no

Font
Theme

အခန်း (၂)

ကျီတင်းကျို : "ဘာ”

ထိုစကားများကို ကြားလိုက်သောအခါ အမျိုးသား​၏ မျက်နှာအမူအရာ ခေတ္တ အေးခဲသွားသည်။ ကျီနျန်သည် လုံးလုံးလျားလျား သတိမထားမိသေးဘဲ စားပွဲပေါ်ရှိ အစာသွပ်မုန့်များကို ကြည့်ကာ ကွဲအက်နေသော သူမ​၏ နှုတ်ခမ်းများကို လျှာဖြင့် လျှက်လိုက်သည်။

"ကိုကို၊ ကိုကို အဲ့ဒါတွေ မစားဘူးဆိုရင် သမီး တစ်ခုလောက် စားလို့ရမလား"

ထိုအမျိုးသား၏ တုံ့ပြန်မှုကို မတွေ့ရသောအခါ ဆာလောင်မှုများဖြင့် မျက်လုံးများ မှုန်ဝါးနေသော ကျီနျန်သည် သနားစဖွယ် အမူအရာဖြင့် တောင်းဆိုလိုက်သည်။

"လုပ်ပါနော် ကိုကို၊ သမီးကို ကိုကို အစာကျွေးနေတဲ့ ကြက်ကလေးတစ်ကောင်လို သဘောထားလိုက်ပါ၊ ကတော် ကတော် ကတော် ကတော်"

ထိုတိုတောင်းသော ကြက်တွန်သံလေးသည် အလွန်ပီပြင်၍ ပေါ်လွင်လွန်းသောကြောင့် နားထောင်သူများကို မျက်ရည်ကျသည်အထိ လှုံ့ဆော်ပေးနိုင်သည်။ စနစ်သည် ၎င်း၏ အီလက်ထရွန်းနစ် ပါးစပ်ကို လှုပ်ရှား၍ စကားပြောလိုသော်လည်း ချီတုံချတုံဖြစ်နေသည်။ အမူအရာ ကင်းမဲ့နေသော အမျိုးသားသည် သူ့အရှေ့ရှိ ကိုကိုဟု ခေါ်နေသည့် သူ​၏သွေးတစ်ဝက်ခန့် ရောနှောပါဝင်နေသော ကလေးမလေးကို ရွံရှာဖွယ် အရိပ်အမြွက်များဖြင့် စစ်ဆေးနေသည်။ ကျီတင်းကျိုသည် ထောင့်တစ်နေရာတွင် မေ့ပျောက်နေသော သူ​၏ သမီးဖြစ်သူကို လွန်ခဲ့သည့် နှစ်များက ရှုံ့တွနေသော မွေးကင်းစကလေးငယ် အသွင်အပြင်မှလွဲ၍ ဤသည်မှာ ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။

ကျီမိသားစုတွင် မိမိအပြင် နောက်ထပ် ကျန်ရစ်သူရှိနေခြင်းကို သူ မေ့လုနီးပါးဖြစ်နေခဲ့သည်။ ကလေးငယ်သည် ဆာလောင်မွတ်သိပ်မှုမှ တံတွေးမျိုချနေသော်လည်း အစားအစာကို မထိမိစေရန် ထိန်းချုပ်ခြင်းဖြင့် သင့်လျော်သော အမူအကျင့်မျိုး ပြသနေပုံအရ တစ်စုံတစ်ဦးက ကောင်းစွာ သင်ကြားပြသပေးခဲ့ကြောင်း သိသာထင်ရှားသည်။ သူမကို သင်ကြားပေးခဲ့သည့် ကြင်နာတတ်သော နှလုံးသားပိုင်ရှင်သည် မည်သူဖြစ်သနည်း။ လူသတ်ဖြတ်ချင်စိတ်များ မြင့်မားလာသော်လည်း သူ​၏စူးစမ်းချင်စိတ်များက အနိုင်ယူသွားခဲ့သည်။

"စားချင်လို့လား"

ကျီတင်းကျို၏ မျက်လုံးများသည် ပြင်းပြသော ယုတ်မာစိတ်များကို ဖုံးကွယ်ထားခြင်း မရှိဘဲ သူ​၏ကျောက်စိမ်းကဲ့သို့ သွယ်လျသော လက်ခေါင်းများဖြင့် ကိတ်မုန့်များထဲမှ တစ်ခုကို ကောက်ယူကာ ကျီနျန်အရှေ့တွင် လှုပ်ယမ်းပြလိုက်သည်။ သူသည် နောက်တစ်စက္ကန့်တွင် လက်ရန်းတန်းကို ကျော်၍ ၎င်းမုန့်ကို ရေကန်ထဲသို့ ဗွက်ခနဲ ပစ်ချလိုက်သည်။ အသံသည် မကျယ်လောင်လှသော်လည်း ကျီနျန်၏ ကျိုးကြောင်းဆီလျော်မှု တစ်စိတ်တစ်ပိုင်းကို နိုးကြားသွားစေသည်။ ဤအမျိုးသားသည် သူမကို ခွေးကလေး ကြောင်ကလေးများကဲ့သို့ ဆက်ဆံနေခဲ့ရာ၊ သူ​၏ စိတ်နေစိတ်ထားသည် အလွန်ဆိုးရွားလှပေသည်။ ချက်ချင်းဆိုသလိုပင် သူမ မျက်လုံးထဲတွင် သူ​၏ ချောမောမှုများ လျော့နည်းလာသည်။ သူမ အကြည့်များ အေးစက်သွားကာ လှည့်ထွက်ခါနီးအချိန်တွင် ခေါင်းထဲတွင် အသံတစ်ခုကို ထပ်မံကြားလိုက်ရသည်။

[ထွက်သွားတော့ မလို့လား။ နင့်ရှေ့က ဒီလူက ဘယ်သူလဲဆိုတာ အခုထိ မသိသေးဘူးလား]

ကျီနျန်က အေးစက်စွာ နှာမှုတ်လိုက်သည်။

[သူ ဘယ်သူလဲဆိုတာ ငါ ဂရုမစိုက်ဘူး။ ကလေးငယ်တွေကို ရွေးပြီး အနိုင်ကျင့်တတ်တဲ့ ဒီလိုလူမျိုး၊ သူ့ကလေးတွေ အလှည့်ကျရင် စအိုမပါဘဲ မွေးလာဖို့ ငါ မျှော်လင့်တယ်]

[သူက ကျီတင်းကျို၊ နင့်ရဲ့ ချစ်ရပါသော ဖခင်လေ]

စနစ်သည် သိသာထင်ရှားစွာဖြင့် နှစ်ထောင်းအားရဖြစ်နေပုံပေါ်၍ ကျီနျန်သည် မိုးကြိုးပစ်ခံရသကဲ့သို့ ထိတ်လန့်သွားသည်။

'အိုး၊ မဖြစ်ဘူး ငါ့စအိုလေး၊ နင် မရှိရင် ငါဘယ်လို အသက်ရှင်ရမလဲ'

[သူ့သမီးဖြစ်တဲ့ ငါက ငါးနှစ်တောင်ရှိပြီကို၊ သူက ဘယ်လိုလုပ် ဒီလောက်ငယ်နေတာလဲ]

စနစ်သည် ၎င်း၏နှာခေါင်းကို နှိုက်ပြီးနောက် တောက်ထုတ်လိုက်သည်။

[သူ့အသက် ဆယ့်ရှစ်နှစ်အရွယ်မှာ နင့်ကို ရခဲ့တာ၊ သူက အခုမှ နှစ်ဆယ့်သုံးနှစ်ပဲ ရှိသေးတော့ ငယ်တာပေါ့]

ပြီးနောက် သူ့ကို မြင်သည်နှင့် သူမ ဖခင်က နို့ထွက်လာလိမ့်မည်ဟု သူ့အရှေ့တွင် ပြောင်ပြောင်တင်းတင်း ပြောခဲ့မိသေးသည်။

'အယ်.. ခဏနေဦး၊ ဒီဘဲက ငါ ဘယ်သူလဲဆိုတာတောင် မသိတာလည်း ဖြစ်နိုင်တာပဲလေ'

