အခန်း (၃)
ကျီနျန်သည် သူမ၏ အခန်းထဲသို့ ပြန်ပစ်ထည့်ခံလိုက်ရသည်။ သူမသည် လမ်းတစ်လျှောက်တွင် ကျန်းယွီလန်၏ အရိပ်အမြွက်ကိုပင် မတွေ့ခဲ့ရပေ။ အခန်းသည် အလွန်မှောင်မဲနေ၍ ကျဉ်းမြောင်းသော ပြတင်းပေါက်တစ်ခုသာရှိသဖြင့် မှိန်ဖျော့ဖျော့ အလင်းရောင်တချို့သာရှိနေသည့်အပြင် ကုတင်ငယ်တစ်ခုမှလွဲ၍ အခြားသောပရိဘောဂ တစ်ခုတစ်လေမျှပင် မရှိပေ။
မူလခန္ဓာပိုင်ရှင်သည် မိသားစုခေါင်းဆောင်၏သမီးအရင်းဖြစ်သည့်အတွက် မွေးဖွားခါစ၌ ဘဝသည် ဤမျှမကြမ်းတမ်းခဲ့ပေ။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ သူမကို မိသားစုခေါင်းဆောင် မေ့လျော့သွားကြောင်း လူအများ သတိပြုမိသွားကြသည်။ အိမ်အကူများသည် ကလေးမလေး၏ ငယ်ရွယ်မှုနှင့် နုံအမှုများကို အခွင့်ကောင်းယူ၍ အနိုင်ကျင့်လာကြသည်။ ကလေးထိန်း ကျန်းယွီလန်က ဦးဆောင်ကာ အဆောက်အဦငယ်လေးရှိ ဇိမ်အကျဆုံးအခန်းကို သိမ်းပိုက်ပြီးနောက် ကလေးမလေးကို ထင်းသိုလှောင်ရာအခန်းသို့ ရွှေ့ခိုင်းခဲ့သည်။ ဤသည်မှာ ယခု သူရောက်ရှိနေသည့် နေရာဖြစ်သည်။
[မျက်နှာဖျက်ဆီးခံရတာက ဘယ်လိုဖြစ်တာလဲ]
ကျီနျန်သည် ထောင့်တွင် ဝပ်တွားနေစဉ် သူမ၏ဒဏ်ရာများကို စစ်ဆေး၍ ညည်းညူနေသည်။ သူမသည် အစောပိုင်းတွင် ဆာလောင်မှုကိုသာ အာရုံစိုက်နေခဲ့သည်။ ယခုအခါ သူမ၏ အနီးစပ်ဆုံး ပြဿနာကို ဖြေရှင်းပြီးနောက် သူမ၏ခန္ဓာကိုယ်တစ်ခုလုံး အလွန်နာကျင်နေကြောင်း သိရှိလိုက်ရသည်။ အင်္ကျီလက်စများကို ခေါက်လိုက်သောအခါ လက်နှစ်ဖက်စလုံးရှိ အမာရွတ်မျိုးစုံကို မြင်တွေ့လိုက်ရသည်။
စနစ်က စိမ်ပြေနပြေ ရှင်းပြလိုက်သည် : [အနာဂတ်မှာ မူလပိုင်ရှင် အမုန်းခံရတဲ့ အကြီးမားဆုံး အကြောင်းရင်းက သူ့ရဲ့ ကြောက်စရာကောင်းတဲ့ မျက်နှာကြောင့်ပဲ]
[မူလပိုင်ရှင် အသက်ငါးနှစ်အရွယ်ရောက်တော့ ကျန်းယွီလန်ရဲ့သားက လောင်းကစားလုပ်လို့ အိမ်တော်ကနေ နှင်ထုတ်ခြင်းခံရပြီး ထောင်လည်းကျသွားတယ်။ ကျန်းယွီလန်က အငြိုးအတေးထားနေပေမယ့် တခြားနေရာမှာ ပြဿနာမရှာရဲတော့ မူလပိုင်ရှင်အပေါ် ပုံချတာ။ ဒီနေ့မှာ ကျန်းယွီလန်က မူလပိုင်ရှင်ရဲ့ မျက်နှာပေါ်ကို ရေနွေးပူပူနဲ့ တမင်လောင်းချလိုက်တာ]
[မူလပိုင်ရှင်က အမြန်ရှောင်ခဲ့ပေမယ့် မျက်နှာတစ်ဝက်တော့ ပျက်စီးသွားတယ်။ ပြီးတော့ မူလပိုင်ရှင်က ရေနွေးကရားနဲ့ ကစားဖို့လုပ်ခဲ့တာကြောင့် အပူလောင်သွားတာလို့ပဲ ကျန်းယွီလန်က အခိုင်အမာ ပြောနေတော့ ဘယ်သူမှ ဘာမှမပြောကြတော့ဘူး]
ရလဒ်အနေဖြင့် ဤအကြောင်းအရာအတွက် မည်သူမျှ ကျန်းယွီလန်ကို အရေးမယူခဲ့ကြပေ။ မူလပိုင်ရှင်သည် ဆိုးသွမ်းသောကလေးနစ်ယောက်အဖြစ် ကျော်ကြားရုံသာမကဘဲ သူမ၏ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည့် မျက်နှာဖြင့် သိမ်ငယ်စွာ နေထိုင်ခဲ့ရသည်။ သူမသည် အသက်ကြီးလာသည်နှင့်အမျှ အဆုံးမဲ့သော လှောင်ပြောင်မှုများကို ခံစားခဲ့ရသည်။ မည်သို့ပင်ဆိုစေကာမူ ဖခင်အသက်ရှင်လျက်ရှိနေသော်လည်း ဂရုစိုက်မခံရသော ကလေးငယ်တစ်ဦးသည် မမွေးဖွားလာခြင်းက ပို၍ကောင်းမွန်ပေလိမ့်မည်။ သူမအတွက် ရပ်တည်ပေးမည့်လူဟူ၍ မည်သူမျှ မရှိခဲ့ပေ။ ကျီနျန်သည် သူမ၏ဒဏ်ရာများကို စစ်ဆေးပြီးနောက် သက်ပြင်းတစ်ချက်ချလိုက်သည်။
[သနားစရာကလေးပါလား... ]
သူမ၏ဖခင်သည် လောကတွင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ မချစ်မနှစ်သက်သူဟု ကလေးငယ်က ကိုယ့်ကိုယ်ကို အယုံသွင်းခဲ့သည်။ သို့သော် အမျိုးသမီးဇာတ်ဆောင် ရောက်လာသောအခါ သူမသည် အမှန်တရားကို လက်ခံခဲ့ရသည်၊ သူမ၏ဖခင်သည် သူမကိုသာ မချစ်မနှစ်သက်ခြင်းဖြစ်သည်။ ငယ်စဉ်ကတည်း သူမ သည်းခံခဲ့ရသည့် 'မျိုးမစစ်' ဟူသော စော်ကားမှုများသည် ယခုအခါ ပို၍ခိုင်မာသွားခဲ့ကာ သူမ၏နှလုံးသားကို လာရောက်ထိုးစိုက်နေသည့် စူးရှသော ဓားတစ်ချောင်းအဖြစ် ပြောင်းလဲသွားလေသည်။ ဤသို့သောအခြေအနေမျိုးတွင် မည်သူက မရူးသွပ်ဘဲနေမည်နည်း။
[ငါ ဒီခန္ဓာကိုယ်ကို ယူထားတော့ မူလပိုင်ရှင်ရဲ့ ဝိညာဉ်က ဘယ်ရောက်သွားတာလဲ] ကျီနျန်က သူမ၏အဝတ်အစားများကို အမြန်ပြန်ဝတ်ပြီးနောက် မေးလိုက်သည်။
စနစ်က ရှင်းပြလိုက်သည်။ :[မူလပိုင်ရှင်က အမှားအယွင်းတစ်ခုကြောင့် သူ့အနာဂတ်ကို ကြိုမြင်ပြီး စာအုပ်တစ်အုပ်ထဲက အမြှောက်စာတစ်ယောက်ဆိုတာကို သိသွားတော့ စိတ်ပြိုလဲလုနီးပါးဖြစ်နေတာနဲ့ ဒီကမ္ဘာရဲ့ချိန်ခွင်ကို ထိန်းသိမ်းဖို့ ငါတို့တွေ သူနဲ့ သဘောတူညီမှုယူပြီး သူ့ကို တခြားကမ္ဘာဆီ လွှတ်လိုက်ပြီ]
[သူ ဒီဘဝရဲ့ မှတ်ဉာဏ်တွေမရှိဘဲ ပျော်ရွှင်သာယာတဲ့ မိသားစုမှာ လူဝင်စားလိမ့်မယ်]
ကျီနျန်က ခေါင်းညိတ်ပြလိုက်သည်။
'ကောင်းပြီ၊ အခု ဒီကံဆိုးမှုဝန်ထုပ်ဝန်ပိုးကြီးက ငါ့ အပေါ် ကျရောက်လာပြီပေါ့လေ'
ကျီနျန်သည် သူမ၏နာကျင်နေသော ခန္ဓာကိုယ်ကို လှုပ်ရှားလျက် ဟိုကြည့်ဒီကြည့် ကြည့်လိုက်သည်။
"စိတ်တော့မရှိပါနဲ့၊ ဒါပေမယ့် ငါက မူလပိုင်ရှင်မဟုတ်ဘူးလေ"
ထိုကြောင့် သူမသည် ဤဒုက္ခများကို သည်းခံနိုင်မည်မဟုတ်ပေ။ ကျီနျန်သည် ဖြစ်လာမည့်အကြောင်းအရာများကို ကြိုသိနေသော်လည်း လုံးဝ မထိတ်လန့်ပေ။ ယင်းအစား၊ သူမ၏ လက်ရှိအသွင်အပြင်ကို ပုံဖော်ပြသပေးရန် စနစ်အား ပြောလိုက်သည်။
[ဝါး... တကယ့်ကို ချစ်ဖို့ကောင်းတဲ့ သူဖုန်းစားလေးပါလား]
သူမ၏ ပင်ကိုတွန့်လိမ်ကောက်ကွေးနေသည့် ဆံပင်များသည် ဂရုစိုက်ပေးမည့်လူ မရှိသည့်အတွက် ပင်လယ်ရေမှော်များကဲ့သို့ အထိန်းအကွပ်မဲ့စွာ ရှည်လျားပေါက်ရောက်နေသည်။ သူမ၏အဝတ်အစားများသည် ယောက်ျားလေးတစ်ဦးစီမှ စွန့်ကြဲထားသည့် အဝတ်အစားဟောင်းများဖြစ်ကြောင်း သိသာထင်ရှား၍ အကြိမ်ပေါင်းများစွာ လျှော်ဖွပ်ထားသည့်အတွက် ဟောင်းနွမ်းနေသည်။ သူမသည် အရှေ့သို့ ခြေတစ်လှမ်းတိုးပြီးနောက် ဆံပင်များကို ဘေးဖယ်၍ မျက်နှာကို ကြည့်လိုက်သည်။
[ဝိုး၊ ငါ ဒီလိုမျက်လုံးမျိုး တစ်ခါမှ မမြင်ဖူးဘူး]
အရောင်သည် အဝေးမှကြည့်လျှင် သိပ်မသိသာလှသော်လည်း မျက်နှာချင်းဆိုင်အကွာအဝေးတွင် နက်ရှိုင်းသော ရေကန်ကဲ့သို့ စိမ်းမြနေသည့် မျက်လုံးများကို ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။ အထူးသဖြင့် ကလေးမလေးသည် အလွန်ပိန်ပါးလွန်သည့်အတွက် သူမ၏ရွှန်းလဲ့နေသည့် မျက်လုံးများက ပို၍ထင်ရှားနေသည်။
ကျီနျန်က စေ့စေ့စပ်စပ် ကြည့်နေကြောင်း မြင်သောအခါ စနစ်က ပြောလိုက်သည်။ [တော်တော်လေး လှတယ်ပေါ့လေ ဟုတ်လား]
ကျီနျန်က ရက်ရက်ရောရော ခေါင်းညိတ်ပြလိုက်သည်။
[အင်း၊ ဟင်းနုနွယ်ရွက်တွေ အလွန်အကျွံစားထားလို့ ပါထားတဲ့ အီးစိမ်းတွေလိုပဲ]
'ဟယ် တော်တော်ထူးခြားပါလား'
စနစ်- [………]
သူမ၏မျက်နှာသည် ဖုန်မှုန့်များဖြင့် ညစ်ပေနေသောကြောင့် ရှင်းရှင်းလင်းလင်း မြင်ရခက်ခဲသော်လည်း အောက်ခံအသားအရည်သည် အလွန်ကြည့်ကောင်းလှသည်။ နှမြောစရာကောင်းသည်မှာ စောစောက ကျီတင်းကျို၏ နောက်ကျောတွင် အလင်းရောင်ရှိနေခဲ့သဖြင့် သူ၏ ရုပ်ရည်ကို သူမ သေချာမမြင်လိုက်ရခြင်းပင်။ သို့မဟုတ်ပါက အသားဖြူစင်သန့်ရှင်းနေမည့် သူမ၏ ပုံပန်းသဏ္ဌာန်မှာ မည်သို့ရှိမည်ကို မှန်းဆကြည့်နိုင်မည်ဖြစ်သည်။ သူမ ထိုသို့ နှမြောတသတွေးတောနေစဉ် တံခါးအပြင်ဘက်မှ ဒေါသတကြီး အော်ဟစ်ငိုယိုသံတစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။
"ငါ့သားလေး"
ဤသည်မှာ ကျန်းယွီလန်၏ အသံဖြစ်သည်။ သူမ၏ သားဖြစ်သူ အလုပ်ထုတ်ခံရကြောင်း သူမ သိရှိသွားပြီဖြစ်ကြောင်း ကျီနျန် နားလည်လိုက်သည်။ ကျောပေါ်ရှိ ကြာပွတ်ရာများ တဆစ်ဆစ် နာကျင်နေသော်လည်း ကျီနျန်၏ မျက်လုံးများ ပိုမိုတောက်ပလာကာ စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်လာသည်။ သူမသည် ခုန်အုပ်တော့မည့် ဝံပုလွေတစ်ကောင်ကဲ့သို့ပင် ထင်မှတ်ရစေသည်။ အကယ်၍ ကျီတင်းကျိုသာ ဤနေရာတွင် ရှိနေပါက၊ သူမကို သူ၏သွေးသားမဟုတ်ဘူးဟု ဆိုနိုင်တော့မည်မဟုတ်ပေ။
ကျန်းယွီလန်တစ်ယောက် အပြင်ဘက်တွင် အရူးတစ်ပိုင်းဖြစ်နေစဉ် တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွားသည်။ သူမ၏ မျက်လုံးများသည် အမုန်းတရားနှင့် အဆိပ်အတောက်တို့ဖြင့် ပြည့်လျှံသွား၍ ကျီနျန်၏ အခန်းဆီသို့ ဒေါသတကြီး ပြေးဝင်သွားကာ တံခါးကို ကန်ဖွင့်လိုက်သည်။ သို့သော် အမြဲတမ်း ကုတင်အောက်တွင် ကြောက်လန့်တကြား ဝပ်တွားနေတတ်သော ကောင်မလေးကို သူမ မတွေ့ရပေ။
"အဲဒီကောင်မလေး ဘယ်ရောက်သွားတာလဲ"
မျက်ရည်များ စိုရွှဲကာ အမုန်းတရားများဖြင့် ပြည့်နှက်နေသော သူမ၏ မျက်နှာသည် ခဏတာမျှ ကြောင်အသွားသည်။ ကောင်မလေးကို ဖမ်းမိကာ ပြန်ပို့လိုက်ပြီဟု ဆိုကြသည် မဟုတ်လေသလော။ တံခါးအနောက်တွင် ပုန်းနေသော ကျီနျန်က ရုတ်တရက် ပြေးထွက်လာပြီးနောက် ကျန်းယွီလန်၏ ခြေထောက်ကို အားကုန် ကိုက်ခဲလိုက်သည်။
"အား..."
မမျှော်လင့်ဘဲ အကိုက်ခံလိုက်ရသဖြင့် ကျန်းယွီလန်တစ်ယောက် နာကျင်စွာ အော်ဟစ်လိုက်မိသည်။ သူမ မခါထုတ်နိုင်မီမှာပင် ကျီနျန် အောက်သို့ ခုန်ဆင်းကာ ပြေးထွက်သွားလေသည်။ ကျန်းယွီလန်သည် အလွန်တရာ ဒေါသထွက်သွားသည်။
"ငါ နင့်ကို သတ်ပစ်မယ်၊ ကောင်မစုတ်လေး"
ဒေါသအလိပ်လိပ် တက်လာသော ကျန်းယွီလန်သည် အရိုးခုတ်သည့် ဓားမကြီးကို ဆွဲယူကာ ကျီနျန်နောက်သို့ လိုက်လေတော့သည်။ နှစ်ပေါင်းများစွာ နှိပ်စက်ညှင်းပန်းကာ ထိန်းချုပ်ထားခဲ့သဖြင့် ကောင်မလေး၏ အသက်သည် သူမလက်ခုပ်ထဲကရေဟု မှတ်ယူထားခဲ့သည်။ ကျီနျန်၏ ရုတ်တရက် ပုန်ကန်မှုသည် သူမကို ဒေါသထွက်စေသည့်အပြင်၊ သားဖြစ်သူ လောင်းကစားလုပ်ရာမှ ရဲဖမ်းခံရသည်ဆိုသည့် သတင်းသည်လည်း သူမကို ပေါက်ကွဲသွားစေသည်။
မူလက ကျန်းယွီလန်သည် အိမ်တော်ကြီးတွင် အစေခံတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့ရသူဖြစ်သည်။ အကယ်၍ သူမသာ ကျီနျန်ကို ပြုစုရန် တာဝန်ပေးမခံရပါက၊ အိမ်တော်ထိန်းများနှင့် ရင်းနှီးကျွမ်းဝင်မှုရှိကာ သူမ၏သားအတွက် နည်းလမ်းတစ်ခုခု ရှာပေးနိုင်ကောင်း ရှာပေးနိုင်ပေလိမ့်မည်။ သို့သော် ယခုမူကား သူမသည် ကျီနျန်ကို အလွန်နာကြည်းနေသည်။
"ဒါတွေအားလုံးက နင့်ကြောင့်။ နင့်ကြောင့်ဖြစ်ရတာ၊ နင့်လို အမှိုက်သရိုက်ကြောင့်"
ကျန်းယွီလန်သည် ဆင်ခြင်တုံတရား လုံးဝကင်းမဲ့သွားခဲ့သည်။ သူမသည် ဤကလေးမလေးကို အမှန်တကယ် သတ်မိသွားလျှင်ပင် ကလေးမလေးသည် ဓားဖြင့် ဆော့ကစားရင်း မတော်တဆ သေဆုံးသွားခြင်းဖြစ်ကြောင်း လွှဲချနိုင်မည်ဟုပင် တွေးလိုက်မိသည်။ ကျီနျန်သည် အရူးတစ်ယောက်ကဲ့သို့ ထွက်ပြေးနေစဉ် ဒေါသတကြီး လိုက်ပါလာသော ကျန်းယွီလန်ကို စောစောက ကျီတင်းကျိုနှင့် တွေ့ဆုံခဲ့သည့် နေရာဆီသို့ ဦးတည်ခေါ်ဆောင်သွားခဲ့သည်။
...
ထိုအချိန်တွင် ကျီတင်းကျိုသည် ကျန်းယွီလန်နှင့် ပတ်သက်သည့် အချက်အလက်အားလုံးကို ရရှိထားပြီဖြစ်သည်။ လွန်ခဲ့သော ငါးနှစ်တာလုံး ကျီနျန်၏ ဖခင်ဖြစ်သူ ကျီတင်းကျိုသည် သူမကို လျစ်လျူရှုထားခဲ့ပြီး မည်သည့် နောင်တတရား သို့မဟုတ် အပြစ်ရှိစိတ်ဟူ၍ မခံစားခဲ့ရပေ။ ကျန်းယွီလန်၏ ဖုံးကွယ်ထားသော လုပ်ရပ်အချို့သည် ဝေ့ယန်၏ စုံစမ်းစစ်ဆေးမှုအောက်တွင် လွယ်လင့်တကူ ပေါ်ပေါက်လာခဲ့သည်။ အချက်အလက်များပါရှိသော စာရွက်ကို ကြည့်နေစဉ် ကျီတင်းကျို၏ အမူအရာသည် အနည်းငယ်မျှ ပြောင်းလဲခြင်း မရှိပေ။
"စိတ်ဝင်စားဖို့ ကောင်းသားပဲ..."
သူ ချမှတ်ပေးထားသော ပြုစုစရိတ်များကို အလွဲသုံးစားလုပ်၍ ကလေးငယ်ကို ကောင်းမွန်စွာ မဆက်ဆံခြင်းသည် သဘာဝပင်။ ထို့ပြင် ငါးနှစ်သားအရွယ် လျစ်လျူရှုခံထားရသော ကလေးတစ်ဦးသည် တစ်စုံတစ်ဦးကို "ကိုကို" ဟု ရှင်းရှင်းလင်းလင်း ခေါ်ရုံသာမကဘဲ စားစရာကို မစားမီ ခွင့်တောင်းရမည်ကို သိနေခြင်းက ထူးခြားလှသည်။
အစပိုင်းတွင် တစ်စုံတစ်ဦးက သူမကို တိတ်တဆိတ် 'သင်ကြား' ပေးနေသည်ဟု ကျီတင်းကျို ထင်မှတ်ခဲ့သည်။ သို့သော် ယခုအခါ ၎င်းသည် ထိုကလေးမလေး၏ ကိုယ်ပိုင် 'ပါရမီ'သာ ဖြစ်နေတော့သည်။ ရေချိုးသန့်စင်ပြီးသော ကျီတင်းကျိုသည် မီးခိုးရောင် ချည်ထည်အင်္ကျီကို လဲလှယ်ဝတ်ဆင်ကာ အိပ်စက်ရန် ဒီဇိုင်းထုတ်ထားသော အနှိပ်ထိုင်ခုံပေါ်တွင် ပျင်းရိစွာ လဲလျောင်းနေသည်။ ကျီနျန်၏ မျက်လုံးများနှင့် ဆင်တူသော်လည်း ပိုမိုနက်ရှိုင်းသော သူ၏ မြစိမ်းရောင် မျက်လုံးများသည် လျှို့ဝှက်ဆန်းကြယ်သည့် အရိပ်အမြွက်များ ထွက်ပေါ်နေပြီး သိချင်စိတ်အချို့လည်း ပေါ်ပေါက်လာသည်။
'ဝံပုလွေပေါက်လေးလား၊ ဒါမှမဟုတ် ရိုးသားဖြူစင်တဲ့ ကလေးမလေးလား'
သူ၏ အကြည့်သည် ကျီနျန် သတိထားမိခဲ့သော လက်ချောင်းများပေါ်သို့ ရုတ်တရက် ကျရောက်သွားသည်။ ထိုအမာရွတ်များသည် ကျီမိသားစု၏ သမီးကြီး ကျီဝမ်ထင်က သူ့ကို ခွေးသံကြိုးဖြင့် ချည်နှောင်ကာ ဓားနှင့်မွှန်းခဲ့စဉ်က ရရှိခဲ့ခြင်းဖြစ်သည်။ ဓားနှင့်တစ်ချက် မွှန်းတိုင်း အသက် ၁၁ နှစ်အရွယ် ကျီတင်းကျိုသည် ဒူးထောက်ကာ 'ကျေးဇူးတင်ပါတယ် မမလေး' ဟု ပြန်ဖြေခဲ့ရသည်။ ထိုအမာရွတ်များသည် မိမိအပါအဝင် ကျီမိသားစု၏ ရာဇဝတ်မှုများနှင့် ၎င်းတို့နှင့် ပတ်သက်သမျှ အရာအားလုံး မည်မျှ စက်ဆုပ်ရွံရှာဖွယ်ကောင်းသည်ကို အမြဲတစေ အသိပေးနေခဲ့သည်။
မုန့်များကို ကြည့်ကာ တံတွေးမျိုချနေသည့် ကျီနျန်၏ အူကြောင်ကြောင်ပုံစံကို ပြန်တွေးမိသောအခါ ကျီတင်းကျို၏ မျက်လုံးများ အေးစက်သွားသည်။ အကယ်၍ သူမသာ ရိုးသားဖြူစင်သူဖြစ်ပါက သူမအသက်ကို ချမ်းသာပေးမည်။ သို့သော် သူမသည် ကျီမိသားစု၏ ညစ်ပတ်သော မျိုးရိုးဗီဇများပါရှိနေသည့် ဝံပုလွေပေါက်လေးသာ ဖြစ်နေပါက... ကျီတင်းကျို၏ မျက်လုံးများတွင် ရေခဲနေသော မြစိမ်းရောင် ရေကန်ကြီးကဲ့သို့ အေးစက်စက် အလင်းတန်းများ ဖြာထွက်လာသည်။
"သခင်ကြီး"
ထိုကလေးမလေးသည် လွန်ခဲ့သော နှစ်အနည်းငယ်က မိမိကိုယ်တိုင် ပြန်ခေါ်လာခဲ့သော ကလေးငယ်ဖြစ်ကြောင်း သိလိုက်ရသည်နှင့် ဝေ့ယန်တစ်ယောက် အနားသို့ တိတ်တဆိတ် ချဉ်းကပ်လာသည်။ သူသည် စာနာတတ်သောကြောင့် မဟုတ်ပေ။ ကျီတင်းကျိုသည် အိပ်ပျော်ရန် ခက်ခဲပြီး အာရုံကြောများ အလွန်အမင်း အထိမခံနိုင်ဖြစ်နေသောကြောင့် အသံအနည်းငယ်ထွက်ရုံဖြင့် သူ၏ ဒေါသကို ဆွပေးသလို ဖြစ်နိုင်သောကြောင့်ပင်။
"ပြော"
ကျီတင်းကျိုသည် လက်ထဲမှ အချက်အလက်များကိုသာ ဆက်ကြည့်နေပြီး ခေါင်းပင် မော့မကြည့်ခဲ့ပေ။
"အစေခံတစ်ယောက် လောင်းကစားလုပ်နေတာကို ဖမ်းမိထားပါတယ်။ ရဲကို အကြောင်းကြားထားပေမယ့် အစောင့်တွေ မသိခင် ထွက်ပြေးသွားတဲ့အပြင် သာ့တန်းရဲ့ လည်ပတ်က ရွှေဆွဲသီးကို ခိုးယူရင်း ပြန်အဖမ်းခံလိုက်ရတယ်လို့ သတင်းပို့လာပါတယ်"
သာ့တန်းဆိုသည်မှာ ကျီတင်းကျို၏ အိမ်မွေးခွေးဖြစ်သည်။ ထိုအမည်မှာ သူ၏ ကြီးမားသော ဝှေးစေ့များကို အစွဲပြု၍ ပေးထားခြင်းဖြစ်သည်။ အဓိကအချက်မှာ တိုက်ဆိုင်မှုတစ်ခု ဖြစ်နေခြင်းပင်။ သာ့တန်း၏ ရွှေဆွဲသီးကို ခိုးယူသွားသူသည် ကျီနျန်ကို ပြုစုရန် တာဝန်ပေးထားသည့် ကျန်းယွီလန်၏ သားဖြစ်နေသည်။ ဝေ့ယန်သည် ဤကိစ္စကို ထုတ်ပြောသင့် မပြောသင့် ဝေခွဲမရဖြစ်နေသည်။ သို့သော် ကျီတင်းကျိုသည် အကုန်သိထားပြီဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင်၊ သူသည် အရူးအမူး အလိုက်ခံနေရသော ကလေးမလေးနှင့် ပြန်ဆုံလေတော့သည်။