Chapter (1)
--------
'ပြန်လည်မွေးဖွားရန် ကံကောင်းကြသူများ' စစ်တပ်မှ အဖွဲ့ဝင်အားလုံးကဲ့သို့ ချူးဟွေ့ မျက်လုံးဖွင့်လိုက်ချိန်တွင် သူက ပြန်လည်မွေးဖွားလာခဲ့ပြီ ဖြစ်သည်။
လေထဲတွင် ဆေးရုံမှ ပိုးသတ်ဆေးနံ့နှင့် ပြည့်နေပြီး ဖုန်း screen ပေါ်မှ Date နေရာက 20XX ခုနှစ် ဖေဖော်ဝါရီလ 18 ရက်ဟု ဖော်ပြနေသည်။
ကမ္ဘာပျက်ကပ်မတိုင်မီ တစ်နှစ်အလို။
အံ့သြဖွယ်ကောင်း၍ လှပသည့် ဒီကမ္ဘာကြီးက တစ်နှစ်အချိန်အတွင်း ငရဲဖြစ်လာလိမ့်မည်ဟု မည်သူမှ မသိခဲ့ကြပေ။
လူသားစားသည့် ဖုတ်ကောင်များနှင့် ရက်စက်ကြမ်းကြုတ်သည့် သန္ဓေပြောင်းသားရဲများက နေရာအနှံ့တွင် ရှိလာလိမ့်မည်။
ဆိုးဝါးသည့် ရာသီဥတုနှင့်အတူ အထောက်အပံ့ရိက္ခာများ ပြတ်လပ်လာပြီး လူသားမျိုးနွယ်စုက အသက်ရှင်နိုင်ရန် ခက်ခက်ခဲခဲ ကြိုးစားရလိမ့်မည်...
ဒါပေါ့ ဒီစာအုပ်က ကြမ်းတမ်းခက်ခဲသည့် ကမ္ဘာပျက်ကပ်ကို နောက်ခံထားသည့် ချိုမြိန်သော အချစ်ဇာတ်လမ်းတစ်ပုဒ်သာ ဖြစ်သည်။
သို့ရာတွင် စိတ်လှုပ်ရှားစရာအခန်းများ, နှလုံးခုန်သံမြန်စေသည့် အခန်းများ ပါဝင်သည်။
သူက ပြန်လည်မွေးဖွားခြင်းအခန်းများ ဖြတ်တောက်မခံရမီတွင် အလွဲလွဲအချော်ချော်ဖြင့် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ဒါက ဒီဇာတ်လမ်းကို ထိခိုက်စေမှာမဟုတ်ပေ။
အင်တာနက်ခေတ်တွင် နေထိုင်သူတစ်ယောက်အနေဖြင့် ချူးဟွေ့က ခဏမှင်သေနေပြီးနောက် သူက ဒဏ္ဍာရီလာပြန်လည်မွေးဖွားခြင်းကို ကိုယ်တိုင် ကြုံလိုက်ရကြောင်း လျင်မြန်စွာ နားလည်သွားခဲ့သည်။
သူက ကမ္ဘာပျက်ကပ်မတိုင်မီ ပြန်လည်မွေးဖွားလာခဲ့သည်။
ချူးဟွေ့က ဖုန်းမျက်နှာပြင်အမည်းရောင်ပေါ်တွင် ပုံရိပ်ထင်နေသည့် သူ့ရဲ့လူငယ်ဘဝမျက်နှာကို မမှိတ်မသုန် စိုက်ကြည့်နေမိသည်။ နာရီဝက်ကျော်မှပဲ သူ့ရဲ့ခံစားချက်များက ပြန်လည် တည်ငြိမ်သွားခဲ့သည်။
သူ့အနေနဲ့ ဒါကိုယုံကြည်ရန် ခက်ခဲနေသော်လည်း အမှန်တရားက သူ့ရှေ့တွင်ရှိနေခဲ့သည်။
" ကျွီ.... "
အခန်းတံခါးက တွန်းဖွင့်ခံလိုက်ရပြီး မျက်မှန်တပ်ထားသည့် လူငယ်တစ်ယောက် ဝင်လာခဲ့သည်။
တစ်ဖက်လူက သူနိုးနေတာကိုမြင်လျှင် အံ့သြသွားဟန်ရ၏။ လက်ထဲမှအသီးကို ဆေးရုံကုတင်ဘေးရှိ စားပွဲပေါ်တွင် အမြန်တင်ပြီး သူ့ထံသို့ အော်ဟစ်ရင်း ပြေးလာလေသည်။
" ဘော့စ် ဘော့စ်နိုးလာတော့ ဘယ်လိုခံစားရလဲ? ဒေါက်တာပြောတာတော့ ယာယီသတိမေ့ပြီး ခြေထောက်တစ်ချောင်း ကျိုးသွားတယ်တဲ့။ တခြား ကြီးကြီးမားမား ဒဏ်ရာတွေတော့ မရှိပါဘူး။ ရှေ့နှစ်ရက်တုန်းက ကုမ္ပဏီကိစ္စတွေကို ကျွန်တော်ကြည့်ထားပေးတယ်။ အားလုံးအဆင်ပြေပြေပဲ... "
သူ့ရှေ့မှ လူငယ်လေးကို ချူးဟွေ့ကြည့်လိုက်သည်။ ထိုကောင်လေးက အင်မတန်ပျော်ရွှင်နေပြီး တွေးတွေးဆဆဖြင့် အစီရင်ခံနေ၏။ သူ့မှတ်ဉာဏ်များက လျင်မြန်စွာ ထွက်ပေါ်လာခဲ့သည်။
ဒီလူငယ်လေးကို သူမှတ်မိလေသည်။ သူ့ကုမ္ပဏီရဲ့ လက်ထောက်အတွင်းရေးမှူးဟောင်း ရှောင်ဟယ် ဖြစ်၏။
သူ့ရဲ့ သယ်ယူပို့ဆောင်ရေးကုမ္ပဏီ စတင်တည်ထောင်ချိန်တွင် ရှောင်ဟယ်ရောက်လာခဲ့ပြီး သူနဲ့အတူ ငါးနှစ်ကျော်ကြာအောင် အလုပ်လုပ်ခဲ့သည်။
နောက်ပိုင်းတွင် သူ့ကုမ္ပဏီက ဥပဒေချိုးဖောက်မှုကြောင့် အတင်းလုယူခံရပြီး ဒေဝါလီခံလိုက်ရကာ ဝန်ထမ်းများလည်း ထုတ်ပယ်ခံခဲ့ရသည်။ သူ ထောင်ကျသွားပြီးနောက် ကမ္ဘာပျက်ကပ်အတွင်း သူသေဆုံးချိန်အထိ ဒီလူများကို ထပ်မတွေ့ခဲ့ရတော့ပေ....
သူ့ကုမ္ပဏီက ဒေဝါလီခံပြီး ပိတ်ချခံရရန် အချိန်တစ်လသာ လိုတော့သည်။
ဒါကိုတွေးပြီး ချူးဟွေ့မျက်လုံးတို့က အေးစက်သွားကာ မေးလိုက်သည်။
" ရှောင်ဟယ် အခုတလော ဟူချိုးယန်က မင်းကို ကုန်တွေတင်မယ့်အကြောင်း လာပြောသေးလား? "
" အာ... ဟုတ်ကဲ့ ဘော့စ်က ဘယ်လိုလုပ် သိနေတာလဲ? ရှေ့နှစ်ရက်တုန်းက မစ္စတာဟူ လာပြောသွားတယ်ဗျ။ ကျွန်တော်တို့အတွက် အော်ဒါတစ်ခုရှိတယ်တဲ့။ ဒီနှစ်ရက်မှာ ကုမ္ပဏီက အလုပ်များနေတော့ ကျွန်တော်လည်း သူ့ကို အကြောင်းမပြန်ရသေးဘူး "
အတွင်းရေးမှူး ရှောင်ဟယ်ခမျာ မတော်တဆမှုအကြောင်းကို ကြားလျှင် အလွန်ထိတ်လန့်သွားခဲ့ပြီး ဟူချိုးယန်က ဘယ်သူလဲဆိုတာ မနည်းစဉ်းစားလိုက်ရသည်။
ထိုလူက သူတို့ဘော့စ်ရဲ့ ညီလေး ဖြစ်သည်။
သူတို့က သူ့ကို 'မစ္စတာ ဟူ' ဟု ခေါ်လေ့ရှိပြီး သူတို့ဘော့စ်ကလည်း 'ညီလေး' ဟုသာ ခေါ်တာကြောင့် နာမည်အပြည့်အစုံကို ကြားလျှင် သူ မတုံ့ပြန်မိခြင်းဖြစ်သည်။
လွန်ခဲ့သည့်နှစ်ရက်က မစ္စတာဟူက ကုမ္ပဏီတွင် သူ့ကိုလာရှာပြီး ကုန်များပို့ဆောင်ရန် ပြောခဲ့သည်။
သူတို့က သယ်ယူပို့ဆောင်ရေး ကုမ္ပဏီတစ်ခုဖြစ်တာကြောင့် ဒါက မထူးဆန်းပေမယ့် သူ့ဘော့စ်က ဘယ်လိုလုပ်ပြီး သိနေပါလိမ့်? ဘော့စ်က ကားအက်ဆီးဒန့်ဖြစ်ပြီးကတည်းက ကိုမာဝင်သွားတာလေ။
" သူ ငါ့ကို အရင်က ပြောဖူးတယ်။ သူတို့ကိုငြင်းလိုက်။ ငါတို့တွေ အနာဂတ်မှာ မစ္စတာဟူရဲ့ ကုန်တွေကို လက်မခံတော့ဘူး။ သူ့ဖက်က တစ်ခုခုမေးလာခဲ့ရင် ငါနဲ့ တိုက်ရိုက်ပြောခိုင်းလိုက် "
အတွင်းရေးမှူးဟယ်က သံသယဝင်နေသော်လည်း ချူးဟွေ့က အများကြီး မရှင်းပြလိုက်ပေ။ ထိုသို့လုပ်ရန်သာ အမိန့်ပေးလိုက်သည်။
ကမ္ဘာပျက်ကပ်တွင် ကြမ်းတမ်းသည့်ဘဝဖြင့် သုံးနှစ်နေခဲ့ပြီးနောက် ကမ္ဘာပျက်ကပ်မတိုင်မီက အဖြစ်အပျက်များကို ချူးဟွေ့ အသေးစိတ် မမှတ်မိတော့ပေ။ သို့သော်လည်း မေ့မရနိုင်သည့် အရေးကြီးကိစ္စတချို့ ရှိနေသည်။
သူက ကမ္ဘာပျက်ကပ်အစတွင် စွမ်းအင်နိုးထသူဖြစ်လာပြီး အသက်ရှင်နိုင်ခဲ့သည်။ နောက်ဆုံးမှာတော့ ဒါတွေအားလုံးဟာ သူ့ညီအစ်ကိုကောင်းရဲ့ ကျေးဇူးများ ဖြစ်နေခဲ့၏။
သူနဲ့ ဟူချိုးယန်က သွေးရင်းညီအစ်ကိုများ မဟုတ်ကြောင်းကို မျိုးရိုးနာမည်မှတစ်ဆင့် သိနိုင်ပေသည်။ အမှန်တော့ ချူးဟွေ့က မိဘမဲ့တစ်ယောက်ဖြစ်ပြီး သူ ကလေးဘဝတွင် ဟူမိသားစုမှ မွေးစားခဲ့ခြင်းဖြစ်သည်။
ဟူမိသားစုမှ ဇနီးမောင်နှံက အင်မတန် သဘောကောင်းကြပြီး ထိုအချိန်တုန်းက သူတို့တွင် ကလေးမရနိုင်တာကြောင့် သူ့ကို မွေးစားခဲ့ခြင်းဖြစ်သော်လည်း သူတို့ရဲ့ကလေးကို ရလာချိန်မှာတောင် သူ့အား ဂရုစိုက်ပေးကြဆဲဖြစ်သည်။
ချူးဟွေ့မွေးစားခံရချိန်တွင် သူက တချို့အရာများကို မှတ်မိနိုင်သည်အထိ လုံလောက်အောင် ကြီးပြင်းနေပြီဖြစ်သည်။ သူက သူ့မွေးစားမိဘများရဲ့ ကြင်နာမှုကို နှလုံးသားထဲတွင် မှတ်မိနေခဲ့သည်။
ဒါကြောင့် ဟူမိသားစုက မမျှော်လင့်ပဲ သေသွားခဲ့ချိန်တွင် သူက သူတို့ချန်ထားခဲ့သည့် အမွေဥစ္စာ တစ်ပြားတစ်ချပ်ကိုမှ မတောင်းခံခဲ့ပေ။
အမျိုးမျိုးသော ဖိအားများအောက်တွင် သူ့ညီလေးအတွက် ဝံပုလွေလိုဆွေမျိုးများကို ကူမောင်းထုတ်ပေးပြီး သူ့ညီလေးအား အမွေဆက်ခံသူ ဖြစ်လာစေခဲ့သည်။
နောက်ပိုင်းတွင် သူက သုညဘဝမှစတင်၍ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီအသေးလေးတစ်ခုကို တည်ထောင်ခဲ့ပြီး ငွေရလာလျှင် သူ ဒီကုမ္ပဏီလေးကို ဂရုတစိုက် ပျိုးထောင်ခဲ့သည်။
သူဂရုစိုက်ပေးခဲ့သည့် သူ့ရဲ့ညီအစ်ကိုကောင်းက မျက်နှာနှစ်ဖက်နှင့်လူ ဖြစ်နေလိမ့်မည်ဟု ချူးဟွေ့ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ပေ။
သူ့ရဲ့ညီက တရားမဝင်လုပ်ငန်းများတွင် တကယ်ကြီး ပါဝင်နေပြီး တရားမဝင်ပစ္စည်းတချို့ကို သယ်ယူပို့ဆောင်ရန် သူ့ကုမ္ပဏီကို အသုံးပြုခဲ့သည်။ သူ့ရဲ့ ယခင်ဘဝမှ ဒီအကြောင်းကို ရှင်းရှင်းလင်းလင်း မှတ်မိနေသည်။
သူက ကားအက်ဆီးဒန့်တစ်ခုဖြစ်ပြီး ဆေးရုံတက်ရချိန် ဟူချိုးယန်က ဒါကိုအခွင့်ကောင်းယူပြီး သူ့ကုမ္ပဏီကို အော်ဒါတစ်ခု လက်ခံရန် ပြောခဲ့သည်။ ပစ္စည်းများက အန္တရာယ်ရှိပြီး တခြားသယ်ယူပို့ဆောင်ရေး ကုမ္ပဏီများက သူတို့ကို အလွယ်လေးလက်ခံမှာ မဟုတ်ပေ။
သို့သော်လည်း သူတို့က ဆွေမျိုးများဖြစ်တာကြောင့် သူက များသောအားဖြင့် သူ့ညီလေးအပေါ်တွင် အလိုလိုက်တတ်သည်။ ဒါကြောင့် အတွင်းရေးမှူးဟယ်က များများစားစား မတွေးတော့ပဲ လျင်မြန်စွာ သဘောတူခဲ့ကာ လက်အောက်ဝန်ထမ်းများကလည်း အသေးစိတ်ကို စစ်ဆေးမနေတော့ပေ။
ဒါကြောင့် ကုန်ကားကို ရဲများစစ်လျှင် မှောင်ခိုပစ္စည်းများကို လက်ပူးလက်ကြပ်မိသွားပြီး သူတို့က တာဝန်ရှိသူများ ဖြစ်လာခဲ့သည်။
ထို့နောက် ဟူချိုးယန်က တိမ်းရှောင်သွားပြီး သက်သေအထောက်အထား အားလုံးကို သူ့ကုမ္ပဏီပေါ်သို့ လွှဲချခဲ့ရန်လည်း မမေ့လျော့ခဲ့ချေ။
ဟူချိုးယန်က အောင်မြင်စွာ ရှောင်တိမ်းသွားနိုင်ပြီး သူ့ကုမ္ပဏီကတော့ ချိပ်ပိတ်ခံခဲ့ရကာ ဒေဝါလီခံလိုက်ရသည်။ ပြီးလျှင် သူက ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျသွားခဲ့၏။
ထောင်ကျနေသည့် သူ့ဘဝက အလွန်ခက်ခဲခဲ့သည်။ ကမ္ဘာပျက်ကပ်စတင်ချိန်တွင် အပြင်ကမ္ဘာက ကသောင်းကနင်းဖြစ်ပြီး အန္တရာယ်များလာသလို ထောင်ထဲမှာက ပိုလို့တောင် သေလုနီးပါး ဖြစ်လာရသည် !
ဖုတ်ကောင်များ၏ စွမ်းအားက သူတို့ရဲ့ လူ့ဘဝပုံစံနဲ့ ဆက်စပ်နေခဲ့ကာ လူဘဝတွင် အားနည်းခဲ့သူများက ဖုတ်ကောင်ဘဝတွင် ဖြေရှင်းရလွယ်ကူသည်။ ဆန့်ကျင်ဖက်အားဖြင့် လူ့ဘဝတွင် ကြမ်းတမ်းခဲ့သူများက ဖုတ်ကောင်ဖြစ်လာသောအခါ ပိုလို့တောင် ကြမ်းကြုတ်လာကြသည်။
ထောင်ကျနေသူများက အလွန်ဆိုးဝါးသူများ ဖြစ်လေရာ အခြေအနေကို အလွယ်ပင် စိတ်ကူးကြည့်နိုင်သည်။
သူသာ စွမ်းရည်နိုးထမလာပဲ နေရာလွတ်အကူအညီသာ မရှိခဲ့လျှင် လုံးဝအသက်ရှင်ခဲ့မည်မဟုတ်ပေ။
သို့သော်လည်း သူ့ဘဝက မလွယ်ကူခဲ့ချေ။
သူနဲ့သူ့အဖော်များက အခြေစိုက်စခန်းကြီးများတွင် ခိုလှုံရန် အကောင်းဆုံးအချိန်နှင့် လွဲချော်သွားခဲ့ပြီး သူတို့တွေ အပြင်ကမ္ဘာမှာ နှစ်နှစ်ကြာအောင် နေပြီးမှ အခြေစိုက်စခန်းလေးတစ်ခုကို ရှာတွေ့ခဲ့ကြသည်။
စခန်းက အလွန်သေးတာကြောင့် များပြားလှသည့် ဇွန်ဘီများနှင့် သန္ဓေပြောင်းသားရဲများ၏ လက်ချက်တွင် ကမ္ဘာပျက်ကပ်သုံးနှစ်အကြာ၌ သူအပါအဝင် စခန်းမှလူအားလုံး မြေမြှုပ်ခံလိုက်ရတော့သည်.....
သူ ဒီလိုထပ်ပြီး အဖြစ်ခံမှာမဟုတ်ပေ။ သူ့ရဲ့ညီအစ်ကိုကောင်းထံတွင် ထပ်ပြီး လှည့်စားမခံတော့ပါ။ ဒီတစ်ကြိမ်မှာ သူ ကောင်းကောင်း အသက်ရှင်မည်။ အနာဂတ်မှာ ဘယ်လောက်ပဲ ကြမ်းတမ်းပါစေ သူ ကြိုးစားမည်။
ဒီယုံကြည်မှုဟာ သူ ကလေးဘဝတည်းက နှလုံးသားထဲတွင် နက်ရှိုင်းစွာ ရှိနေခဲ့ခြင်းဖြစ်သည်။ သူ့အတွက် အင်မတန် အရေးကြီးတဲ့ အရာတစ်ခုကို ရှာဖွေရဦးမှာကြောင့် သူသေလို့မဖြစ်ဟု အမြဲခံစားခဲ့ရသည်။
ဒီအချိန်တွင် သူ လုပ်ရမည်က :
ဒဏ်ရာများကို ကုသရမည် , ပိုက်ဆံပိုများအောင် လုပ်ရမည် , ရိက္ခာများ ပြင်ဆင်ရမည် ပြီးလျှင် ကမ္ဘာပျက်ကပ်၌ ကောင်းစွာ အသက်ရှင်ရမည်။
ချူးဟွေ့က နာထင်ကိုပွတ်ရင်း စားပွဲပေါ်မှ ပန်းသီးကို ယူဝါးလိုက်သည်။ ထို့နောက် ချက်ချင်းပဲ သူ့အကြံအစည်များကို အကောင်အထည် ဖော်လိုက်သည်။
" ရှောင်ဟယ် ကုမ္ပဏီရဲ့ စာရင်းအင်းဌာနကို စာရွက်စာတမ်းတွေအားလုံး လိုချင်တဲ့အကြောင်း ပြောလိုက် ပြီးသွားရင် မစ္စတာတုကို ဖုန်းခေါ်။ သူတို့ဝယ်ချင်တဲ့ကိစ္စကို ငါသဘောတူတယ်လို့ ပြောလိုက်။ ငါ တာဝန်ရှိသူနဲ့ ချက်ချင်းတွေ့မယ် "
" ဘော့စ် ဘော့စ်က ကုမ္ပဏီကို ရောင်းမှာမဟုတ်ဘူးလို့ ပြောခဲ့တာမလား? ဘာလို့... "
အတွင်းရေးမှူး ရှောင်ဟယ် လန့်သွားခဲ့သည်။
" တစ်ခုခုဆိုရင် ငါပြောတဲ့အတိုင်း မင်းလုပ်သင့်တယ် "
ကျရောက်လာမည့် ကမ္ဘာပျက်ကပ်အကြောင်းကို သူ မရှင်းပြနိုင်တာမို့ များများစားစား မပြောလိုက်ပေ။
သူ့ရဲ့ ပို့ဆောင်ဆက်သွယ်ရေးကုမ္ပဏီက လုပ်ငန်းနယ်ပယ်တွင် မကြီးမားပေ။ အလွန်သေးသည်ဟုတောင် ပြောလို့ရသည်။ သို့သော်လည်း သူ့ရဲ့ ဂရုစိုက်မှုအောက်တွင် ၎င်းရဲ့ ဂုဏ်သတင်းနှင့် အလားအလာက အလွန်ကောင်းလာခဲ့သည်။
ဒါကြောင့် အလယ်အလတ် ကုမ္ပဏီအများအပြားက သူ့အား သံလွင်တစ်ခတ် ကမ်းပေးလာကြသည်။ ထိုအချိန်တုန်းက သူက လုပ်ငန်းကို ပိုတိုးချဲ့ချင်တာကြောင့် ငြင်းပယ်ခဲ့သည်။
သို့သော်လည်း အခုက မတူတော့ပေ။ ကမ္ဘာပျက်ကပ်အပြီးတွင် လူ့အဖွဲ့အစည်းက ပြိုလဲသွားပြီး ပိုက်ဆံများက အပိုစက္ကူဖြစ်လာလိမ့်မည်။
ကမ္ဘာပျက်ကပ်မတိုင်မီ အနာဂတ်အတွက် လိုအပ်သည့် အသက်ရှင်ရေးပစ္စည်းများကို ပြင်ဆင်ရပေမည်။
ကုမ္ပဏီကို အလျင်စလို ရောင်းထုတ်ရမယ်ဆိုရင်တောင် အနည်းဆုံး ဆယ်သန်းအထက် ရနိုင်ပေသည်။ ဒါက သူ့အတွက် ပစ္စည်းအများအပြားဝယ်ရန် လုံလောက်၏။
သူ့လက်မောင်းပေါ်က မွေးရာပါ အနီရောင်မီးတောက်အမှတ်အသားကို ထိလိုက်ပြီး ချူးဟွေ့မျက်လုံးများက တည်ငြိမ်နေခဲ့သည်။
ဒီအမှတ်က သူ့အတွက် နေရာလွတ်ဖြစ်ပြီး ဘယ်အချိန်ကပေါ်လာမှန်း မသိသော်လည်း ကားအက်ဆီးဒန့်အပြီးတွင် ၎င်းက ဆန်းကြယ်စွာ ပေါ်လာခဲ့သည်။
ဒီနေရာလွတ်က အစားအသောက်များကို အကန့်အသတ်မရှိ သိုလှောင်နိုင်ပြီး သူ့နဲ့အတူ သွားလေရာ သယ်သွားနိုင်ကာ ကမ္ဘာပျက်ကပ်အတွင်း သူအသက်ရှင်နိုင်ရန် အကူအညီများစွာ ပေးခဲ့သည်။
ထို့ပြင် ဇွန်ဘီများနှင့် သန္ဓေပြောင်းသားရဲများ၏ ခြိမ်းခြောက်မှုကြောင့် ကမ္ဘာပျက်ကပ်အတွင်း သန့်ရှင်းသည့်ရေနှင့် အစားအသောက်များ ပြတ်လပ်လာသည်။
ကမ္ဘာပျက်ကပ်မတိုင်မီ အနာဂတ်အတွက် သူ ပြင်ဆင်ထားရမည်။ သူ အတော်ကြိုးစားခဲ့ရသည့် ကုမ္ပဏီက ဒီလိုမျိုး ရောင်းထုတ်ခံရမည့်အတွက် စိတ်မကောင်းသော်လည်း မတတ်နိုင်ပေ။ ဘယ်အရာက ပိုအရေးကြီးလဲဆိုတာ သူ သိသည်။
ကမ္ဘာပျက်ကပ်ကို အတွေ့အကြုံမရှိသူများက အခြေအနေရဲ့ ရက်စက်မှုကို အသေချာ နားမလည်နိုင်ပဲ လုံလောက်အောင် ပြင်ဆင်ထားမှာ မဟုတ်ပေ။