no

Font
Theme

အခန်း(၈)

ပိန်ပါးလှသော ကလေးငယ်သည် သူမ၏ အပြစ်ကင်းစင်သော မျက်လုံးများနှင့် ကျစ်လျောင်၏ အပြုအမူကို နားမလည်နိုင်ဟန် ငေးကြည့်နေသည်။ သူမသည် တစ်ခုခု အမှားလုပ်မိလေသလောဟု တွေးတောကာ ကျစ်လျောင်၏ မျက်ဝန်းထောင့်က မျက်ရည်စများကို သူမ၏ လက်ချောင်းလေးများဖြင့် အလိုအလျောက် သုတ်ပေးလိုက်မိသည်။ သူမသည် လတ်လတ်ဆတ်ဆတ် ဒဏ်ရာများရှိနေလျှင်ပင် နာကျင်ပုံမရသည့်အပြင် သူမအပေါ် ကျူးလွန်ခဲ့သည့် နှိပ်စက်ညှင်းပန်းမှုများကိုလည်း လုံးဝသတိမထားမိပုံပေါ်သည်။ ဤကလေးငယ်သည် မိသားစုခေါင်းဆောင်နှင့် ရုပ်ချင်းဆင်သည့်အပြင် သာမန်ကလေးများကဲ့သို့ ကြောက်ရွံ့ခြင်းမရှိဘဲ ကျစ်လျောင်၏ ရုပ်ရည်ကိုပင် လှပသည်ဟု တီးတိုး ချီးကျူးခဲ့သည်။

ကျစ်လျောင်သည် ကျီတင်းကျို၏ အယုံကြည်ရဆုံး လက်အောက်ငယ်သားဖြစ်သောကြောင့် လူအများသည် သူမကို မြှောက်ပင့်ကြသော်လည်း သူမ၏မျက်နှာရှိ အမာရွတ်ကြောင့် မည်သူမျှ ဤသို့ မမြှောင့်ပင့်ရဲကြပေ။ ကျီနျန် စကားဆက်မပြောနိုင်မီ ကျစ်လျောင်က "ခဏစောင့်ဦးနော်" ဟု ခပ်တိုးတိုးပြောကာ အခန်းအပြင်သို့ သုတ်သီးသုတ်ပျာ ထွက်ခွာသွားသည်။

အိပ်ရာက နိုးခါစဖြစ်သဖြင့် ကျီနျန်၏ စိတ်အာရုံသည် သိပ်မကြည်လင်သေးပေ။ ရုတ်တရက်ဆိုသလိုပင် တစ်စုံတစ်ခုကို သတိရသွားကာ ခန္ဓာကိုယ်ကို ငုံ့ကြည့်လိုက်မိသည်။

‘’ငါ တစ်စုံတစ်ယောက်ကို လန့်အောင်လုပ်မိသွားတာတော့ မဟုတ်ပါဘူးနော်’’

အေးမြသော ရာသီဥတုကြောင့် အဝတ်အစားများ အထပ်ထပ် ဝတ်ဆင်ထားသဖြင့် သူမ၏ ပိန်ပါးသော ခန္ဓာကိုယ်သည် မသိသာလှပေ။ သို့သော် အဝတ်အစားများ ချွတ်လိုက်သည့်အခါ နံရိုးများ အပြိုင်းပြိုင်းထနေသော သူမ၏ ခန္ဓာကိုယ်သည် ထိတ်လန့်ဖွယ်ကောင်းပေသည်။ ခန္ဓာကိုယ်အနှံ့ရှိ ဒဏ်ရာဒဏ်ချက်များနှင့်ပတ်သက်၍ ပြောနေစရာပင် မလိုတော့ပေ။ လူကြီးတစ်ယောက်အတွက်ပင် ကြောက်မက်ဖွယ်ကောင်းလှသော ဤဒဏ်ရာများသည် ငါးနှစ်အရွယ် ကလေးငယ်တစ်ဦးအတွက်ဆိုလျှင် ပို၍ပင် ဆိုးဝါးပေလိမ့်မည်။

ကျီနျန်သည် သူမ၏ ဒူးနှစ်ဖက်ကို ပိုက်ကာ ထိုင်နေရင်း စိတ်ထဲက တွက်ချက်နေမိသည်။

‘ဒုက္ခပဲ၊ ကျီတင်းကျိုကတော့ ငါ့ကို သနားအောင် ဟန်ဆောင်နေတယ်လို့ ထင်တော့မှာပဲ’

မည်သို့ပင်ဆိုစေကာမူ၊ ရေချိုးခိုင်းခဲ့သူသည် ကျီတင်းကျိုကိုယ်တိုင်ဖြစ်သည်။ အစပိုင်းတွင် သူမသည် သနားစဖွယ်ကောင်းအောင် ဟန်ဆောင်ရန် စဉ်းစားခဲ့သော်လည်း ကျီတင်းကျိုနှင့် ထိတွေ့ဆက်ဆံပြီးနောက် သူသည် သနားဂရုဏာဖြင့် စိတ်လှုပ်ရှားတတ်သူမဟုတ်ကြောင်း သိရှိလိုက်ရသည်။ ထို့ကြောင့် ကနဦး အစီအစဉ်ကို သူမ လက်လွှတ်လိုက်သည်။ မှန်ကန်စွာပြောရမည်ဆိုလျှင် သူမသည် ညဘက်တွင် အိပ်မပျော်နိုင်လောက်အောင် နာကျင်သောကြောင့်သာ စောစောက မှေးခနဲ အိပ်ပျော်သွားခဲ့ခြင်းဖြစ်သည်။

စနစ်သည် တစ်ခုခုပြောချင်သော်လည်း တွန့်ဆုတ်နေမိသည်။ “.........”

မူရင်းဇာတ်လမ်းတွင် ကျစ်လျောင်သည် ဇာတ်လိုက်မင်းသမီးဘက်သို့ ပထမဆုံး ဆွဲဆောင်ခံလိုက်ရသူဖြစ်၍ နောက်ပိုင်းတွင် ဇာတ်လိုက်မင်းသမီးအတွက် အသက်ပင် စတေးခဲ့သူဖြစ်သည်။ သူမသည် လက်ရှိတွင် အိမ်အကူတစ်ဦးမျှသာဖြစ်သော်လည်း ယခင်က ဆုကြေးငွေ ဘီလီယံတစ်ဆယ်အထိ သတ်မှတ်ခံထားရသည့် ထိပ်တန်းလုပ်ကြံသတ်ဖြတ်သူ အဖွဲ့အစည်းတစ်ခု၏ ခေါင်းဆောင်ဖြစ်ခဲ့ဖူးသည်။ သူမသည် ဇာတ်လိုက်မင်းသမီးအတွက် အရေးပါသော ညာလက်ရုံးတစ်ဦးဖြစ်သည်။

စနစ်သည် ကိုယ့်ကိုယ်ကို ပြန်လည်နှစ်သိမ့်နေမိသည်။

“ကိစ္စမရှိပါဘူး... ကျီနျန်က နည်းနည်းလေး ပွေလီပြီး ကောက်ကျစ်ရုံပါပဲ"

ကြင်နာမှုနှင့် ဆွဲဆောင်မှုအပိုင်းတွင် မူရင်းဇာတ်လိုက်မင်းသမီးသည် သူမကို အသာစီးရမည်မှာ အသေအချာပင်။

ကျီနျန်က “ဟမ်”

"မိသားစုခေါင်းဆောင်..."

တစ်ဖက်တွင်မူ ကျစ်လျောင် ရောက်ရှိလာချိန်တွင် ကျီတင်းကျိုသည် ရေချိုးပြီးသွားပြီဖြစ်သည်။ ကျစ်လျောင်၏ စိတ်မသက်မသာဖြစ်နေသော မျက်နှာကို မြင်လိုက်ရသောအခါ ကျီတင်းကျို၏ ပထမဆုံး တုံ့ပြန်မှုသည် "သူ ရေချိုးကန်ထဲမှာ အညစ်အကြေး စွန့်လိုက်လို့လား" ဟူ၍ မေးမြန်းခြင်းဖြစ်သည်။

ကျစ်လျောင် : "ဟမ်၊ မဟုတ်ပါဘူး"

ကျီတင်းကျို၏ မျက်ခုံးများ အနည်းငယ် ပြေလျော့သွားသည်။ ကျစ်လျောင်သည် စိတ်ကို တည်ငြိမ်အောင် ပြုလုပ်၍ ကျီနျန်၏ ဒဏ်ရာများအကြောင်း အစီရင်ခံလိုက်သည်။

"ကလေးရဲ့ခြေတွေ လက်တွေမှာ မီးလောင်ဒဏ်ရာတွေ၊ အညိုအမည်းစွဲတာတွေနဲ့ ဆွဲဆိတ်ခံထားရတဲ့ ဒဏ်ရာတွေချည်းပဲ။ ကျောပြင်မှာလည်း ကျာပွတ်ရာတွေ အပြည့်ပဲ" ကျစ်လျောင်သည် ထိုအကြောင်းကို ပြောရင်း အသံများ တုန်ရီနေမိသည်။

ကျီတင်းကျိုကမူ မျက်ခုံးတစ်ဖက်ကို ပင့်တင်၍ သူမကို တစ်ချက် စိုက်ကြည့်လိုက်သည်။

"ကျစ်လျောင်၊ မင်းက မင်းနဲ့ မတူလိုက်တာ"

ထိုစကားကို ကြားလိုက်ရသောအခါ ကျစ်လျောင် ရုတ်တရက် သတိပြန်ဝင်လာသည်။ မှန်သည်၊ သူမသည် သူတစ်ပါးကိစ္စတွင် ဝင်ပါတတ်သူ မဟုတ်ပေ။ သူမ၏ အတိတ်အတွေ့အကြုံအရဆိုလျှင် ဤထက်မက ကြောက်မက်ဖွယ်ကောင်းသော အကြောင်းအရာများကို မြင်တွေ့ဖူးခဲ့သဖြင့် သူမ၏ နှလုံးသားသည် ကျောက်ခဲကဲ့သို့ မာကျောနေသည်။ သို့သော် ကျီနျန်၏ ဒဏ်ရာများကို မြင်ရသောအခါ သူမ ငိုလိုက်မိသည်။ သူမသည် ငိုရှိုက်ခဲ့သည် နောက်ဆုံးအကြိမ်ကို သူမကိုယ်တိုင်ပင် မမှတ်မိတော့ပေ။

ပုံမှန်ဆိုလျှင် သူမသည် အမိန့်ကိုသာ နာခံတတ်သူဖြစ်သော်လည်း ယခုအခါတွင် စိတ်ခံစားမှုများ ပါဝင်နေခဲ့သည်။ ကျီတင်းကျိုက ဆရာဝန် ခေါ်ရန် အမိန့်ပေးလိုက်ပြီးနောက် သူမက အက်ကွဲသောလေသံဖြင့် ပြောလိုက်သည်

"... အဲဒီကလေးက မိသားစုခေါင်းဆောင်နဲ့ အရမ်းတူနေလို့ ဖြစ်မှာပါ..."

သူမသည် ကျီနျန်ကို ကြည့်ရင်း ငယ်ရွယ်စဉ်က ကျီတင်းကျိုကို မြင်ယောင်နေမိသည်။ ၎င်းတို့နှစ်ဦးစလုံးသည် ဒဏ်ရာများရှိနေသော်လည်း ကွာခြားချက်မှာ တစ်ဦး၏ မျက်ဝန်းများတွင် အမုန်းတရားများဖြင့် ပြည့်နှက်နေ၍ ကျန်တစ်ဦးကမူ အပြစ်ကင်းစင်နေခြင်းဖြစ်သည်။

"သူ့ခေါင်းထဲမှာ မီမီ ပုစွန်ချောင်းမုန့်အကြောင်းပဲ ရှိနေတာ" ကျီတင်းကျိုသည် ကျစ်လျောင်၏ အတွေးများကို သိနေဟန်ဖြင့် ခနဲ့တဲ့တဲ့ ပြောလိုက်သည်။

ကျစ်လျောင် : ‘’...‘’

ကျီနျန်၏ ဒဏ်ရာများကို ကိုယ်တိုင် မြင်တွေ့ပြီးနောက် ကျီတင်းကျိုသည် ဒေါသထွက်နေသော ဆရာဝန်မကြီးကို စစ်ဆေးခွင့်ပေးလိုက်သည်။ ပြီးနောက် ရဲစခန်းသို့ ဆက်သွယ်ရန် ထွက်သွားသည်။ ကျန်းယွီလန်ကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်လိုက်ပြီဖြစ်သည်။ ထောင်ထဲတွင် ရှိနေခြင်းကြောင့် သူမကို ရှင်းပစ်ရန် ပို၍ လွယ်ကူစေသည်။ ကျန်းယွီလန်သည် ကျီနျန် ခံစားခဲ့ရသော ဒဏ်ရာများကို သူမ၏ ကျန်ရှိသော ဘဝတစ်လျှောက်လုံးတွင် အဆပေါင်းရာချီ ပြန်လည် ပေးဆပ်ရပေလိမ့်မည်။ သူသည် ကျီနျန်အတွက် လက်စားချေနေခြင်း မဟုတ်ဘဲ ကျန်းယွီလန်က သူ၏ပိုင်ဆိုင်မှုကို ထိပါးရဲသောကြောင့်သာ ဖြစ်သည်ဟု ကျီတင်းကျိုတစ်ယောက် ကိုယ့်ကိုယ်ကို ပြန်လည် ဖျောင်းဖျနေသည်။ ကျီတင်းကျိုသည် ကျီနျန်ကို လက်မခံချင်သည့်အပြင် မနှစ်သက်မိသော်လည်း သူမသည် သူ၏ ပိုင်ဆိုင်မှုတစ်ခုဖြစ်သည်။

"တိရစ္ဆာန်ထက် ဆိုးတဲ့လူပဲ။ တကယ့်ကို တိရစ္ဆာန်တစ်ကောင်" ကျီနျန်ကို စစ်ဆေးနေသော အသက် (၄၀) ကျော်အရွယ် အမျိုးသမီး ဆရာဝန်၏ မျက်နှာတွင် ဒေါသများဖြင့် ပြည့်နှက်နေသည်။

"စိတ်မဆိုးပါနဲ့ ... အန်တီ။ သမီး မနာပါဘူး" ကျီနျန်သည် ဆရာဝန်မကြီး၏ မျက်မှောင်ကြုတ်ထားသော နဖူးပြင်ကို သူမ၏ လက်ချောင်းလေးဖြင့် အသာအယာ ဖိလိုက်သည်။ ဆရာဝန်မကြီး၏ စိတ်နှလုံးသားတစ်ခုလုံး အရည်ပျော်သွားလေသည်။

"လိမ္မာလိုက်တဲ့ သမီးလေးရယ်... အန်တီက သမီးကို စိတ်ဆိုးတာ မဟုတ်ပါဘူး။ သမီးကို ဒီလိုလုပ်တဲ့လူကို စိတ်ဆိုးနေတာပါ"

ဆရာဝန်မကြီးသညိ ကျီတင်းကျို၏ ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းရှိ ခေါင်ဆောင်ဆရာဝန်ဖြစ်သည်။ ကနဦး ဆင့်ခေါ်ခံရစဥ်က ကျီတင်းကျိုတစ်ယောက် ခေါင်းကိုက်ဝေဒနာ ခံစားနေရခြင်းကြောင့်ဟု ထင်မှတ်ခဲ့သည်။ သို့သော် ကျီနျန်၏ မျက်နှာကို မြင်လိုက်ရသည်နှင့် ကျီတင်းကျိုးနှင့် မည်သို့ဆက်နွယ်သည်ကို သူမ သိရှိသွားသည်။ သူမတွင်လည်း သမီးတစ်ဦးရှိသည့်အတွက် မိခင်စိတ်များ ပေါက်ကွဲထွက်လာသည်။ ကျီနျန်၏ အရိုးများ ပေါ်လွင်သည်အထိ ပိန်ကပ်နေသော ခန္ဓာကိုယ်ကြောင့် သူမ ဒေါသအလိပ်လိပ် ထွက်လာသည်။

ကျီတင်းကျိုသည် သူမ၏ သူဌေးဖြစ်သောကြောင့် ဒေါသစိတ်ကို ထိန်းချုပ်ကာ လှည့်ပြောလိုက်သည်။

"မိသားစုခေါင်းဆောင်... ကလေးတစ်ယောက်ကို ဘယ်လိုများ ဒီလိုအခြေအနေဖြစ်တဲ့အထိ ပစ်ထားနိုင်ရတာလဲ။ မိဘမဲ့ဂေဟာက ကလေးတွေတောင် ဒီလောက် အခြေအနေမဆိုးဘူး"

ဤကလေးသည် ဖခင်မရှိဘဲ မိဘမဲ့ဂေဟာသို့ ပို့ဆောင်ခံရခြင်းက ကောင်းမွန်လိမ့်မည်ဟု ပြောနေခြင်းဖြစ်သည်။ ကျီတင်းကျိုသည် ဒေါသမထွက်သော်လည်း ထိုစကားကြောင့် တစ်စုံတစ်ခုကို သတိရသွားသည်။ သူသည် ကျီနျန်ကို မိဘမဲ့ဂေဟာသို့ အဘယ်ကြောင့် မပို့ခဲ့မိသနည်း။ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးအနေဖြင့် သူသည် ပရဟိတလုပ်ငန်းများတွင် ပါဝင်ပတ်သက်ခဲ့၍ ကျီမိသားစုသည်လည်း မိဘမဲ့ဂေဟာ အမြောက်အမြားတွင် ရင်းနှီးမြှုပ်နှံထားခဲ့သည်။ ကျီနျန်၏ လက်ရှိအခြေအနေနှင့် နှိုင်းယှဉ်လျှင် ထိုနေရာများတွင် နေထိုင်ခြင်းက သူမအတွက် ပို၍ကောင်းမွန်ပေလိမ့်မည်။ သူမကို မွေးစားမည့် မိဘများ ရွေးချယ်ရန် သူ၏အတွင်းရေးမှူးကို ခိုင်းစေနိုင်သလို၊ ကျီနျန်ကို ပြုစုစောင့်ရှောက်ရန်အတွက်လည်း နှစ်စဉ် ငွေကြေးအမြောက်အမြား ထောက်ပံ့ပေးထားနိုင်သည်။ ကလေးတစ်ဦး ကြီးပြင်းလာမှုအတွက် ပြည့်စုံသော မိသားစုဘဝက မည်မျှအရေးပါသည်ကို ကျီတင်ကျိုကိုယ်တိုင်ပင် ကောင်းကောင်းသိသည်။

သို့သော် မိမိသည် စိတ်ဓာတ်ပိုင်းဆိုင်ရာ ပျက်စီးယိုယွင်းနေသူဖြစ်၍ ဆုပ်ကိုင်ထားနိုင်သည့် တစ်ခုတည်းသောအရာသည် သူ၏ခွေးကလေး သာ့ကန်းဖြစ်သည်။ မှန်သည်၊ ယခုလက်ရှိ သာ့တန်းပင် အစားထိုးတစ်ခုမျှသာဖြစ်သည်။ အထူးသဖြင့် ကျီနျန်သည် ရိုးသားဖြူစင်သော ကလေးငယ်တစ်ဦးဖြစ်ကြောင်း သိလိုက်ရသည့်နောက်တွင် သူမကို ကျီမိသားစုအတွင်း ဆက်မနေစေချင်တော့ပေ။ ဤနေရာသည် ကျီတင်းကျိုကိုယ်တိုင် ရွေးချယ်ထားသည့် သူ​၏သင်္ချိုင်းဂူဖြစ်သည်။ အတွေးပေါင်းများစွာဖြင့် နစ်မျောနေခဲ့သော်လည်း အချိန်သည် မိနစ်အနည်းငယ်မျှသာ ကြာမြင့်ခဲ့သည်။ ထိုအချိန်တွင် ဆရာဝန်မကြီးက ကျီနျန်ကို ဆေးဘက်ဆိုင်ရာစက်ကိရိယာများပေါ်မှ ပွေ့ချီကာ ဒဏ်ရာများကို စတင်ကုသပေးနေသည်။

ကျီနျန်သည် ဆေးကုသမှု ခံယူနေရင်း နာကျင်မှုကြောင့် တုန်ရီနေသော်လည်း အသံတစ်ချက်မျှ မထွက်ဘဲ မျက်ရည်ဝဲနေသော မျက်ဝန်းလေးများဖြင့် ရှေ့က ဆရာဝန်မကြီးကို ကြည့်နေသည်။

"အန်တီ... မိဘမဲ့ဂေဟာဆိုတာ ဘာလဲဟင်"

ဆရာဝန်မကြီးက ထိုနေရာသည် သူမအရွယ် ကလေးများ မိဘမရှိလျှင် အတူတူနေထိုင်ကြသည့် နေရာဖြစ်ကြောင်း ရှင်းပြလိုက်သည်။ ကျီနျန်က နားထောင်ပြီးနောက် ထိုနေရာကို မသွားချင်ကြောင်း ပြောလိုက်သည်။

"ကိုကိုရော သမီးနဲ့အတူ လိုက်မှာလား။ သမီး ကိုကိုနဲ့အတူ သွားလို့ရမလားဟင်"

သူမ၏ အပြစ်ကင်းစင်သော စကားကို ကြားလိုက်ရသောအခါ ဆရာဝန်မကြီးသည် ကျီနျန် ကြည့်နေသော နေရာသို့ လှည့်ကြည့်လိုက်သည်။ ထိုအခါ အနောက်တွင် မတ်တပ်ရပ်နေသော ကျီတင်းကျိုကို မြင်တွေ့လိုက်ရသည်။ သူမ၏ ပထမဆုံး တုံ့ပြန်မှုသည်…

"ကိုကို ဟုတ်လား။ သမီးလေး... သူက သမီးရဲ့ အဖေလေ"

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment