အခန်း (၄)
ကျီနျန်သည် ကျန်းယွီလန်ကို ကန်ဘောင်ဆီသို့ ဦးတည်ခေါ်ဆောင်လာခြင်းမှာ ကျီတင်းကျိုနှင့် တိုက်တိုက်ဆိုင်ဆိုင် တွေ့ဆုံရန် မျှော်လင့်ချက်ကြောင့် မဟုတ်ပေ။ ဓားမကြီးတစ်လက် ကိုင်စွဲကာ ရူးသွပ်စွာ ပြေးလွှားနေသော အမျိုးသမီးတစ်ဦးသည် မည်သည့်ရည်ရွယ်ချက်မျိုးရှိပါစေ အန္တရာယ်ရှိသော ပုဂ္ဂိုလ်တစ်ဦးအဖြစ် သတ်မှတ်ခံရပေလိမ့်မည်။ ထို့ကြောင့် ကင်းလှည့်နေသော အစောင့်များက သူမကို မလွဲမသွေ ဖမ်းဆီးကြမည်ဖြစ်သည်။
ကျီတင်းကျိုနှင့် တွေ့ဆုံရန် သူမ မမျှော်လင့်ထားခဲ့သလို၊ အကယ်၍ တွေ့ခဲ့လျှင်ပင် ကျီတင်းကျိုက သူမကို ကယ်တင်လိမ့်မည်ဟု မထင်မှတ်ထားပေ။ ကျီတင်းကျိုသည် ကျန်းယွီလန်ကို အားပေးအားမြောက်ပြု၍ လက်ခုပ်မတီးလျှင်ပင် ကံကောင်းသည်ဟု ဆိုရမည်။ စနစ်၏ ဖော်ပြချက်များအရ သူမ၏ 'ယုတ်မာသော' ဖခင်သည် အစမှအဆုံးအထိ ရက်စက်ကြမ်းကြုတ်သူဖြစ်ကြောင်း ကျီနျန် ကောင်းကောင်းနားလည်ထားသည်။
ကျီတင်းကျိုသည် တရားမဝင် ကလေးတစ်ဦးအဖြစ် အညစ်ပတ်ဆုံးနှင့် အကြမ်းတမ်းဆုံး မြို့ပြတွင် ကြီးပြင်းခဲ့ရ၍ အညစ်အကြေးများကို သောက်သုံးကာ ကြွက်များကို စားခဲ့ရသူဖြစ်သည်။ အသက်ဆယ်နှစ်အရွယ်တွင် မိသားစုက ပြန်လည်အသိအမှတ်ပြု ခေါ်ဆောင်ခဲ့သော်လည်း ကောင်းသောနေ့ရက်ဟူ၍ တစ်ရက်မျှ မရှိခဲ့ပေ။ အသက် ၁၇ နှစ်အထိ အနှိပ်စက်ခံခဲ့ရပြီးနောက်၊ တစ်ညတွင် ကျီမိသားစုဝင်အားလုံးကို အမြစ်ဖြတ်သတ်ဖြတ်ကာ အာဏာကို စည်ကားသိုက်မြိုက်စွာ သိမ်းပိုက်ခဲ့သူဖြစ်သည်။
မိသားစုခေါင်းဆောင်ဖြစ်လာပြီးနောက် သူ၏ ပထမဆုံးလုပ်ရပ်သည် သူ၏ဖခင်အရင်းကို အရေခွံဆုတ်၍ မိထွေးဖြစ်သူအား ထိုအရေခွံကို သားရေစကတ်အဖြစ် ဝတ်ဆင်ကာ 'ဆမ်ဘား' ကခိုင်းခြင်းဖြစ်သည်။ အကယ်၍ သူမသည် ထိုပုံပြင်များကို နားထောင်သူသာဖြစ်ပါက "ဝိုး... အံ့ဩစရာပဲ၊ ဝတ္ထုတွေတောင် ဒီလောက်ထိ မရေးရဲဘူး၊ တကယ့်ကို ရူးသွပ်ပြီး ရင်ခုန်စရာပါလား" ဟု အာမေဍိတ်သံ ပြုမိပေလိမ့်မည်။
သို့သော် လက်တွေ့တွင်မူ ဤအမျိုးသားသည် သူမ၏ဖခင်ဖြစ်နေသည်။ နောက်တစ်စက္ကန့်တွင် သူမသည် အမြောက်ဆန်တစ်ခုကဲ့သို့ကျီတင်းကျို၏ခြေထောက်များနှင့် တိုးမိလုနီးပါးဖြစ်သွားသည်။ ကံမကောင်းစွာဖြင့် ကိုယ်ရံတော်များက သူမကို အေးစက်စွာ တားဆီးလိုက်ကြသည်။ ကျီနျန်သည် အရှေ့တွင်ရှိနေသော အမျိုးသားကို မြင်သောအခါ သူမ၏ မျက်လုံးများ လင်းလက်သွားခဲ့ရာ၊ မူလအစီအစဉ်ကို ချက်ချင်းပြောင်းလဲ၍ အကြံသစ်တစ်ခု ထုတ်လိုက်သည်။
"ကိုကို..."
ကောင်မလေးသည် အရှေ့ကလူကို မယုံကြည်နိုင်ဟန်ဖြင့် ခေါင်းမော့ကြည့်နေသည်။ သူမ၏ အသက်ရှူသံများ မြန်ဆန်နေ၍ မြစိမ်းရောင်မျက်လုံးများသည် အတိုင်းသားမြင်နေရသော ဝမ်းသာပီတိဖြစ်မှုများဖြင့် တောက်ပနေသည်။ ယခုတစ်ကြိမ်တွင် ထိုလူသည် အလင်းနောက်ခံ ရှိမနေတော့သဖြင့် သူ၏ ရုပ်ရည်အစစ်အမှန်ကို သူမ မြင်တွေ့လိုက်ရသည်။ အရှေ့တိုင်းသား အသားအရည်နှင့် အနောက်တိုင်းသား မျက်နှာတည်ဆောက်ပုံမျိုးဖြစ်သည်။ ကျီတင်းကျိုသည် ကပြားတစ်ဦးဖြစ်၍ သူ၏မိခင်ထံမှ ရရှိထားသော မြစိမ်းရောင်မျက်လုံးများနှင့် ချောင်ကျကာ ဖြူဖျော့နေသော ပါးပြင်များ ပိုင်ဆိုင်ထားသည်။ ကျီနျန် စိတ်ကူးထားသည့် လူဆိုးပုံစံနှင့်မတူပေ၊ အကယ်၍ သူသာ ဝတ်စုံအပြည့် ဝတ်ထားပါက ၂၀ ရာစု အနောက်တိုင်းမှ ယဉ်ကျေးသိမ်မွေ့သော မှူးမတ်မျိုးနွယ်ဝင်တစ်ဦးနှင့်ပင် ဆင်တူပေလိမ့်မည်။
ယခုတစ်ကြိမ် ကန်ဘောင်ဘေးတွင် တွေ့ဆုံခြင်းသည်လည်း တိုက်ဆိုင်မှုတစ်ခုပင်။
"ကိုကို... ဘာလို့ ဒီကိုပြန်လာတာလဲဟင်"
ကျီနျန်သည် အနောက်သို့ ပြန်လှည့်ကြည့်လိုက်သည်။ သေးငယ်သော မျက်နှာထက်တွင် ကြောက်လန့်နေသော မျက်လုံးများဖြင့် ကြီးစိုးထားပြီး ထိုမျက်လုံးထဲရှိ ခံစားချက်များကို လူတိုင်း အလွယ်တကူ ဖတ်ရှုနိုင်သည်။ ဝေ့ယန်သည် ကျီတင်းကျိုနှင့် တစ်ပုံစံတည်းတူသော ကျီနျန်၏ အကြည့်များကို မြင်လိုက်ရသောအခါ သူ၏ မျက်နှာအမူအရာ အနည်းငယ် ရှုပ်ထွေးသွားသည်။ ထိုစဉ်က ကျီတင်းကျိုသည်လည်း ထိုမျက်လုံးများကြောင့် 'မျိုးမစစ်' ဟု အကြိမ်ကြိမ် ခေါ်ဝေါ်နှိမ်ချခံခဲ့ရသည်မဟုတ်လေသလော။
ကျီနျန်က 'ကိုကို' ဟု ခေါ်လိုက်ခြင်းကို ကြားသောအခါ ဝေ့ယန်၏ နှုတ်ခမ်းထောင့်များ တွန့်လိမ်သွားသည်။ သို့သော် ကျီတင်းကျိုသည် သူနှင့် သွေးဝက်နီးပါး ရောစပ်ထားသော ကလေးမလေး၏ 'ကိုကို' ဟု ခေါ်ဆိုမှုကို မည်သည့် တုံ့ဆိုင်းမှုမျှ မမပြသဘဲ လက်ခံနိုင်သည်အထိ အရှက်မဲ့လှသည်။
"ဘာလဲ၊ ငါက ပြန်လာလို့ မရဘူးလား" ကျီတင်းကျိုက ကလေးမလေးကို စိုက်ကြည့်ရင်း နှုတ်ခမ်းထောင့်များ တဖြည်းဖြည်းချင်း ကွေးညွတ်သွားသည်။
ကျီနျန်က ခေါင်းခါလိုက်သည်။
"အဲ့လို မဟုတ်ပါဘူး... ကိုကို..."
