘုန်းခနဲအသံကို ကြားလိုက်ရသဖြင့် ၎င်းတို့ လှည့်ကြည့်လိုက်ရာ ယာယာနှင့် ရှောင်းယွမ်ရှင်းတို့က မြေပြင်ပေါ်မှာ လုံးထွေးသတ်ပုတ်နေကြပြီး ယာယာက အသာစီးရနေကြောင်း မြင်တွေ့လိုက်ရသည်။
"ယာယာ!"
စုန့်စန်းဝူနှင့် ယွမ်ယွမ်တို့က အပြေးအလွှားသွားကာ ယာယာကို ပွေ့ချီလိုက်ကြ၏။
ရှောက်ယွိက ရှောင်းယွမ်ရှင်းကို ထူပေးလိုက်သည်။
"ယာယာ၊ သမီး ဘာလုပ်တာလဲ။"
ယွမ်ယွမ်က မေးလိုက်၏။
ယာယာက စိတ်ဆိုးမာန်ဆိုးဖြင့် ရှောင်းယွမ်ရှင်းကို လက်ညှိုးထိုးပြကာ တိုင်တန်းတော့သည်။
"သူက သမီးရဲ့လက်ကို လာဆွဲတာကိုး!"
"ကျွန်တော်... ကျွန်တော်... ကျွန်တော်..."
ရှောင်းယွမ်ရှင်းက အထစ်ထစ်အငေါ့ငေါ့ ပြောနေရင်း သမ်းကျစ်၏ရင်ခွင်ထဲ တိုးဝင်လိုက်သည်။
"အစ်ကိုတော်၊ ကျွန်တော် သူ(မ)ကိုမနိုင်ဘူး၊ ဝူးဝူးဝူး..."
***
Aurora Novel Translation Team