no

Font
Theme

‘ဘယ်လိုဖြစ်နိုင်မှာလဲ…’

ဆေးသမားတော်ကြီးသည် နှလုံးခုန်နှုန်းကို စစ်ဆေးရင်း အံ့အားသင့်မှုကို မဖုံးကွယ်နိုင်ပေ။ ဒီမနက်အထိဆိုလျှင် နန်းတော်သခင်၏ နှလုံးခုန်နှုန်းမှာ မည်သည့်အချိန်မဆို ရပ်တန့်သွားနိုင်သည့် အခြေအနေဖြစ်သည်။ သို့သော် ယခုမူ နှလုံးခုန်မှုမှာ ပုံမုန်အနေအထားသို့ ရောက်ရှိနေပြီဖြစ်သည်။ နာရီအနည်းငယ်အတွင်းမှာပင်…

‘မျက်နှာအသွင်အပြင်ကလည်း တိုးတက်လာတယ်’

အကြောင်းရင်းမသိရသော ရောဂါလက္ခဏာများမှာ အားလုံး ပျောက်ကွယ်သွားပြီး အချိန်အတော်ကြာ အိပ်ရာထဲတွင် သတိမေ့လျက် ရှိနေခဲ့သဖြင့် ကိုယ်ခန္ဓာမှာ အနည်းငယ် အားနည်းနေသော်လည်း ကောင်းစွာ ပြုစုပေးပါက ပြန်လည်သက်သာလာနိုင်သည့် အလားအလာ မြင့်မားနေသည်။

သို့သော်…

‘ပြဿနာက သူ့ရဲ့အသိစိတ်ပဲ’

နန်းတော်သခင်မှာ အချိန်အတော်ကြာ သတိမေ့မြောနေခဲ့သည်။ သူ သတိပြန်မရသေးသဖြင့် ယန်မော့ဓားနန်းတော်မှာ အမွေဆက်ခံရေးကိစ္စနှင့် ပတ်သက်၍ ရှုပ်ထွေးနေသည်။ သူ သက်သာလာပြီး သတိပြန်ရမည့် အလားအလာများသော်လည်း မည်သည့်အချိန်တွင် ဘာဖြစ်မည်ကို မသိနိုင်ပေ။ ထိုအချိန်မတိုင်ခင် တစ်စုံတစ်ရာ ဖြစ်ပျက်သွားပါက…

ထိုအချိန်တွင် စူးရှသော အမျိုးသမီးအသံတစ်ခု သူ၏ နားထဲသို့ ရောက်လာသည်။ “သူ အခြေအနေ ဘယ်လိုလဲ”

သမားတော်ကြီးသည် ဖြည်းညှင်းစွာ ခေါင်းမော့လိုက်သည်။ ထိုအသံမှာ ပထမဇနီး သခင်မကြီးကျောက်၏ အသံဖြစ်သည်။ သူမ၏ အမူအရာမှာ ပုံမှန်နှင့် မတူပေ။ ဒီမနက်တွင် သူမ၏ မျက်လုံးများမှာ မောက်မာခြင်းနှင့် ပြတ်သားခြင်းများဖြင့် ပြည့်နှက်နေသည်။ သမားတော်ကြီးသည် မကောင်းသော ခံစားချက်ကို ခံစားလိုက်ရသည်။

‘တစ်ခုခုတော့ လွဲနေပြီ’

သမားတော်ကြီးသည် အခြေအနေမှာ ပုံမှန်မဟုတ်ကြောင်း ခံစားမိ၏။ သူ အပြေးအလွှား ရောက်လာချိန်တွင် နန်းတော်သခင်၏ လက်မောင်းမှာ ပြတ်တောက်နေပြီး ပတ်ဝန်းကျင်တွင် အဆောင်များနှင့် အနီရောင် ကြိုးမျှင်များကဲ့သို့သော မှော်အတတ်၏ လက္ခဏာများ ပြည့်နှက်နေသည်။ သို့သော် ထိုမှော်အတတ်ကို ပြုလုပ်သည့် နိမိတ်ဖတ်သူမှာ သေဆုံးနေပြီ ဖြစ်သည်။ တတိယသခင်လေးမှာလည်း ဤဖြစ်စဉ်တွင် ပါဝင်နေ၏။

‘ဘာတွေလဲ ဖြစ်ပျက်နေတာလည်းကွာ’

သမားတော်ကြီးသည် သခင်မကြီးကျောက်၏ မျက်လုံးကို သတိကြီးစွာဖြင့် စူးစမ်းလိုက်သည်။ သူမ၏ မျက်လုံးများမှာ ထူးဆန်းစွာ တုန်လှုပ်နေသည်။ တစ်စုံတစ်ခု မှားယွင်းသွားသည့်အခါမျိုးတွင် ပေါ်လာတတ်သည့် တုံ့ပြန်မှုမျိုးပင်ဖြစ်သည်။

‘စီစဉ်ထားသလို ဖြစ်မလာဘူး ထင်တယ်’

နန်းတော်သခင်၏ လက်မောင်းသာ ပြတ်တောက်သွားသော်လည်း သူ၏ မျက်နှာမှာ သိသိသာသာ ပြန်လည်ကောင်းမွန်လာသည်။ သခင်မကြီးကျောက်မှာလည်း သိုင်းပညာရှင်တစ်ဦး ဖြစ်သည့်အတွက် နန်းတော်သခင်၏ အခြေအနေကို တစ်စုံတစ်ရာ အကဲခတ်နိုင်ပေလိမ့်မည်။ ထိုသို့ဆိုပါက ဒီမနက်နှင့်စာလျှင် အခြေအနေမှာ ကောင်းမွန်လာကြောင်း သူမ ရိပ်မိပြီး ဖြစ်ရမည်။ သို့သော် သူမတွင် ဝမ်းသာသည့် အရိပ်အယောင် လုံးဝမရှိပေ။ ဆိုလိုသည်မှာ…

‘သူမက နိမိတ်ဖတ်သူနဲ့ ကုသပေးဖို့ ကြိုးစားတာမဟုတ်ဘဲ မှော်အတတ်နဲ့ တစ်ခုခု ကြံစည်နေတာများလား’

ထိုသို့ တွေးမိခြင်းမှာ မမှားနိုင်ပေ။ နန်းတော်သခင်မှာ သခင်လေး မော့ယူးချွန်းကို အမွေဆက်ခံသူအဖြစ် စဉ်းစားနေကြောင်း လူတိုင်းသိသည်။ တကယ်တော့ ပထမဇနီးဖြစ်သူ သခင်မကျောက်၏ ရှုထောင့်မှကြည့်လျှင် နန်းတော်သခင် သတိပြန်ရလာသည်ကို သူမ လိုလားမည် မဟုတ်ပေ။

“သူ အခြေအနေ နည်းနည်း တိုးတက်လာသလား”

သခင်မကြီးကျောက်က ထပ်မေးလိုက်သည့်အခါ သမားတော်ကြီးသည် ခဏမျှ တုံ့ဆိုင်းသွားသည်။ ဤအခန်းထဲတွင် သူတို့နှစ်ယောက်သာ ရှိသည်။ နန်းတော်သခင် မကြာမီ သတိပြန်ရတော့မည်ဟု ပြောပြလိုက်ပါက သခင်မကြီး တစ်စုံတစ်ရာ ထူးဆန်းသည်ကို လုပ်ဆောင်လာမည်ကို သူ စိုးရိမ်သည်။ အချိန်အတော်ကြာ စဉ်းစားပြီးနောက် သမားတော်ကြီးသည် သတိကြီးစွာဖြင့် ပြောလိုက်သည်။

“…မျက်နှာအသွင်အပြင်က ကြည်လင်လာပြီး နှလုံးခုန်နှုန်းလည်း တိုးတက်လာပါတယ်၊ ဒါပေမဲ့ အခြေအနေကတော့ မကောင်းသေးပါဘူး ရောဂါက ကြာရှည်နေလို့ပါ ဒါဟာ သေခါနီးအချိန်မှာ ခဏတာ ပြန်လည်သက်ဝင်လာတာမျိုးလို့ပဲ သတ်မှတ်တာ အကောင်းဆုံးပါပဲ”

“အာ…”

သေခါနီးအချိန်တွင် ခဏတာ ပြန်လည်သက်ဝင်လာခြင်း။ နေမဝင်ခင် ခဏတာ ကောင်းကင် တောက်ပလာ သကဲ့သို့ပင်။ တကယ်တော့ ထိုသို့မဟုတ်သော်လည်း သူသည် ရည်ရွယ်ချက်ရှိရှိ လိမ်ညာပြောလိုက်ခြင်း ဖြစ်သည်။ သို့သော်…

‘ဟာ’

သမားတော်ကြီးသည် စိတ်ထဲတွင် ဒေါသထွက်မိသည်။ ဝမ်းနည်းဟန်ဖြင့် သက်ပြင်းချလိုက်သော်လည်း သခင်မကြီးကျောက်၏ အမူအရာနှင့် မျက်လုံးများမှာမူ စိတ်သက်သာရာရသွားသည့် အရိပ်အယောင်နှင့် ပို၍ တူနေသည်။ နန်းတော်သခင် ပြန်လည်သက်သာလာသည်ကို သူမ မလိုလားသောကြောင့် ဖြစ်သည်မှာ အသေအချာပင်ဖြစ်၏။ သမားတော်ကြီးသည် နန်းတော်သခင်ကို ကြည့်ပြီး စိတ်ထဲမှ ပြောလိုက်သည်။

‘နန်းတော်သခင်… အချိန်မရှိတော့ဘူး ခင်ဗျား သတိပြန်ရဖို့ လိုတယ်’

မဟုတ်ပါက သခင်မကြီးကျောက် ဘာလုပ်မလဲဆိုသည်ကို မည်သူမှ မခန့်မှန်းနိုင်ပေ။

သခင်မကြီးကျောက်သည် အခန်းအပြင်ဘက်သို့ ထွက်လာသည့်အခါ သူမ၏ မောက်မာသည့် အမူအရာသို့ ပြန်ရောက်သွား၏။ ဝရန်တာသို့ ထွက်လာသောအခါ အတွင်းပိုင်း နန်းတော်သခင် ဂျန်းမြောင်အင်၊ သူမ၏ ကိုယ်ရံတော်အဖြစ် တာဝန်ယူထားသည့် မျက်လုံးတစ်ဖက်တည်းသာရှိသော အမျိုးသမီးသိုင်းသမား ဟိုအန်းနှင့် အစေခံနှစ်ဦးတို့က သူမကို စောင့်နေသည်။ သခင်မကြီးကျောက်သည် အတွင်းပိုင်း နန်းတော်သခင် ဂျန်းမြောင်အင်ထံသို့ ချဉ်းကပ်သွားပြီး မေးလိုက်သည်။

“သေဆုံးရတဲ့ အကြောင်းရင်းကို သေချာသိရပြီလား”

ထိုမေးခွန်းကို ဖြေကြားရင်း အတွင်းပိုင်း နန်းတော်သခင် ဂျန်းမြောင်အင်သည် ခေါင်းညိတ်ပြီး တိုးတိုးလေး ပြန်ဖြေသည်။ “သေချာပါတယ် သူက ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာနဲ့ သေတာမဟုတ်ပါဘူး။ ကျွန်တော် အလောင်းတွေကို အချိန်အတော်ကြာ မြင်ဖူးခဲ့ပေမဲ့ အဲဒါကတော့…”

ဂျန်းမြောင်အင်သည် သေဆုံးသွားသော နိမိတ်ဖတ်သူ မြိုဆင်၏ အလောင်းရှိရာဘက်သို့ မျက်လုံးဖြင့် ညွှန်ပြလိုက်သည်။ အဝတ်ကြမ်းဖြင့် ဖုံးအုပ်ထားသော်လည်း အပြင်ဘက်သို့ ဖောင်းထွက်နေသည့် သွေးကြောများမှာ ကြောက်မက်ဖွယ်ကောင်းလှ၏။ သူမပင်လျှင် ထိုကဲ့သို့သော အလောင်းမျိုးကို မမြင်ဖူးခဲ့ပေ။ သခင်မကြီးကျောက်သည် အလောင်းဘက်မှ အကြည့်လွှဲလိုက်ပြီး တိုးညှင်းသော အသံဖြင့် မေးလိုက်သည်။

“သူတို့ ဘာပြောကြလဲ”

“အစောင့်ရဲ့ ပြောပြချက်အရဆိုရင် သူက လူနာကို လာကြည့်တာပါတဲ့”

“လူနာကို လာကြည့်တာ…”

“ဟုတ်ပါတယ် ပြီးတော့ နိမိတ်ဖတ်သူက တစ်စုံတစ်ခု ပူးကပ်ခံရသလို ရူးသွပ်သွားပြီး နန်းတော်သခင်ရဲ့ လက်မောင်းကို ဖြတ်လိုက်တယ်၊ နန်းတော်သခင်ကို သတ်ဖို့ ကြိုးစားတော့ ကျွန်တော်တို့က တားလိုက်ရပါတယ်တဲ့”

“ရှုပ်လိုက်တာ”

“ကျွန်တော် တောင်းပန်ပါတယ် ဝင်ပေါက်ကိုပဲ ဖြစ်ဖြစ် ကျွန်တော် ဂရုစိုက်သင့်တာ…”

ဂျန်းမြောင်အင်သည် ဦးညွတ်ပြီး တောင်းပန်လိုက်သည်။ သူမသည် ထိုစကားကို ကြားပြီး ခေါင်းခါလိုက်သည်။ “ဖြစ်ပြီးသွားတာကို ဘာလုပ်လို့ ရမှာလဲ ဒါပေမဲ့ ရှင် တကယ်ပဲ ယုံသလား”

“ဘာကို ဆိုလိုတာလဲ”

“အဲဒီကလေးက လူနာကို လာကြည့်ရင်း တိုက်ဆိုင်စွာနဲ့ တွေ့သွားတယ်ဆိုတာကို တကယ်ပဲ ယုံသလား” “…အလောင်းရဲ့ အခြေအနေနဲ့ အဖြစ်အပျက်ကို ကြည့်ရရင် အဲဒီလိုပဲ ဖြစ်ပုံရပါတယ်”

“ဖြစ်ပုံရတယ် ဟုတ်လား”

“သခင်လေး မော့ကျောင်းဝန်ကိုယ်တိုင်ကလည်း ပေါင်မှာ ဓားနဲ့ အထိုးခံထားရတဲ့ ဒဏ်ရာ ရခဲ့ပါတယ် သွေးထွက်လွန်ပြီး အန္တရာယ်ရှိနိုင်တဲ့ အခြေအနေပါ”

ဂျန်းမြောင်အင်၏ အမြင်မှာ ထိုသို့ပင် ဖြစ်၏။ ထိုအတိုင်းအတာအထိ ဒဏ်ရာကို ကိုယ့်ကိုယ်ကိုယ် ပြုလုပ်ရန်မှာ ခက်ခဲသည်။ အန္တရာယ်မရှိဘဲ အပေါ်ယံမျှသာ ထိခိုက်မိပါက သံသယဖြစ်ဖွယ် ရှိသော်လည်း ယခုမူ သံသယဖြစ်စရာ လုံးဝမရှိပေ။

ထိုရှင်းပြချက်ကို ကြားသော်လည်း သူမ၏ သံသယမျက်လုံးများမှာ လျော့ပါးမသွားပေ။ ၎င်းကိုကြည့်ပြီး ဂျန်းမြောင်အင် နားလည်လိုက်သည်။ သူမသည် သားကြီးမှလွဲ၍ ကျန်သည့် သားတော်များအားလုံးကို မနှစ်မြို့သောကြောင့် ဖြစ်ပေမည်။ ထိုအချိန်တွင် သူမ မေးလိုက်သည်။

“အဲဒီကလေး အခု ဘယ်မှာလဲ”

“ဗျာ”

“မော့ကျောင်းဝန်အကြောင်း ပြောနေတာ”

“အာ၊ တတိယသခင်လေးရဲ့ ဒဏ်ရာကို အရေးပေါ် သွေးတိတ်အောင် လုပ်ပေးပြီး ကုသဖို့ လူနာဆောင်ကို ပို့လိုက်ပါတယ်”

“လူနာဆောင်ကို”

“ဟုတ်ပါတယ်”

သူမ၏ အကြည့်များမှာ ပင်မဆောင်၏ အနောက်ဘက်တွင် ရှိသော လူနာဆောင်ဘက်သို့ ရောက်သွားသည်။ မကြာမီပင် သူမ၏ ခြေလှမ်းများမှာ သူမ၏ အကြည့်နောက်သို့ လိုက်ပါသွားတော့သည်။

‘မွှေးလိုက်တဲ့ အနံ့’

မော့ကျောင်းဝန် နှာခေါင်းကို ရှုံ့ပြီး ပြုံးလိုက်သည်။ တောင်ပေါ်က ဆင်းလာပြီးကတည်းက ကြာမြင့်စွာ မရခဲ့ဖူးသော ဆေးမြစ်မျိုးစုံ၏ အနံ့မှာ သူ့ကို လွမ်းဆွတ်မှုများဖြင့် ပြည့်နှက်စေသည်။ အဘိုးဖြစ်သူနှင့်အတူ ဆေးမြစ်ရှာခဲ့ရသည့် အမှတ်တရများ၊ ထိုလတ်ဆတ်ပြီး လှပသော အမှတ်တရများကို ပြန်တွေးမိတိုင်း သူ၏ နှလုံးသား တစ်နေရာတွင် ပဋိပက္ခဖြစ်သော ခံစားချက်များက ပြန်လည်ပေါ်ပေါက်လာသည်။

မိစ္ဆာဘုန်းကြီး၏ အဖြူရောင် မျက်လုံးများမှာ စိတ်ဝင်စားမှုဖြင့် တုန်ရီသွားသည်။ ပြင်းထန်သော သတ်ဖြတ်လိုသည့် စိတ်ကြောင့်ဖြစ်၏။ သာမန်သတ်ဖြတ်လိုသည့် စိတ်မှာ တစ္ဆေများအတွက် အရေးမပါ သော်လည်း မော့ကျောင်းဝန်ဆီမှ ထွက်ပေါ်လာသည့် သတ်ဖြတ်လိုသည့်စိတ်မှာမူ ကွဲပြားသည်။ တစ္ဆေများပင် မနှစ်မြို့ရလောက်အောင် ပြင်းထန်၏။ ၎င်းမှာ ပတ်ဝန်းကျင်ကြောင့် ဖြစ်ပေါ်လာသည့် အငြိုးအတေးများနှင့် အရည်အသွေးချင်း မတူညီသည့် အမှောင်ထုတစ်ခု ဖြစ်သည်။ ပင်ကိုယ်စရိုက်အရပင် ရှေးဦးဆန်လှ၏။

ထိုအချိန်တွင် မော့ကျောင်းဝန်က တိုးတိုးလေး မေးလိုက်သည်။ “ဒါဆို မင်း ရှာတွေ့ပြီလား”

မိစ္ဆာဘုန်းကြီးက ထိုမေးခွန်းကို ခေါင်းညိတ်ပြီး ဖြေသည်။

“ဘယ်မှာလဲ”

မိစ္ဆာဘုန်းကြီးက ဆေးမြစ်များ ထည့်ထားသော ဗီရိုများဖြင့် ပြည့်နှက်နေသည့် နံရံကို ညွှန်ပြသည်။ တစ်ချက်ကြည့်လိုက်ပါက နံရံတစ်ခုလုံးမှာ ဆေးမြစ်များ သိမ်းဆည်းရန် ဗီရိုများဖြင့်သာ ပြည့်နေသယောင် ရှိသည်။ သို့သော် မိစ္ဆာဘုန်းကြီးက ထိုနေရာကို ညွှန်ပြသည်။ မိစ္ဆာဘုန်းကြီး ညွှန်ပြသော ဗီရိုတွင် ‘အိုယန်’ ဟု ရေးသားထားသည်။

သစ်ပင်အခေါက်ကို အရိပ်ထဲတွင် ကြာမြင့်စွာ အခြောက်ခံထားပါက ‘အိုယန်’ ဟု ခေါ်သည့် ဆေးမြစ်ဖြစ်လာပြီး ၎င်းမှာ အများအားဖြင့် အသုံးမပြုသည့် ဆေးမြစ်ဖြစ်သည်။

‘ဖြစ်နိုင်တယ်’

သူတို့သည် ပုံမှန် အသုံးမပြုသည့် ဆေးမြစ် ဗီရိုကို ရည်ရွယ်ချက်ရှိရှိ ရွေးချယ်ထားခြင်း ဖြစ်ရမည်။ မော့ကျောင်းဝန်သည် မိစ္ဆာဘုန်းကြီးကို အတည်ပြုခိုင်းရသည့် အကြောင်းရင်းမှာ နန်းတော်သခင်၏ ပါးစပ်မှ ထွက်လာသော စကားကြောင့် ဖြစ်သည်။

[ဆေး… ခန်း… မြေအောက် ကျောက်တုံး… တံခါး… အထဲမှာ…]

သို့သော် လူနာဆောင်အတွင်းတွင် မြေအောက်သို့ ဆင်းသည့် လမ်းမရှိပေ။ သူ ထိုသို့ ဖြစ်လာမည်ဟု ခန့်မှန်းထားပြီး ဖြစ်သည်။ ပထမဇနီးကဲ့သို့သော အမျိုးသမီးမျိုး စိတ်ဝင်စားသည့် တန်ဖိုးကြီး ပစ္စည်းတစ်ခုကို လူတိုင်း မြင်နိုင်သည့်နေရာတွင် ထားမည် မဟုတ်ပေ။

‘ကောင်းပြီလေ၊ စစ်ဆေးကြည့်မှ သိရမှာပေါ့’

မော့ကျောင်းဝန် ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်လိုက်သည်။ လက်ရှိတွင် ဆေးရုံဆောင်မှာ ဆေးသမားတော်များအပါအဝင် လူများဖြင့် ပြည့်နှက်နေသည်။ လူတွေ အများကြီး ရှိနေသည့်အတွက် စစ်ဆေးရန် ခက်ခဲပုံရသည်။ ညနက်သည့်အထိ စောင့်ဆိုင်းရမည် ဖြစ်သည်။

ထိုအချိန်တွင် -

-ကြွပ်

ဆေးရုံဆောင် တံခါးကို ဖွင့်ပြီး ဝင်လာသူမှာ အစောင့် ဂိုချန်း ဖြစ်သည်။ ဂိုချန်းသည် မော့ကျောင်းဝန်ဆီသို့ ချဉ်းကပ်လာသည်။ မော့ကျောင်းဝန်က ပြောလိုက်သည်။

“နည်းနည်း နောက်ကျနေပြီနော်”

ထိုစကားကြောင့် ဂိုချန်း တစ်ခဏမျှ မျက်မှောင်ကြုတ်မိသွားသည်။ မော့ကျောင်းဝန် ပေးလိုက်သည့် တာဝန်မှာ ရေခပ်သကဲ့သို့ လွယ်ကူသည့် အလုပ်မျိုးမဟုတ်ပေ။ တစ်ခဏအတွင်း လုပ်နိုင်သည့် အလုပ်မျိုးမဟုတ်သော်လည်း နောက်ကျသည်ဟု အပြစ်တင်ခြင်းမှာ အလွန်ပင် မတရားပေ။

“ဘယ်မှာလဲ”

မော့ကျောင်းဝန်၏ မေးခွန်းကို ဂိုချန်းက ရင်ဘတ်ထဲမှ စာအုပ်နှစ်အုပ် ထုတ်ပေးလိုက်သည်။

“စာအုပ် နှစ်အုပ်ပဲလား”

မော့ကျောင်းဝန်၏ စိတ်ပျက်သည့် အသံကို ကြားပြီး ဂိုချန်း တောက်တစ်ချက် ခေါက်လိုက်သည်။ “မီးမရှို့ခင် တိတ်တဆိတ် ယူလာခဲ့တာပါ”

“မီးမရှို့ခင် ဟုတ်လား”

“ဟုတ်ပါတယ်။ ပင်မဆောင်ကို စောင့်နေတဲ့ အစောင့်တွေက နိမိတ်ဖတ်သူရဲ့ စာအုပ်စင်နဲ့ ပစ္စည်းအားလုံးကို မီးရှို့နေပါတယ်”

“အော်၊ တကယ်လား”

မော့ကျောင်းဝန် စိတ်ပျက်စွာဖြင့် တောက်တစ်ချက် ခေါက်လိုက်သည်။ သူသည် နိမိတ်ဖတ်သူ၏ မှော်အတတ်ကို စိတ်ဝင်စားပြီး စာအုပ်များကို လေ့လာချင်ခဲ့သည်။ သို့သော် စာအုပ်များစွာထဲမှ နှစ်အုပ်သာ ကျန်တော့သည်။

‘အတွေးအခေါ်ရှင်မျိုးစုံ၏ အနှစ်ချုပ် ယင်နှင့်ယန်း ကျောင်းတော်၏ အခြေခံ စာတမ်းများ ထူးခြား ဆန်းပြားသည့် အကြောင်းအရာများအတွက် မိတ်ဆက် စာတမ်းများ’

ထိုစာအုပ်နှစ်အုပ်၏ ခေါင်းစဉ်များ ဖြစ်သည်။ ဂိုချန်းသည် သူ မြင်ခဲ့ရသည့် စာအုပ်များထဲမှ အထူဆုံး နှစ်အုပ်ကို ကယ်ထုတ်လာနိုင်ခဲ့ခြင်း ဖြစ်သည်။ စိတ်ပျက်စရာ ကောင်းသော်လည်း ဤစာအုပ်များဖြင့်ပင် ကျေနပ်ရမည် ဖြစ်သည်။

“ကောင်းပါတယ်”

“ဒါပေမဲ့ သခင်လေး… ဘာလို့ နိမိတ်ဖတ်သူရဲ့ စာအုပ်တွေကို လိုချင်…”

ဂိုချန်း စကားမဆုံးခင် ရပ်လိုက်သည်။ ထို့နောက် မော့ကျောင်းဝန်ကို ပေးရန် ပြင်ထားသည့် စာအုပ်များကို ပြန်ပြီး ရင်ဘတ်ထဲ ထည့်လိုက်သည်။ မော့ကျောင်းဝန်က သူ ဘာလို့ လုပ်တာလဲဆိုသည့် အမူအရာဖြင့် ကြည့်လိုက်သည်။ မကြာမီပင် အကြောင်းရင်းကို သူ နားလည်သွားသည်။

-ခဏလောက် နောက်ဆုတ်ပေးပါ

-ဟုတ်ကဲ့

အပြင်ဘက်မှ ခြေသံအသစ်များ ရောက်လာပြီး တစ်စုံတစ်ခု ပြောလိုက်သည်နှင့် ဝင်ပေါက်တွင် စောင့်နေသည့် အစောင့်များမှာ နေရာဖယ်ပေးလိုက်သည်။

-ကြွပ်

တံခါးပွင့်လာပြီး တစ်စုံတစ်ယောက် ပေါ်လာသည်။ ဈေးကြီးသည့် အဝတ်အစားများ ဝတ်ဆင်ထားသည့် အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး ဖြစ်သည်။ ဂိုချန်း အံ့ဩသွားပြီး ခေါင်းညွတ်ကာ နှုတ်ဆက်သည်။

“သခင်မကြီးကို နှုတ်ဆက်ပါတယ်”

သူမမှာ ယန်မော့ဓားနန်းတော်၏ ပထမဇနီး သခင်မကြီးကျောက် ဖြစ်သည်။ မော့ကျောင်းဝန်၏ မျက်လုံးများမှာ စိတ်ဝင်စားမှုဖြင့် တောက်ပသွားသည်။ သူမမှာ အစောင့် ဂမ် ပေးလိုက်သည့် အချက် အလက်ဖိုင်တွင် ပါရှိသည့် အမျိုးသမီး ဖြစ်သည်။ သခင်မကြီးကျောက်မှာ သားကြီး မော့ယောင်းဟိုထက် ပို၍ အန္တရာယ်များပြီး သတိထားရမည့်သူ ဖြစ်ကြောင်း ဖော်ပြထားသည်။ သူမမှာ ဂျင်ဟွာ ကျောက် မျိုးနွယ်စုမှ ဖြစ်ပြီး သိုင်းပညာလည်း အလွန်ထူးချွန်သည်။ လှည့်ကွက်များ ကျွမ်းကျင်သည့် အမျိုးသမီးတစ်ဦး ဖြစ်၏။

‘အို…’

ဂိုချန်းလည်း သူမကို မြင်ပြီး အံ့ဩသွားသည်။ မော့ကျောင်းဝန်၏ အသွင်အပြင်မှာ တကယ့်အစစ်နှင့် ခွဲခြား၍ မရသော်လည်း မမျှော်လင့်ထားသည့် အခြေအနေများ မဖြစ်စေရန် မော့မျိုးနွယ်စုမှ လူများနှင့် တတ်နိုင်သမျှ ဝေးဝေးနေရန် အစောင့် ဂမ်က သတိပေးထားခဲ့သည်။

“သခင်မကြီးရဲ့ အမိန့်ပဲ အားလုံး အပြင်ထွက်ကြ”

သခင်မကြီးကျောက်နောက်ကို လိုက်ပါလာသည့် အမျိုးသမီးသိုင်းသမား ဟိုအန်း၏ အမိန့်အရ ဆေးရုံ အတွင်းရှိ လူများမှာ အပြင်ဘက်သို့ ထွက်သွားကြသည်။

အားလုံး အပြင်ထွက်သွားပြီးနောက် အစောင့် ဂိုချန်းမှာ တစ်ခုခု လွဲမှားနေကြောင်း ခံစားမိသည်။ သူမနှင့် တိုက်ရိုက် ထိပ်တိုက် မတွေ့ဖူးသဖြင့် မည်သည့်ကိစ္စဖြစ်သည်ကို မသိပေ။ ထိုအချိန်မှာပင် သခင်မကြီးကျောက်သည် ကုတင်ပေါ်တွင် ထိုင်နေသည့် မော့ကျောင်းဝန်ထံသို့ ချဉ်းကပ်သွားသည်။ ဂိုချန်းက အချက်ပြလိုက်သည်။

‘နှုတ်ဆက်လိုက် နှုတ်ဆက်လိုက်’

အချက်ပြသည်ကို နားလည်ပြီး မော့ကျောင်းဝန်က လက်နှစ်ဖက်ကို ပူးပြီး ခေါင်းညွတ် နှုတ်ဆက်လိုက်သည်။

“ဒဏ်ရာရထားလို့ မထနိုင်တာကို ခွင့်လွှတ်ပေးပါ။”

သူ မျှော်လင့်ထားသည်ထက် ပိုကောင်းအောင် နှုတ်ဆက်နိုင်ခဲ့သည်။ သို့သော် အရေးကြီးဆုံးအချက်မှာ အတုနှင့် အစစ်ကြားရှိ ကွာခြားချက်မှာ အသံနှင့် ပြောဆိုဟန် ဖြစ်သည်။ ကံကောင်းစွာဖြင့် ဤတုပထားသူ မော့ကျောင်းဝန်မှာ အစစ်နှင့် အသံဆင်တူသဖြင့် လေ့ကျင့်စဉ်က အဆင်ပြေခဲ့သည်။ သို့သော် အဆင်ပြေပါ့ မလားဆိုသည့် စိုးရိမ်စိတ်က ရှိနေသည်။

‘သားကြီးကလွဲရင် ကျန်တဲ့ သားတော်တွေက ပထမဇနီးနဲ့ တိုက်ရိုက် မထိတွေ့ဖူးကြပေမဲ့…’

သခင်မကြီးကျောက်မှာ ထင်ထားသည်ထက် ပို၍ အကဲခတ် လျင်မြန်ပြီး သံသယများသည်။ ဤနေရာတွင် ပေါက်ကြားသွားပါက အဆိုးရွားဆုံး အခြေအနေမျိုး ကြုံတွေ့ရနိုင်သည်။ ထိုအချိန်တွင် မော့ကျောင်းဝန်၏ ရှေ့တည့်တည့်သို့ ရောက်လာသည့် သခင်မကြီးကျောက်က ပြောလိုက်သည်။

“ငါက ဒီအတိုင်း နှုတ်ဆက်စကား လာပြောတာ မဟုတ်ဘူး”

‘ဟူး…’

ဂိုချန်း တစ်ခဏမျှ သက်ပြင်းချလိုက်သည်။ ကံကောင်းစွာပင် သခင်မကြီးကျောက် ဘာမှ မရိပ်မိသေးပုံရသည်။ အတုမှာ ထင်ထားသည်ထက် ပို၍ အစစ်နှင့် ဆင်တူနေသည်။ သို့သော် ဤလမ်းမှာ အလွန်ပင် ချော်လဲလွယ်သည်။ တစ်စုံတစ်ရာ မှားယွင်းမှု မရှိပါက ဤအခြေအနေကို ကျော်လွှားနိုင်လိမ့်မည်။

-ညှစ်

ဂိုချန်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သခင်မကြီးကျောက်သည် မော့ကျောင်းဝန်၏ ဒဏ်ရာရနေသည့် ပေါင်ကို ရုတ်တရက် အတင်းဖိညှစ်လိုက်သောကြောင့် ဖြစ်သည်။ မော့ကျောင်းဝန်သည် နာကျင်ဟန်ဖြင့် ခေါင်းကို ငုံ့ပြီး ညည်းတွားလိုက်သည်။

“အာ”

‘ဒီကောင်…’

ထိုမြင်ကွင်းကို ကြည့်ပြီး ဂိုချန်း ဘာလုပ်ရမှန်း မသိတော့ပေ။ ပြဿနာမှာ သူက အစစ်ဟုတ်မဟုတ် ဆိုသည်ထက် ဒဏ်ရာ တကယ်ရထားတာလား ဆိုသည်ကို စမ်းသပ်နေခြင်း ဖြစ်သည်။

“မင်း ဘာတွေ မြင်ခဲ့ပြီး ဘာတွေ ကြားခဲ့ရလဲ”

“အီး”

သခင်မကြီးကျောက်က ဒဏ်ရာကို ပို၍ ပြင်းထန်စွာ ဖိညှစ်လိုက်သည်။ ထိုမြင်ကွင်းကို ကြည့်ပြီး ဂိုချန်း ထိုင်မနေနိုင်တော့ပေ။ ဒီရူးသွပ်တဲ့ကောင် ဒီလောက်နာကျင်မှုကို မခံနိုင်လောက်ဘူး။ သို့သော် ဤအခြေအနေတွင် တစ်ခုခု လွဲချော်သွားပါက ပထမဇနီး၏ သံသယကို ပို၍ ပေါ်လွင်စေပြီး သူမကို ရန်သူအဖြစ် သတ်မှတ်သကဲ့သို့ ဖြစ်သွားမည်။

“သခင်မကြီး နားလည်မှု လွဲနေတာ ဖြစ်ပါလိမ့်မယ်…”

ဂိုချန်း တားရန် ရှေ့သို့ တိုးလာစဉ် သခင်မကြီး၏ အစောင့် ဟိုအန်းက ဓားကို ဆွဲထုတ်ပြီး သူ့လည်ပင်းသို့ ညွှန်လိုက်သည်။

“ဝင်မပါနဲ့”

‘ဒီမိန်းမ စုတ်’

ဂိုချန်း ဘာလုပ်ရမှန်း မသိတော့ပေ။ စကားပြောခွင့် မရတော့သဖြင့် မော့ကျောင်းဝန် တစ်ယောက်တည်းသာ ဤအခြေအနေကို ကိုင်တွယ်ရတော့မည် ဖြစ်သည်။ ယခု သူသည် နာကျင်မှုကို သည်းခံပြီး ခေါင်းငုံ့ကာ ဤအခြေအနေမှ လွတ်မြောက်အောင် လုပ်ရတော့မည်။ သခင်မကြီး၏ အစောင့် ဟိုအန်းက သူ့ကို စူးစိုက်ကြည့်နေသဖြင့် အကြည့်ချင်းပင် ဖလှယ်လို့ မရတော့ပေ။

ထိုအချိန်တွင် သခင်မကြီးကျောက်သည် ပို၍ ပြင်းထန်စွာ ဖိညှစ်ပြီး တိုက်တွန်းလိုက်သည်။

“မင်း မသိရင်လည်း နေပေါ့၊ ဒါပေမဲ့ မှော်အတတ် လုပ်နေရင်း မိစ္ဆာပူးခံရပြီး သေသွားတဲ့ အဆင့်မြင့် နိမိတ်ဖတ်သူမျိုးကိုတော့ အတွေ့ရနည်းပါတယ်။ ဒါပေမဲ့ မင်းကတော့ နိမိတ်ဖတ်သူ ပူးခံရပြီး နန်းတော်သခင်ရဲ့ လက်ကောက်ဝတ်ကို ဖြတ်လိုက်တယ်၊ သတ်ဖို့ ကြိုးစားနေလို့ မင်းက တားလိုက်ရတယ်ဆိုပြီး ပြောနေတာ ငါက အလွယ်တကူ ယုံလိမ့်မယ်လို့ ထင်…”

-ခစ်

မော့ကျောင်းဝန်၏ ပါးစပ်မှ ထွက်လာသည့် အသံကို ကြားပြီး သခင်မကြီးကျောက် မျက်မှောင်ကြုတ် လိုက်သည်။ ခဏလေးကမှ နာကျင်နေသည့်သူ သို့သော် အခုက လှောင်ရယ်လိုက်တာလား။ သူမ မမှားပါက ဒါက လှောင်ရယ်သံ ဖြစ်သည်။

“မင်း… မင်း အခုလေးတင်…”

ထိုအချိန်တွင် မော့ကျောင်းဝန် ဖြည်းညှင်းစွာ ခေါင်းမော့လိုက်သည်။ မော့ကျောင်းဝန်၏ နှုတ်ခမ်းထောင့်များ မြှောက်တက်ကာ ပြုံးနေသည်ကို မြင်ပြီး သခင်မကြီးကျောက် တစ်ခဏမျှ ကြောင်အသွားသည်။ ဒီကောင် ရူးသွားတာလား။

‘မဟုတ်ဘူး၊ သူ အခု ဘာလုပ်နေတာလဲ’

အစောင့် ဂိုချန်းလည်း အံ့ဩသွားသည်။ သံသယ မဖြစ်အောင် ခေါင်းငုံ့ထားရမည့် အခြေအနေမှာ သူ ဘာလုပ်နေတာလဲ။ မျှော်လင့်ထားသည့်အတိုင်း သခင်မကြီးကျောက်က ဒေါသသံဖြင့် ပြောလိုက်သည်။

“မင်း တကယ်လို့…”

“တစ်ယောက်နဲ့တစ်ယောက် အချိန်တွေ အလကား မကုန်ပါစေနဲ့တော့”

“ဘာ”

“သခင်မကြီးမှာ နန်းတော်သခင်ရဲ့ တံဆိပ်တုံး လိုအပ်နေတာ မဟုတ်လား”

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment