မော့ကျောင်းဝန်ရဲ့ စကားကို ကြားလိုက်ရတဲ့အခိုက်မှာပဲ အစောင့် ဂမ်ရဲ့ အမူအရာ တောင့်တင်းသွားတယ်။
ဒုတိယသခင်လေး မော့အွန်ဖြုန်းရဲ့ အစောင့်စစ်သည် ဂျိုအီဆန်း အသတ်ခံလိုက်ရတဲ့ ကိစ္စ။ သူကတော့ ဒါဟာ ဖြစ်နိုင်ခြေ အနည်းဆုံးလို့ တွေးထားခဲ့တာ။ ပထမတန်းစား အဆင့်ကို ရောက်လုနီးပါး ရှိတဲ့ စစ်သည်တစ်ယောက်ရဲ့ သိုင်းပညာကို မော့ကျောင်းဝန်က သန်မာရုံသက်သက်နဲ့ ကိုင်တွယ်လို့ မရနိုင်ဘူးဆိုတာ သူသိ၏။
‘မဖြစ်နိုင်ဘူး’
အစောင့် ဂမ် တုန်ယင်နေတဲ့ မျက်လုံးတွေနဲ့ မော့ကျောင်းဝန်ကို ကြည့်လိုက်မိသည်။ မဖြစ်နိုင်ပေမဲ့လည်း သူ မယုံဘဲလည်း မနေနိုင်ဘူး။
“မင်းက… တကယ်ကို…”
“ဟုတ်တယ် ငါ သူ့ကို သတ်လိုက်တာ”
“ပထမတန်းစား သိုင်းပညာရှင်အဆင့်နီးပါး ရှိတဲ့ လူတစ်ယောက်ကို မင်း ဘယ်လိုလုပ်ပြီး…”
“သူ့ကို ဇောက်ထိုး ဆွဲပြီး လည်ချောင်းကို လှီးဖြတ် သတ်လိုက်တာလေ”
“ဘာ”
“သူက သနားစရာကောင်းအောင် သူ့အသက်အတွက် တောင်းပန်နေတာ သိုင်းပညာရှင်ပဲ ဖြစ်ဖြစ် မဖြစ်ဖြစ်၊ သူတို့လည်း အသေမခံချင်ကြဘူးထင်ပါရဲ့”
မော့ကျောင်းဝန်က အဲဒီစကားကို ပြောရင်း ပြုံးလိုက်၏။ သူနဲ့ မျက်လုံးချင်းဆုံမိတဲ့ အစောင့် ဂမ်က ကျောရိုးတစ်လျှောက် စိမ့်သွားသလို ခံစားရတယ်။ မော့ကျောင်းဝန်ရဲ့ ထူးဆန်းတဲ့ အကြည့်တွေက သူ့ကို ကြိုးနဲ့ ညှစ်ထားသလို ခံစားရစေသည်။
‘ဒီကောင်က တကယ်ကို…’
လူသတ်သမား အရူးတစ်ယောက်ပဲ။ သိုင်းပညာ မသင်ထားတဲ့ ဒီအတုအယောင်က လူအများအပြားကို သတ်ခဲ့တဲ့ သေဒဏ်ကျ အကျဉ်းသားတစ်ယောက်ဆိုတာကို သူ တစ်ဖန် ပြန်သတိရလိုက်တယ်။ သူကိုယ်တိုင်လည်း လူအများအပြားကို သတ်ခဲ့ဖူးပေမဲ့ သူက လူသတ်ရတာကို မနှစ်သက်ဘဲ ရွံရှာမိလို့ အလုပ်ကနေ ထွက်ခဲ့ခြင်းဖြစ်သည်။ ဒါပေမဲ့ ဒီကောင်ကတော့ သာမန်လူတွေနဲ့ မတူတဲ့ နယ်ပယ်မှာ ရှိနေပြီး သေခြင်းတရားနဲ့ နီးကပ်နေရတာကို နှစ်သက်တယ်။
‘သောက်ကျိုးနည်း’
ခဏလောက် အစောင့် ဂမ်ရဲ့ စိတ်ထဲ ရှုပ်ထွေးသွားတယ်။ ဒုတိယသခင်လေး မော့အွန်ဖြုန်း ပေးထားတဲ့ အချိန်က နှစ်နာရီပဲ။ သူ့အစောင့် ဂျိုအီဆန်းကို အဲဒီအချိန်အတွင်း ရှာပေးဖို့ ပြောခဲ့ပေမဲ့ သူက သေနေပြီ။ နောက်ဆုံးတော့ သူ့လက်ကို လောင်းကြေးထပ်ပြီး ယုံကြည်ချက်ရှိရှိ ပြောခဲ့တာတွေက အဓိပ္ပာယ် မရှိတော့သလိုပင်။
အဆိုးဆုံး အခြေအနေတစ်ရပ်ပင်ဖြစ်သည်။
[သူ့ကို မရှာတွေ့ရင် မင်းလက်ကို ဆုံးရှုံးရုံတင်မကဘဲ မင်းရဲ့ သနားစရာကောင်းတဲ့ အသက်ကိုလည်း စွန့်လွှတ်ဖို့ ပြင်ထားတာ အကောင်းဆုံးပဲ]
မော့အွန်ဖြုန်းရဲ့ လူသတ်ချင်တဲ့ သတိပေးချက်က သူ့ခေါင်းထဲမှာ ပဲ့တင်ထပ်နေတယ်။
‘ငါ ဘက်ပြောင်းဖို့ အကြီးအကျယ် ကြိုးစားခဲ့တာလေကွာ’ ဟုတွေးရင်း
တစ်ရက်တောင် မကြာလိုက်ဘဲ ပြတ်တောက်သွားခဲ့ခြင်းပင်ဖြစ်၏။ ဒီလိုမျိုး အဓိပ္ပာယ်မရှိတဲ့ အခြေအနေ ဖြစ်လာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ အစောင့် ဂမ် ပါးစပ်တွေ ခြောက်သွေ့လာသည်။
ပြီးတော့ ရုတ်တရက်၊ ‘…ဒီကောင် တမင်တကာ သူ့ကို သတ်လိုက်တာများလား’
တွေးကြည့်တော့ ဒါပဲ ဖြစ်ရမယ်။ ဒီကောင်က အတု ဖြစ်တဲ့အတွက်၊ သူက အရာရာတိုင်းကို သတိထားနေရမယ်။ ဒီကောင်က ခန့်မှန်းရ ခက်ပေမဲ့၊ သူ့လို လိမ္မာပါးနပ်တဲ့သူက သူ့အခြေအနေကို မသိဘဲ မနေနိုင်ဘူး။
ဒါပေမဲ့ ဒုတိယသခင်လေးရဲ့ အစောင့်ကို သတ်လိုက်တာကတော့… ‘ငါက သူ့ကို စွန့်ခွာပြီး ဘက်ပြောင်းသွားလို့ မော့အွန်ဖြုန်းရဲ့ အစောင့်ကို သတ်လိုက်တာပဲ ဟား…’
တကယ်ကို အံ့ဩစရာကောင်းတယ်။ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် လိမ္မာပါးနပ်ရတာလဲ။ မော့အွန်းဖြုန်းရဲ့ အစောင့်ကို သတ်လိုက်ခြင်းအားဖြင့် ဒီကောင်က သူ့ကို ဒွိဟ ဖြစ်စေတယ်။ အခုဆိုရင် သူ တခြား ဘယ်သူ့ဆီကိုမှ ဘက်ပြောင်းလို့ မရတော့ဘူး။
ဒီလို လိမ္မာပါးနပ်တဲ့ ကောင်ရဲ့ ရည်ရွယ်ချက်ကို သိလိုက်ရတဲ့အခါ သူ့လက်သီးကို ဆုပ်ထားလိုက်သည်။ သိုင်းပညာတောင် မသင်ထားတဲ့ လူသတ်သမား အရူးတစ်ယောက်က သူ့ကို ဒီလိုမျိုး ဖိအားပေးနေတာကိုး။
‘ဒီကောင်ကြောင့်၊ ငါ ပြင်ဆင်ထားသမျှ အကုန်လုံးက…’
အကုန်လုံး အချည်းနှီး ဖြစ်သွားပြီး ဂမ်က အရမ်း ဒေါသထွက်၏။
“ခင်ဗျားရဲ့ စိတ်ခံစားချက်တွေက ပြောင်းလဲလွယ်လိုက်တာနော် ခင်ဗျား မျက်နှာ နီရဲလာတာကို ကြည့်ရင် ဒေါသထွက်နေတာပဲ”
မော့ကျောင်းဝန်ရဲ့ လှောင်ပြောင်တဲ့ အသံကြောင့် အစောင့် ဂမ် သူ့ကို စိုက်ကြည့်လိုက်တယ်။ သူ ဒီကောင်ကို ချက်ချင်း သတ်ပစ်ချင်တယ်။
ဒုတိယသခင်လေး မော့အွန်ဖြုန်းက သူ့အသက်ကို ဘယ်လိုပဲဖြစ်ဖြစ် လိုက်သတ်မှာမို့ ယန်မော့ဓား နန်းတော်ထဲမှာ နေတာက အဓိပ္ပာယ် မရှိတော့ပေမဲ့…
‘အာ’
ရုတ်တရက်၊ အစောင့် ဂမ်းရဲ့ အကြည့်တွေက သူ့ရင်ဘတ်ဆီကို ရောက်သွားတယ်။ သူ့ရင်ဘတ်ထဲမှာ ‘မီးလောင်ကျွမ်းသော သစ်သားနှလုံးသား ကျင့်စဉ်’ ရဲ့ မျက်နှာဖုံးနဲ့ စာမျက်နှာ နှစ်မျက်နှာစာ ပါနေတယ်။ စာမျက်နှာ နှစ်မျက်နှာစာကိုပဲ မြင်ရပေမဲ့ အစောင့် ဂမ် သဘောပေါက်လိုက်တယ်။ ဒါက တကယ့်အစစ်ပဲ။
‘ဂိုချန်းဆိုတဲ့ ကောင်က နောက်ဆုံးအထိ ပါးစပ်ပိတ်ထားပေမဲ့၊ သူ ဒါကို ရထားတယ်ဆိုတဲ့ အချက်က…’
ဒီ မော့ကျောင်းဝန်ဆိုတဲ့ ကောင်က လျှို့ဝှက်ကျမ်းကို ရသွားတာပဲ သူ ဘယ်လိုလုပ်ပြီး လျှို့ဝှက်ကျမ်းကို ရသွားတာလဲ သူ သိချင်ပေမဲ့ အဲဒါက အရေးမကြီးတော့ပါ။
အစောင့် ဂမ် မော့ကျောင်းဝန်ရဲ့ နံရိုးကြားထဲကို ဓားနဲ့ ဖိထိုးလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။
“ကျန်တဲ့ လျှို့ဝှက်ကျမ်းက… မင်းဆီမှာ ရှိတယ်မဟုတ်လား”
“လျှို့ဝှက်ကျမ်း”
အစောင့် ဂမ်း မော့ကျောင်းဝန်၏ရင်ဘတ်ကို ပုတ်ပြီး ပြောလိုက်တယ်။
“ငါ ပြောတာ ဒါကို ပြောတာ ဒါကို”
“အာ အဲဒါလား”
“ဟုတ်တယ်”
“ရှိတာပေါ့”
မော့ကျောင်းဝန်ရဲ့ စကားကြောင့် အစောင့် ဂမ်ရဲ့ မျက်နှာ ခဏတာ လင်းလက်သွားတယ်။ မျှော်လင့်ထားတဲ့အတိုင်းပဲ၊ အမြဲတမ်း လွတ်လမ်းဆိုတာ ရှိတယ်။
ဂိုဏ်းချုပ်ရဲ့ အသက်ကလည်း ကောက်ရိုးတစ်မျှင်လို ဖြစ်နေတာ။ အရိုက်အရာ ဆက်ခံသူကို မသတ်မှတ်ရသေးတာမို့၊ နောက်လိုက်တွေရဲ့ သဘောထားတွေက ကွဲပြားနေတယ်။ ဒီအခြေအနေမှာ ဂိုဏ်းချုပ်ဖြစ်မှသာ သင်ယူနိုင်တဲ့ လျှို့ဝှက်ကျမ်းကို ပိုင်ဆိုင်ထားရင် ဒါမှမဟုတ် အဲဒီ သိုင်းပညာကို ကျွမ်းကျင်တဲ့ သွေးသားရှိရင် အရိုက်အရာ ဆက်ခံသူ ဖြစ်ဖို့ အနီးစပ်ဆုံးပဲ။
‘ငါ့အသက်အတွက် ဒါနဲ့ အစားထိုးနိုင်တယ်’
ဒုတိယသခင်လေး မော့အွန်းဖြုန်းလည်း ဒီလျှို့ဝှက်ကျမ်းကို လိုချင်မှာ သေချာတယ်။ သူ ဒါကို ပိုင်ဆိုင်ထားရင် သေသွားတဲ့ အစောင့် ဂျိုအီဆန်းရဲ့ အသက်နဲ့ အစားထိုးနိုင်တယ်။
အစောင့် ဂမ် ဓားကို ပိုပြီး ဖိထိုးလိုက်ရင်း ပြောလိုက်တယ်။
“စကားကို ဝေ့ပတ် မပြောတော့ဘူး မင်း မသေချင်ရင် လျှို့ဝှက်ကျမ်းကို ပေးလိုက်”
“ခင်ဗျားက လျှို့ဝှက်ကျမ်းကို တကယ် လိုအပ်နေတာပဲ”
“မင်းနဲ့ စကားပြောဖို့ အချိန် မရှိဘူး”
“ခင်ဗျား တော်တော်လေး ဒုက္ခရောက်နေတဲ့ အခြေအနေပဲ မဟုတ်လား”
“မင်း တကယ်ပဲ သေချင်နေတာလား”
“မဟုတ်ပါဘူး ကျွန်တော်ကတော့ ဒုက္ခရောက်နေတဲ့ အခြေအနေမှာ မရှိဘူးလို့ ထင်လို့၊ ဒီလိုမျိုး ခြိမ်းခြောက်လို့ ရမလားလို့ မေးကြည့်တာပါ”
မော့ကျောင်းဝန်ရဲ့ စကားကြောင့် အစောင့် ဂမ် နှာခေါင်းရှုံ့ပြီး ပြောလိုက်တယ်။
“ငါ့ကို ဂိုချန်းတို့ ဂျိုအီဆန်းတို့နဲ့ တစ်တန်းတည်း မထားနဲ့ မင်းကို အသက်တောင် မရှူခိုင်းဘဲ ဒီနေရာတင် သတ်ပစ်လိုက်ဖို့က ငါ့အတွက် အရေးမကြီးဘူး”
သူ အနားယူသွားခဲ့ပေမဲ့ သူ့ရဲ့ မူလ အလုပ်က လူသတ်သမားပဲ။ သတ်နည်းတွေက ဆယ်ဂဏန်း၊ မဟုတ်ဘူး၊ ရာဂဏန်းလောက် ရှိ၏။ ပြီးတော့ သူက ပထမတန်းစား သိုင်းပညာရှင်တစ်ယောက်။ ပထမတန်းစား နီးပါး ရှိသူနဲ့ တကယ့် ပထမတန်းစား သိုင်းပညာရှင်ကြားက ကွာခြားချက်က ရှင်းရှင်းလင်းလင်းပဲ။ ဂျိုအီဆန်းလို လူတွေကို တစ်ဖက်တည်းနဲ့ သတ်ပစ်နိုင်၏။
“ငါ့ကို ထပ်ပြီးတော့ မစိန်ခေါ်နဲ့”
“ဒါက ကြောက်ဖို့ ကောင်းလိုက်တာ…”
စကားတောင် မဆုံးခင်မှာပဲ ဓားဖျားက မော့ကျောင်းဝန်ရဲ့ နံရိုးကြားထဲကို နည်းနည်းလေး စိုက်ဝင်သွားတယ်။
“နောက်တစ်ခါ မမေးတော့ဘူး လျှို့ဝှက်ကျမ်းအကြောင်း မပြောရင် ဒီဓားကို အဆုံးထိ ထိုးသွင်းလိုက်မယ်။ ဒီနေရာကို ဖောက်သွားရင်တော့ သေဖို့ သေချာတယ်”
“…ခင်ဗျားက ကျွန်တော် ဒီမှာ သေသွားရင် ပိုပြီး ဆုံးရှုံးလိမ့်မယ်”
အဲဒီလို ပြောရင်း မော့ကျောင်းဝန် ဆေးခန်း အလုပ်သမားတွေကို မျက်လုံးနဲ့ အရိပ်ပြလိုက်တယ်။ သူတို့ရှေ့မှာ သူ့ကို တကယ်ပဲ သတ်နိုင်မလားဆိုတဲ့ အဓိပ္ပာယ်ပေါ့။ ဒီတော့ အစောင့် ဂမ် သက်ပြင်းတစ်ချက် ချလိုက်တယ်။
“ဟူး”
ပြီးတော့ မကြာခင်မှာပဲ၊
ဝုန်း
သူ့လက်ကို မော့ကျောင်းဝန်ဆီက ဖယ်ပြီး ဆေးခန်း အလုပ်သမားတွေဆီကို ခုန်ဝင်သွားတယ်။ သူ့ရဲ့ လှုပ်ရှားမှုက အရမ်း မြန်ဆန်လွန်းလို့ အဲဒီနေရာကို ချက်ချင်း ရောက်သွားတဲ့ အစောင့် ဂမ် သူတို့ရဲ့ အရေးကြီးတဲ့ သွေးကြောနေရာတွေကို လျှပ်တစ်ပြက် လက်ဟန်တွေနဲ့ ထိုးစိုက်လိုက်တယ်။
ဆေးခန်း အလုပ်သမားတွေက ချက်ချင်းပဲ ထိုးစိုက်ခံရပြီး သေဆုံးသွား၏။ ဓားနဲ့ ထိုးလိုက်ပေမဲ့ သွေးတွေ အများကြီး မထွက်လာသလို အော်သံတွေလည်း မထွက်လာဘူး။ အရင်က လူသတ်သမားဖြစ်ခဲ့တဲ့ သူ၏ သန့်ရှင်းတဲ့ ကျွမ်းကျင်မှုပဲ။
‘ဒုတိယသခင်လေးက ဆေးခန်း အလုပ်သမား သုံးယောက်လောက်တော့ ကိုင်တွယ်နိုင်မှာပါ’
သူ မသိရင်တောင်မှ ဒုတိယသခင်လေး သူတို့ရဲ့ ပါးစပ်ကို ပိတ်ထားနိုင်မယ်လို့ ယုံကြည်တယ်။ ဒါကြောင့် အစောင့် ဂမ် လောင်းကြေးထပ်နေတာ။
“ငါ မင်းကို မသတ်နိုင်ဘူးဆိုတာ သေချာသေးလား”
အစောင့် ဂမ် မော့ကျောင်းဝန်ဆီကို ချဉ်းကပ်ပြီး ပြောလိုက်တယ်။ သူ့ရဲ့ သိုင်းပညာ၊ သူ့ရဲ့ တည်ငြိမ်မှု၊ သူ့ရဲ့ အေးစက်တဲ့ အကြည့်တွေကြောင့် မော့ကျောင်းဝန် နည်းနည်းတော့ ကြောက်လာလိမ့်မယ်လို့ ထင်ခဲ့တယ်။ ဒါပေမဲ့
-ဟားဟား
‘ရယ်နေတာလား’
မော့ကျောင်းဝန် ရယ်မောနေတယ်။ ဆေးခန်း အလုပ်သမား သုံးယောက် ချက်ချင်း သေသွားတာကိုတောင်။ ဒါကို မြင်ပြီး သူက ရယ်နေတာ
“မင်း တကယ်ပဲ လက်တွေ့ကို နားမလည်တာပဲ ဒါဆိုရင် မင်း ပါးစပ်ဟဖို့ မင်းရဲ့ ကိုယ်ခန္ဓာနဲ့ နာကျင်မှုကို တိုက်ရိုက် ခံစားရလိမ့်မယ်”
ဝုန်း
အစောင့် ဂမ် အကွာအဝေးကို ချက်ချင်း ကိုယ်ဖော့ သိုင်းပညာကို သုံးလိုက်သည်။ ပြီးတော့ မော့ကျောင်းဝန်ကို လက်ကို ဖမ်းချုပ်ဖို့ သိုင်းပညာကို သုံးလိုက်၏။
အစောင့် ဂမ် သူ့လက်ကို ဆုပ်ကိုင်၊ နောက်ကို လိမ်၊ မော့ကျောင်းဝန်ရဲ့ လက်ချောင်း တစ်ချောင်းကို ဖမ်း ဓားကို အဲဒီနားမှာ တင်ထားပြီး ပြောလိုက်တယ်။
“မင်းက နာကျင်မှုကို ခံနိုင်ရည် အတော်လေး မြင့်တာပဲ”
အစောင့် ဂမ် မော့ကျောင်းဝန်ကို ပထမဆုံး မြင်တဲ့ အချိန်ကို ပြန်တွေးလိုက်တယ်။ အကျဉ်းထောင်ထဲမှာ ပိတ်လှောင်ခံထားရပြီး လူတွေရဲ့ ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခံရတဲ့အခါတောင် သူ ညည်းသံ တစ်ချက် မထွက်ခဲ့ဘူး။ ဒါကို မြင်ပြီး သူက ဘီလူးတစ်ကောင်လို့ ထင်ခဲ့တယ်။
“ဒါပေမဲ့ သိလား၊ မင်းက ဘီလူးပဲ ဖြစ်နေပါစေ၊ နာကျင်မှုကို မခံစားရတာတော့ မဟုတ်ဘူး။ ငါက အဲဒီ နာကျင်မှုကို အမြင့်ဆုံး ဖြစ်အောင် လုပ်တတ်တယ်”
ဓားက သူ့လက်ချောင်းထဲကို စိုက်ဝင်သွားတယ်။ အစောင့် ဂမ် မကောင်းဆိုးရွားလို ပြုံးပြီး ပြောလိုက်တယ်။
“ငါက မင်းရဲ့ လက်ချောင်းတွေကို အသီးတစ်လုံး ခွါသလို တစ်လွှာချင်းစီ ခွါပစ်မယ် ဒါက မင်းဘဝမှာ တစ်ခါမှ မခံစားဖူးတဲ့ နာကျင်မှုမျိုး ဖြစ်လိမ့်မယ်”
“ဟုတ်လား”
“မင်း ဘယ်လောက်ကြာကြာ ဒီလို တည်ငြိမ်မှုကို ထိန်းထားနိုင်မလဲ ကြည့်ရအောင်”
အစောင့် ဂမ် ဓားကို အပေါ်ကို စောင်းဖို့ ကြိုးစားလိုက်တယ်။ အဲဒီအချိန်မှာ မော့ကျောင်းဝန် ပါးစပ်ဟ လိုက်၏။
“မစခင်မှာ ကျွန်တော် ခင်ဗျားကို ပြောစရာ ရှိတယ်”
မော့ကျောင်းဝန်ရဲ့ စကားကြောင့် အစောင့် ဂမ်ရဲ့ ပါးစပ်ထောင့်တွေ ကွေးတက်လာတယ်။ ဟုတ်မှာပေါ့။ ဘယ်လောက်ပဲ လူသတ်သမား ရူး ဖြစ်ပါစေ၊ သူက ၁၇ နှစ်ပဲ ရှိသေးတာ။ ဒီအခြေအနေမှာ ဘယ်လောက်ပဲ တည်ငြိမ်မှု ပြနေပါစေ၊ နောက်ဆုံးတော့ လာတော့မယ့် နာကျင်မှုအတွက် ကြောက်ရွံ့မှုထဲကို ကျရောက်သွားလိမ့်မည်ဖြစ်၏။
“ပြော”
“ကျွန်တော် ဒါကို ဘယ်လို သုံးရမလဲလို့ တွေးနေတာ၊ ဒါပေမဲ့ တကယ် ကျေးဇူးတင်ပါတယ်”
“ဘာ”
ဒါ ဘာတွေ ပြောနေတာလဲ။ သူ ဘာကို သုံးနေတာလဲ
အဲဒီအချိန်မှာ အစောင့် ဂမ် ထူးဆန်းတဲ့ ခံစားချက် တစ်ခု ရလိုက်တယ်။ မော့ကျောင်းဝန်ရဲ့ လက်ချောင်းကို ဆုပ်ကိုင်ထားတဲ့ သူ့လက်ဖဝါးထဲမှာ တစ်ခုခု ကပ်နေသလိုပဲ။ အလွန်အမင်း တင်းတင်း ဆုပ်ကိုင်ထားလို့လားဆိုပြီး သူ အားကို နည်းနည်း လျှော့လိုက်ပေမဲ့၊
ကပ်
လက်ဖဝါးက လက်ချောင်းထဲမှာ ကပ်သွားတယ်။
‘ဒါ ဘာဖြစ်တာလဲ…’
တစ်ခုခု ထူးဆန်းနေတယ်လို့ တွေးပြီး အစောင့် ဂမ် သူ့လက်ဖဝါးကို ခွာဖို့ လက်ထဲကို ချီစွမ်းအင်တွေ ပို့လွှတ်ရန် ကြိုးစားလိုက်၏။ ဒါပေမဲ့
ဝုန်း
အဲဒီအချိန်မှာ သူ့လက်ဖဝါးဆီ စုစည်းထားတဲ့ ချီစွမ်းအင်တွေ စီးဆင်း ထွက်သွားတာကို ခံစားလိုက်ရတယ်။
“အာ”
ရုတ်တရက် ဖြစ်ပျက်တဲ့ ဖြစ်စဉ်ကြောင့် အစောင့် ဂမ် စိတ်ရှုပ်ထွေးသွားတယ်။ သူ့လက်က ကပ်နေပြီး၊ သူ့ရဲ့ ချီစွမ်းအင်တွေက မြန်မြန်ဆန်ဆန် စုပ်ယူခံနေရပြီး ချီစွမ်းအင် လည်ပတ်မှုတွေတောင် ပျက်စီးသွားလို့ လက်ဖဝါးကို ခွာဖို့ ခက်ခဲနေ၏။ ချီစွမ်းအင်တွေ အများကြီး စုပ်ယူခံထားရပြီးပြီ။ လက်ချောင်းတွေကို ဆုပ်ကိုင်ထားတဲ့ သူ့ဘယ်လက်နဲ့ ဘယ်လက်မောင်းတွေမှာ အားတွေ မရှိတော့ဘူး ဖြစ်နေ၏။
‘ဒီကောင် ဒီလို မှော်ပညာမျိုးကို ဘယ်က သင်ယူခဲ့တာလဲ’
ဒါက ကောင်းမွန်တဲ့ သိုင်းပညာ မဟုတ်ဘူး။ တစ်ခြားသူရဲ့ ချီစွမ်းအင်ကို စုပ်ယူတာ သူ့ရဲ့ ချီစွမ်းအင် ၁၀ ရာခိုင်နှုန်း စုပ်ယူခံထားရပြီးပြီ၊ ဒီအတိုင်း ဆက်ဖြစ်နေရင် တကယ့် ဘေးဆိုးတစ်ခု ဖြစ်လာလိမ့်မယ်ဟု တွေးနေသည်။
“လွှတ်”
အစောင့် ဂမ် ဓားကို နောက်ပြန် ဆုပ်ကိုင်ထားတဲ့ လက်သီးနဲ့ မော့ကျောင်းဝန်ရဲ့ လည်ပင်းကို ထိုးဖို့ ကြိုးစားလိုက်တယ်။ သူ့ကို မေ့မြောသွားအောင်လုပ်ဖို့ပင်။ ဒါပေမဲ့ မော့ကျောင်းဝန် လည်ပင်းကို လှည့်လိုက်လို့ ပခုံးကိုပဲ ထိသွား၏။
“ဖူး”
ဒါပေမဲ့ ပထမတန်းစား သိုင်းပညာရှင်က ပထမတန်းစားပဲ။ ချီစွမ်းအင် ပါတဲ့ လက်သီးနဲ့ ထိပြီးနောက် မော့ကျောင်းဝန်ရဲ့ ပါးစပ်ကနေ သွေးတွေ အန်ထွက်လာသည်။ ဒါပေမဲ့လည်း မော့ကျောင်းဝန်ကတော့ လက်ချောင်းကို နောက်ဆုံးအထိ မလွှတ်ခဲ့ဘူး။
“အူ ဒီကောင်”
ဒေါသထွက်နေတဲ့ အစောင့် ဂမ် မော့ကျောင်းဝန်ရဲ့ လည်ပင်းနဲ့ နောက်ကျောကို ကြမ်းတမ်းစွာ ထိုးလိုက်၏။ ချီစွမ်းအင် ပါတဲ့ လက်သီးကြောင့် နာကျင်ပေမဲ့ မော့ကျောင်းဝန်က သူ့လက်ကို နောက်ဆုံးအထိ မလွှတ်ပဲ မြဲအောင်ဆုပ်ကိုင်ထားသည်။
‘ဒီဘီလူးက’
အဲဒီအခါ အစောင့် ဂမ် နောက်ဆုံးတော့ မော့ကျောင်းဝန်ရဲ့ နံရိုးကြားထဲကို ဓားနဲ့ ထိုးစိုက်လိုက်၏။
“အဟွတ်”
ဓားက နံရိုးကြားထဲကို တစ်ဝက်လောက် စိုက်ဝင်သွားတဲ့အခါ၊ သူ့အသက်ရှူသံတွေ ရပ်တန့်သွားပြီး ချီစွမ်းအင် ကျင့်စဉ်လည်း ပြတ်တောက်သွားတယ်။ စုပ်ယူထားတဲ့ အားတွေ ပျောက်ကွယ်သွားတဲ့အခိုက်မှာပဲ၊ အစောင့် ဂမ် မော့ကျောင်းဝန်ရဲ့ နောက်ကျောကို ခြေထောက်နဲ့ ကန်ပြီး အကွာအဝေးကို ရှောင်ထွက်လိုက်သည်။
ဝုန်း ခလောက် ခလောက်
ခုနစ်လှမ်းလောက် နောက်ဆုတ်သွားပြီး အစောင့် ဂမ် ဖြူဖျော့နေတဲ့ မျက်နှာနဲ့ သူ့လက်ဖဝါးကို ကြည့်လိုက်၏။ အရမ်း တုန်ရီနေတဲ့ သူ့ဘယ်လက်ထဲမှာ ချီစွမ်းအင်ကို မခံစားရဘူးဖြစ်နေသည်။ ချီစွမ်းအင် လည်ပတ်မှုနဲ့ ပြန်လည် လည်ပတ်နိုင်ပေမဲ့၊ ဒီလို ထူးဆန်းတဲ့ ခံစားချက်မျိုးကို သူ ပထမဆုံး ခံစားရဖူးတာပင်ဖြစ်၏။ အစောင့် ဂမ်က တရွတ်တိုက် လဲကျနေတဲ့ မော့ကျောင်းဝန်ကို စိုက်ကြည့်ပြီး ပြောလိုက်သည်။
“ဒါ ဘာဖြစ်တာလဲ မင်း ဘာ မှော်ပညာမျိုးကို သင်ယူခဲ့တာလဲ”
“ဟူး… ဟူး…”
မော့ကျောင်းဝန် သူ့နံရိုးကြားထဲ စိုက်ဝင်နေတဲ့ ဓားကို ဆုပ်ကိုင်ထားပြီး တရွတ်တိုက် လဲကျရင်း တည်ငြိမ်ရန် ကြိုးစားလိုက်တယ်။
“မင်းက တကယ်ကို… ပထမတန်းစားပဲ”
“ပြော ခုနက ဒါက ဘာလဲ”
“ဒီလောက်နဲ့ဆိုရင် ခင်ဗျားကို ကိုင်တွယ်ဖို့ ခက်လိမ့်မယ်”
အစောင့် ဂမ် သူ့သွားတွေကို ကြိတ်လိုက်၏။ ဒီ မောက်မာတဲ့ကောင်က အဲဒီ မှော်ပညာ ခဏလောက် အလုပ်ဖြစ်သွားတာနဲ့ ငါ့ကို ကိုင်တွယ်နိုင်မယ်လို့ ထင်နေတာလား အဲဒီလိုဆိုရင်တော့ အဲဒါ မှားယွင်းတဲ့ တွက်ချက်မှုပဲ။ အစောင့် ဂမ်း ချီစွမ်းအင်ကို လည်ပတ်ရင်း ဓားကို ဆွဲထုတ်ပြီး အနေအထားကို ပြင်လိုက်သည်။ ပေါ့ဆမှုမျိုး နောက်ထပ် မရှိစေရတော့ဘူး။
‘မင်းရဲ့ လက်ခြေတွေ အကုန်လုံး အဖြတ်ခံရပြီးရင်တောင် မင်း ဒီလိုမျိုး လုပ်နိုင်သေးမလား ကြည့်ရအောင်’
ဝုန်း
အစောင့် ဂမ် အနေအထားကို မနည်း ထိန်းထားတဲ့ မော့ကျောင်းဝန်ဆီကို ခုန်ဝင်သွားလိုက်သည်။ သူ့လက်ဖဝါးတွေ မထိမိအောင် သတိထားနေသရွေ့ သူ သူ့ကို လုံလုံလောက်လောက် ကိုင်တွယ်နိုင်၏။
အစောင့် ဂမ် ပစ်လိုက်တဲ့ ဓားတွေထဲက တစ်စင်းက မော့ကျောင်းဝန်ရဲ့ ပေါင်ကို စိုက်ဝင်သွားပြီး မော့ကျောင်းဝန် တရွတ်တိုက် လဲကျသွားသည်။ အဲဒီ အခွင့်အရေးကို လက်လွတ်မခံဘဲ အစောင့် ဂမ် သူ့လက်ကောက်ဝတ်ထဲမှာ ဝှက်ထားတဲ့ ဓားတစ်စင်းကို ထုတ်ပြီး မော့ကျောင်းဝန်ရဲ့ ပခုံးဆီ ပစ်ဖို့ ကြိုးစားလိုက်သည်။ ထိုအချိန်မှာပင်
“မိစ္ဆာဘုန်းကြီး”
တုန်
အဲဒီ စကားတွေ ဆုံးတာနဲ့ တစ်ပြိုင်နက်၊ အစောင့် ဂမ် ရုတ်တရက် သူ့ခန္ဓာကိုယ် တစ်ခုလုံး အေးစိမ့်သွားသလို ခံစားရပြီး နောက်ကနေ သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်ဖို့ ကြိုးစားနေတဲ့ တစ်ခုခုကို ခံစားလိုက်ရ၏။ တုန်လှုပ်သွားတဲ့ အစောင့် ဂမ် အဲဒီ ထူးဆန်းတဲ့ ခံစားချက်ကို ရှောင်ရှားဖို့ သူ့လက်မောင်းကို ချလိုက်ပြီး ဘေးကို ခုန်သွား၏။ ပြီးတော့ သူ အဲဒီနေရာကို ကြည့်လိုက်သည်။
အစောင့် ဂမ် မျက်မှောင် ကြုတ်လိုက်၏။ နောက်ကနေ အရိုးစိမ့်အောင် ထူးဆန်းတဲ့ ခံစားချက်ကို သူ သေချာပေါက် ခံစားခဲ့ရပေမဲ့ ဘာမှ မမြင်ရဘူးဖြစ်နေသည်။
‘ဒီကောင် ဘာလုပ်လိုက်တာလဲ’
ဘာမှ မမြင်ရဘဲနဲ့ ဒီလို ထူးဆန်းတဲ့ ခံစားချက်က ဘာလဲ စိတ်ရှုပ်ထွေးနေတဲ့ အစောင့် ဂမ် မော့ကျောင်းဝန်ကို ကြည့်ဖို့ မျက်လုံးတွေကို ရွှေ့လိုက်၏။
“မင်း ခုနက ဘာလုပ်လိုက်တာလဲ”
“ခင်ဗျား ဘာကို ပြောနေတာလဲ”
“မသိသလို မလုပ်နဲ့ နောက်ကနေ ငါ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်ဖို့ တစ်ခုခု ကြိုးစားခဲ့တာ သေချာတယ်”
“ခင်ဗျားက တကယ်ကို ထက်မြက်တဲ့ အာရုံခံစားမှု ရှိတာပဲ”
“…ဒါဆို မင်း တစ်ခုခု လုပ်လိုက်တာပဲ”
“ဟိုလေ၊ ကျွန်တော် မဟုတ်ပါဘူး ဒီ သူငယ်ချင်းပါ”
“ဒီ သူငယ်ချင်း”
သူ ဘာတွေ ပြောနေတာလဲ တကယ်ပဲ အပေါင်းအပါ ရှိနေတာလား အစောင့် ဂမ် သူ့အာရုံတွေကို မြှင့်တင်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်ပေမဲ့၊ မော့ကျောင်းဝန်ကတော့ သူ့ကို အေးဆေးပဲ ပြောလိုက်သည်။
“ခင်ဗျား သိချင်နေမှတော့ ကျွန်တော် ပြလိုက်မယ် မိစ္ဆာဘုန်းကြီ”
အဲဒီစကားတွေ ဆုံးသွားတဲ့ အခိုက်အတန့်ပဲ။
ရှူး ရှူး
ခဏလောက်တော့ အစောင့် ဂမ် သူ့မျက်လုံးကို သူ မယုံနိုင် ဖြစ်သွားသည်။ သူ့နှာခေါင်းရှေ့တည့်တည့်မှာပဲ၊ သွေးစွန်းနေတဲ့ သင်္ကန်းကို ဝတ်ဆင်ထားပြီး ဦးခေါင်းခွံ ပုတီးကို ကိုင်ထားတဲ့ ဧရာမ ဘုန်းကြီးတစ်ပါးက တည်ငြိမ်စွာ ပေါ်လာပြီး သူ့ကို ကြောက်စရာကောင်းတဲ့ အကြည့်တွေနဲ့ ငုံ့ကြည့်နေ၏။
‘ဘ၊ ဘာတွေ… ဖြစ်နေတာလဲ…’
အစောင့် ဂမ်း ဓား စိုက်ဝင်နေတဲ့ သူ့ရင်ဘတ်ကို ငုံ့ကြည့်လိုက်သည်။ သူ့ရဲ့ ချီစွမ်းအင်နဲ့ ခန္ဓာကိုယ်ကို ကာကွယ်ထားခဲ့ပေမဲ့၊ ဓားထဲမှာ ပါတဲ့ ချီစွမ်းအင်ကြောင့် သူ့ကို အနက်ကြီး စိုက်ဝင်သွား၏။ အစောင့် ဂမ် အံ့ဩတုန်လှုပ်နေတဲ့ အမူအရာနဲ့ တိုးတိုးလေး ပြောလိုက်သည်။
“ဒါပေမဲ့ ဘယ်လိုလုပ်ပြီး”
သူ့ကို မော့ကျောင်းဝန် ပြုံးပြီး ပြောလိုက်၏။
“ဓားကရော၊ ချီစွမ်းအင်ကရော ခင်ဗျားဟာတွေပဲလေ”