မော့ကျောင်းဝန်သည် ပတ်တီးများကို ဖယ်ရှားလိုက်ပြီး မှန်ထဲတွင် ပေါ်နေသည့် သူ၏ ကိုယ်ခန္ဓာအပေါ်ပိုင်းကို ကြည့်လိုက်သည်။ ရင်ဘတ်ဘယ်ဘက်နှင့် ဝမ်းဗိုက်တွင် ဓားဒဏ်ရာ အမာရွတ်များ ရှိနေသည်။
'အမာရွတ်တွေ'
သာမန်ဆိုလျှင် ဒဏ်ရာကြီးကြီးမားမား ဖြစ်ပါက အမာရွတ် ကျန်ရစ်တတ်သည်။ သို့သော် ထိုလူ၏ အနက်ရောင်ဓားဖြင့် ထိုးသွင်းခံရသည့် ဒဏ်ရာများမှာ အမာရွတ်အဖြစ် ပြောင်းလဲသွားသည်။ တစ်သက်လုံး ကျန်ရစ်နေမည့်ပုံပင်။
'ကောင်းပါပြီလေ... ဘာတတ်နိုင်မှာလဲ'
ရှင်သန်နိုင်ခဲ့ခြင်းအတွက်သာ ကျေနပ်ရမည်။ ထိုမျှလောက်သော ဒဏ်ရာမျိုးဆိုလျှင် သေဆုံးနိုင် သည်ဟုပင် သူ တွေးမိခဲ့သည်။ သို့သော် မျှော်လင့်ထားသည်ထက် ပို၍ သူ ရှင်သန်နိုင်ခဲ့သည်။ သူသည် ပြန်လည်သက်သာနိုင်စွမ်း ထူးခြားကြောင်း သိရှိထားသော်လည်း သူ့၏ ရှင်သန်လိုစိတ်မှာ စိတ်ကူးယဉ်နိုင်သည်ထက်ပင် ပိုမို ပြင်းထန်သည်။
'ဒါဟာ ငါ အခုထိ မသွားသင့်သေးဘူးဆိုတဲ့ အရိပ်အယောင်လား'
ကံကောင်းစွာပင်။ အဘိုး၏ အမြဲမပြတ် ဆူပူသံတွေကို နားထောင်ရဦးမည်ဆိုလျှင် အနည်းဆုံး သူ့လက်စားချေမှုကိုတော့ ပြီးမြောက်အောင် လုပ်ဆောင်ချင်သည်။ သို့မှသာ အနည်းငယ် ပိုပြီး နစ်နာမှု နည်းပါးမည်။
'လက်စားချေမှု...'
လက်စားချေခြင်းအကြောင်း တွေးမိလိုက်တိုင်း သူ ကံကောင်းနေသည်ဟု ခံစားရသည်။ ကမ္ဘာပေါ်တွင် သူ့နှင့် မျက်နှာချင်း အတိအကျ ဆင်တူသူ ရှိနေလိမ့်မည်ဟု မည်သူက ထင်ပါ့မလဲ။ ထိုအချက်ကြောင့်ပင် သူ၏ မူလဇာတ်ရုပ်ကို ဖျောက်ဖျက်နိုင်ခဲ့သည်။
'ငါ ကံကောင်းတယ်လို့ ဆိုရမလား'
သေဒဏ်ခံ အကျဉ်းသား၏ ကိုယ်ပိုင်လက္ခဏာမှာ သေဆုံးသွားပြီဖြစ်၍ သူ ထွက်ပြေးသွားကြောင်း ဖော်ပြသည့် ရုပ်ပုံလွှာများ ရှိတော့မည် မဟုတ်ပေ။ အစိုးရရုံးမှ ဝရမ်းထုတ်သည်ထက် သူ ပို၍ အရေးတကြီး စဉ်းစားထားသည့်အရာ ရှိသေးသည်။
'သူတို့ ငါသေပြီလို့ ထင်နေမှာပေါ့၊ ဟုတ်တယ်မလား'
သူ၏ ရန်သူကို လိုက်လံ ရှာဖွေနေစဉ် ကြုံတွေ့ခဲ့ရသည့် အနက်ရောင်ဓားကိုင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသား။ ထိုလူသည် သူ့ကို သတ်ရန် ရောက်လာခဲ့ခြင်း ဖြစ်သည်။ သို့သော် သူ အသက်ရှင်နေကြောင်း သိရှိသွားပါက ထိုလူမှာ အသေအချာ ပြန်ပေါ်လာလိမ့်မည်။
'…သိုင်းပညာ'
သူ အတွေ့အကြုံ ရရှိခဲ့ပြီးဖြစ်သည်။ ထိုလူသည် သူ့ဘဝတွင် ပထမဆုံးအကြိမ် တွေ့ဖူးသည့် နတ်ဆိုးတစ်ပါးပင်။ သိုင်းပညာ မသင်ယူဘဲနှင့်တော့ ထိုသူကို ရင်ဆိုင်ရန်မှာ မဖြစ်နိုင်ပေ။ ထိုကိစ္စအတွက်မူ ကံကြမ္မာ၏ စီမံမှုဟုပင် ဆိုရမည်။
သူနှင့် မျက်နှာဆင်တူသည့် ထိုကောင်လေးမှာ ယန်မော့ဓားနန်းတော်၏ တတိယသခင်လေး ဖြစ်နေသည်။ ယခုဆိုလျှင် 'တံစဉ်ကိုင် မိစ္ဆာ' အဖြစ်မဟုတ်ဘဲ ယန်မော့ဓားနန်းတော်၏ တတိယ သခင်လေးအဖြစ် ထိုကောင်နှင့် လောကကြီးကို လှည့်စားနိုင်မည်၊ ထို့ပြင် သိုင်းပညာ သင်ယူနိုင်မည့် အခွင့်အရေးလည်း ပွင့်လာပြီ။
'ပွင့်လာပြီ၊ ဒါပေမဲ့...'
ပြဿနာ တစ်ခု ရှိနေသည်။ မော့ကျောင်းဝန်သည် အပေါ်အင်္ကျီကို ဝတ်ဆင်ရင်း တံခါးအပြင် ဘက်တွင် ရပ်နေသည့် အနက်ရောင် အရိပ်ကို ကြည့်လိုက်သည်။ ထိုသူမှာ အစောင့်ဂမ် ထားရှိပေးထားသည့် သူ့ကို စောင့်ကြည့်မည့်သူပင်။ ထိုအကြောင်းကြောင့် သူသည် အိမ်တော် ထဲတွင်သာ ပိတ်လှောင်ခံထားရပြီး အိမ်သာတက်မှလွဲ၍ ဘယ်မှ သွားခွင့်မရှိပေ။
'စိတ်ရှုပ်စရာပဲ'
အခြေအနေမှာ လွယ်ကူလှသည် မဟုတ်ပေ။ ထောင်ထဲမှာ ပိတ်လှောင်ခံထားရသည်နှင့် ဘာမျှ မခြားပေ။ သဘောတူညီချက် ရထားသော်လည်း အစောင့်ဂမ်မှာ သူ့ကို လုံးဝ မယုံကြည်ပေ။ သူ့မျက်စိရှေ့တွင် 'အစစ်အမှန်' ကို သူ ရဲရဲဝံ့ဝံ့ သတ်လိုက်သဖြင့် ဤအတိုင်းပင် ဆက်သွားလိမ့်မည် ဖြစ်သည်။
'ငါ ဘာလုပ်ရမလဲ'
ငြိမ်နေလျှင် ဤအတိုင်းပင် အရုပ်လို အခိုင်းခံနေရလိမ့်မည်။ သိုင်းပညာ သင်ယူရန် အခွင့်အရေးပင် ရလာတော့မည် မဟုတ်ပေ။ ဘာမျှ မလုပ်နိုင်ဘဲ အကျပ်ရိုက်နေသည့် အခြေအနေ ဖြစ်သည်။ သို့သော် မော့ကျောင်းဝန်မှာ မည်သို့မျှ မဖြစ်သလိုဖြင့် ပြုံးရယ်လိုက်သည်။
တောက် တောက်
ထိုစဉ် တံခါးကို တစ်စုံတစ်ယောက် ခေါက်လိုက်သည်။
"သခင်လေး၊ နေ့လယ်စာ ယူလာပေးပါတယ်ရှင်"
ခဏအကြာတွင် တံခါးပွင့်လာပြီး အစေခံမလေးတစ်ယောက်က အစားအစာဗန်းကို ယူဆောင်လာသည်။ အမဲသားနှင့် ခရမ်းသီးကြော်၊ ပဲပင်ပေါက်နှင့် ထမင်းဖြစ်သည်။ အမြဲပြုလုပ်နေကျအတိုင်း အစေခံမလေးသည် ဗန်းကို ပြတင်းပေါက်ဘေးရှိ စားပွဲဝိုင်းပေါ် တင်လိုက်သည်။ အင်္ကျီကြယ်သီး တပ်ရင်း ကုလားထိုင်ပေါ် ထိုင်နေသည့် မော့ကျောင်းဝန်ကို တစ်ချက် ကြည့်လိုက်သည်။
'ကြည့်ကောင်းလိုက်တာ'
ယန်မော့ဓားနန်းတော်၏ သခင်လေး လေးဦးအနက် မော့ကျောင်းဝန်၏ ရုပ်ရည်မှာ အကောင်းဆုံးပင်။ အစေခံမလေးများသည် သူ့ကို အစားအစာ လာပို့ရန် အပြိုင်အဆိုင် ဖြစ်ကြရလောက်အောင်ပင်။ လူဆိုတာ ဒီလိုလေးတွေပဲ ပျော်ရွှင်မှု ရှာရတာပေါ့၊ မဟုတ်ဘူးလား?
သို့သော်၊
'ဟင်'
အစေခံမလေးမှာ မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။ မျက်နှာတွင် အပြုံးဖျော့ဖျော့လေးဖြင့် သူသည် ပုံမှန် မော့ကျောင်းဝန်နှင့် ဘာမျှ မခြားပေ။ သို့သော် ဤကဲ့သို့သော ထူးဆန်းသည့် ခံစားချက်က ဘာလဲ
'ဘာဖြစ်တာလဲ'
တစ်ခုခု လွဲမှားနေသည်။ အတိအကျ ပြောရရန် ခက်ခဲလှသည်။ အစေခံမလေး စဉ်းစားနေစဉ် ဗန်းကို ယူပြီး ထွက်ခွာတော့မည့်အချိန်၌၊
"ခဏစောင့်"
"ရှင်"
"ဒီအမဲသားနဲ့ ခရမ်းသီးကြော်အကြောင်း"
"ဟုတ်ကဲ့"
"နောက်တစ်ခါကျရင် အမဲသားကို အကျက်နည်းနည်း လျှော့ပေးပါ"
"ဒါပေမဲ့ မကျက်ရင် သွေးတွေ..."
"အမဲသားဆိုတာ အကျက်နည်းရင် ပိုနူးညံ့တယ်၊ သွေးစိမ်းလေးတွေ စွန်းနေရင် ပိုအရသာရှိတယ်"
သူက တောက်ပစွာ ပြုံးရင်း ပြောလိုက်သည်။ ထိုအပြုံးကို မြင်လိုက်သည့်အချိန်တွင် အစေခံမလေး၏ ကျောရိုးတစ်လျှောက် ကြက်သီးထသွားရသည်။ သူမသည် ဘာကြောင့် ထူးဆန်းသည်ဟု ခံစားရသည်ကို နားလည်သွားသည်။ သူ့ပါးစပ်မှာ ပြုံးနေသော်လည်း သူ့မျက်လုံးများမှာမူ လုံးဝ လှုပ်ရှားခြင်းမရှိဘဲ သူမကို စိုက်ကြည့်နေသည်။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်း သွားသလိုပင်။
"ဘာ ပြဿနာ ရှိလို့လဲ"
"အဲ... ဟို..."
ကြောက်လန့်မှု စိုးမိုးသွားသည့်အခါ ပြန်ဖြေရန် ခက်ခဲလှသည်။ ထိုစဉ်၊
"စားဖိုမှူးက သူ့စိတ်ကြိုက် သူ ချက်လိမ့်မယ်၊ သခင်လေး"
မော့ကျောင်းဝန် တံခါးဘက်သို့ ခေါင်းလှည့်လိုက်သည်။ အစောင့်ဂမ်သည် ပွင့်နေသည့် တံခါးမှတစ်ဆင့် ဝင်လာသည်။ သူသည် စိတ်မသက်မသာ ဖြစ်နေသော မျက်နှာဖြင့် ခေါင်းခါရင်း အစေခံမလေးကို လက်ယက်ပြလိုက်သည်။ အစေခံမလေးမှာ ခေါင်းညိတ်ပြီး အမြန် ထွက်သွားသည်။
တုန်း
အစောင့်ဂမ် တံခါးပိတ်လိုက်ပြီး မော့ကျောင်းဝန်ဆီ လျှောက်လာကာ ပြောသည်။
"ငါ ပြောထားတယ် မဟုတ်လား၊ ထူးခြားတာ ဘာမှ မလုပ်နဲ့လို့"
မော့ကျောင်းဝန်သည် တူဖြင့် ထမင်းအနည်းငယ် ခပ်ရင်း ပြန်ပြောသည်။
"အမဲသားကို အကျက်နည်းနည်း လျှော့ခိုင်းတာက ထူးခြားတဲ့ ကိစ္စလား"
"မင်းက မော့ကျောင်းဝန်၊ သေဒဏ်ခံ အကျဉ်းသား မဟုတ်ဘူး"
"ခင်ဗျားပေးထားတဲ့ စာရွက်ထဲမှာ 'အစစ်အမှန်' က ဘယ်အသားကို ကြိုက်သလဲဆိုတာ မပါဘူးလေ"
မော့ကျောင်းဝန်က အေးဆေးစွာ ပြန်တုံ့ပြန်သည်။
'ဒီကောင်စုတ်'
အစောင့်ဂမ်၏ မျက်နှာမှာ တင်းမာသွားသည်။ မမှားသည်ကတော့ အမှန်ပင်၊ သို့သော် ကောင်လေးက အရာရာကို ပြန်ခံပြောနေသည့်ပုံစံမှာ သူ မကြိုက်ပေ။ စိတ်ရှုပ်စရာကောင်းပြီး သူ အစားစားနေသည့် ပုံစံမှာလည်း အမြင်ကတ်စရာပင်။ အစောင့်ဂမ်သည် သူ့ရှေ့တွင် ထိုင်ရင်း ပြောသည်။
"မင်းပြောနေတဲ့ ပုံစံကို ကြည့်ရရင် ငါ ပြောထားတဲ့ စာရွက်တွေကို အလွတ်ကျက်ထားတယ်ပေါ့၊ ဟုတ်လား"
"ဟုတ်ကဲ့။ သိပ်တော့လည်း မခက်ခဲပါဘူး"
"မခက်ခဲဘူး ဟား ဒါဆို သခင်လေး အကြီးဆုံးရဲ့ နာမည်က ဘာလဲ"
"မော့ယောင်ဟို အသက်နှစ်ဆယ် ဘယ်ဘက်ပါးပြင်မှာ မှဲ့တစ်ခု ရှိတယ်၊ မိန်းမတွေကိုပဲ စိတ်ဝင်စားတယ်။ ညီအစ်ကို လေးယောက်ထဲမှာ အရည်အချင်း အနည်းဆုံးပဲ၊ ဒါပေမဲ့ လောဘကြီးပြီး ရက်စက်တယ်"
အစောင့်ဂမ်၏ မျက်ခုံးတစ်ဖက် ပင့်တက်သွားသည်။ အမှားအယွင်း တစ်ခုမျှ မရှိဘဲ တိကျလှသည်။ သခင်လေးအစစ်က ကိုယ်တိုင် ရေးသားခဲ့ခြင်း ဖြစ်၍ သူ့ရှုထောင့်မှ အမှန်အတိုင်း ရေးထားခြင်း ဖြစ်သည်။
"…ဒုတိယသခင်လေးကော"
"မော့အန်းပြုံ။ အသက်ဆယ့်ရှစ်နှစ်။ ပင်ကိုယ်ဇနီးလိုမျိုး မျက်လုံးမှေးမှေးလေး ရှိတယ်။ စဉ်းလဲပြီး ကောက်ကျစ်တယ်။ ဂိုဏ်းခေါင်းဆောင် ဖြစ်လာဖို့ ဘာမဆို လုပ်ရဲတဲ့ အမှိုက်တစ်စပဲ"
မော့ကျောင်းဝန်သည် စာရွက်ထဲတွင် ရေးထားသည့်အတိုင်း အတိအကျ ကျက်ထားသည်။ အားကောင်းသည့် စာလုံးပုံစံများမှာ မုန်းတီးမှုကို အပြည့်အဝ ဖော်ပြနေသည်။
'သူသာ ငတုံးဆိုရင် ပိုလွယ်လိမ့်မယ်'
အစောင့်ဂမ် အတွေးထဲတွင် လျှာသတ်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်းပင်၊ ကောင်လေးမှာ စဉ်းလဲပြီး အရာအားလုံးကို အလွတ်ကျက်ထားသည်။ နောက်ထပ် စစ်ဆေးရန် မလိုတော့ပေ။
"စတုတ္ထသခင်လေးအကြောင်း ပြောရမလား ဒါမှမဟုတ် အစစ်အမှန် မော့ကျောင်းဝန်ရဲ့ အကျင့်စရိုက်တွေ..."
