အခန်း (၁၅)
ကျီနျန်သည် စက်ဝိုင်းပုံစံ ခုံတစ်လုံးပေါ်တွင် လက်ကလေးနှစ်ဖက်ကို မြှောက်ပေးလျက် လိမ်လိမ်မာမာဖြင့် မတ်တပ်ရပ်နေကာ ယူနီဖောင်းဝတ် အမျိုးသမီးအချို့က သူမ၏ ခန္ဓာကိုယ်ကို ပေကြိုးအပျော့စားများဖြင့် တိုင်းတာနေကြသည်။ သူမအရွယ် ကလေးအများစုသည် သူစိမ်းများနှင့်ဆိုလျှင် ရှက်ကြောက်တတ်ကြသော်လည်း ကျီနျန်ကမူ ထိုသို့မရှိဘဲ အပြစ်ကင်းစင်သည့် အပြုံးလေးတစ်ခုကို ဆင်မြန်းထားသည်။
တစ်ခဏတွင် သူမက အမျိုးသမီးတစ်ယောက်ကို "အစ်မဆီက အရမ်းမွှေးတာပဲ" ဟု ပြောလိုက်ပြီး နောက်တစ်ခဏတွင် အခြားတစ်ယောက်ကို "အစ်မက အရမ်းလှတာပဲ၊ မျက်တောင်တွေကလည်း အရှည်ကြီးပဲနော်" ဟု ဆိုပြန်သည်။ ထို့နောက် ဘေးတွင်ရပ်ကြည့်နေသော ကျစ်လျောင်ကိုလည်း မေ့မထားဘဲ ရံဖန်ရံခါ ပြုံးပြလိုက်သေးသည်။
သူမသည် လူတိုင်း၏ စိတ်ခံစားချက်ကို ဂရုတစိုက် ဆက်ဆံတတ်သဖြင့် ကျီတင်းကျိုကလွဲလျှင်် အားလုံးက သဘောကျကာ တခစ်ခစ် ရယ်မောနေကြသည်။ ထိုကလေးမလေးသည် ကျီတင်းကျိုကို တစ်ချက်ကလေးပင် လှည့်မကြည့်ခဲ့ပေ။
နောက်ဆုံးတွင် အလိုက်သိတတ်သော ကျစ်လျောင်က စကားစလိုက်သည်။
“မိသားစုခေါင်းဆောင်၊ ဘယ်ဝတ်စုံကို အရင်စမ်းကြည့်ခိုင်းမလဲရှင်"
ရာသီအလိုက်ထုတ်လုပ်သော အဝတ်အစားအသစ်များ ယူလာသည်ဟု ဆိုသော်လည်း ဒီဇိုင်နာများသည် ကျီနျန်အတွက် သီးသန့်ချုပ်လုပ်ရန် လာရောက်ကြခြင်းသာဖြစ်သည်။
ကျီနျန် စမ်းဝတ်ကြည့်ရန် အသင့်ချုပ်ပြီးသား ကလေးအဝတ်အစားအချို့လည်း ပါလာခဲ့သည်။
ကျီတင်းကျိုက စိတ်မပါသောအပြုအမူဖြင့် မျက်ခုံးပင့်ပြီးနောက် သူ့ကိုလျှာဖြင့် လာလျက်ရန် ကြိုးစားနေသည့် ခွေးကြီး သာ့တန်းကို ခြေထောက်ဖြင့် ဖယ်ထုတ်လိုက်သည်။
"ကြိုက်သလိုလုပ်"
ထိုစကားများသည် ခံစားချက်မပါသော်လည်း ရောက်ရှိနေသူတိုင်း ထိုအမျိုးသား၏ မနှစ်မြို့မှုကို ခံစားမိကြသည်။ ၎င်းတို့သည် ဤနေရာသို့မရောက်လာမီ ကလေးအဝတ်အစားများသည် ကျီတင်းကျို ၏ မွေးစားသမီးအတွက်ဟု ထင်မှတ်ခဲ့ကြသည်။
မည်သို့ပင်ဆိုစေကာမူ ကျီတင်းကျိုသည် မကြာသေးမီက မိန်းကလေးတစ်ဦးကို မွေးစားထားပြီး သူ၏သမီးအရင်းကဲ့သို့ ပျိုးထောင်တော့မည်ဟူသော ကောလဟာလများ တောမီးပမာ ပျံ့နှံ့နေသောကြောင့်ဖြစ်သည်။
ကျီမိသားစု၏ သခင်ကြီးသည် အိမ်ထောင်ပြုရန် စိတ်ကူးမရှိကြောင်း လူတိုင်းသိထားကြရာ ယခုကဲ့သို့ မွေးစားသမီးတစ်ဦးရှိလာခြင်းအရ သူမသည် မိသားစုတစ်ခုလုံး၏ အမွေဆက်ခံမည့်သူတစ်ယောက် ဖြစ်လာနိုင်သည်။
လူအများစုသည် ထိုကလေးမလေး၏ နောက်ကြောင်းနှင့်ပတ်သက်၍ လိုက်လံစုံစမ်းကြသော်လည်း ကျီတင်းကျိုက အစအနမကျန် ဖုံးကွယ်ထားသဖြင့် မည်သည်ကိုမျှ ရှာမတွေ့ခဲ့ကြပေ။ ၎င်းတို့သည် ဤနေရာသို့ မရောက်လာမီ နောင်အနာဂတ်၏ အမွေဆက်ခံသူလေးထံမှ မျက်နှာသာပေးမှုများ ရရှိရန် စီစဥ်ခဲ့ကြသည်။
သို့သော် ကျီနျန်ကို မြင်လိုက်ရသောအခါ အားလုံး အံ့ဩမှင်သက်သွားကြသည်။
‘ဒါကို မွေးစားသမီးလို့ ပြောနေတာလား’
သူမသည် အလွန်ပိန်လွန်းလှသော်လည်း ထိုမျက်လုံးများနှင့် မျက်နှာပေါက်သည် ကျီမိသားစုသခင်ကြီးနှင့် တစ်ပုံစံတည်း ဆင်တူနေကြောင်း မည်သူမဆို မြင်တွေ့နိုင်ကြသည်။
‘ဘယ်သူကများ သူ့ကို မွေးစားသမီးလို့ ပြောခဲ့တာလဲ။ သတင်းလွှင့်တဲ့သူတွေက ပဲစိမ်းစားပြီး စိတ်ဖောက်ပြန်သွားတာပဲ ဖြစ်ရမယ်’
ကျီနျန်လေးသည် ချစ်စရာကောင်း၍ လိမ္မာလှသည့်အပြင် သူမအရွယ်ကလေးများကဲ့သို့ မဆိုးသွမ်းသော်လည်း ၎င်းတို့သည် ကျီတင်းကျို၏ စိတ်အခြေအနေကို သတိထားနေရသည်။
ကျီတင်းကျို၏ စကားကို ကြားသောအခါ ကျီတင်းကျိုသည် အမှန်တကယ် ဤကလေးမလေးကို မနှစ်သက်လေသလောဟု ၎င်းတို့ အချင်းချင်း မေးခွန်းထုတ်သော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။
သူ့မှာ သမီးရှိတယ်လို့ တစ်ခါမှ မကြားဖူးပေမယ့် ဒါ သူ့သမီးအရင်းဖြစ်လောက်ပါတယ်…။
လေထုအခြေအနေ တင်းမာလာကြောင်း မြင်သောအခါ အစ်မလှလှလေးများနှင့် စကားပြောနေသော ကျီနျန်တစ်ယောက် သက်ပြင်းချလိုက်သည်။
[အိုး... အဖိုးကြီးကျီ၊ အဖိုးကြီးကျီ၊ သူ့ကို ဘယ်လိုများ လုပ်ရပါ့မလဲနော်]
"အရမ်းလှတဲ့ ဂါဝန်လေးပဲ”
ကျီနျန်သည် အဝတ်စင်ဘေးတွင် ရပ်ရင်း အပြာနုရောင် ဂါဝန်လေးကို မော့ကြည့်လိုက်သည်။
"ဒါက တကယ်ပဲ သမီးဝတ်ဖို့လားဟင်”
သူမသည် စိုးရိမ်စိတ်ကို ဖုံးကွယ်ရန် ကြိုးစားနေသော်လည်း
မျှော်လင့်ချက်များဖြင့် ပြုံးနေသည်ကို လူတိုင်း မြင်တွေ့နိုင်သည်။
“ဟုတ်တယ်၊ ဒါတွေအားလုံးက သမီးအတွက်ပဲ။ ဒီဂါဝန်တွေ အကုန်လုံးကို မိသားစုခေါင်းဆောင်က သမီးအတွက် ဝယ်ပေးထားတာ” ကျစ်လျောင်က ညင်သာစွာ ပြောလိုက်သည်။
သူမသည် ကျီတင်းကျို၏ ကောင်းကွက်နှင့်ပတ်သက်၍ ထုတ်ဖော်ပြောကြားရန် အခွင့်အရေးကို ဘယ်သောအခါမှ လက်မလွှတ်ခဲ့ပေ။
ကျစ်လျောင်၏ စကားကြောင့် ကျီနျန်က ဝေခွဲမရစွာ မျက်တောင်လေး ခတ်နေမိသည်။ သူမ၏ အတိတ်တွင် ပိုင်ဆိုင်မှုဟူ၍ အနည်းငယ်သာရှိခဲ့ဖူးသဖြင့် ယခုကဲ့သို့ မိမိပိုင်ပစ္စည်းများ ရုတ်တရက် များပြားလာသောအခါ သူမ၏ ပထမဆုံး တုံ့ပြန်မှုသည် ကြောင်အမ်းအမ်းဖြစ်၍ စိတ်ရှုပ်ထွေးသွားခြင်းသာ ဖြစ်သည်။
ကျစ်လျောင်က မြန်မြန်ဆန်ဆန်
မေးလိုက်သည်။
"ဒီဂါဝန်လေးကို အရင်စမ်းဝတ်ကြည့်မလား”
ကျီနျန်သည် အတွေးများကိုရပ်တန့်ပြီးနောက် ခေါင်းကို အားရပါးရ ညိတ်ပြလိုက်သည်။ ထို့နောက် ဆံပင်ကလစ်များ တင်ထားသည့်နေရာသို့ သွားကာ အနက်ရောင်နှင့် ပန်းရောင်စပ်ထားသော ကလစ်လေးတစ်ခုကို ဂရုတစိုက် ကောက်ယူပြီးနောက် ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက်ချသကဲ့သို့ ပြောလိုက်သည်။
"သမီး ဒါလေး တပ်ချင်တယ်”
ကျီတင်းကျို၏ မျက်ခုံးများ ကောက်ကွေးသွားသည်။
သူသည် တိတ်တဆိတ် လမ်းလျှောက်လာ၍ အပြာနုရောင် ဂါဝန်နှင့် မလိုက်ဖက်သော ထိုကလစ်ကို ပြန်ပစ်ချလိုက်သည်။
"မရဘူး”
‘ဘယ်လိုတောင် လိုက်ဖက်မှုမရှိတဲ့ ပေါင်းစပ်မှုလဲ’
ရုတ်တရက် အနားသို့ ရောက်လာသော ကျီတင်းကျိုကို ကျီနျန်က မော့ကြည့်လိုက်သည်။
ကျီတင်းကျိုက မျက်ခုံးပင့်ကာမေးလိုက်သည်။
"ဘာကြည့်နေတာလဲ”
“မိသားစုခေါင်းဆောင် စိတ်ဆိုးနေတယ် ထင်လို့”
ကျီနျန်၏ စကားကြောင့် ကျီတင်းကျို အနည်းငယ် အံ့အားသင့်သွားသည်။
"ငါက ဘာလို့ စိတ်ဆိုးရမှာလဲ”
ကျီနျန်က ခေါင်းငုံ့ပြီး လက်ကလေးများကို ပွတ်သပ်ကာပြောလိုက်သည်။
"လူတိုင်း မပြုံးတော့လို့လေ”
ကျန်တဲ့လူများ : အရမ်း သတ္တိရှိတဲ့ ကလေးလေးပဲ
ကျီတင်းကျို စကားထပ်မပြောမီ သူမက သူ၏ဒူးခေါင်းကို ပုတ်ပေးလိုက်သည်။ "စိတ်မဆိုးပါနဲ့နော်။ ဒါကမိသားစုခေါင်းဆောင်အတွက်”
သူမသည် ကျီတင်းကျို ပစ်ချခဲ့သော ကလစ်ကို ကောက်ယူ၍ သူ့အင်္ကျီလက်မောင်းတွင် တွယ်ပေးလိုက်သည်။ သူမသည် လူမှုရေးအရ အဖြူရောင်ကလစ်တစ်ခုကိုလည်း ကောက်ယူကာ သာ့တန်း၏ ခေါင်းပေါ်ရှိ အမွှေးများတွင် တွယ်ပေးလိုက်ပြန်သည်။
ထို့နောက် ခွေးကြီး၏ ခေါင်းကို ပုတ်ပေးလိုက်သည်။
ထိုခွေးကြီးသည် ကျီတင်းကျိုးထံ အမြီးဝေ့ကာ သူ၏အကြည့်များဖြင့် စကားပြောနေဟန်ရှိသည်။
‘ကြည့်စမ်း ကျီရေ၊ ကလေးလေးက ငါ့ကိုလည်း တစ်ခု ပေးတယ်’
ကျီတင်းကျိုက စိတ်ပျက်လက်ပျက်ဖြင့် ထိုခွေးပေါကြီးကို တွန်းထုတ်လိုက်သည်။
"ကလေးဆန်လိုက်တာ”
‘ဒါတွေအားလုံးက ငါ ဝယ်ထားတာပါ’
သို့သော်လည်း သူ့လက်မောင်းရှိ သိသာလွန်းသော ပန်းရောင်နှင့် အနက်ရောင် ကလစ်ကိုမူ ဖြုတ်မပစ်ခဲ့ပေ။ ထိုကလစ်သည် သူ၏ အနက်ရောင်၊ မီးခိုးရောင် ရောစပ်ထားသော အဝတ်အစားများနှင့် လိုက်ဖက်နေသောကြောင့်ဟု ဆင်ခြေပေးလိုက်သည်။ ကျီနျန်က စကားအနည်းငယ်ဖြင့် သူ့ကို ချော့မြှူနိုင်ခဲ့ခြင်းကို သူကိုယ်တိုင်ပင် သတိမထားမိလိုက်ပေ။ လေထုအခြေအနေ သိသိသာသာ ပြေလျော့သွားသောကြောင့် ကျီနျန်သည် ကျီတင်းကျို၏ ညွှန်ကြားမှုဖြင့် ဆံပင်ကလစ်အသစ်များ ရွေးချယ်လိုက်သည်။
စောစောက ကျီတင်းကျိုတစ်ယောက် ကျီနျန်ကို မနှစ်သက်ဘူးဟု ထင်ခဲ့ကြသူများ အချင်းချင်း ကြည့်လိုက်ကြပြန်သည်။
ကောင်းပါပြီလေ၊ သူတို့သားအဖ ဆက်ဆံရေးကို ငါတို့ ဝေဖန်နေစရာ မလိုပါဘူးလေ…။
ကျီနျန်သည် အားလုံး ပြီးစီးသွားသောအခါ အိပ်ငိုက်နေပြီဖြစ်ကြောင်း ကျစ်လျောင်ကို တီးတိုး ပြောလိုက်သည်။ သူမသည် ကျစ်လျောင်၏ ခြေထောက်ကို ဖက်ကာ သမ်းဝေနေသည်။ ကျစ်လျောင်သည် ကျီတင်းကျို၏ ခွင့်ပြုချက်ဖြင့် ကျီနျန်ကို ပွေ့ချီကာ အနားယူရန် ခေါ်သွားလေသည်။ ယခင်က ကျန်းယွီလန်၏ နှိပ်စက်မှုကို ခံခဲ့ရသော်လည်း၊ ဤကလေးသည် လူသားများအပေါ် သံသယစိတ် လုံးလုံးလျားလျား မရှိပေ။ ကျီနျန်သည် သူမအပေါ် ကြင်နာသူမှန်သမျှကို အတိုင်းအထက်အလွန် ပြန်လည် နွေးထွေးစွာ ဆက်ဆံပြတတ်သည်။
သူမသည် ယခုကဲ့သို့ ကျစ်လျောင်၏ ရင်ခွင်ထဲတွင် မည်သည့် ခုခံကာကွယ်မှုမျှ မရှိသည့်အလား ကွေးကွေးလေး အိပ်ပျော်နေသည်။ ကျီမိသားစု သွေးမျိုးဆက်မှ ဤသို့သောကလေးမျိုး မည်သို့ထွက်ပေါ်လာသနည်းဟု ကျစ်လျောင် ထပ်မံ အံ့ဩမိပြန်သည်။ ကျစ်လျောင်သည် အဝတ်အစားများလှန်၍ ကျီနျန် ကိုယ်ပေါ်ရှိ ဒဏ်ရာဟောင်းများကို ကြည့်ပြီးနောက် သူမကို အိပ်ရာပေါ်တွင် လဲလျောင်းပေးပြီးသည်နှင့် အပြင်သို့ ထွက်ခွာလာခဲ့သည်။
ကျီတင်းကျိုက အပြင်ခန်းရှိ ဆိုဖာပေါ်တွင် ထိုင်ရင်း ဖုန်းပြောနေသည်။ ၎င်းသည် သူ့အတွင်းရေးမှူးထံမှ ဖုန်းဖြစ်သည်။
“မိသားစုခေါင်းဆောင်၊ ထျန်ထျန်က မိသားစုခေါင်းဆောင်ကို လွမ်းနေတယ်လို့ ပြောခိုင်းလိုက်ပါတယ်”
ထျန်ထျန် သို့မဟုတ် ရှန်ချင်းထျန်ဟူသည် ကျီတင်းကျို မွေးစားမည်ဟု ကောလာဟလများ ထွက်ပေါ်နေသော ကလေးမလေးဖြစ်သည်။
သူမတွင် ယခင်က မိသားစုရှိခဲ့ဖူးသည်။ သူမ၏ဖခင် ရှန်ရူရှန်းသည် ကျီတင်းကျို၏ ယုံကြည်ရသည့် လက်ထောက်တစ်ဦးဖြစ်ခဲ့သည်။ သူသည်လည်း
ဝေ့ယန်ကဲ့သို့ အစောပိုင်းကတည်းက ကျီတင်းကျို၏ နောက်လိုက်အဖြစ် ရှိနေခဲ့သူဖြစ်သည်။ ရှန်ရူရှန်းသည် ဉာဏ်ထက်မြက်၍ ဝေ့ယန်သည် သန်မာသော တိုက်ခိုက်ရေး ကျွမ်းကျင်သူဖြစ်သဖြင့် ၎င်းတို့နှစ်ဦးသည် ကျီတင်းကျို၏ လက်ဝဲလက်ယာ လက်ရုံးများဖြစ်ကြသည်။
သို့သော် ပြီးခဲ့သည့်နှစ်က မမျှော်လင့်ထားသော ဖြစ်ရပ်တစ်ခုတွင် ရှန်ရူရှန်းသည် ကျီတင်းကျိုအတွက် ရင်ဘတ်ကို ကျည်ထိမှန်ကာ ကွယ်လွန်သွားခဲ့သည်။ သူကွယ်လွန်ပြီးနောက် ဇနီးဖြစ်သူသည်လည်း ဝမ်းနည်းမှုကို မခံစားနိုင်ဘဲ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့သောကြောင့် သမီးငယ်လေး ရှန်ချင်းထျန်သာ ကျန်ရစ်ခဲ့သည်။ ကျီတင်းကျိုသည် သူမကို ပစ်မထားဘဲ အထူးတလည် ဂရုစိုက် စောင့်ရှောက်ထားခဲ့ရာ၊ ယခုနှစ်တွင် သူမကို တရားဝင် မွေးစားရန် စီစဉ်ထားခြင်းဖြစ်သည်။
"ဪ၊ သူလား..."
အတွင်းရေးမှူး၏ စကားကြောင့် ကျီတင်းကျိုသည် ထိုကဲ့သို့သော ကလေးတစ်ဦးရှိနေခြင်းကို သတိရသွားသည်။ ကျီတင်းကျိုသည် ပြင်ပလောကတွင် ပြောနေသကဲ့သို့ သူမကို အလွန်အမင်း တန်ဖိုးထား အလိုလိုက်နေခြင်း မဟုတ်ပေ။ အဆင့်အတန်းမြင့် ပစ္စည်းဥစ္စာများ ပေးထားခြင်းမှာ သူ့တွင် ပေးစရာဟူ၍ ငွေသာရှိသောကြောင့်ဖြစ်သည်။ ရံဖန်ရံခါ သွားတွေ့ခဲ့ခြင်းသည်လည်း ကွယ်လွန်သူ လက်အောက်ငယ်သားအပေါ် တာဝန်ယူလိုစိတ်ကြောင့်သာဖြစ်သည်။
တကယ်တမ်းတွင် ကျီတင်းကျိုသည် ကလေးများကို အလွန်စိတ်ပျက်ဖို့ကောင်းသည်ဟု ယူဆထားသူဖြစ်သည်။ ကလေးများသည် အားနည်း၍ ထိခိုက်လွယ်သူများဖြစ်သည်။
ရှန်ချင်းထျန်သည် သူ့ကို လာကစားပေးရန် သနားစဖွယ် အမူအရာဖြင့် ပြောလာတိုင်း ကျီတင်းကျိုသည် ပြီးစလွယ်သာ ဘောလုံးတစ်လုံးကို အဝေးသို့ ပစ်ပေးပြီးနောက် သူမကို သွားကောက်ခိုင်းခြင်းမျိုးကို အကြိမ်ကြိမ် လုပ်ခိုင်းတတ်သည်။ ထိုသို့ ပြီးစလွယ် ဆက်ဆံခဲ့သော်လည်း ကျီတင်းကျိုသည် သူမကို အကြိမ်အနည်းငယ်သာ သွားတွေ့ခဲ့ဖူးသည်။ သူသည် ထိုကလေးမလေး၏ ရုပ်ရည်ကိုပင် မမှတ်မိတော့သော်လည်း၊ သူမကမူ သူ့အပေါ် သံယောဇဉ် တွယ်နေရှာသည်။
"ငါ သူ့ဆီ ဖုန်းဆက်လိုက်မယ်”
ကျီတင်းကျိုသည် အနည်းငယ် စိတ်မရှည်သော်လည်း ကွယ်လွန်သူ လက်အောက်ငယ်သားကို အားနာစိတ်ဖြင့် ထိုစိတ်ကို ထိန်းချုပ်လိုက်သည်။ သူ့ကို အရူးဟု ခေါ်လေ့ရှိကြသော်လည်း ကျီတင်းကျိုသည် တာဝန်ယူလိုစိတ် အလွန်ပြင်းထန်ကြောင်း လူအနည်းငယ်သာ သိကြသည်။
ကျီတင်းကျိုသည် ဖုန်းချပြီးနောက် ဆိုဖာပေါ် တင်ထားသော သာ့တန်း၏ ခေါင်းကို ပွတ်ပေးရင်း 'ရှန်ချင်းထျန် - ရှန်ရူရှန်း၏သမီး' ဟု မှတ်ထားသော ဖုန်းနံပါတ်ကို ခေါ်ရန် ပြင်ဆင်လိုက်သည်။
'ကျွိ…’ အခန်းတံခါးပွင့်သွားပြီးနောက် တဖက်ဖက်ဖြင့် တစ်စုံတစ်ခု ပြေးဝင်လာသည်။