ပြဿနာရှာရခြင်းကို သဘောကျသည့် အမှိုက်သရိုက် စနစ်က ထပ်ပြီး ဖြည့်ပြောလိုက်သည်။

[ဖော်ရွေသော သတိပေးချက်ပါ၊ သင့်ရဲ့ လက်ရှိ မျက်လုံးတွေက အဖေဖြစ်သူ​ရဲ့ သွေးနှော ဗီဇတစ်စိတ်တစ်ပိုင်းကို စုံစုံလင်လင် အမွေဆက်ခံထားခြင်းကြောင့် စိမ်းလန်းစိုပြေနေပြီး၊ သင့်ရဲ့ အသွင်အပြင်မှာလည်း ဖခင်​ရဲ့ အသေးစားပုံစံ အမျိုးသမီးဗားရှင်းလို့ ဆိုနိုင်ပါတယ်]

ကျီနျန် : "........"

သူမသည် အလွန် ဒေါသထွက်လာသောကြောင့် ဒေါသတကြီး... ဒေါသတကြီးဖြင့် မည်သည့်အရာကိုမျှ မပြုလုပ်ခဲ့ပေ။ ဤခန္ဓာကိုယ်သည် အလွန်ငယ်ရွယ်သောကြောင့် အနည်းငယ် ရန်စမှုမျိုးဖြင့် သူမ၏ မျက်လုံးများတွင် မျက်ရည်စများ ထွက်ပေါ်လာစေသည်။ ကလေးငယ်သည် မတော်မတရား အနိုင်ကျင့်ခံရပုံဖြင့် သူမ​၏ မေးစေ့ထံသို့ မျက်ရည်များပင် စီးကျလာသည်။ ကျီတင်းကျိုသည် ရုတ်တရက်ဆိုသလိုပင် အမူအရာကင်းမဲ့သွားသည်။

'တကယ့်ကို အသုံးမကျတဲ့ဟာပဲ၊ ဘာမှမလုပ်ရသေးဘူး ကြောက်ပြီး ငိုတောင် ငိုနေပြီ'

သူ​၏ မျက်နှာထက်တွင် စိတ်မရှည်မှုများ ပေါ်ထွက်လာ၍ ဤညစ်ပတ် စုတ်ပြတ်နေသည့် ကလေးငယ်ကို ဆွဲထုတ်သွားရန်အတွက် မှောင်ရိပ်ထဲရှိ လူများထံ သူ​၏လက်ကို မြှောက်ပြရန် ဟန်ပြင်လိုက်ချိန်တွင် ငိုရှိုက်နေသော ကလေးငယ်က ရုတ်တရက် လှုပ်ရှားလာသည်။

"ကိုကို၊ လက်နာနေလို့လား"

မျက်ရည်များ ပြည့်နှက်နေသော မျက်လုံးများသည် သူ​၏ခြေထောက်များကြားတွင် တင်ထားသည့် လက်ကို စိုက်ကြည့်နေစဉ် သူမ​၏ မျက်နှာသေးသေးလေးသည် စာနာစိတ်များဖြင့် တွန့်ရှုံ့နေသည်။ ကလေးငယ်သည် သူမကို အနိုင်ကျင့်ခဲ့ဖူးသော သူစိမ်းတစ်ယောက်ကို အမှန်တကယ် ကိုယ်ချင်းစာနေခဲ့သည်။ ကျီတင်းကျိုသည် ဒေါသစိတ်ကြောင့် ရယ်မောလုနီးပါးခံစားနေရသည်။ ကျီမိသားစု၏ မျိုးရိုးဗီဇပါရှိသူတိုင်းသည် ယုတ်ညံ့သော စရိုက်လက္ခဏာဖြင့် မွေးဖွားလာသူများဖြစ်သည်။ ငရဲပြည်သို့သာ ဆင်းသက်ရမည့် မိမိကဲ့သို့သော တစ်စုံတစ်ယောက်သည် ဤမျှအလွန်အကျွံ သနားတတ်သော မျိုးဆက်ကို မည်သို့မျှ မွေးထုတ်နိုင်ခဲ့ရသနည်း။ သို့မဟုတ် သူမသည် ဟန်ဆောင်ခြင်း၌ ကျွမ်းကျင်သည့် မြေခွေးငယ်လေးဖြစ်လေသလော။

စနစ်က အံ့အားသင့်သွားသည်။

[ဝိုး၊ တုံ့ပြန်မှုက တော်တော်လေး မြန်တာပဲ]

'ကျီနျန်က တုံးအတဲ့လူလို့ ဘယ်သူပြောတာလဲ။ ဒီကျီနျန်က တော်တော်လေး ထက်မြက်တာပဲ'

[ဒီလိုအနိုင်ကျင့်ခံရတာထက်စာရင် စအိုကိုပဲ စွန့်လွှတ်လိုက်မယ်လို့ ထင်နေတာ] စနစ်က ပြောလိုက်သည်။

ကျီနျန်သည် အပြင်ဘက်တွင် ရှိုက်ကြီးတငင်ငင် ငိုရှိုက်နေစဉ် သူမ​၏ စိတ်ထဲမှ အေးစက်စွာ ပြန်ဖြေလိုက်သည်။

[ဟားဟား၊ ငါ့စအိုကို ဒီလိုပဲ စွန့်လွှတ်လိုက်မယ်လို့ နင့်ကို ဘယ်သူပြောလဲ။ ငါ လုံးဝ မစွန့်လွှတ်နိုင်ဘူး]

ကျီတင်းကျိုသည် ဤစာအုပ်တွင် အရေးပါသော ဇာတ်ကောင်တစ်ဦးဖြစ်၍ စာသားများအရ သူမ၏ဘဝသည် သူ​၏လက်ထဲတွင်ရှိနေသည်။ ထို့ကြောင့် ကျီနျန်သည် နောက်ပိုင်းတွင် အမျိုးသမီး ဇာတ်ဆောင်ကို ကောင်းကင်ထက်သို့ မြှင့်တင်ပေးမည့် ဤအရေးကြီးသော ဇာတ်ကောင်နှင့်ပတ်သက်၍ အသေအချာ လေ့လာရန် ဆုံးဖြတ်လိုက်သည်။ သူ​၏သမီးကို မနှစ်သက်ရသည့် အဓိကအကြောင်းရင်းသည် သူ​၏ဆန္ဒမရှိဘဲ မွေးဖွားလာခြင်းအပြင် ကျီနျန်​၏ ခန္ဓာကိုယ်ထဲတွင် ကျီမိသားစု​၏ သွေးများ စီးဆင်းနေသောကြောင့်ဖြစ်သည်။

ဤမိသားစုတစ်ခုလုံးသည် ကျိန်စာကြီးတစ်ခုကဲ့သို့ ဖြစ်နေသည်။ ကျီမိသားစုဝင်တိုင်းသည် စာနာစိတ်မရှိသော စိတ်ဝေဒနာရှင်များဖြစ်ကြ၍ အလွန်ခက်ထန်သည့်အပြင် ၎င်းတို့ရရှိလာသော ငွေကြေးများသည် မရေတွက်နိုင်သော သွေးများ အသက်များဖြင့် စွန်းထင်းနေခဲ့သည်။ ဤနတ်ဆိုးများကို အဆုံးသတ်ခဲ့သူသည် မျိုးဆက်​၏တစ်စိတ်တစ်ပိုင်းမျှ အမွေဆက်ခံခဲ့သည့် ကျီနျန်မဆိုနှင့် သူ​၏ သွေးကြောထဲတွင် စီးဆင်းနေသည့် ကျီမိသားစု​၏ အသွေးအသားများကိုပင် ရွံ့မုန်းနေသည့် ကျီတင်းကျို ဖြစ်သည်။

ကျီနျန်သာ အရွယ်ရောက်ပြီးသူဆိုလျှင် အသက်အိုးအိမ်အတွက် ထွက်ပြေးမည် ဖြစ်သော်လည်း သူမသည် ယခုအခါ အသက်ငါးနှစ်အရွယ်သာရှိသေးသည်။ ဆီးဝမ်းကိုပင် မထိန်းနိုင်သောအရွယ်တွင် သူမ​၏ ဘ၀ကို မည်သို့ ထိန်းချုပ်နိုင်မည်နည်း။ လူယုတ်မာဖခင်၏ရွှေပေါင်တံကို ကပ်တွယ်ရန် သူမ၏အန္တရာယ်ကင်းရှင်းမှုကို ချင့်ချိန်ပြသပြီးနောက် အမျိုးသမီးဇာတ်ဆောင်ရောက်လာ၍ လူတိုင်း၏အာရုံကို ဖမ်းစားသွားမည့်အချိန်ကို စောင့်ဆိုင်းနိုင်ပါက၊ သူမသည် ထိုအချိန်တွင် ငွေကြေးတချို့ဖြင့် အဆင်ပြေပြေ ထွက်ပြေးနိုင်မည်ဖြစ်သည်။ သူမသာ မစင်ကဲ့သို့ ပြုမူနေသရွေ့ သူမ​၏ဦးခေါင်းကို မည်သူမျှ တက်နင်းရဲမည်မဟုတ်ပေ။

[TN - ပြောချင်တာက အီးပေမှာဆိုးလို့ ဘယ်သူမှ တက်နင်းရဲမှာ မဟုတ်ဘူးတဲ့]

အထူးသဖြင့် သူနှင့် အလွန်ဆင်တူနေသည့် စိမ်းစိုသော မျက်လုံးများဖြင့် ငိုရှိုက်နေသော ကလေးတစ်ဦးနှင့် ရင်ဆိုင်နေရသော ကျီတင်းကျိုသည် စက္ကန့်အနည်းငယ်မျှ အဓိပ္ပါယ်ရှိရှိ စိုက်ကြည့်ပြီးနောက် ရုတ်တရက် မတ်တပ်ရပ်ပြီး ထွက်ခွာသွားသည်။ သူသည် ကလေးမလေးအား နောက်တစ်ကြိမ် လှည့်မကြည့်တော့ပေ။ ကျီနျန်သည် ထိုအမျိုးသား၏ စားပွဲပေါ်ရှိ အဆာသွတ်မုန့်များကို စိုက်ကြည့်နေစဉ်တွင် အမျိုးသား၏ ရိုင်းစိုင်းမှုနှင့်ပတ်သက်၍ ညည်းညူနေလေသည်။

[သူ သွားပြီဆိုတော့ အဲဒါတွေကို မလိုချင်တော့ဘူးပေါ့၊ ဟုတ်တယ်ဟုတ်။ ဒါဆို ငါစားလို့ရပြီ မဟုတ်လား]

အစေခံများသည် မကြာမီ ၎င်းတို့ကို ဖယ်ရှားရှင်းလင်းရန် ရောက်ရှိလာတော့မည်ကိုသိနေသောကြောင့် ကျီနျန်ကလထိုအမျိုးသား လုံးလုံးလျားလျား ပျောက်ကွယ်သွားသည်နှင့် အချိန်မဖြုန်းတော့ဘဲ အဆာသွတ်မုန့်များကို သူမ၏ပါးစပ်ထဲသို့ ကောက်ထည့်လိုက်သည်။ အချိန်အကြာကြီး မစားသောက်ခဲ့ရသူများသည် အလွန်အကျွံ စားသောက်လျှင် မြန်မြန်ဆန်ဆန် သေဆုံးနိုင်သောကြောင့် ကျီနျန်ဟာ အနည်းငယ် စားသောက်ပြီးနောက် ဗိုက်ထဲတွင် မအီမသာခံစားရသည်နှင့် ချက်ချင်း ရပ်တန့်လိုက်သည်။

သူမသည် တစ်ဖက်လှည့်ကာ သစ်ရွက်ကြီးတစ်ရွက်ကို ဖြဲယူပြီးနောက် ကျန်မုန့်များကို ထုပ်ပိုးလိုက်သည်။ လုံးဝ မသန့်ရှင်းသော အစားအစာတချို့ကို စားသောက်ခြင်းသည် သူမကို မသေဆုံးစေသော်လည်း ငတ်မွတ်ခြင်းက သေဆုံးရှုံးစေနိုင်သည်။ ဤအချိန်တွင် ကျီနျန်သည် တစ်ကိုယ်ရေသန့်ရှင်းရေးကိုပင် ဂရုမစိုက်နိုင်တော့ပေ။ သူမသည် ထိုသို့ပြုလုပ်ပြီးနောက် ထိုနေရာမှ ထွက်ခွာသွားတော့သည်။ မှောင်ရိပ်ထဲရှိ သက်တော်စောင့်များသည်လည်း သူမ၏ တဖြည်းဖြည်း ပျောက်ကွယ်သွားသော ပုံရိပ်ကို တိတ်တဆိတ် စိုက်ကြည့်ပြီးနောက် ထွက်ခွာသွားကြသည်။ တစ်ချိန်တည်းမှာပင် ဤခြံဝင်းထဲတွင် မည်သို့ကြောင့် ကလေးတစ်ယောက်ရှိနေသည်ကို သိချင်နေကြသည်။ အလုပ်သမားများသည် ၎င်းတို့၏ကလေးများကို ခွင့်မပြုဘဲ ခေါ်ဆောင်လာသည့်အပြင် မိသားစုခေါင်းဆောင်နှင့်ပင် ဤသို့တွေ့ဆုံခဲ့ခြင်းကို ၎င်းတို့အားလုံး အံ့ဩနေကြသည်။

၎င်းတို့၏ စိတ်ထဲတွင် တစ်ထောင့်ရှစ်ရာခန့်သော အကောက်ကြံမှုနှင့် သီအိုရီများ ဆူညံစွာ လှည့်ပတ်ပြီးနောက် ၎င်းတို့သည် အဆုံးတွင် အေးစက်စွာ လှောင်ရယ်လိုက်ကြသည်။ မိသားစုခေါင်းဆောင်သည် ကလေးမလေးတစ်ဦးကို မွေးစားခဲ့သော ကလေးများကို နှစ်သက်သူဟု ထင်မြင်နေကြခြင်းဖြစ်လေသလော။ ရယ်ဖွယ်ရာကောင်းလှသည်၊ မိသားစုခေါင်းဆောင်သည် သက်ကြီးရွယ်အိုများနှင့် ငယ်ရွယ်သူများကို ရိုသေလေးစားကာ ချစ်ခင်မြတ်နိုးသူမျိုး ဟုတ်ခြင်း၊ မဟုတ်ခြင်းကို ၎င်းတို့သာ အသိဆုံးဖြစ်သည်။

မိသားစုခေါင်းဆောင်သည် ထိုကလေးငယ်နှင့် သူမ​၏ မိသားစုကို အိမ်တော်မှ နှင်ထုတ်ရန် အမိန့်မပေးခဲ့ပါက၊ ဝေ့ယန်သည် သူ​၏နာမည်ကို နောက်ပြန်ရေးလိုက်မည် ကြိမ်းဝါးလိုက်သည်။ ရုတ်တရက်ဆိုသလိုပင် ဆက်သွယ်ရေး နားကြပ်တွင် တုံ့ပြန်မှုတစ်ခု ထွက်ပေါ်လာသည်။

ကျီတင်းကျို၏ ခပ်အောအောအသံသည် သူ​၏နားထဲတွင် ဝင်ရောက်လာသည်။

"ငါးမိနစ်ပေးမယ်။ ငါ အဲ့ဒီ့ကလေးရဲ့ နာနီနဲ့ပတ်သက်တဲ့ အချက်အလက်အားလုံး သိချင်တယ်"

ဝေ့ယန် : "........"

"ဝေ့ယန်၊ မင်း အဲဒီမှာ ဘာရပ်လုပ်နေတာလဲ၊ မြန်မြန်သွားရအောင်"

လုပ်ဖော်ကိုင်ဖက်တစ်ဦး ရောက်ရှိလာကာ အေးခဲတောင့်တင်းစွာ ရပ်နေသည့် ဝေ့ယန်၏ပခုံးကို လက်ဖြင့်ပုတ်လိုက်သည်။

ဝေ့ယန်၏ မျက်နှာ နီရဲသွားသည်။

"အခုကစပြီး ငါ နာမည်ပြောင်းတော့မယ်”

"ငါ့ကို ယန်ဝေ့လို့ခေါ်"

လုပ်ဖော်ကိုင်ဖက် “ဟင်”

ကံဇာတာများ ကုန်ဆုံးသွားသော ကျီနျန်သည် သူမ​၏ အဆာသွတ်မုန့်များဖြင့် ခပ်ဝေးဝေးမသွားနိုင်မီ အိမ်အကူများ​က သူမကို ဖမ်းမိသွားကြသည်။ ကျန်းယွီလန်(ဖက်တီးနာနီ)သည် ကျီနျန် ထွက်ပြေးသွားပြီဟု ပြောလာသည့်အတွက် ကျီနျန်က မိသားစုခေါင်းဆောင်အား မတော်တဆ စော်ကားမိသွားမည်ကို စိုးရိမ်သောအိမ်အကူများသည် အလျင်အမြန် လံလိုက်ရှာဖွေခဲ့ခြင်းဖြစ်သည်။ ၎င်းတို့သည် လုယက်မှုများနှင့် ပြန်လာသော ကျီနျန်ကို ကြမ်းတမ်းစွာ ထိန်းချုပ်လိုက်သည်။

"ငြိမ်ငြိမ်နေ"

"စိတ်ရှုပ်စရာပဲ၊ ငါတို့မှာ အလုပ်တွေရှုပ်ရတဲ့ကြားထဲ၊ အခု နင့်ကိုပါ လိုက်ရှာနေရလို့ အချိန်တွေ အလကားဖြစ်ရပြီ။ အေးအေးဆေးဆေးနေရင် သေသွားမှာမို့လို့လား"

"မိသားစုခေါင်းဆောင်က နင့်ကို အသိအမှတ်မပြုတာကို မအံ့ဩတော့ဘူး၊ နင်က ဒုက္ခပေးဖို့ပဲသိတယ်၊ ကျန်းယွီလန်က နင့်ကို ဘာလို့များ အသေရိုက်မသတ်လိုက်လဲ မသိဘူး"

ကျီနျန်သည် ဤအိမ်အကူနှစ်ဦး​၏ မျက်နှာကို တိတ်တဆိတ် မှတ်သားပြီးနောက် တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

"နင်တို့ ဒီလိုပေါက်ကရတွေပြောပြီး အချိန်ဖြုန်းမယ့်အစား အလုပ်တွေအများကြီး ပိုလုပ်လို့ရပါတယ်"

၎င်းတို့နှစ်ဦးသည် ဤကဲ့သို့စကားများပြောခဲ့သည့် ကလေးမလေးကို အံ့ဩထိတ်လန့်စွာ ကြည့်လိုက်ကြသည်။

"ပြီးတော့ ပီပီပြင်ပြင် ပြောဆိုဆက်ဆံတာက ဟိုနေရာရဲ့ စွမ်းဆောင်ရည်ကို တိုးတက်စေတယ်လေ"

အိမ်အကူနှစ်ဦး : "........"

ဤသို့ဖြင့် ကမ္ဘာကြီး တိတ်ဆိတ်ငြိမ်သက်သွားသည်။ ကျီနျန်သည် ပါးနပ်စွာ မျက်လုံးမှိတ်ပြပြီးနောက် အပြစ်ကင်းစင်သော ကလေးမျက်နှာလေး ပြန်ဖြစ်သွားလေသည်။ သို့သော် သူမ၏ ပျော်ရွှင်မှုများ ကြာရှည်မခံခဲ့ပေ။

စနစ်သည် သူမ၏ ပျော်ရွှင်မှုများကို လျင်မြန်စွာ ဖျက်ဆီးပစ်လိုက်သည်။

[ဖော်ရွေသောသတိပေးချက်- သင့်​၏ မျက်နှာ မကြာမီ ပျက်စီးပါတော့မယ်။ စစ်မြေပြင်သို့ ရန်သူကျန်းယွီလန် ရောက်ရှိလာပါပြီ]

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment