no

Font
Theme

အခန်း (၁၁)

ကျီတင်းကျိုတစ်ယောက် စိတ်မကြည်မလင် ဖြစ်နေသည်။ ပထမအချက်မှာ ထိုငတုံးမလေး ဖျားသည့်အခါ မည်သို့တုံ့ပြန်မည်ကို သူ သိနေသောကြောင့်ဖြစ်သည်။ ဒုတိယအချက်မှာ ထိုကလေး၏ အမည်သည် ကျီနျန်ဖြစ်သည်။ အမှန်တကယ် ရိုးစင်းသော အမည်တစ်ခုပင်။ မည်သူက သူမကို ထိုအမည် ပေးခဲ့သည်ဆိုသည်ကို သူ လုံးဝမသိပေ။ အဖေအရင်းဖြစ်သူ ကျီတင်းကျိုသည် ကျစ်လျောင် ပြောပြမှသာ ကလေးငယ်၏ အမည်ကို သိခဲ့ရခြင်းဖြစ်သည်။ ကျီတင်းကျို၏ ထူးဆန်းသော ပိုင်စိုးလိုစိတ်ကို သတိမထားမိသော ကျစ်လျောင်သည် သူ၏ အမိန့်အရ ကျီနျန်၏ ဒဏ်ရာများကို ယခင်က ကုသပေးခဲ့သော ဆရာဝန်မကြီးကို တည်ငြိမ်စွာ ဆက်သွယ်လိုက်သည်။

"မင်းက ဘယ်လိုသိတာလဲ" ခြံဝန်းအတွင်း၌ ဂေါက်ရိုက်ယာဉ် စီးနေစဉ် ကျီတင်းကျိုက နံဘေးရှိ ကျစ်လျောင်ကို လှမ်းကြည့်လိုက်သည်။ ကျစ်လျောင်က ဘာမှဖုံးကွယ်မထားဘဲ ပြန်ဖြေလိုက်သည်။

"ကလေးက ပုံမှန်ဆိုရင် ကောင်းကောင်းမစားရရှာဘူး။ အဲ့ဒါကြောင့် ကျွန်မ ကိုယ့်သဘောနဲ့ကိုယ် အစားအစာတချို့ ပို့ပေးခိုင်းလိုက်တာပါ။ ပို့ပေးတဲ့လူ ရောက်သွားတဲ့အချိန် ကျီနျန်ကို မတွေ့လို့ အခန်းထဲဝင်ကြည့်တော့မှ ကုတင်ပေါ်မှာ အပြင်းဖျားပြီး သတိလစ်နေတာကို တွေ့ခဲ့တာပါ" စကားအဆုံးတွင် ကျစ်လျောင်က တီးတိုး ဖြည့်ပြောလိုက်သည်။

"ကျွန်မကို အပြစ်ပေးပါ၊ မိသားစုခေါင်းဆောင်"

ကျီတင်းကျိုက နှာခေါင်းရှုံ့ကာ ဟွန်းဟု အသံပြုလိုက်သည်။

ကျစ်လျောင်: 'ဟွန်းဆိုတာက ဘာကိုဆိုလိုတာလဲ'

...

ကျီနျန်တစ်ယောက် နောင်တရနေမိသည်။ [ဘဝမှာ အပြင်းဖျားတဲ့အချိန်ကျမှ ဘာမှမလုပ်နိုင်တဲ့ ကလေးခန္ဓာကိုယ်ထဲ ရောက်နေလိမ့်မယ်လို့ မထင်ထားမိဘူး]

စနစ်: [တကယ် ပြဿနာပဲ။ ဘယ်သူမှ ရောက်မလာရင် ဘယ်လိုလုပ်မလဲ။ နင် တကယ်ပဲ ဘာမှမလုပ်တော့ဘူးလား]

ကျီနျန်က နာကျင်မှုကြောင့် မျက်မှောင်ကြုတ်ရင်း တစ်ဖက်သို့ လှည့်လိုက်သည်။

[ စိတ်မပူနဲ့]

သူမ မေ့မြောလုနီးပါး ခံစားနေရစဉ် အလျင်လိုနေဟန်ရှိသော ခြေသံများကို ကြားလိုက်ရသည်။ ကျီနျန်သည် တစ်ဦးထက်မကသော ခြေသံများကို ကြားလိုက်သည်နှင့် သူမနှုတ်ခမ်းလေးများကို ကွေးညွတ်၍ မျက်လုံးကို ပြန်မှိတ်ထားလိုက်သည်။ ကျီတင်းကျိုသည် အာဏာရရှိပြီးနောက် ခြံဝန်းတစ်ခုလုံးကို ပြုပြင်ခဲ့ရာ၊ မူလက ခမ်းနားလှသော အနောက်တိုင်းစတိုင်မှ တည်ငြိမ်၍ လူကုံထံဆန်သော တရုတ်စတိုင်အဖြစ်သို့ ပြောင်းလဲလာခဲ့သည်။ ကျန်းယွီလန်ကြောင့် ရရှိခဲ့သည့် ကျီနျန်၏ ခန္ဓာကိုယ်ပေါ်ရှိ အမာရွတ်များကို ကြည့်ရုံဖြင့် သူမ မည်မျှ ဆင်းရဲဒုက္ခရောက်ခဲ့သည်ကို သူ သိနိုင်သည်။

ကျီနျန် နေထိုင်သော အဆောက်အဦးငယ်သည် အပြင်ပန်းကြည့်လျှင် အခြားအဆောက်အဦးများနှင့် မခြားနားသော်လည်း အတွင်းသို့ ဝင်လိုက်သည်နှင့် နံရံကပ်မီးအိမ်များ ကျိုးပဲ့နေ၍ အလင်းရောင်လည်း မှိန်ဖျော့နေသည်။ ပရိဘောဂဟူ၍လည်း မရှိသလောက် နည်းပါးလှရာ၊ လေထုထဲတွင် မှိုနံ့များ စွဲကျန်ရစ်နေသည်။ သစ်သားလှေကားများသည်လည်း ပြုပြင်ထိန်းသိမ်းမှု မရှိသဖြင့် နင်းလိုက်တိုင်း တကျွိကျွိ အသံထွက်နေ၍ ထောင့်စွန်းများတွင် ပင့်ကူအိမ်များကိုပင် တွေ့နေရသည်။ ကျီတင်းကျိုသည် ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွား၍ နားထင်ကြောများ လှုပ်ခတ်လာသည်။ ကျစ်လျောင်က သူ၏ အခြေအနေကို သတိထားမိသွားသဖြင့် အိမ်အကူများကို ချက်ချင်းခေါ်ကာ သန့်ရှင်းရေး လုပ်ခိုင်းလိုက်သည်။ ကျီတင်းကျို၏ သည်းခံနိုင်စွမ်းများ ပျောက်ဆုံးခါနီးတွင် ၎င်းတို့အုပ်စုသည် ကျီနျန်၏ အခန်းသို့ ရောက်ရှိသွားကြသည်။

ကျန်းယွီလန်သည် သူမအပေါ် ကောင်းမွန်စွာ ဆက်ဆံခဲ့ဟန်ရှိသည်။ အခန်းထဲတွင် ပစ္စည်းများ အစုံအလင်ရှိနေသော်လည်း ၎င်းပစ္စည်းများသည် ကလေးတစ်ယောက်နှင့် မလိုက်ဖက်ပေ။ ကျီနျန်သည် လူကြီးတစ်ယောက်၏အိပ်ခန်းထဲသို့ ခိုးဝင်နေသော ကလေးတစ်ယောက်နှင့် ပို၍ဆင်တူသည်။

ဆရာဝန်မကြီးက ကျီနျန်၏ ကိုယ်အပူချိန်ကို တိုင်းတာရန် အနားသို့ တိုးသွားသည်။ ကျီတင်းကျိုက ခပ်လှမ်းလှမ်းမှ လှမ်းကြည့်လိုက်သည်။ ကလေးငယ်သည် အနီရောင် စောင်ကြီးထဲတွင် ကွေးနေ၍ ခေါင်းလေးသာ ထွက်နေသည်။ အဖျားကြောင့် သူမ၏ မျက်နှာတစ်ခုလုံး နီရဲနေ၍ ရံဖန်ရံခါ မျက်မှောင်ကြုတ်လျက် အလွန်နေရခက်နေပုံဖြင့် မျက်ရည်များ စီးကျနေသည်။

"တစ်ကိုယ်လုံး ပူကျစ်နေတာပဲ၊ ဒီလိုမျိုး ပတ်ထားလို့ မဖြစ်ဘူး" ဆရာဝန်မကြီးက စောင်ကို ဆွဲဖယ်၍ ကျီနျန်ကို ပွေ့ချီရန် ဟန်ပြင်လိုက်သည်။ သို့သော် ငြိမ်နေသော ကျီနျန်သည် ဆရာဝန်မကြီး၏ လက်ထဲသို့ ရောက်သည်နှင့် ရုတ်တရက် ရှိုက်ကြီးတငင် ငိုကြွေးတော့သည်။ သူမသည် ဆရာဝန်မကြီး၏ ပွေ့ဖက်မှုကို ရုန်းကန်လျက် ငြင်းဆန်နေသည်။

လက်ထောက်အချို့က ကူညီရန် ကြိုးစားနေသော်လည်း ကျီနျန်သည် ပို၍သာ ငိုရှိုက်လာသည်။

ကျစ်လျောင်က အရှေ့သို့တိုးကာ ပြောလိုက်သည်။

"ကျွန်မ ချီလိုက်ပါ့မယ်"

ကျီတင်းကျိုသည် ထောင့်တစ်နေရာတွင် ရပ်ကြည့်ရင်း ကျီနျန်၏ နာကျင်သော ငိုသံကြောင့် စိတ်တိုလာသည်။ မည်သို့ကြောင့် စိတ်တိုနေမှန်းကိုမူ သူ ကိုယ်တိုင်ပင် မသိပေ။

ဒီကလေးမလေးက အစကတည်းက တုံးလွန်းတာ၊ အခုလို အဖျားတက်ပြီး ဦးနှောက်တွေ ပျက်စီးကုန်ရင် နောင်ကျ ဘယ်လိုများ အသက်ရှင်မလဲ...။

ကျစ်လျောင်က ကျီနျန်ကို ပွေ့ချီ၍ ကျောလေးကို ပုတ်ပေးနေသော်လည်း ငိုသံ ရပ်တန့်မသွားဘဲ ကြားရသူတိုင်းကိုသာ ရင်ကွဲလုမတတ် ခံစားရစေသည်။ ရုတ်တရက် ကျစ်လျောင်က ကျီတင်းကျိုကို လှည့်ကြည့်လိုက်သည်။ ကျီတင်းကျိုက ကျစ်လျောင်၏ အကြည့်ကို မြင်သည်နှင့် ဆိုလိုရင်းကို နားလည်သွားသောကြောင့် မျက်မှောင်ကြုတ်လိုက်သည်။

"မဖြစ်နိုင်တာ" ကျီတင်းကျိုးသည် သူမကို မချီနိုင်ပေ။ ဤသည်မှာ ရုပ်ရှင်ထဲကကဲ့သို့ လူတိုင်း ချော့မရသော်လည်း သူချော့မြှူလိုက်မှ အငိုတိတ်သွားလိမ့်မည်ဟု သူ မယုံကြည်ပေ။

ကလေးမလေး၏ ငိုသံသည် ပို၍ စူးရှလာကာ မျက်လုံးများ ဖောင်းအစ်လာ၍ အသက်ရှူပင် ကျပ်လာပုံပေါ်သည်။ ဆေးတိုက်သော်လည်း ပါးစပ်မဟဘဲ နာကျင်စွာ ငိုကြွေးနေသည်။ ဆရာဝန်မကြီးက ကျီနျန်ကို ပွေ့ချီပြီး ကျီတင်းကျိုဆီသို့ လျှောက်သွားလေသည်။

"မိသားစုခေါင်းဆောင်... တစ်ချက်လောက် ကြိုးစားကြည့်ပါလား။ ဒီအတိုင်း ဆက်ထားရင် မဖြစ်ဘူး" အခြေအနေသည် ဆေးထိုးရန်ပင် ခက်ခဲနေသည်။

ကျီတင်းကျိုသည် မည်သည့်တုံ့ပြန်မှုမှ မပြသလာသဖြင့် ဆရာဝန်မကြီးက ဆက်လက်တိုက်တွန်းလိုက်သည်။

"ဘယ်လိုပဲ ဖြစ်ဖြစ် မိသားစုခေါင်းဆောင်က သူ့ အဖေအရင်းပဲလေ"

ကျီတင်းကျို၏ လက်ချောင်းများ အနည်းငယ် တုန်လှုပ်သွားသည်။ နောက်ဆုံးတွင် သူသည် လူတိုင်း၏ မျှော်လင့်ချက်များ ပြည့်နှက်နေသော အကြည့်များအောက်တွင် လက်နှစ်ဖက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်သည်။ သူ့စိတ်ထဲတွင်မူ ကိုယ့်ကိုယ်ကို လှောင်ပြောင်နေမိသည်။

'အဖေအရင်းဖြစ်ရတာ ဘာများကောင်းလို့လဲ'

ကျီတင်းကျိုသည် သူ၏ အဖေအရင်းကိုပင် အရေခွံဆုတ်၍ ရက်စက်စွာ သတ်ဖြတ်ခဲ့သူဖြစ်သည်။ သူနှင့် သွေးနှောနေသော ညီအစ်ကို မောင်နှမများကိုလည်း သူ၏ လက်ဖြင့် ကိုယ်တိုင် သုတ်သင်ခဲ့သည်။ ကျီတင်းကျိုသည် သွေးသားနှောင်ကြိုးကို မယုံကြည်ပေ။ အထူးသဖြင့် ကျီမိသားစုထဲတွင် ပို၍ပင် မယုံကြည်မိပေ။ သို့သော် ကျီနျန်သည် ကျီတင်းကျို၏ လက်ထဲ ရောက်သွားသည်နှင့် အံ့ဩဖွယ် အကြောင်းအရာတစ်ခု ဖြစ်ပျက်သွားသည်။ ယခင်က မစဲတမ်း ငိုကြွေးနေသော ကျီနျန်သည် ချက်ချင်း ရပ်တန့်သွားသည်။ ကျီနျန်သည် ကျီတင်းကျို၏ ရင်ခွင်ထဲသို့ ပို၍ တိုးဝင်ကာ သူ၏ အင်္ကျီရင်ဘတ်ကို လက်ကလေးများဖြင့် ဆွဲကိုင်ထားရင်း သူမ၏ ဆံပင်ပွပွ ခေါင်းလေးဖြင့် ပွတ်သပ်နေသည်။

ထိုနေရာတွင် ရောက်ရှိနေသူအားလုံး အံ့သြသွားကြ၍ ဆရာဝန်မကြီးသည် ကျီနျန်၏ လက်ကို ပိုးသတ်ကာ ဆေးထိုးရန် အမြန်ပြင်ဆင်လိုက်သည်။ ကျီတင်းကျို၏ ကျောပြင်တစ်ခုလုံး အလွန်တောင့်တင်းနေခြင်းကို မည်သူမျှ သတိမထားမိကြပေ။ သူ၏ ရင်ခွင်ထဲမှ ကလေးငယ်သည် အလွန်နူးညံ့၍ ပေါ့ပါးလှသဖြင့် ကိုယ်အလေးချိန် မရှိသကဲ့သို့ပင် ထင်မှတ်ရစေသည်။ လမ်းပျောက်နေသော မျောက်ကလေးတစ်ကောင် အိမ်ပြန်တွေ့သွားသကဲ့သို့ သူ၏ အင်္ကျီကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလေသည်။ သူမ၏ မျက်မှောင်များ ပြေလျော့သွား၍ အေးချမ်းသည့် အမူအရာသို့ ပြန်ရောက်ရှိသွားသည်။

"သူ ရေမချိုးရသေးဘူး" ကျီတင်းကျို၏ လက်ဖျားများ ကျဉ်တက်သွား၍ ရင်ထဲတွင် မရင်းနှီးသော ခံစားချက်တစ်ခု ပေါ်ထွက်လာသည်။ ဤခံစားချက်ကို ဖျောက်ဖျက်ရန် ကျီတင်းကျိုက စကားတစ်ခွန်း ပြောလိုက်ခြင်းဖြစ်သည်။

ဆရာဝန်မကြီးက အမြန်တားမြစ်လိုက်သည်။ "ရေချိုးလို့ မရဘူး၊ လုံးဝ မရဘူးနော်"

သမီးဖြစ်သူကို ပြုစုပျိုးထောင်သည့် အတွေ့အကြုံမရှိသော ဤအမျိုးသားသည် ကျီနျန်ကို ရေချိုးခန်းထဲသို့ ခေါ်ဆောင်သွားမည်ကို သူမ စိုးရိမ်နေသည်။

"မိသားစုခေါင်းဆောင်၊ သိပ်ပြီး တင်းတင်းကျပ်ကျပ် မဖက်ထားပါနဲ့။ လက်မောင်းကို နည်းနည်းလျှော့ပြီး ကျန်တဲ့လက်တစ်ဖက်နဲ့ သူ့ကျောလေးကို ပုတ်ပြီး ချော့ပေးလိုက်ပါ"

ကျီတင်းကျို၏ မျက်နှာသည် 'ကျုပ်ကို ဆရာလုပ်နေတာလား' ဟု မေးမြန်းနေဟန်ရှိသော်လည်း သူ၏ လက်များသည် ဆရာဝန်မကြီး ပြောသည့်အတိုင်း လိမ္မာစွာ လိုက်လုပ်နေသည်။

ဆရာဝန်မကြီးက ချက်ချင်းပင် ချီးကျူးစကား ဆိုလိုက်သည်။

"အဖေရဲ့ လက်ကမှ တကယ် အစွမ်းထက်တာပဲ။ တခြားသူတွေ ချော့လို့မရတာတောင် မိသားစုခေါင်းဆောင်ရဲ့ ရင်ခွင်ထဲ ရောက်တာနဲ့ ချက်ချင်းကို တိတ်သွားတာပဲ။ ကလေးက စိတ်ထဲကနေ မိသားစုခေါင်းဆောင်နဲ့ နီးစပ်တယ်လို့ ခံစားနေရပုံပဲ"

ကျီတင်းကျိုက မျက်မှောင်ကြုတ်လိုက်သည်။ "ရှုပ်ရှုပ်ယှက်ယှက်တွေ"

သို့သော် ကျီနျန်၏ ကျောကို ပုတ်ပေးနေသော သူ၏ လှုပ်ရှားမှုများ ရပ်တန့်မသွားပေ။

ထိုအခိုက်အတန့်တွင် ငြိမ်နေသော ကလေးမလေး၏ မျက်လုံးများမှ မျက်ရည်များ ပြန်လည် စီးကျလာ၍ နှုတ်ခမ်းလေး ဆူကာ ရုတ်တရက် ခေါ်လိုက်သည်။

"……ဖေဖေ……"

ကျီတင်းကျို တစ်ယောက် မှင်သက်သွားသည်။ထို့သို့ မြင်သောအခါ ကျစ်လျောင်သည် ဆရာဝန်မကြီး​၏ အကြံပြုချက်များကို နားထောင်နေစဉ် အခြားလူများကို အပြင်သို့ တိတ်တဆိတ် ခေါ်ထုတ်သွားကာ ဤသားအဖနှစ်ဦးကို နေရာပေးလိုက်သည်။ သူ၏ ရင်ခွင်ထဲမှ ကလေးမလေးသည် ထိုတစ်ခွန်းသာ ခေါ်ပြီးနောက် ပြန်ငြိမ်ကျသွားသည်။ ထိုဖေဖေဟူသည့် အသံသည် ပုံရိပ်ယောင်တစ်ခုဖြစ်ပုံပေါ်သည်။ ကျီတင်းကျိုသည် မကျေနပ်သဖြင့် ကလေး၏ နီရဲနေသော ပါးပြင်ကို လက်ညိုးဖြင့် ထိုးလိုက်သည်။

"ပြန်ခေါ်စမ်း"

ကိုကို မဟုတ်ဘဲ ဖေဖေလို့ ပြန်ခေါ်...။

ပါးပြင်ကို လက်ညှိုးဖြင့် အထိုးခံရသော ကျီနျန်သည် အိပ်မှုန်စုတ်ဖွားဖြင့် မျက်လုံးကို အနည်းငယ် ဖွင့်ကြည့်လာသည်။

"ဖေဖေ……မစားရဘူးလေ…… အီးက…… နံတယ်……"

ကျီတင်းကျို: "………"

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment