no

Font
Theme

အခန်း (၉)

ဆရာဝန်မကြီးသည် ကျီတင်းကျိုက သူမ၏ ဖခင်ဖြစ်ကြောင်း ပြောလိုက်သည့်အခါ လူတိုင်း ကျီနျန်၏ တုံ့ပြန်မှုကို စောင့်ကြည့်နေကြသည်။ သို့သော် ကျီနျန်၏ မျက်နှာသည် ပျော်ရွှင်မည့်အစား ကျီတင်းကျိုအပေါ်ထားရှိသော သူမ၏ ယုံကြည်အားကိုးသည့် အကြည့်များ ကြောက်ရွံ့မှုများအဖြစ် ပြောင်းလဲသွားသည်။ ကနဦးတွင် ကျီတင်းကျိုမှ သတ်ဖြတ်ချင်စိတ်များ ပြသစဥ်ခင်ကပင် ထိုအမူအရာမျိုး မရှိခဲ့သော်လည်း ယခုအခါ သူမ၏ ဖခင်ဖြစ်ကြောင်း သိလိုက်ရသောအခါ ကျီနျန် အလွန်အမင်း ထိတ်လန့်လာသည်။

‘’ဘာဖြစ်လို့လဲ ကလေး’’ ဆရာဝန်မကြီးက ကျီနျန်၏ ထိတ်လန့်မှုများကို သတိထားမိသွားသဖြင့် မေးလိုက်သည်။

"အန်တီ... သမီးကို မိဘမဲ့ဂေဟာကိုပဲ ပို့ပေးလိုက်ပါ..." ကျီနျန်က ဆရာဝန်မကြီး၏ အင်္ကျီလက်ကို ဆွဲကာ ခပ်တိုးတိုး ပြောလိုက်သည်။

ဘေးတွင် ခပ်တည်တည်ဖြင့် မတ်တတ်ရပ်နေသော ကျိတင်းကျိုသည် မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ နေ့စဥ်ဘဝသို့ ဤကလေးငယ် ဝင်ရောက်လာချိန်မှစ၍ တစ်နေ့တစ်ခြား ပိုမို မျက်မှောင်ကြုတ်နေရသည်ဟု သူခံစားလိုက်ရသည်။ ကျစ်လျောင်တစ်ယောက်သာ ကလေးမလေးကို နာလည်ပုံပေါ်သည်။ ကလေးမလေး​၏ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများအရ သူမ ဘဝ အလွန်ကြမ်းတမ်းခဲ့ကြောင်း သိသာထင်ရှားသည်၊ ထို့အပြင် သူမ၏ ပတ်ဝန်းကျင်ရှိသူများသည်လည်း သူမကို ကျီတင်းကျိုနှင့် ပတ်သက်ပြီး စိတ်နာကျင်စရာ စကားများဖြင့် နှိပ်စက်ခဲ့ပုံပေါ်သည်။

‘နင့် အဖေက နင့်ကို မချစ်ဘူး။ နင့်လိုဟာမျိုးကို ဘယ်သူမှ မလိုချင်ကြဘူး၊ နင်က မွေးလာကတည်းက လည်ပင်းညှစ်ပြီး အသတ်ခံခဲ့ရသင့်တာ’ ဟူသော စကားလုံးများဖြင့် တိုက်ခိုက်ခံခဲ့မည်မှာ သေချာသည်။ ထိုစကားလုံးများ၏ အဓိပ္ပါယ်ကို နားမလည်လျှင်ပင် သူမ၏ လက်ရှိ အခြေအနေများသည် သူမဖခင်နှင့် ပတ်သက်နေမည်ဖြစ်ကြောင်း နားလည်ပေလိမ့်မည်။ မှန်ကန်စွာ ပြောရမည်ဆိုလျှင် ကျီနျန်သည် မွေးခါစတွင် အမှန်တကယ် လည်ပင်းညှစ်သတ်ခံရလုနီးပါးဖြစ်ခဲ့ရသည်။ ထိုအချိန်က ကျီတင်းကျိုသည် ကျီမိသားစုတစ်ခုလုံးကို သတ်ဖြတ်ပြီးခါစဖြစ်သောကြောင့် စိတ်အခြေအနေ အလွန်မတည်မငြိမ်ဖြစ်နေသည်။ ဤမိသားစု၏ ယုတ်ညံ့သော သွေးများကို ဆက်ခံခဲ့သဖြင့် မိမိဖြင့်သာ အဆုံးသတ်မည်ဟု သူ ဆုံးဖြတ်ထားခဲ့သည်။ သို့သော် သူ့တွင် ကလေးတစ်ဦးရှိနေသည်ဟု ကြားသိလိုက်ရသည်။ ဤသည်မှာ ကျီမိသားစုနှင့် မိမိ၏ မျိုးဆက်ဖြစ်သည်။ ထို့အတွက် သူ မည်သို့မျှ မရူးသွပ်ဘဲနေမည်နည်း။

“အာ၊ ဒီကလေးက အရမ်းပိန်တာပဲ။ ခန္ဓာကိုယ်တစ်ခုလုံး ဆေးစစ်ကြည့်မှဖြစ်မယ်” အခြေအနေများ တင်းမာနေကြောင်း မြင်လိုက်ရသောကြောင့် ဆရာဝန်မကြီး လည်ချောင်းရှင်းကာ စကားလမ်းကြောင်း လွှဲလိုက်သည်။

ကျီနျန်သည် ယခင်ကကဲ့သို့ ကျီတင်းကျိုကို မော့ကြည့်၍ ချိုမြိန်စွာ ပြုံးမပြတော့ဘဲ ခေါင်းကို ငုံ့ထားလေသည်။ သူမသည် ကျီတင်းကျိုကို မော့ပင် မကြည့်ရဲလောက်အောင် ကြောက်လန့်နေပုံရသည်။ ကျီနျန်သာ ယခင်ကတည်းက ထိုသို့ပြုမူခဲ့လျှင် ကျီတင်းကျို၏ ခံစားချက်များ အနည်းငယ်မျှ ယိမ်းယိုင်သွားမည် မဟုတ်ပေ။ သို့သော် ယခု အပြောင်းအလဲကြီး ပြောင်းလဲသွားမှုကြောင့် ကျီတင်းကျိုး၏ စိတ်ထဲတွင် ထူးဆန်းသော ခံစားချက်များ ထွက်ပေါ်လာသည်။ ကျီတင်းကျိုသည် အနည်းငယ် စိတ်တိုလာသဖြင့် အပြင်သို့ ထွက်သွားသည်။

သူ ထွက်သွားပြီးမှသာ ကျီနျန်တစ်ယောက် ခေါင်းကို မော့ရဲတော့သည်။ သူမသည် ကျီတင်းကျို မရှိတော့ကြောင်း အသေအချာ အတည်ပြုပြီးနောက် ကျစ်လျောင်ကို ပြောလိုက်သည်။

"မမ... သမီး ပြန်ချင်ပြီ"

ကျစ်လျောင်က သူမကို သနားစပြုလာသည်။ သို့သော် ကျီတင်းကျိုကို မေးမြန်ရမည်ဖြစ်သဖြင့် ချက်ချင်း မဖြေနိုင်ဘဲ ခဏစောင့်ရန် ပြောပြီးနောက် အပြင်သို့ ထွက်သွားလေသည်။ သူမသည် ကျီတင်းကျိုဆီ လိုက်မသွားဘဲ ဝေ့ယန်ကို ဖုန်းဆက်လိုက်သည်။

"မိသားစုခေါင်းဆောင်ကို မေးပေးပါဦး၊ ကလေးကို ဒီမှာပဲ ထားရမလား၊ ဒါမှမဟုတ်ရင်... ပြန်ပို့ပေးရမလားလို့"

ကျစ်လျောင်သည် ကလေးမလေးကို ဤနေရာတွင်သာ ဆက်ထားစေချင်သည့် ဆန္ဒရှိနေသည်။ ဝေ့ယန်သည် ကျစ်လျောင်ကဲ့သို့ အေးစက်သော အမျိုးသမီးက သူ့ကို အကူအညီတောင်းနေသဖြင့် ဝမ်းသာအားရဖြင့် ကျီတင်းကျိုကို သွားမေးလိုက်ရာ ကျီတင်းကျို၏ အေးစက်သော အကြည့်ကိုသာ လက်ခံရရှိလိုက်သည်။

"ဘာလဲ... မင်းကပဲ သူ့ကို မွေးထားမလို့လား" ကျီတင်းကျိုသည် ဓားသွားကဲ့သို့ စူးရှသော အကြည့်များဖြင့် မေးလာသောကြောင့် ဝေ့ယန်တစ်ယောက် ကြောက်ကြောက်လန့်လန့်ဖြင့် ခေါင်းကို အတွင်တွင် ခါရမ်းကာ ဆုတ်ခွာသွားလေသည်။ အဖြေကို ရရှိပြီးနောက် ကျစ်လျောင် သက်ပြင်းချလိုက်မိသည်။ သူမ ပြန်ဝင်လာသောအခါ စိတ်ဓာတ်ကျနေသေးသော ကျီနျန်ကို တွေ့လိုက်ရသည်။ ကျစ်လျောင်သည် သူမ၏ အိတ်ကပ်ထဲမှ သကြားလုံးနှစ်လုံးကို ထုတ်ပေးလိုက်သည်။

"ပြန်လိုက်ပို့ပေးမယ်နော်"

သကြားလုံးကို မြင်လိုက်ရသည်နှင့် ကျီနျန်၏ မျက်လုံးများ ဝင်းလက်သွား၍ အနည်းငယ် ပြန်လည်လန်းဆန်းလာသည်။

“ကျေးဇူးတင်ပါတယ် မမ"

သူမသည် သကြားလုံးတစ်လုံးကိုသာ လက်ခံ၍ မျက်လုံးလေးများ ပိတ်သွားသည်အထိ တောက်ပစွာ ပြုံးပြလိုက်သည်။ ကျစ်လျောင်က သူမ၏ ခေါင်းလေးကို ပွတ်သပ်ပေးချင်သော်လည်း ကိုယ့်ကိုယ်ကို ထိန်းချုပ်ကာ ကျန်သည့် သကြားလုံးတစ်လုံးကို ကလေးမလေး၏ အိတ်ကပ်ထဲသို့ ထည့်ပေးလိုက်သည်။

‘ဒီလို အချိုမျိုး မစားရတာ ကြာပြီပဲ... ဝူးဝူး’ ကျီနျန်သည် စိတ်ထဲမှ ညည်းတွားလိုက်သည်။

[ကျစ်လျောင်သာ ခွင့်ပြုမယ်ဆိုရင်၊ ငါ အဲဒီ အဖေဆိုတဲ့ လူကြီးကို ကန်ထုတ်ပြီး ကျစ်လျောင်ကို မိသားစုခေါင်းဆောင်အသစ်အဖြစ် တင်မြှောက်လိုက်ချင်တယ်]

[ဒီလိုလုပ်ဖို့ နင်မှာ သတ္တိရှိဦးမှပဲ] စနစ်က ရယ်မောကာ ပြောလိုက်သည်။

ဆရာဝန်မကြီသည်လည်း ကျီနျန်ကို ဆေးထုပ်များ ပေးရင်း သက်ပြင်းချသည်။ ဤညွှန်ကြားချက်များကို မိဘများထံ ပေးရမည်ဖြစ်သော်လည်း ကျီနျန်တွင် ထိုသို့သော အခွင့်အရေးမျိုး မရှိချေ။ ထို့ကြောင့် သူမသည် ဆေးတစ်မျိုးချင်းစီအတွက် အကြိမ်ကြိမ် စိတ်ရှည်လက်ရှည် ရှင်းပြပေးနေသည်။ ကျီနျန်က သူမ ရရှိထားသော သကြားလုံးတစ်လုံးကို ဆရာဝန်မကြီးအား ပေးလိုက်သည်။ "ကျေးဇူးတင်ပါတယ် အန်တီ၊ သမီး မှတ်မိသွားပါပြီ"

ထိုစကားများကို ကြားသောအခါ ဆရာဝန်မကြီး၏ စိတ်နှလုံးတစ်ခုလုံး အရည်ပျော်ကျသွားသည်။

‘ဘယ်လောက်တောင် လိမ္မာလိုက်တဲ့ ကလေးမလေးလဲ။ ကိုယ့်မှာ ဘာမှမရှိတဲ့ ကြားထဲက သူတစ်ပါးကို ဝေမျှဖို့ ဝန်မလေးရှာဘူး’

ကျီမိသားစု၏ ယခင်မျိုးဆက်ရှိ ကလေးများသည် မိစ္ဆာများကဲ့သို့ ယုတ်မာခဲ့ကြသော်လည်း ဤကလေးမလေးသည် လွန်စွာ ကွာခြားလှသည်။ ထိုလူများအားလုံး သေဆုံးသွားပြီဖြစ်သောကြောင့်သာ တော်လှပေသည်။ မဟုတ်လျှင် ဤမျှ လိမ္မာသော ကလေးမလေးသည် ထိုသူများ​၏လက်ထဲတွင် မည်မျှ နှိပ်စက်ခံရမည်ကို တွေးကြည့်ရုံဖြင့် သူမ ရင်လေးလာမိသည်။ ဆရာဝန်မကြီးသည် သကြားလုံးကို လက်မခံဘဲ အကြောင်းတစ်စုံတစ်ရာရှိလျှင် ဆက်သွယ်နိုင်ရန်အတွက် ကျီနျန်ကို သူမ၏ လိပ်စာကတ်တစ်ခု ပေးလိုက်သည်။ ကျီနျန်သည် အသာတကြည် ခေါင်းညိတ်၍ လက်ခံလိုက်သည်။

ကျစ်လျောင်သည် ကျီတင်းကျိုကို ပြုစုရသူဖြစ်သောကြောင့် အဓိက စံအိမ်တော်မှ ထွက်ခွာသွား၍ မရပေ။ ထို့ကြောင့် ကျီနျန်ကို ပြန်လိုက်ပို့ပေးသည့် တာဝန်သည် ဝေ့ယန်ထံသို့ ကျရောက်လာသည်။ မည်သို့ကြောင့် အဆူခံရသည်ကို မသိသော ဝေ့ယန်သည် အနည်းငယ် စိတ်ညစ်နေသည်။ ကျီနျန်၏ မျက်နှာသည် ကျီတင်းကျိုနှင့် အလွန်ဆင်တူနေကြောင့် အံ့ဩသွားရုံမှလွဲလျှင် လမ်းတစ်လျှောက်လုံး မည်သည့်စကားမျှ မပြောခဲ့ပေ။ ကျီနျန်ကို ဝေ့ယန်ကိုယ်တိုင် လိုက်ပို့နေသောကြောင့် အိမ်အကူများပင် အံ့အားသင့်နေကြသည်။

"ကဲ... ရောက်ပြီ၊ အထဲဝင်တော့" ဝေ့ယန် လှည့်ထွက်သွားခါနီးတွင် ကျီနျန်က သူ့ကို လှမ်းခေါ်လိုက်သည်။

"ကိုကို၊ သမီးကို ပြန်လိုက်ပို့ပေးလို့ ကျေးဇူးတင်ပါတယ်"

ကျီနျန်၏ ကျေးဇူးတင်စကားကြောင့် ဝေ့ယန် အံ့ဩသွားသည်။ ထိုကလေးမလေးသည် သူ့ကို ကျေးဇူးတင်စကား ပြောလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ လှည့်ကြည့်လိုက်သောအခါ ကျီတင်းကျိုနှင့် ဆင်တူလွန်းသော စိမ်းမြမြ မျက်လုံးလေးများကို မြင်လိုက်ရသည်။ ထိုအချိန် ကလေးမလေးသည် အိတ်ကပ်ထဲမှ ခရမ်းရောင် သကြားလုံးလေးကို ထုတ်ယူလိုက်သည်။ ဝေ့ယန်သည် ကျွမ်းကျင်သော ဝန်ထမ်းတစ်ဦး ဖြစ်သည့်အလျောက် ထိုသကြားလုံးသည် အစေခံများ နားနေဆောင်တွင် အလကားပေးထားသည့် သကြားလုံးမျိုးဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။

"ရော့... ဒါလေးက သိပ်ချိုတာ" သူမသည် ပြောရင်းဖြင့် တံတွေးများ မျိုချလိုက်မိသည်။ သူမသည် ဒဏ်ရာများကို ဆေးထည့်ပြီး ပတ်တီးစီးထားခါစဖြစ်သဖြင့် လှုပ်ရှားရာတွင် အနည်းငယ် ဂရုစိုက်နေရသည်။

ထွားကြိုင်းသန်မာသော ဝေ့ယန်ကို ကလေးများ မကြိုက်နှစ်သက်ကြသလို၊ တိရစ္ဆာန်လေးများပင် သူ့ကို မြင်လျှင် ရန်မူတတ်ကြသည်။ ယခုမူ သေးသေးကွေးကွေးနှင့် ခွေးပေါက်လေးကဲ့သို့ မျက်လုံးဝိုင်းဝိုင်းများရှိသော ကလေးမလေးက သူ့ကို သကြားလုံး ပေးနေသဖြင့် ဝေ့ယန်၏ စိတ်နှလုံးသား နူးညံ့သွားရသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက သူ့လက်ထဲတွင် ပွေ့ပိုက်ထားဖူးသည့် လမစေ့ဘဲ မွေးလာသော ကလေးငယ်လေးကို သူ သတိရသွားသည်။ သူမသည် မျက်စိတစ်မှိတ်အတွင်း ဤမျှ ကြီးပြင်းလာခြင်းဖြစ်သလော။

"အချို မကြိုက်လို့...သမီးပဲ စားလိုက်ပါ" ဝေ့ယန်၏ လေသံ ပျော့ပြောင်းသွားကာ အနည်းငယ် ရှက်ကိုးရှက်ကန်းနှင့် ခေါင်းကို ကုတ်လိုက်မိသည်။ သူ ထွက်သွားသောအခါ စိတ်ထဲတွင် ကြည်နူးမှုတစ်ခုကို ခံစားနေရသည်။ ဝေ့ယန်သည် နောက်နောင် ကျန်းယွီလန်ကဲ့သို့ လူမျိုးနှင့် တွေ့ဆုံလျှင် သူ့ကို လာရှာရန်ပင် မှာကြားခဲ့သေးသည်။

စနစ် : [.........]

မူရင်းစာအုပ်ထဲ ခွေးရူးတစ်ကောင်ဖြစ်သော ဝေ့ယန်သည် ဤသို့အပေါင်းအသင်းဝင်ဆန့်သူ မဟုတ်ခဲ့ပေ။ သူသည် ကျီတင်းကျို၏ စကားကိုသာ နာခံတတ်သူဖြစ်သည်။

‘ကျီနျန်နဲ့ကျမှ ဘာလို့ ဒီလိုနွေးထွေးတဲ့ လူကြီးဖြစ်သွားရတာလဲ’

ကျီနျန်က သကြားလုံးကို အခွံခွာပြီး ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။ မစားရသည်မှာ အလွန်ကြာပြီဖြစ်သော အချိုဓာတ်များ သူမ ပါးစပ်ထဲတွင် ပြန့်နှံ့သွားသောအခါ စိတ်ချမ်းသာနေမိသည်။

"ဝေ့ယန်က လူကောင်းတစ်ယောက်ပဲ။ ကြည့်ရတာ ဝေ့မိသားစုရဲ့ လူတွေအားလုံးက သဘောကောင်းကြပုံပဲ၊ ဟီးဟီး..."

စနစ် : [...ငါတော့ နင် ဘာတွေ တွေးနေမှန်းကို မသိတော့ဘူး။ ခုနက ဘာလို့ အဲဒီလို လုပ်လိုက်တာလဲ။ နင် ဟိုလူမိုက်ကြီးရဲ့ ခြေထောက်ပေါ်မှာ အိပ်ခဲ့တုန်းကတောင် သူ နင့်ကို ကန်ထုတ်ခဲ့တာ မဟုတ်ဘူး။ အစကောင်းနေတာကို၊ အခုမှ ဘာလို့ အဝေးကို တွန်းထုတ်လိုက်တာလဲ။ အခု နင့်ကြိုးစားမှုတွေ အလဟဿဖြစ်ကုန်ပြီပေါ့]

ယခုအခါ သူမသည် ဖားပြုတ်ဆီးကဲ့သို့ ရွံ့စဖွယ် ဟင်းလျှာမျိုးကို ထပ်သည်းခံရတော့မည်ဖြစ်သည်။ သာ့တန်းဆီမှ စားစရာ သွားယူမည့်အစီအစဥ်သည်လည်း အဆင်မပြေတော့ပေ။ ခွေးသရေစာများ ခဏခဏ ပျောက်နေသောကြောင့် အိမ်အကူ သတိထားနေသည့်အတွက် အနားကပ်ရန်ပင် မလွယ်ကူတော့ပေ။

ကျီနျန်သည် သကြားလုံးကို အရသာခံရင်း သူမ၏ စိမ်းမြမြ မျက်လုံးများထဲတွင် လိမ္မာပါးနပ်သော အရိပ်အမြွက်များ လင်းလက်သွားသည်။

"နင် နားမလည်ပါဘူး။ လူတွေ ကောင်းကင်ဘုံကို စည်းစိမ်ချမ်းသာတွေ တောင်းဆုပြုတဲ့အခါ၊ ကောင်းကင်ဘုံက တစ်ဝက်ပဲ ပေးနိုင်တယ်လို့ ပြန်ပြောကြတယ်။ အဲဒါကြောင့်… သူတို့တွေ စျေးပေါကုန်ကြတာ"

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment