အခန်း (၅)
ကျီတင်းကျိုသည် မိမိကိုယ်တိုင် အပါအဝင် မူလကျီမိသားစုတစ်ခုလုံးကို ရွံရှာမုန်းတီးနေကြောင်း စနစ်က အကြိမ်ကြိမ် အလေးပေးပြောကြားခဲ့ဖူးသည်။ မိမိနှင့်သွေးသား တော်စပ်သည့် ကလေးတစ်ယောက်ရှိနေခြင်းကို ပို၍ပင် စက်ဆုပ်ရွံရှာနေသူဖြစ်သည်။ မူလဝတ္ထုထဲတွင် ကျီတင်းကျို၏ ဆယ်ကျော်သက်ဘဝ အတွေ့အကြုံများကို အသေးစိတ် မရေးသားထားသော်လည်း 'အစော်ကားခံရမှု ပေါင်းစုံကို သည်းခံခဲ့ရသည်' ဟူသော စကားအနည်းငယ်ဖြင့်သာ အကျဉ်းချုပ် ဖော်ပြခဲ့သည်။ ထို့ကြောင့် သူသတ်ဖြတ်ခဲ့သူများသည်လည်း လူကောင်းများ မဟုတ်နိုင်ကြောင်း ကျီနျန် သိလိုက်သည်။
ကျီတင်းကျို၏ အနားတွင် ပေါင်တံကို ကပ်တွယ်နိုင်ရန်အတွက် မည်သို့သော အပြုအမူမျိုး ပြုလုပ်ရမည်ကို ကျီနျန် သဘောပေါက်သွားသည်။ ၎င်းသည် ဖြူစင်အေးချမ်းသောပုံစံမျိုးဖြစ်သည်။ ဤဇာတ်ရုပ်မျိုး သရုပ်ဆောင်ခြင်သည် လွယ်ကူပုံရသော်လည်း တစ်စုံတစ်ခုမှားယွင်းသွားပါက ငြီးငွေ့ဖွယ်ကောင်းသော လူနုံလူဖျင်းတစ်ယောက်အဖြစ်သို့ အလွယ်တကူ ပြောင်းလဲသွားနိုင်သည်။
[လူနုံလူဖျင်း မဖြစ်ရဘူးဆိုရင်တော့ အကြံအဖန် ဉာဏ်နီဉာဏ်နက်များတဲ့ ပုံစံမျိုး ဖမ်းရမှာပေါ့] ကျီနျန်က လက်ခုပ်တီးလျက် စိတ်ထဲမှ ဆိုလိုက်သည်။
အကယ်၍ ကျီတင်းကျိုသာ ဆင်တစ်ကောင်ဆိုလျှင် သူမ၏ဉာဏ်နီဉာဏ်နက်များသည် သူ့အပေါ် ပုန်ကန်မှုတစ်မျိုးဖြစ်သည်။ ထို့ကြောင့် ကျီနျန်သည် 'ဆီးသွားခြင်း သီအိုရီ' ကို အေးအေးဆေးဆေး ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
စနစ်: [နင် လုပ်နေတာတွေ မှန်ရောမှန်ရဲ့လား]
ခဏတာ တိတ်ဆိတ်သွားပြီးနောက် မထင်မှတ်ဘဲ ဦးစွာအော်ဟစ်ရယ်မောသူသည် ကျီတင်းကျိုဖြစ်သည်။
"ဟားဟားဟားဟားဟား..."
သူသည် ခေါင်းကို အနည်းငယ်စောင်းလျက် မျက်လုံးများ ပြေလျော့စွာ ရယ်မောနေသည်။ ဟက်ဟက်ပက်ပက် ရယ်မောမှုကြောင့် မျက်ရည်များဝဲလာသဖြင့် မျက်လုံးများ အရောင်တောက်လျက် အလွန်ကြည့်ကောင်းလှသည်။ သို့သော် ကျီနျန်မှလွဲ၍ ကျန်မည်သူမျှ သူ့ကို မကြည့်ရဲကြပေ။
"သူ့ကို အထဲခေါ်လာခဲ့"
ရယ်မောပြီးနောက် ကျီတင်းကျို၏ မျက်လုံးထဲမှ ခံစားချက်များ မပျောက်ပြယ်သေးသော်လည်း သူ၏အသံသည် အလွန်အေးစက်နေသည်။ ကျီနျန်က ကျီတင်းကျို၏ ဟာသဉာဏ်နည်းမှုကို တီးတိုး ရေရွတ်နေစဉ်၊ ကျန်းယွီလန်တစ်ယောက် လက်ပြန်ကြိုးတုပ်၍ ခေါ်ဆောင်ခံလာရကြောင်း သူ မြင်တွေ့လိုက်သည်။ ကျန်းယွီလန်သည် ဓားဖြင့် အဆောက်အဦးငယ်အတွင်းမှ ထွက်လာသည်နှင့် ချက်ချင်း ဖမ်းဆီးခံလိုက်ရသည်။ သူမသည် သားဖြစ်သူ သွေးများ ဗရပွဖြင့် ရေကန်ထဲသို့ ပစ်ချခံရကြောင်း မြင်လိုက်ရသည်နှင့် ခြေထောက်များ ပျော့ခွေသွားလေသည်။
စောစောက ဓားကိုင်ကာ ကြိမ်းမောင်းနေသည့် အရှိန်အဝါများ မရှိတော့ပေ။ အထူးသဖြင့် ကျီနျန်ကို မြင်လိုက်ရသောအခါ သူမ၏ ကြောက်ရွံ့မှုများ ပိုမို ပြင်းထန်လာသည်။ ကျီနျန်သည် ခဏအတွင်း မိသားစုခေါင်းဆောင်နှင့် မည်သို့ နီးစပ်သွားသည်ကို သူမ နားမလည်နိုင်ဖြစ်နေသည်။ သူမသည် ကျီနျန်အပေါ် နှိပ်စက်ခဲ့သော အကြောင်းအရာများကို နောင်တရခြင်း မဟုတ်ဘဲ၊ မျိုးမစစ်မလေးကို စောစောစီးစီး မသတ်မိခဲ့ခြင်းကိုသာ နောင်တရနေခြင်းဖြစ်သည်။ ကျီနျန်သည် သူမကို မြင်မြင်ချင်း ဝမ်းသာသွားဟန်ပြုလုပ်ပြီးနောက် အနောက်သို့ ပြန်ဆုတ်ကာ မဝံ့မရဲ ပြုမူနေသည်။
"ဘာလို့ သူ့ကို အမေလို့ မခေါ်တော့တာလဲ" ကျီတင်းကျိုက ရိသဲ့သဲ့ အသံဖြင့် မေးလိုက်သည်။
ကျီနျန်က ခပ်တိုးတိုး ရှင်းပြလိုက်သည်။
"သူက သမီး အဲ့ဒီလို ခေါ်တာကို မကြိုက်ဘူးလေ..."
၎င်းတို့စကားကို ကြားလိုက်ရသောအခါ ကျန်းယွီလန်တစ်ယောက် ချမ်းစိမ့်သွားသည်။
"နင် ဘာတွေ လျှောက်ပြောနေတာလဲ၊ မျိုးမစစ်မလေး”
မိသားစုခေါင်းဆောင်က ဤကလေးမကို မည်မျှမုန်းတီးနေပါစေ၊ မိမိကဲ့သို့ လူမျိုးကို ကျီနျန်၏ မိခင်အဖြစ် သတ်မှတ်လိမ့်မည် မဟုတ်ကြောင်း ကျန်းယွီလန် သိနေသည်။ မည်သို့ပင်ဆိုစေ ကျီနျန်သည် ကျီတင်းကျို၏ သွေးသားအရင်းအချာဖြစ်သည်။
"မင်း ဘယ်သူ့ကို မျိုးမစစ်လို့ ခေါ်နေတာလဲကွ" ဝေ့ယန်က မျက်မှောင်ကြုတ်ကာ အော်ငေါက်လိုက်သည်။
ကွယ်ရာတွင် မျိုးမစစ်ဟု ခေါ်ဆိုခြင်းကို မပြောလိုသော်လည်း၊ မိသားစုခေါင်းဆောင် အရှေ့တွင် ဤသို့ ခေါ်ဝေါ်ခြင်းသည် သေကြောင်းကြံစည်ခြင်းဖြစ်သည်။ ကျန်းယွီလန်သည် ကြောက်လန့်သွားသော်လည်း ရေကန်ထဲ ပစ်ချခံရသည့် သားဖြစ်သူကို တွေးမိသောအခါ ရင်ထဲတွင် သွေးများ စိမ့်ထွက်လာသကဲ့သို့ ခံစားလိုက်ရသည်။ ဤသည်မှာ ကိုးလလွယ် ဆယ်လဖွားခဲ့ရသည့် သူမ၏ တစ်ဦးတည်းသော သားဖြစ်သည်။
သူမ၏ မျက်လုံးများ နာကျည်းမှုကြောင့် နီမြန်းလာပြီး သေလိုသေပါစေဟူသော စိတ်ဖြင့် အော်ဟစ်တော့သည်။
"ခေါ်တော့ ဘာဖြစ်လဲ။ အခု ငါ့သား မရှိတော့ဘူးဆိုတော့ ငါလည်း သေဖို့ အဆင်သင့်ပဲ။ နင့်လို မိသားစုကို ကိုယ်တိုင်သတ်ခဲ့တဲ့ လူယုတ်မာ အနွယ်အပွားက မျိုးမစစ်မဟုတ်လို့ ဘာဖြစ်ရမှာလဲ။ ငါ ခေါ်တာ မှားနေလို့လား"
"မျိုးမစစ်၊ မျိုးမစစ်၊ မျိုးမစစ်။ နင်က အကြီးစား မျိုးမစစ်ပဲ”
လူတိုင်း၏ မျက်နှာများ ဖြူဖျော့သွားကြသည်။ လူသူကင်းဝေးသော အဆောက်အဦးငယ်ထဲတွင် နှစ်ရှည်လများစွာ ဗိုလ်ကျစိုးမိုးခဲ့ရသဖြင့် ကျီတင်းကျို မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို ကျန်းယွီလန် မေ့လျော့နေပုံရသည်။ ကျိန်ဆဲသံများ ကြမ်းတမ်းလာသော်လည်း ကျီတင်းကျိုတစ်ယောက် ဒေါသမထွက်ဘဲ ပို၍ပင် ပြုံးရွှင်လာသည်။ သို့သော် တစ်ခြားတစ်ယောက်က ဦးစွာ စကားပြောလာသည်။
"သမီးလည်း မျိုးမစစ်ပဲ"
"ကောင်းလိုက်တာ၊ သမီးတို့တွေက မျိုးမစစ်တွေဆိုတော့ သမီးတို့ လွတ်မြောက်ပြီပေါ့နော်... ရေး"
ကျီနျန်သည် ပတ်ဝန်းကျင်၏ တင်းမာမှုကို သတိမထားမိသကဲ့သို့ ကျီတင်းကျိုကို စိတ်လှုပ်ရှားစွာ ကြည့်နေသည်။ သူမအတွက်မူ ကျီတင်းကျိုနှင့် ဆင်တူရခြင်းသည် ဂုဏ်ယူဖွယ် ကိစ္စတစ်ခုကဲ့သို့ပင်ဖြစ်၏။ သူမသည် မိမိကိုယ်ကိုယ် လက်ညှိုးထိုးပြပြီးနောက် ကျီတင်းကျိုကို ညွှန်ပြလိုက်ပြန်သည်။
"သမီး မျက်လုံးတွေက ဘီယာပုလင်းအရောင်တွေ၊ ပြီးရင် ကိုကို မျက်လုံးတွေကလည်း အတူတူပဲ"
"သမီးက မျိုးမစစ်၊ ကိုကိုကလည်း မျိုးမစစ်"
"အခုကစပြီး ကိုကိုက မျိုးမစစ်ကြီး၊ သမီးက မျိုးမစစ်လေးပေါ့"
လူတိုင်း: "..........."
ကလေးစကားဖြစ်သည့်အတွက် အပြစ်မရှိဘူးဟု ဆိုရမည်ဖြစ်သော်လည်း၊ အနည်းငယ် လွန်လွန်းနေသည်။ သို့သော် ကျီနျန်သည် မည်သူ၏ သွန်သင်ဆုံးမမှုမျှ မရှိသဖြင့် မျိုးမစစ်ဟူသော စကားလုံးများ မည်မျှ စော်ကားရာရောက်သည်ကို သူမ သိမည်မဟုတ်ဘူးဟု ၎င်းတို့ တွေးလိုက်ကြသည်။ ကလေးမလေးသည် သူမနှင့် တူညီသော အဖော်တစ်ယောက်ကို ရှာတွေ့ပြီဟုသာ ထင်မှတ်နေပုံရသည်။ ဝေ့ယန်က ကျီတင်းကျို ဒေါသထွက်ကာ ကလေးမလေးကို ချက်ချင်း အပြင်ဆွဲထုတ်ခိုင်းလိမ့်မည်ဟု ထင်ခဲ့သော်လည်း မထင်မှတ်ဘဲ ကျီတင်းကျိုက 'ဘီယာပုလင်းအရောင်' ဟု တင်စားခံရသော သူ၏ မျက်လုံးများကို အမှိတ်အဖွင့် ပြုလုပ်လိုက်သည်။
လူတိုင်း တအံ့တဩ စောင့်ကြည့်နေချိန် ကျီတင်းကျိုက ခေါင်းညိတ်ပြလိုက်သည်။
"မင်းပြောတာ မှန်တယ်။ ငါတို့နှစ်ယောက်လုံးက မျိုးမစစ်တွေပဲ"
ဝေ့ယန်နှင့် ကျန်လူများအားလုံး ကွပ်မျက်ခံရတော့မည့် အမူအရာများ ဆင်မြန်းထားသော်လည်း ကျီနျန်တစ်ယောက်သာ ကျီတင်းကျိုကို လုံးဝ မကြောက်မရွံ့ ပြုံးပြနေသည်။ ဤအတောအတွင်း ကျန်းယွီလန်၏ ပါးစပ်ထဲသို့ ညစ်ပတ်သော ခြေအိတ်တစ်ဖက် ထိုးထည့်လိုက်သဖြင့် မျက်လုံးများ ပြူးကျယ်ကာ တအူးအူး အသံများသာ ထွက်နိုင်တော့သည်။ ထိုစဉ် ယူနီဖောင်းဝတ်ဆင်ထားသော အမျိုးသားနှစ်ဦးသည် အဝတ်အစားများ စုတ်ပြတ်ကာ ရိုက်နှက်ခံထားရသည့် အမျိုးသားတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်လာသည်။ ထိုအမျိုးသားသည် လောင်းကစား မပြုလုပ်ခဲ့ကြောင်း အော်ဟစ် တောင်းပန်နေသည်။
ကျန်းယွီလန်သည် ထိုအမျိုးသားကို မြင်လိုက်ရသောအခါ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသွားသည်။ ထိုအမျိုးသားသည်လည်း ဖရိုဖရဲဖြစ်နေသော ကျန်းယွီလန်ကို မြင်ပြီးနောက် မိခင်၏ အခြေအနေကို မမေးမြန်းဘဲ ဦးစွာ အော်ဟစ်လိုက်သည်။
"အမေ၊ တစ်ခုခုလုပ်ဦးလေ။ ကျွန်တော်က ပိုက်ဆံလေး နည်းနည်းနဲ့ နည်းနည်းပါးပါး ကစားမိတာပါ၊ အဲ့ဒါ ဘယ်လိုလုပ် လောင်းကစားလုပ်ရာ ကျမှာလဲ"
အမျိုးသားသည် မိခင်ဖြစ်သူကိုပင် အသုံးမကျဘူးဟု ရန်ပြန်တွေ့နေသေးသည်။ ရဲအရာရှိများက ကျီတင်းကျိုကို နှုတ်ဆက်ပြီးနောက် ကျန်းယွီလန်ကို လက်ထိပ်ခတ်လိုက်သည်။
"လူကြီးမင်းကျီက သူ့ကိုပါ ခေါ်လာတာပဲ။ အတော်ပဲ၊ သူကိုပါ တစ်ခါတည်း ဖမ်းလိုက်ကြစို့"
'ဘာတွေဖြစ်ကုန်တာလဲ၊ သွေးတွေပေကျံပြီး ရေကန်ထဲ အပစ်ခံရတာ ငါ့သား မဟုတ်ဘူးလား'
ကျန်းယွီလန်သည် စိမ်ပြေနပြေ လက်ဖက်ရည်သောက်ကာ စိတ်ကျေနပ်နေဟန်ရှိသော ကျီတင်းကျိုကို လှည့်ကြည့်ပြီးနောက် အမှန်တရားကို သဘောပေါက်သွားသည်။
ဝေ့ယန်က မေးငေါ့၍ ပြောလိုက်သည်။
"ဘာကြည့်နေတာလဲ၊ ငါတို့ မိသားစုခေါင်းဆောင်က ဥပဒေကို လေးစားလိုက်နာတဲ့ နိုင်ငံသားကောင်းတစ်ယောက် ဟ"
ရဲအရာရှိများသည်လည်း ခေါင်းညိတ်ကာ ဆိုကြသည်။
"ကျန်းယွီလန်၊ အလုပ်ရှင်ရဲ့ ပိုင်ဆိုင်မှုတွေကို အလွဲသုံးစားလုပ်မှုနဲ့ မင်းကို ဖမ်းလိုက်ပြီ"
ကျီတင်းကျိုသည် ကျီနျန်ကို ဂရုမစိုက်သော်လည်း သူမအတွက် အသုံးစရိတ်ကို လတိုင်း ရက်ရက်ရောရော ပေးအပ်ခဲ့သည်။ ကျန်းယွီလန်သည် ထိုအသုံးစရိတ်များအားလုံးကို ဤနှစ်များတစ်လျှောက် အလွဲသုံးစား ပြုလုပ်ခဲ့သည်။ သို့မဟုတ်ပါက သူမ၏သားသည် မည်သို့မျှ လောင်းကစားများ အဆက်မပြတ် ပြုလုပ်နိုင်မည်နည်း။ ကျီတင်းကျိုသည် အလိမ်ခံရခြင်းကို အမုန်းဆုံးဖြစ်သည်။ ကျန်းယွီလန် ဖမ်းဆီးခေါ်ဆောင်ခံရခြင်းကို ကြည့်နေစဉ် ကျီနျန်တစ်ယောက် စိတ်ထဲမှ နှမြောတသဖြစ်နေသည်။
[ငါ့မှာ နောက်တစ်ကွက် ကျန်သေးတာကို သူက အဖမ်းခံလိုက်ရပြီတဲ့လား]
ယခုအခါ ကျန်းယွီလန် အဖမ်းခံလိုက်ရသဖြင့် သူမ၏ မျက်နှာ ဖျက်ဆီးခံရမည့် ဇာတ်ကွက်သည်လည်း မရှိတော့ပေ။ ကျီနျန်၏ မျက်နှာလေး ဘေးအန္တရာယ်ကင်းရှင်းသွားလေသည်။ တွေးတောနေစဉ် သူမ နံဘေးမှ တစ်စုံတစ်ယောက် ထရပ်လာခဲ့သဖြင့် ချက်ချင်း လှည့်ကြည့်ကာ မေးမြန်းလိုက်သည်။
"ကိုကို၊ မေမေက ဘယ်သွားတာလဲ"
ကလေးမလေး၏ မျက်လုံးများသည် အပြစ်ကင်းစင်ကာ ဘာမှမသိနားမလည်ဟန်ရှိသည်။ ကျီတင်းကျိုက သူမကို ငတုံးတစ်ယောက်ကဲ့သို့ စိုက်ကြည့်ကာ ပြောလိုက်သည်။
"သူ့တင်ပါးကို ကလေးမွေးပေးဖို့ သွားတာ"
ဝေ့ယန်: "........."
'ငါတို့ရဲ့ ခန့်ညားထည်ဝါတဲ့ မိသားစုခေါင်းဆောင်က ဘယ်ရောက်သွားတာလဲ'
ထို့နောက် ကျီတင်းကျိုက ကျီနျန်ကို သတ်ချင်ဖြတ်ချင်နေသော မျက်လုံးများဖြင့် စိုက်ကြည့်ကာ သူမ မျက်နှာကို ဆွဲညှစ်ရန် ဟန်ပြင်လိုက်သော်လည်း အလွန်ညစ်ပတ်နေသော မျက်နှာကို ကြည့်ပြီးနောက် လက်ကို ပြန်ရုပ်သိမ်းကာ ပြောလိုက်သည်။
"သူ့ကို မေမေလို့ ထပ်မခေါ်နဲ့တော့၊ ထပ်ခေါ်ရင် မင်းကို ငါးစာအဖြစ် ရေကန်ထဲ ပစ်ချပစ်မယ်"
ကျီနျန်က မကြောက်ရွံ့ဘဲ ပြုံးလျက် လိမ္မာရေးခြားရှိစွာ ပြန်ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ ကိုကို။ ဒါပေမယ့် သမီးမှာ မေမေ မရှိတော့ဘူးဆိုတော့ ကိုကိုက သမီးရဲ့ မေမေ လုပ်ပေးလို့ ရမလား"
"မရဘူး"
"ဘာလို့လဲ"
"ငါ့တင်ပါးက ကလေးမမွေးနိုင်လို့"
ဝေ့ယန်: "........."
ကျီနျန်က စိတ်ပျက်ဟန်ဖြင့် နှုတ်ခမ်းဆူပြီးနောက် ကျီတင်းကျို ထွက်သွားတော့မည်ကို မြင်သောအခါ တီးတိုးမေးလိုက်သည်။
"ကိုကို့ကို နောက်တစ်ခါ ထပ်တွေ့လို့ရော ရမလား"
ကျီတင်းကျိုက ပြန်မဖြေဘဲ ထွက်ခွာသွားသည်။
'ထပ်တွေ့ဖို့တဲ့လား။ ငါ့အနားမှာ ဒီလိုငတုံးတစ်ယောက်ကို မထားနိုင်ပါဘူး'
ကျီတင်းကျိုသည် သူမကို အဝေးတစ်နေရာသို့ ပို့ဆောင်ရန်ပင် စီစဉ်ထားသည်။
"ကောင်းပါပြီ... ဒါဆိုရင်လည်း ချစ်လှစွာသော ကိုကို့ကို သမီး ဆုတောင်းပေးလိုက်ပါတယ်..."
'မိသားစုခေါင်းဆောင်ရဲ့ ကလေးဆိုတဲ့အတိုင်း တကယ့်ကို ထူးခြားပါလား၊ ဘယ်သူမှ မသင်ပေးဘဲနဲ့တောင် ဆုတောင်းစကားတွေနဲ့ တင်စားတတ်သား' ဝေ့ယန်က ဤသို့တွေးလိုက်သည်။
"ကိုကို မုန်းတဲ့လူတွေရဲ့ ခေါင်းပေါ်မှာ အမြဲတမ်း အီးပါချနိုင်ပါစေလို့ သမီး ဆုတောင်းပေးပါတယ်"
လူတိုင်း: "..........."
'စောစောကပြောတဲ့အတိုင်း မိသားစုခေါင်းဆောင်ရဲ့ ကလေးက တကယ့်ကို ထူးခြားတာပဲ။ ငယ်ငယ်လေးကတည်းက လူတွေကို ဘယ်လိုညှဉ်းပန်းနှိပ်စက်ရမလဲဆိုတာ ကောင်းကောင်း သိသားပဲ'