သူမသည် တစ်စုံတစ်ခုကို ရှာဖွေနေသကဲ့သို့ သူမအနောက်သို့ တစ်ချက်လှည့်ကြည့်လိုက်ပြန်သည်။ ကျီတင်းကျိုသည် ဤအသေးစိတ်အချက်ကို သတိထားမိပြီးနောက် မသိချင်ယောင်ဆောင်ကာ မေးလိုက်သည်။
"ဘာရှာနေတာလဲ"
ကျန်းယွီလန်သည် ဤကလေးမလေးကို ဓားတစ်ချောင်းနှင့် လိုက်နေကြောင်း သူ သိနှင့်ပြီးသားဖြစ်သည်။ ထို့ပြင် ဤနေရာတွင် တွေ့ဆုံကြခြင်းသည် တိုက်ဆိုင်မှုမဟုတ်ဘဲ ကျီနျန်၏ ရည်ရွယ်ချက်ရှိရှိ လုပ်ရပ်ဖြစ်ကြောင်း သူ သံသယဝင်မိသည်။ ကျီနျန်သည် သူ မည်သူဖြစ်ကြောင်း ကြိုတင်သိထား၍ ယခုအခါ အာဏာရှိသူဖြစ်သော မိမိထံမှ အကူအညီတောင်းရန် ပါးပါးနပ်နပ် ကြိုးစားနေခြင်းလေသလောဟု သူ ထင်မြင်မိသည်။
သို့သော် ကျီနျန်က ပုံမှန်အတိုင်း ပြန်ဖြေလိုက်သည်။
"သမီးက မေမေနဲ့ ကစားနေတာပါ"
ထိုစကားလုံးများ ထွက်ပေါ်လာသည်နှင့် လေထုတစ်ခုလုံး အေးခဲသွားလေသည်။ စနစ်လျှင်ပင် မေးခွန်းအမှတ်အသားများ တဖြည်းဖြည်းချင်း ရိုက်နှိပ်လိုက်သည်။
ပတ်ဝန်းကျင်တစ်ခုလုံး အေးစက်လာ၍ ကျီတင်းကျို၏ အတုအယောင် အပြုံးများ အရိပ်အယောင်ပင်မကျန်ဘဲ ပျောက်ကွယ်သွားသည်။
"မင်းအမေက ဘယ်သူလဲ"
ကျီနျန်သည် သူ၏ စိတ်အပြောင်းအလဲကို သိရှိပြီးနောက် အနည်းငယ် ဇဝေဇဝါဖြစ်သွားသော်လည်း ယဉ်ကျေးစွာ ပြန်ဖြေလိုက်သည်။
"မေမေက သမီးရဲ့ မေမေပေါ့"
"သူက သမီးအနားမှာ အမြဲရှိနေတဲ့ တစ်ဦးတည်းသောသူလေ" ကလေးမလေးသည် အနည်းငယ် ထိတ်လန့်သွားပုံရပြီး လက်နှစ်ဖက်ကို ပွတ်သပ်ရင်း ဆက်ပြောသည်။
"နည်းနည်းတော့ နာတယ်..."
"သူဖမ်းမမိအောင် ပြေးနေရတာ"
ဝေယန်၏ အမူအရာသည် အလွန်ရှုပ်ထွေးလာသည်။ 'နည်းနည်းပဲ နာတာဟုတ်ပါ့မလား။ အဲ့ဒီ့အမျိုးသမီးက သူ့အသက်ကို နှုတ်ချင်နေတာလေ'
ကျီနျန် ပြောနေသော 'မေမေ' ဆိုသည်မှာ ကလေးထိန်း ကျန်းယွီလန်ကို ဆိုလိုခြင်းဖြစ်ကြောင်း သူ သဘောပေါက်လိုက်သည်။ မွေးကတည်းက ရက်စက်သော ကလေးထိန်းနှင့်အတူ ကြီးပြင်းလာရသဖြင့်၊ သာမန်ကလေးများ မည်သို့နေထိုင်သည်ကို သူမ မသိရှိသည့်အပြင် နှိုင်းယှဉ်စရာ သူငယ်ချင်းလည်း မရှိပေ။ သူမ၏ မသိစိတ်ထဲတွင် ထိုကလေးထိန်းကို မိသားစုဝင်တစ်ဦးအဖြစ် မှတ်ယူထားခဲ့သည်။ သို့မဟုတ်လျှင်လည်း ထိုကလေးထိန်းက သူမကို 'မေမေ' ဟု ခေါ်ခိုင်းကာ လှည့်စားထားခြင်းလည်းဖြစ်နိုင်သည်။ ကလေးငယ်သည် ကလေးထိန်း၏ ကြမ်းတမ်းသော လုပ်ရပ်များကို သူမ၏ စိတ်ထဲတွင် 'ကစားနည်း' တစ်ခုအဖြစ် လှပအောင် ပုံဖော်ထားခဲ့ခြင်းဖြစ်သည်။
ဝေ့ယန်သည် မိသားစုခေါင်းဆောင်နှင့် ဆင်တူသော်လည်း ပို၍ ကြည်လင်တောက်ပနေသော ထိုမျက်လုံးများကို ကြည့်ကာ ရင်ထဲတွင် တစ်ခုခု ခံစားလိုက်ရသည်။ ဝေ့ယန် တွေးတောနိုင်သမျှကို ကျီတင်းကျိုသည်လည်း တွေးတောနိုင်သည်။
"အဖမ်းခံရပြီး ဓားနဲ့ အခုတ်ခံရတာက ကစားနည်းတစ်ခုလား" ကျီနျန် အလိုက်ခံနေရခြင်းကို သူသိထားကြောင်း မဖုံးကွယ်ဘဲ အေးစက်စွာ မေးလိုက်သည်။ ကျီနျန်သည် တုံ့ဆိုင်းသွားပြီး နာကျင်မှုကို ကြောက်လန့်နေသည်မှာ သိသာသော်လည်း ခေါင်းငြိမ့်ပြနေဆဲဖြစ်သည်။
“ဟ၊ ငတုံးပဲ" ကျီတင်းကျိုက တွေးလိုက်သည်။
ထိုစဉ် ကျီနျန်က အလွန်ကိုယ်ကျိုးစွန့်သည့် ပုံစံဖြင့် ပြောလိုက်သည်။
"ရပါတယ်၊ မေမေက တင်ပါးထဲမှာ ကလေးရှိနေတာဆိုတော့ သမီး သူ့ကို အပြစ်မတင်ပါဘူး"
[T/N : တင်ကြီးလို့ XD]
လူတိုင်း : "......"
ကျန်းယွီလန်သည် သူမ၏ကြီးမားသော တင်ပါးဆုံကြီးများကို များသောအားဖြင့် ကျီနျန်အပေါ် တက်ဖိရန်သာ သုံးခဲ့သော်လည်း ယခုအခါ အသက်သစ်တစ်ခုကို မွေးဖွားပေးနိုင်သည့်အရာအဖြစ် အသုံးတော်ခံသွားရမည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ ကျီတင်းကျိုသည် ကျီနျန်နှင့် အကြည့်ဆုံသောအခါ သူမ၏ မျက်လုံးထဲတွင် နောက်ပြောင်နေသည့် အရိပ်အမြွက်မျှမတွေ့ရဘဲ အလွန်တည်ကြည်၍ ရိုးသားနကြောင်း မြင်တွေ့လိုက်ရသည်။ သူမက ထိုအတိုင်း အမှန်တကယ် ယုံကြည်နေပုံရသည်။ ကျီတင်းကျိုသည် မျက်မှောင်ကြုတ်လိုက်ပြီးနောက် ရုတ်တရက် အသံတိုးတိုးဖြင့် ရယ်မောလိုက်သည်။ မှန်ကန်စွာပြောရလျှင် ထိုရယ်သံထဲတွင် ပျော်ရွှင်မှု အလျှင်းမရှိပေ။
"မင်းက တကယ့်ကို ကြင်နာတတ်တဲ့ ကလေးတစ်ယောက်ပါလား"
သူသည် ကြင်နာတတ်သည်ဟူသည့် စကားလုံးကို အလေးအနက်ထား၍ ဖိပြောလိုက်သဖြင့် ကျီနျန်၏ ကျောထဲတွင် ချမ်းစိမ့်သွားသည်။
[သေစမ်း... သူက လှည့်စားဖို့ တကယ်မလွယ်ပါလား] ကျီတင်ကျိုသည် သူမကို လုံးဝမယုံကြည်ပေ။
‘ငါက ငါးနှစ်အရွယ် ကလေးတစ်ယောက်လေ၊ ဘယ်လို မကောင်းတဲ့ ရည်ရွယ်ချက်မျိုးရှိနိုင်မှာမို့လို့လဲ'
“ကိုကိုက အလိမ်ခံရတာကို အမုန်းဆုံးဆိုတာ မင်း သိလား" ကျီတင်းကျိုသည် ရှက်ရွံ့ခြင်း အလျှင်းမရှိဘဲ ကိုယ့်ကိုယ်ကို ကိုကိုဟု ခေါ်ဆိုပြီးနောက် ခွေးကလေးတစ်ကောင်ကို စနောက်သကဲ့သို့ ကျီနျန်ကို လက်ယပ်ပြလိုက်သည်။ ကျီနျန်သည် အပြစ်ကင်းစင်သော ဇဝေဇဝါမျက်နှာဖြင့် သူ၏အနားသို့ ပြေးသွားခဲ့ရသည်။အမျိုးသား၏ သိသာထင်ရှားလှသော မကောင်းကြံသည့် အငွေ့အသက်များကို မသိသယောင် ဆောင်ထားခဲ့သည်။
အစောင့်များသည် သွေးသံရဲရဲဖြင့် တုပ်နှောင်ခံထားရသော အမျိုးသားတစ်ဦးကို သယ်ဆောင်လာကြသည်။ အမျိုးသားသည် နာကျင်စွာ ညည်းညူနေသည်။ သူသည် နောက်တစ်စက္ကန့်တွင် ကန်ထဲသို့ ရက်ရက်စက်စက် ကန်ချခံလိုက်ရသည်။ အသံသည် ကနဦး အဆာသွတ်မုန့်တစ်ခု ရေကန်ထဲကျသွားသည့် အသံထက် ပို၍ကျယ်လောင်သည်။ ကျီနျန်၏ မျက်နှာအမူအရာ ဖြူဖျော့သွားသည်။ သို့သော် သူမ၏ ညစ်ပတ်နေသော မျက်နှာကြောင့် သိပ်မသိသာခဲ့ပေ။ ကျီတင်းကျိုသည် ရေထဲသို့ ပစ်ချခံရသူကို လှည့်မကြည့်ဘဲ ဘေးနားရှိ ကလေးမလေးကို စိတ်ဝင်တစား အကဲခတ်နေသည်။ နှုတ်ခမ်းတွင် အပြုံးတစ်ပွင့်ဖြင့် ကျီနျန်ကို အေးအေးဆေးဆေး မေးလိုက်သည်။
"ဘာမြင်လိုက်လဲ"
ကျီနျန်သည် နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီးနောက် ကျီတင်းကျို၏ ပိုမိုအန္တရာယ်ရှိလာသော အကြည့်များအောက်တွင် ထိုသို့ပြောလိုက်သည်။
"အသက်ဓာတ်ရဲ့ အရင်းမြစ်ဖြစ်တဲ့ ရေ၊ အဆုံးမဲ့တဲ့ ဆီးသွားချင်စိတ်ကို ဖြစ်ပေါ်စေပါတယ်"