"တော်ပြီ"
"ဒါဆို ကျွန်တော် စားလို့ မပြီးသေးဘူး၊ ဆက်စားခွင့် ရှိမလား"
"ဟွန်း စားပြီး နားထောင်စမ်း"
"ဟုတ်ကဲ့"
အစောင့်ဂမ် ထိုင်နေရာမှ ထလိုက်ပြီး လက်နောက်ပစ်ကာ ပြတင်းပေါက်မှ အပြင်ကို ကြည့်ရင်း ပြောသည်။
"စာရွက်ပေါ်က အချက်အလက်တွေကို ကျက်မှတ်ထားပေမဲ့ ဒီအိမ်ထဲမှာ တခြားလူတွေနဲ့ တွေ့ဖို့ အခွင့်အရေး သိပ်မရှိဘူး"
"…ဘာကြောင့်လဲ"
"သခင်လေးနဲ့ မျက်နှာ တူနေပါစေ၊ အမြီးရှည်လေလေ နင်းမိဖို့ ပိုလွယ်လေလေပဲ။ အစကတည်းက အဲလို အခြေအနေမျိုး မဖြစ်အောင် ရှောင်ရမှာ"
"ဒါဆို ကျွန်တော် ဒီထဲမှာပဲ ပိတ်လှောင်နေရမယ်လို့ ဆိုလိုတာလား"
"မင်း မြန်မြန် သဘောပေါက်တာပဲ"
"ဒါက အစားထိုးလူ ဖြစ်ရတာနဲ့ ဘာမှ မခြားနားသလိုပဲနော်"
"မင်းက အစားထိုးလူ မဟုတ်ဘဲ အရုပ်တစ်ရုပ် ဖြစ်ဖို့ စေတနာအလျောက် လုပ်ခဲ့တာ။ မင်း ကိုယ်တိုင် ရွေးချယ်ခဲ့တာမို့ ပြောတဲ့အတိုင်းပဲ လုပ်"
အစောင့်ဂမ်က ရှင်းရှင်းလင်းလင်း ပြောလိုက်သည်။ ဤစဉ်းလဲသော ကောင်လေး တခြားစိတ်ကူးများ မရှိစေရန် ဖြစ်သည်။
"ကျွန်တော် ခိုင်းတဲ့အတိုင်း လုပ်ပေးရင် ပြီးပြီ မဟုတ်လား"
"ဟုတ်တယ်"
"နောက်ထပ် သိထားရမယ့်အရာ ရှိသေးလား"
"မရှိဘူး"
အစောင့်ဂမ်၏ နောက်ဆုံးစကားကြောင့် တူကို ကိုင်ထားသည့် မော့ကျောင်းဝန် မျက်လုံးကို ကျဉ်းမြောင်းလိုက်သည်။ ကျက်မှတ်ထားရမည့် အချက်အလက်များကို ပြောပြသော်လည်း အတုအယောင် ဖြစ်ကြောင်း မသိသာစေမည့် အကျင့်စရိုက်များမှအလွဲ တခြား ဘာမျှ မပြောပြပေ။ အရေးကြီးဆုံး အချက်အလက်ကိုပင်။
'သူ ဘာကြောင့် အစားထိုးလူ လိုအပ်တာလဲဆိုတာကိုတော့ မပြောပြဘူး'
အမှန်တကယ်တွင် သူတို့ ပြောပြမည် မဟုတ်ကြောင်း သူ ခန့်မှန်းထားပြီးဖြစ်သည်။ ထို့ကြောင့် မော့ကျောင်းဝန် တစ်ခုကို သေချာပေါက် ပြောနိုင်လိုက်သည်။
'သူတို့ ငါ့ကို လူစားထိုးပြီး လိုအပ်တဲ့ အန္တရာယ်ရှိတဲ့ အခြေအနေထဲ ထားခဲ့ဖို့ ကြံစည်နေတာလား'
မဟုတ်ပါက မပြောပြစရာ အကြောင်းမရှိပေ။ သူတို့က အဆိပ်ဆေးလုံး စားခိုင်းထားပြီးပြီ၊ ယခု 'အစစ်အမှန် မော့ကျောင်းဝန်' သေဆုံးသွားပြီမို့ တစ်ဦးတည်းသော အစားထိုးလူအဖြစ် ခဏသုံးမည်ဟု သူ ထင်ခဲ့သည်။ သို့သော် ထိုသို့ မဟုတ်ပေ။ သူတို့တွင် နောက်ထပ် လျှို့ဝှက်ချက်တစ်ခု ရှိနေသေးသည်။ မော့ကျောင်းဝန်သည် စဉ်းစားရင်း နှုတ်ခမ်းစွန်းကို ရက်စက်စွာ ကော့ညွှတ်လိုက်သည်။
'သူတို့ ဘက်ပြောင်းဖို့ ကြံစည်နေတာပဲ'
တုန်း
တံခါးကို ပိတ်လိုက်သည့် အစောင့်ဂမ်သည် အပြင်ဘက်တွင် စောင့်ကြပ်နေသည့် မျက်လုံးစူးစူး လူလတ်ပိုင်းအရွယ် အမျိုးသားကို ပြောသည်။
"သူ လွတ်မသွားအောင် သေချာ ကြည့်ထား။ ပြီးတော့ သူ့ကို လာရှာတဲ့သူ ရှိရင် နေမကောင်းဘူးဆိုပြီး ခပ်တည်တည် ပြောလိုက်၊ တခြားလူတွေနဲ့ မျက်နှာချင်း မဆိုင်စေနဲ့"
"နားလည်ပါပြီ"
"ငါ ခဏ အပြင်သွားဦးမယ်"
ထွက်ခွာခါနီးတွင် လူလတ်ပိုင်းအရွယ် အမျိုးသားက တိုးတိုးလေး ပြောသည်။
"အကြီးအကဲ ဒါပေမဲ့ ဘက်ပြောင်းဖို့ တကယ် လိုအပ်လို့လား”
"ဟင်"
"သူ့ကို အဆိပ်ဆေးလုံး စားခိုင်းထားပြီးသားပဲ။ အဲဒီအတုအယောင်ကောင်ကို ထိန်းချုပ်ထားရင် မကောင်းဘူးလား သခင်လေးကို ရွေးချယ်ခဲ့တဲ့ အကြောင်းရင်းက..."
"ဒီကောင်က မကောင်းဘူး"
"ဘာ? ဘာကို ဆိုလိုတာလဲ"
"သူက အလွယ်တကူ ထိန်းချုပ်လို့ရမယ့်သူ မဟုတ်ဘူးလို့ ပြောတာ"
အစောင့်ဂမ်၏ စကားကြောင့် လူလတ်ပိုင်းအရွယ် အမျိုးသား စိတ်ထဲတွင် ရယ်မောလိုက်သည်။ သေဒဏ်ခံ အကျဉ်းသား ဖြစ်ပါစေ၊ သူသည် သိုင်းပညာ မသင်ယူဖူးသည့် သာမန်အရပ်သားသာ ဖြစ်သည်။ သို့သော် အကြီးအကဲက ဤမျှထိ အလွန်အကျွံ တုံ့ပြန်နေခြင်းမှာ ရယ်စရာပင်။ ရှေ့တန်းကနေ အနားယူပြီး ကိုယ်ရံတော်အဖြစ် နေထိုင်လာသဖြင့် သူ၏ ထက်မြက်မှုမှာ အရင်ကထက် လျော့နည်းသွားခြင်း ဖြစ်ပေမည်။ သူ အရမ်း စိတ်အနှောင့်အယှက် ဖြစ်နေလျှင် ကောင်လေးကို နင်းပြီး သင်ခန်းစာ ပေးလိုက်ရုံပင်။
သို့သော် သူ၏ စိတ်ကူးနှင့် မသက်ဆိုင်ဘဲ အကြီးအကဲကို ပြန်မပြောရဲပေ။
"နားလည်ပါပြီ"
"သူ့ကို သေချာ စောင့်ကြည့်။ ဘာမလိုအပ်တဲ့အရာမှ မလုပ်စေနဲ့၊ လက်ဖမ်းချုပ်တဲ့ပညာနဲ့ ထိန်းချုပ်ထား။ မျက်နှာကလွဲရင် နာကျင်အောင် လုပ်ခွင့်ပေးတယ်"
"အိုဟို။ တကယ်လား"
"အဲဒါက သူ့အတွက် ပိုကောင်းနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် သေချာ စောင့်ကြည့်"
"နားလည်ပါပြီ"
လူလတ်ပိုင်းအရွယ် အမျိုးသားမှာ ကျေနပ်စွာဖြင့် နှုတ်ခမ်းစွန်းကို ကော့ညွှတ်လိုက်သည်။
အစောင့်ဂမ် ထွက်ခွာသွားပြီး ၁၅ မိနစ်ခန့်အကြာ၊ ပိတ်ထားသည့် တံခါးမှာ ပွင့်လာသည်။ တံခါးဝတွင် စောင့်ကြပ်နေသည့် လူလတ်ပိုင်းအရွယ် အမျိုးသားက အပြင်ထွက်ရန် ကြံစည်နေသည့် မော့ကျောင်းဝန်ကို တားလိုက်သည်။
"မင်း ဘယ်သွားမလို့လဲ"
"အပြင်ကို ခဏ ထွက်မလို့"
"အိမ်သာလား"
"မဟုတ်ဘူး စံအိမ်အပြင်ဘက်ကို တစ်ချက်လောက် လျှောက်ကြည့်မလို့။ စကားပြောဖော် လိုနေလို့၊ လိုက်ခဲ့မလား"
မော့ကျောင်းဝန်က အေးဆေးစွာ ပြောသည်။ သူ့အပြုအမူကို ကြည့်ပြီး လူလတ်ပိုင်းအရွယ် အမျိုးသားမှာ မယုံနိုင်စွာဖြင့် ခေါင်းခါလိုက်သည်။ အကြီးအကဲ ထွက်သွားတာ မကြာသေးဘူး၊ အခုတင် ထွက်ပြေးဖို့ ကြံစည်နေပြီလား လူလတ်ပိုင်းအရွယ် အမျိုးသားက အေးစက်စက် လေသံဖြင့် ပြောသည်။
"မနာချင်ရင် အခုချက်ချင်း အထဲပြန်ဝင်သွား"
" ငါတို့ နှစ်ယောက်လုံး ပါးစပ်ပိတ်ထားရင် ဘာမှ မဖြစ်လောက်ပါဘူး..."
မော့ကျောင်းဝန် စကားမဆုံးခင်၊
ရှီး ရှီး ဖျပ်
လူလတ်ပိုင်းအရွယ် အမျိုးသား (သို့) ဂိုချန်းသည် မော့ကျောင်းဝန်၏ လက်ကောက်ဝတ်ကို လျင်မြန်စွာ ဖမ်းဆုပ်ပြီး နောက်ဘက်သို့ လိမ်ချိုးလိုက်သည်။ လက်ဖမ်းချုပ်ပညာ ဖြစ်သည်။ အကြီးအကဲ ပြောသည့်အတိုင်းပင် ကောင်လေး၏ အပြင်သိုင်းမှာ ထူးခြားမှု မရှိသော်လည်း ကြွက်သား၏ ထူထဲမှုမှာ မူမမှန်သဖြင့် ရိုက်နှက်သည်ထက် အဆစ်ကို လိမ်ချိုးခြင်းက ပိုလွယ် ကူသည်။
'ထူးထူးခြားခြားတော့ မဟုတ်ပါဘူး'
ကြာရှည်ပြီးနောက် လက်ဖမ်းချုပ်ပညာကို သုံးကြည့်ရာ သူ၏ ကျွမ်းကျင်မှုမှာ သံချေးမတက်သေးပေ။ ကောင်လေး၏ လက်ကို လိမ်ချိုးလိုက်ပြီးနောက် သူ စိတ်ကျေနပ်မှု ရသွားကာ မော့ကျောင်းဝန်၏ နားထဲသို့ တိုးတိုးလေး ပြောသည်။
"မင်းနေရာကို မင်း မေ့နေပုံပဲ၊ မင်းက အစစ်အမှန် မော့ကျောင်းဝန် မဟုတ်ဘူး။ ငါ့ကို မလိုအပ်ဘဲ ဒေါသထွက်အောင် လုပ်တာ ဘာကောင်းကျိုးမှ မရှိဘူး"
ဖျစ်
သူ လက်ကောက်ဝတ်ကို ပိုမို လိမ်ချိုးလိုက်သည်။ ကြွက်သားနှင့် မသက်ဆိုင်ဘဲ အဆစ်လိမ်ခံရပါက နာကျင်ရမည်မှာ သေချာသည်။
"အထဲဝင်ပြီး ငြိမ်ငြိမ်နေ"
ဂိုချန်းက တိုးတိုးလေး သတိပေးလိုက်သည်။ ဤမျှလောက် ဆိုလျှင် ကောင်လေးမှာ အလိုလို အထဲဝင်သွားလိမ့်မည်ဟု သူ ထင်လိုက်သည်။ သို့သော်၊
"ကျွန်တော် မဝင်ချင်ရင်ကော"
"ဘာ"
ဂိုချန်းမှာ မယုံနိုင်စွာဖြင့် နှာခေါင်းရှုံ့လိုက်သည်။ ကောင်လေး၏ တွေးခေါ်ပုံမှာ ထူးဆန်းသည်ဟု ကြားဖူးသော်လည်း အခုတော့ ရူးသွပ်နေပြီ ဖြစ်သည်။ အလိုလို အထဲမဝင်လျှင် ဘာလုပ်နိုင်ဦးမှာလဲ?
"ငတုံးကောင်"
ဂိုချန်းသည် အတွင်းအား သုံးကာ မော့ကျောင်းဝန်၏ လည်ပင်းနောက်ကို ရိုက်ချလိုက်သည်။
ဖျပ်
ဤမျှလောက် အားပါပါ ရိုက်လိုက်လျှင် မည်သူမဆို သတိလစ်သွားရမည် ဖြစ်သည်။ သူ ထိုသို့ ထင်မှတ်ခဲ့သော်လည်း တစ်ခုခု လွဲနေသည်။ သစ်တုံးကို ရိုက်လိုက်သလိုပင်။
'ဘာလဲ'
ကောင်လေးမှာ လဲကျသွားလိမ့်မည်ဟု ထင်ခဲ့သော်လည်း သူ ဘာမှမဖြစ်သလို ခံနိုင်ရည် ရှိနေသည်။ အတွင်းအား မလုံလောက်သေးဟု ထင်ကာ ပိုမို အားသုံးရန် ကြိုးစားသော်လည်း မော့ကျောင်းဝန်၏ အသံကို ကြားလိုက်ရသည်။
"ခင်ဗျားက အစောင့်ဂမ်ထက် ပိုအားနည်းတာပဲ"
'ဒီကောင်စုတ်ကတော့...'
နာကျင်မှု လုံးဝ မရှိပုံပင်။ သို့မဟုတ်ပါက လည်ပင်းကို ရိုက်ခံထားရပါလျက် ဘာကြောင့် ဤမျှ အေးဆေးစွာ စကားပြောနိုင်ရတာလဲ? စိတ်ရှုပ်ထွေးသွားသည့် ဂိုချန်းမှာ မဖြစ်တော့ဟု တွေးကာ မော့ကျောင်းဝန်၏ လက်ကောက်ဝတ်ကို ပိုမို လိမ်ချိုးရင်း မြေပြင်ပေါ်သို့ ပစ်ချရန် ကြိုးစားလိုက်သည်။
သို့သော်
ဖျစ်
မည်မျှလိမ်ချိုးလိမ်ချိုး ကောင်လေးမှာ လုံးဝ မလှုပ်ရှားပေ။ မဟုတ်ဘူး၊ ကောင်လေးက လိမ်ချိုးထားသည့် လက်ကောက်ဝတ်နှင့် လက်ဖျံကို ပြန်ဖြောင့်နေသည်။
'ဘာ- ဘာတွေ ဖြစ်ကုန်တာလဲ...'
တုန်လှုပ်သွားသည့် ဂိုချန်းမှာ သူ၏ သိုင်းစွမ်းအားကို အပြည့်အဝ ထုတ်သုံးလိုက်သည်။ ကောင်လေး နာမည် ပျက်သွားမလားဆိုတာကို စိုးရိမ်မနေတော့ပေ။ သူ့ကို အရင် ထိန်းချုပ်ပြီးမှ ကြည့်မည်။
သို့သော်၊
'ဟင်'
သူ သိုင်းစွမ်းအားကို ထုတ်သုံးရန် ပြင်လိုက်သည့်အချိန်၌ သူ၏ ကိုယ်ခန္ဓာမှာ လေထဲတွင် ဝဲပျံသွားသည်။ ထို့နောက် ကောင်လေး၏ ရှေ့တွင် ကိုင်ပေါက်ချခံလိုက်ရသည်။
တုန်း
"အူး"
ကံကောင်းစွာပင် အပြင်းအထန် ပစ်ချခံလိုက်ရခြင်းတော့ မဟုတ်ပေ။ သူ အမြန် ခါးကို တွန့်ပြီး ထရန် ကြိုးစားသော်လည်း မော့ကျောင်းဝန်က သူ၏ လက်ယာလက်ဖြင့် ဂိုချန်း၏ လည်ပင်းကို ဖမ်းဆုပ်လိုက်သည်။
ဖျစ်
"အူး"
လည်ပင်းကို ဖမ်းဆုပ်ထားသည့် အားမှာအလွန် ပြင်းထန်လွန်းသဖြင့် အချိန်မရွေး လည်ပင်း ကျိုးသွားတော့မည့်အလား ခံစားလိုက်ရသည်။ ဂိုချန်း၏ မျက်လုံးများ တုန်ရီသွားပြီး သွေးရောင် သမ်းလာသည်။ သူ အမြန် ကောင်လေး၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်ကာ လွတ်မြောက်ရန် ကြိုးစားသော်လည်း၊
လုံးဝ မလှုပ်ရှားပေ။
'ဒီ- ဒီကောင်စုတ်၊ ဘာကောင်မို့လို့လဲ ဘာလို့ ဒီလောက် အားသန်နေတာလဲ...'
သိုင်းပညာအရ သူသည် ဒုတိယအဆင့် ရောက်ရှိနေသူဖြစ်သည်။ သာမန်အရွယ်ရောက်ပြီးသူ တစ်ယောက်ထက် နှစ်ဆပိုမို အားသန်သည်ဟု ဆိုနိုင်သည်။ သို့ပါလျက်နှင့် သိုင်းပညာ မသင်ယူဖူးသည့် ကောင်လေးတစ်ယောက်၏ လက်တစ်ဖက်ကိုပင် သူ မနိုင်နိုင်ပေ။
"အူး အူး"
သူ့အသက်ရှူလမ်းကြောင်း ပိတ်ဆို့သွားသည်။ မျက်နှာမှာ ပေါက်ကွဲတော့မည့်အလား ခံစားရသည်။ နာကျင်စွာ ရုန်းကန်နေရင်း ကောင်လေး၏ မျက်နှာကို အမှတ်တမဲ့ မြင်လိုက်ရသည်။
'ပြုံးနေတာလား'
ကောင်လေး၏ နှုတ်ခမ်းစွန်းများမှာ နားရွက်အထိ ကော့ညွှတ်နေသည်။ အရုပ်ဖြင့် ဆော့ကစားနေသည့် အပြစ်ကင်းစင်သော ကလေးငယ်တစ်ယောက်၏ မျက်နှာကို သူ မြင်လိုက်ရသည်။