no

Font
Theme

အခန်း (၇)

ကျီနျန်သည် မူလတွင် ကျီတင်းကျို၏ သူမအပေါ် သည်းခံနိုင်စွမ်းကို စမ်းသပ်ရန် ဟန်ဆောင်နေခြင်းဖြစ်သည်။ သို့သော် အရသာရှိလှသော အစားအသောက်များ ဝဝလင်လင် စားသောက်ပြီးနောက် ကျီတင်းကျိုအရှေ့တွင် ဟန်ဆောင်လိုသည့် အတွေးများအားလုံး ပျောက်ကွယ်သွားသည်။ ဝတ္ထုထဲရှိ အမျိုးသမီးဇာတ်လိုက်ကဲ့သို့ ကျီတင်းကျို၏ နှလုံးသားကို အလွယ်တကူ သိမ်းပိုက်နိုင်လိမ့်မည်ဟုဟူသော ယုံကြည်ချက်မျိုး သူမတွင် မရှိပေ။ သို့သော် သူမအပေါ် သတ်ဖြတ်လိုစိတ် မရှိဘဲ၊ ဝဝလင်လင် စားသောက်ခွင့်ပေးကာ၊ အလုပ်လုပ်နိုင်သည့် အရွယ်အထိ ကျီမိသားစုတွင် ခိုလှုံခွင့်ပေးမည်ဆိုပါက အိမ်မွေးတိရစ္ဆာန်လေးတစ်ကောင်ကဲ့သို့ ဆက်ဆံခံရလျှင်ပင် သူမ ဂရုမစိုက်ပေ။

[ နုနယ်လွန်းတဲ့ ကလေးဘဝကို အသက်ရှင်အောင် ဖြတ်သန်းနိုင်ဖို့က အဓိကပဲ... ]

ထို့ကြောင့် သူမသည် အပြစ်ကင်းစင်ကာ ချိုမြိန်သော ကလေးငယ်အဖြစ် အဆုံးထိ သရုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။ အိပ်ချင်ယောင်ဆောင်နေသော ကျီနျန်သည် ဤသို့တွေးတောရင်း အမှန်တကယ် အိပ်ပျော်သွားလေသည်။ သူမသည် ပါးလွှာသော အဝတ်အစားများကိုသာ ဝတ်ဆင်ထားသဖြင့် အိပ်မောကျနေစဉ် မသိစိတ်ဖြင့် အနွေးဓာတ်ကို ရှာဖွေနေသည်။

"ဟင်း..."

ကျီနျန်သည် တစ်ဖက်သို့ လှည့်လိုက်ရာ မာကျောသော အရာတစ်ခုဖြင့် တိုးမိသည်နှင့် ချက်ချင်းပင် ဖက်တွယ်လိုက်သည်။

"မီမီ ပုစွန်ချောင်းလေးတွေ... ဟဲဟဲ... မီမီ ပုစွန်ချောင်းကြီးတွေ..."

ကျီတင်းကျိုသည် နာတာရှည် အိပ်မပျော်သည့် ရောဂါကို ခံစားနေရသူဖြစ်၍ အိပ်ဆေးများကို မှီခိုနေရသူဖြစ်သည်။ သို့သော် ကြာလာသည်နှင့်အမျှ ဆေးယဉ်ပါးလာသဖြင့် ဆေးပြားများစွာ သောက်သုံးလျှင်ပင် ထိရောက်မှု မရှိတော့ပေ။ အလွန်အကျွံ သောက်ပြန်လျှင်လည်း ပြန်မနိုးထလာတော့မည့် အန္တရာယ်မျိုးရှိနေသည်။ ဤအခြေအနေများကြောင့် သူ၏ စိတ်ဆတ်မှုသည် ပို၍ ဆိုးရွားလာကာ သူနှင့် ငယ်စဉ်ကတည်းက အတူကြီးပြင်းခဲ့သည့် ဝေ့ယန်ပင် တစ်ခါတစ်ရံ သူ့ကို ကြောက်ရွံ့နေသည်။

မျှော်လင့်မထားဘဲ အိပ်ငိုက်လာသည့်အခါ ကျီတင်းကျိုသည် ဤရှားပါးလှသော အခွင့်အရေးကို လက်လွတ်မခံဘဲ မျက်လုံးများကို မှိတ်ထားလိုက်သည်။ သို့သော် သူ၏ ခြေထောက်နှင့် တစ်စုံတစ်ခု ထိတွေ့လာခြင်းကို ခံစားလိုက်ရသည်။ သန့်ရှင်းမှုကို အလွန်အမင်း ကြိုက်နှစ်သက်သူ ကျီတင်းကျိုသည် ဤအခန်းထဲတွင် သူအပြင် နောက်ထပ် သက်ရှိဟူ၍ သူနှင့် ရုပ်ချင်းဆင်တူသည့် ငတုံးမလေးသာရှိနေကြောင်း သတိရသွားသည်။

ရုတ်တရက်ဆိုသလိုပင် သူ၏ စိတ်ထဲတွင် ရွံရှာစက်ဆုပ်မှုများ ပေါ်ပေါက်လာသည်။ ကျီနျန်သည် မည်မျှသန့်ရှင်းနေပါစေ၊ ကျီတင်းကျို၏ မျက်လုံးထဲတွင် သူမသည် ညစ်ပတ်နေဆဲဖြစ်သည်။ သို့သော် ဒေါသဖြင့် မပေါက်ကွဲမီ ပြင်းထန်သော အိပ်ငိုက်မှုများက သူ့ကို ဆွဲခေါ်သွားတော့သည်။ မကြာမီတွင် ကျီတင်းကျို၏ အသက်ရှူသံများ တည်ငြိမ်လာသည်။

ကျီတင်းကျိုသည် သူ၏ ငယ်ဘဝကိုပင် အိပ်မက်မက်နေသည်။ မိုးသက်မုန်တိုင်း ကျနေသည့် ညတစ်ညတွင် တဲလေးတစ်ခုထဲ၌ သူ ခိုကပ်နေခဲ့ရသည်။ ထိုစဉ်က သာ့ကန်းရှိနေသေးသည်။ ခွေးလေး၏ နွေးထွေးနူးညံ့သော ဝမ်းဗိုက်သည် ကျီတင်းကျိုအတွက် တစ်ခုတည်းသော အနွေးဓာတ်ဖြစ်ခဲ့သည်။ သူသည် သာ့ကန်း၏ အမွေးပွပွ ခေါင်းလေးကို ဖက်ထားရင်း အမိုးပေါ်သို့ မိုးစက်များ ကျလာသည့် အသံကို နားထောင်နေခဲ့သည်။ အမှိုက်ပုံထဲမှ သက်တမ်းကုန်နေသည့် ပေါင်မုန့်တစ်လုံးကို တွေ့ခဲ့ခြင်းသည် ၎င်းတို့နှစ်ဦးအတွက် ဝမ်းသာဖွယ်အကောင်းဆုံး အခိုက်အတန့်ဖြစ်ခဲ့သည်။

"သာ့ကန်း... ငါ မင်းကို နေ့တိုင်း အသားကျွေးနိုင်အောင် ကြိုးစားမှာပါ" ငယ်ရွယ်သော ကျီတင်းကျိုသည် စိမ်းမြသော မျက်လုံးများဖြင့် ခိုင်မာစွာ ကတိပေးလိုက်သည်။

"ဝုဖ်" သာ့ကန်းက ဟောင်၍ သခင်၏ မျက်နှာကို လျှာဖြင့် လျက်ပေးလိုက်သည်။ အသားမစားရလျှင်ပင် အရေးမကြီးပေ။ ခွေးလေး၏ ကမ္ဘာသည် ရိုးရှင်းလှသည်။ ၎င်းအလိုချင်ဆုံးအရာသည် ၎င်း​၏ သခင်အနားတွင် ရှိနေရန်သာဖြစ်သည်။

ဤသည်မှာ ကျီတင်းကျို ဘဝတွင် ရှားရှားပါးပါး ပိုင်ဆိုင်ခဲ့ရသည့် အဖိုးတန် အမှတ်တရတစ်ခုဖြစ်သည်။ သို့သော် ထိုခွေးလေး သာ့ကန်းသည် ကျီမိသားစုရှိ ဒုတိယသခင်လေး​၏ လက်ချက်ဖြင့် ကျီတင်းကျိုရှေ့မှောက် အရေခွံဆုတ်၍ အပိုင်းပိုင်း ဖြတ်တောက်ခံခဲ့ရသည်။ သွေးသံရဲရဲ မြင်ကွင်းများ မပါဝင်သည့် ထိုအိပ်မက်မှ နိုးလာသောအခါ လိုက်ကာများ ပိတ်ကာ ညမီးရောင် မှိန်ဖျောဖျော့ အခန်းထဲတွင် ကျီနျန်သည် သူ၏ ခြေထောက်ကို ဖက်တွယ်၍ နှစ်ခြိုက်စွာ အိပ်ပျော်နေကြောင်း ကျီတင်းကျို မြင်လိုက်ရသည်။ သူမ၏ ဆံပင်များ ဖရိုဖရဲဖြစ်နေ၍ သူမ၏ ပါးများသည် ပိန်လွန်းလှသည်။ သူမသည် တစ်ခုခုကို သောက်နေသည့်အလား နှုတ်ခမ်းလေးကို လှုပ်ယမ်းရင်း အိပ်မက်ကောင်းနေပုံရသည်။

"နောက်တစ်ငုံ... နောက်တစ်ငုံပဲ... ချစ်သူလေး... ဟဲဟဲ…"

သူမ၏ အသံသည် တိုးလျော့သော်လည်း ကျီတင်းကျို၏ ထက်မြက်သော အကြားအာရုံက စကားလုံးတိုင်းကို ကြားလိုက်ရသည်။

ဘာလဲဟ ချစ်သူလေးတဲ့...' ကျီတင်းကျို၏ မျက်ခွံများ လှုပ်ယမ်းနေသည်။

နွားနို့ပူပူ ယူလာပေးသည့် အိမ်အကူတစ်ဦးသည် အံ့အားသင့်စွာ ရေရွတ်နေမိသည်။ မိသားစုခေါင်းဆောင်သည် နွားနို့ မကြိုက်သူဖြစ်သောကြောင့် ယခုကဲ့သို့ နွားနို့ ယူလာခိုင်းခြင်းကို သူမ အထူးအဆန်း ဖြစ်နေမိသည်။ သို့သော် အခန်းထဲသို့ ရောက်သည့်အခါ ကျီနျန်သည် ကျီတင်းကျို၏ ခြေထောက်ကို ဖက်အိပ်နေကြောင်း မြင်လိုက်ရသည်နှင့် သူမ သဘောပေါက်သွားသည်။ ကျီတင်းကျိုသည် ဝေ့ယန် ပို့ပေးထားသော စောင့်ကြည့်ကင်မရာ မှတ်တမ်းကို တက်ပလက်ဖြင့် ကြည့်နေသည်။

"သူ အဆောက်အဦးထဲက ထွက်လာပြီး စားလို့ရမယ့် အပင်တွေ ရှိမလားဆိုပြီး လျှောက်ကြည့်နေတာပါ။ ဘာမှ မတွေ့တဲ့အခါကျမှ..." ဝေ့ယန်၏ အသံသည် တုံ့ဆိုင်းစွာ ထွက်ပေါ်လာသည်။

ကျီနျန်သည် အစားအစာ မတွေ့သဖြင့် နေရာတစ်ခုသို့ တည့်တည့်မတ်မတ် ဦးတည်သွားခဲ့သည်။ သူမသည် လုံခြုံရေး ကင်းလှည့်သည့်လမ်းကို ရှောင်တိမ်းကာ ခြံစည်းရိုးကို ကျော်ဖြတ်ပြီးနောက် လှပသော အဆောက်အဦးတစ်ခုဆီ ရောက်ရှိသွားသည်။ ထိုနေရာရှိ အရိပ်မည်းကြီးတစ်ခုသည် သူမဆီ ခုန်အုပ်လာခဲ့သည်။ ထိုအရိပ်မည်းကြီးကို မြင်လိုက်ရသည့်အခါ ကျီတင်းကျို၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ ဤသည်မှာ သူ၏ ခွေး သာ့တန်းဖြစ်သည်။ သာ့တန်းသည် အဝါရောင်ခွေးတစ်ကောင်ဖြစ်၍ အကောင်ထွားသော ခွေးမျိုးစိတ်ဖြင့် ဆက်ကျထားသောကြောင့် သာမန်ခွေးများထက် ပို၍ ထွားကျိုင်းပေသည်။ ၎င်းသည် နိုင်ငံခြားဖြစ် အိမ်စောင့်ခွေးများဖြစ်သည့် ဒိုဘာမန်းများကဲ့သို့ မခန့်ညားသည့်အပြင် ပိုမီရေးနီးယန်း ခွေးလေးများကဲ့သို့ ချစ်စရာမကောင်းပေ။ ၎င်းသည် ရိုးရိုးခွေးတစ်ကောင်ဖြစ်သော်လည်း ကျီတင်းကျို၏ စောင့်ရှောက်မှုဖြင့် ဗီလာတစ်ခု၌ သီးသန့် နေထိုင်နေသည့်အပြင် ဆရာဝန်နှင့် အလှပြင်ဆင်ပေးသူ အယောက်တစ်ရာကျော်က ပြုစုပေးထားသည်။ ၎င်းသည် ကျီတင်းကျိုမှလွဲ၍ မည်သူနှင့်မျှ မရင်းနှီးတတ်သော ခွေးတစ်ကောင်ဖြစ်သည်။

သို့သော် ဗီဒီယိုထဲတွင်မူ သာ့တန်းသည် ကျီနျန်၏ အနံ့ကို ရသည်နှင့် အမြီးကို အဆက်မပြတ် ခါယမ်းကာ သူအကြိုက်ဆုံး ခွေးမုန့်တစ်ခုကို ချပေးခဲ့သည်။ ကျီနျန်က ထိုမုန့်ကို စားကြည့်လိုက်သော်လည်း မာလွန်းသောကြောင့် မဝါးနိုင်သဖြင့် စိတ်ပျက်သွားသည့် အမူအရာမျိုး ပြသလာသည်။ ထိုအခါ ခွေးကြီးသည် စိုးရိမ်တကြီးဖြင့် သူမကို နှာခေါင်းဖြင့် တွန်းကာ အူသံပေးလိုက်သည်။

ကျီနျန်က ခွေးကြီးကို ပြန်ဖက်ကာ "လိမ္မာတယ်၊ လိမ္မာတယ်" ဟု ပြောနေသည်။ ထို့နောက် ခွေးကြီးက သူမကို တွန်းလှဲလိုက်ကာ နှစ်ယောက်သား ပျော်ရွှင်စွာ လုံးထွေးဆော့ကစားကြလေသည်။ ဤမြင်ကွင်းကြောင့် ကျီတင်းကျိုသည် သာ့ကန်းနှင့် သူ၏ အတိတ်ကို ပြန်သတိရသွားသည်။ ၎င်းတို့နှစ်ဦးသည် အကြိမ်ကြိမ် ငတ်မွတ်ခဲ့ရသော်လည်း တစ်ဦးကိုတစ်ဦး အပြန်အလှန် အမှီသဟဲပြုခဲ့သည့်အတွက် လောကဓံ၏ ဒဏ်ချက်များကို သည်းခံနိုင်ခဲ့သည်။ ကျီတင်းကျိုသည် သူ၏ ခြေထောက်ကို ခေါင်းအုံးကာ အိပ်ပျော်နေဆဲဖြစ်သည့် မျက်နှာချင်းဆိုင်ရှိ ကလေးမလေးကို ငုံ့ကြည့်လိုက်သည်။

‘သူ့ဝတ်အစားတွေ ဒီလောက်ညစ်ပတ်နေတာ မထူးဆန်းတော့ပါဘူး’ ညစ်ပတ်သည်ဟူသော စကားလုံးကို စဥ်းစားမိသောအခါ ကျီတင်းကျို၏ မျက်နှာပေါ်ရှိ အေးဆေးတည်ငြိမ်မှုများ ပျောက်ကွယ်သွားသည်။ ကျီတင်းကျိုသည် ကျီနျန်ကို ဆွဲမလိုက်သည်။ ထိုအခါ ချောလီသော အမျိုးသားများ​၏ ဆစ်ပတ်များအကြောင်း ဆအိမ်မက်မက်နေသော ကျီနျန်တစ်ယောက် လန့်နိုးသွားလေသည်။ လေးလံသော မျက်လုံးများကို ဖွင့်ကြည့်လိုက်သောအခါ ကျီတင်းကျို၏ နက်မှောင်သော အမူအရာကို မြင်တွေ့လိုက်ရသည်။

"ကျစ်လျောင်... သူကို သန့်ရှင်းရေး လုပ်ပေးလိုက်"

ကျစ်လျောင်ဟု အမည်ရသည့် အိမ်အကူအမျိုးသမီးသည် ရယ်ချင်စိတ်ကို အောင့်အီးထားရင်း ကျီနျန်ကို ပွေ့ချီလိုက်သည်။ "ဟုတ်ကဲ့ပါ မိသားစုခေါင်းဆောင်"

အိပ်ချင်မူးတူးဖြစ်နေသော ကျီနျန်တစ်ယောက် ရေချိုးရန် ခေါ်ဆောင်ခံလိုက်ရသည်။ ကျီတင်းကျိုသည် ကျီနျန် ထွက်သွားသည်နှင့် အဝတ်အစားများကို အလျင်အမြန် ချွတ်ပစ်ကာ တတိယအကြိမ်မြောက် ရေချိုးလိုက်လေသည်။

နားကြပ်မှ အဆက်အသွယ် ပြတ်တောက်သွားသော ဝေ့ယန်သည် ဇဝေဇဝါဖြစ်နေဆဲပင်။

‘မိသားစုခေါင်းဆောင်ပြောတဲ့ ‘သူ’ ဆိုတာ ဘယ်သူလဲ။ အဲဒီမှာ တစ်ယောက်ယောက် ရှိနေတာလား’

ကျီနျန်တစ်ယောက် သာ့တန်ကို စီးပြီးနောက် အဆောက်အဦးထဲသို့ ဝင်လာသည့် ဗီဒီယိုကို ပိတ်လိုက်ပြီးနောက် ဝေ့ယန်တစ်ယောက် မေးစေ့ကို ပွတ်သပ်ရင်း စဉ်းစားနေမိသည်။

‘ရေချိုးပေးဖို့ လိုအပ်တယ်ဆိုရင်တော့ အဲဒါက ညစ်ပတ်တဲ့အရာတစ်ခုခုပဲဖြစ်ရမယ်။ ဒါပေမယ့် အပြင်ကို လွှင့်ပစ်ဖို့ မပြောဘဲ သန့်ရှင်းခိုင်းနေတယ်ဆိုတာကတော့... ‘

"ထူးဆန်းလိုက်တာ..." ကျီနျန်သည် ကျီတင်းကျို၏ ခြေထောက်ကို ဖက်ကာ သုံးနာရီကြာ အိပ်ပျော်သွားခဲ့ခြင်းကိုသာ ဝေ့ယန် သိသွားလျှင် အံ့ဩလွန်းသောကြောင့် မေးရိုးပင် ပြုတ်ကျသွားလောက်သည်။

တစ်ဖက်တွင်မူ— "မမက အရမ်းလှတာပဲ..."

ကျီနျန်သည် အိမ်အကူအမျိုးသမီးကို မှတ်မိသွားသည်။ ဤသည်မှာ သူမကို အစားအသောက်များ ယူလာပေးသည့် အမျိုသမီးဖြစ်သည်။ အစောပိုင်းတွင် အစားအစာကိုသာ အာရုံရောက်နေသောကြောင့် သတိမထားမိသော်လည်း ယခုအခါ ကျစ်လျောင်သည် သူမကို အဝတ်အစားများ ချွတ်ပေးနေသည့်အခါ မျက်နှာကို အထင်အရှား မြင်တွေ့လိုက်ရသည်။ ကျစ်လျောင်၏ မျက်နှာသည် ဖြူဖွေး၍ အချိုးအစား ကျနသော်လည်း ညာဘက်မျက်နှာ တစ်ခြမ်းလုံးတွင် အမာရွတ်ကြီးတစ်ခု ကန့်လန့်ဖြတ် တည်ရှိနေသည်။ ကျီနျန်သည် မြှောက်ပင့်ပြောနေခြင်း မဟုတ်ဘဲ အမှန်တကယ် ချီးကျူးနေခြင်းဖြစ်သည်။ အထူးသဖြင့် ထိုအိမ်အကူအမျိုးသမီး၏ ကြယ်ပွင့်လေးများကဲ့သို့ တောက်ပ၍ သက်ဝင်နေသော မျက်ဝန်းများကို သူမ အလွန်သဘောကျမိသည်။ သူမသည် ထိုမျက်ဝန်းများကို အံ့အားသင့်စွာ ငေးကြည့်နေမိသည်။

မိသားစုခေါင်းဆောင်ကို အစားအစာ စားသောက်စေသည့်အပြင် အိပ်ပျော်သွားအောင်ပင် စွမ်းဆောင်နိုင်ခဲ့သည် ကျီနျန်ကို သဘောကျနေမိသော ကျစ်လျောင်သည် ထိုချီးကျူးစကားကြောင့် အံ့အားသင့်သွားသည်။ သူမ၏ မျက်နှာအမူအရာ နူးညံ့သွား၍ ကလေးမလေးကို လိမ်မပြောရန် ပြောဆိုခါနီးတွင် သူမ နှုတ်ခမ်းများ ရပ်တန့်သွားသည်။ မည်သို့ဆိုသော် ထိုကျောက်စိမ်းများကဲ့သို့ ကြည်လင်နေသော မျက်ဝန်းများအနက် စစ်မှန်သော စိတ်သဘောထားကို မြင်လိုက်ရသောကြောင့်ဖြစ်သည်။

ကျီနျန်သည် ကျစ်လျောင်ကို ဘာဟန်ဆောင်မှုမှမရှိဘဲ အမှန်တကယ်ကို လှပသည်ဟု ထင်မှတ်နေခြင်းဖြစ်သည်။ ကျစ်လျောင်၏ စကားလုံးများ လည်ချောင်းဝတွင် ရပ်တန့်သွားသည်။ ကျီနျန်က တစ်ခုခု ဆက်ပြောရန်ဟန်ပြင်လိုက်စဥ် ထိုအမျိုးသမီး၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။ ပိန်ပါးလွန်းသော ကလေးမလေး၏ ခန္ဓာကိုယ်ပေါ်ရှိ ထိတ်လန့်ဖွယ်ကောင်းသော ဒဏ်ရာ ဒဏ်ချက်များကို မြင်လိုက်ရသည့်အခါ ကျစ်လျောင်၏ မျက်နှာသည် ချက်ချင်းဆိုသလို မှောင်ရိပ်သန်းသွားသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment