Chapter ( 6 )
တစ်ဖက်လူထံမှ ချူးဟွေ့သိခဲ့ရသည်မှာ သူတို့ရဲ့ရွာတွင် နှစ်ထောင်ချီကြာသည့် သမိုင်းကြောင်းရှိနေကာ ဘိုးဘွားအဆက်အနွယ်များကသာ သူတို့ရဲ့ ဘိုးဘေးများထံမှ အမွေဆက်ခံခဲ့ကြပြီး တခြားသူများက ရွာထဲသို့ နောက်မှရောက်လာခြင်းဖြစ်သည်။
ဒါကြောင့် ရွာထဲမှ အထွတ်အမြတ်တာအိုကျောင်းထဲသို့ ဘိုးဘေးစဉ်ဆက်အိမ်မှ လူများသာ ဝင်နိုင်ကြခြင်းဖြစ်သည်။
ထိုလူများကလည်း အင်မတန် အားကောင်းကြကာ ဗဟုသုတအဖြာဖြာနှင့် ပြည့်စုံပြီး ဆေးဝါးကိစ္စများကို တတ်သိနားလည်ကာ အားလုံးက အံ့သြစရာကောင်းလောက်အောင် ထူးချွန်ကြ၏ !
" ဒါပေမယ့် မိသားစုကြီးက လူတွေက နည်းသထက် နည်းလာပြီ။ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က အိမ်ထောင်ဦးစီးက ထွက်သွားပြီး ပြန်ရောက်မလာသေးဘူး... "
လော့ရွှယ်ပင်းက ရွာသမိုင်းကြောင်းအရှည်ကြီးအား ချူးဟွေ့ကို ပြောပြခဲ့ပြီး ချူးဟွေ့လည်း သက်ပြင်းချလိုက်သည်။
" လူတွေက ဘာဖြစ်လို့ နည်းသထက် နည်းလာတာလဲ? "
ချူးဟွေ့က စိတ်အားထက်သန်စွာ နားထောင်နေပြီး အနှီဘိုးဘေးစဉ်ဆက်အိမ်သို့ သွားလည်ချင်နေခဲ့၏။
ကမ္ဘာပျက်ကပ်အချိန်တွင် တာအိုပညာရှင်များနှင့် ဘုန်းကြီးများက အားအကောင်းဆုံး သက်ရှိများ ဖြစ်လာကြကာ သူသာ သူတို့နဲ့ မိတ်ဆွေဖွဲ့နိုင်လျှင် တစ်ဖက်လူအား သူ့အတွက် မှော်ပစ္စည်းတစ်ခုကို ပြုလုပ်ခိုင်းခြင်းထက် စကေးတချို့ကိုသာ သင်ခိုင်းလိုက်မည်။
ကမ္ဘာပျက်ကပ်ရောက်ချိန်တွင် တစ်ချိန်တုန်းက စိတ်ကူးယဉ်အရာများအဖြစ် သတ်မှတ်ခံထားရသည်များက သူတို့ရဲ့ တောက်ပသည့်ခေတ်သို့ ရောက်ရှိလာခဲ့သည်။
သူ့တွင် အထူးစွမ်းအားရှိသော်လည်း သူက အရှိန်မြှင့်သည့် စွမ်းအားသာဖြစ်ပြီး တိုက်ခိုက်မှုစွမ်းအား မရှိပေ။ သူသာ ရှေးခေတ်ကိုယ်ခံပညာရပ်များကို သင်ယူနိုင်ပါက ကမ္ဘာပျက်ကပ်ရောက်ချိန်တွင် အသက်ရှင်သန်ရန် အခွင့်အရေး ပိုများလာပေလိမ့်မည်။
" ကျွန်တော်လည်း မသိဘူး။ မိသားစုကြီးက လူတွေက လက်မထပ်ကြဘူး။ သူတို့က ရွာထဲက မိန်းမတွေကို လက်မထပ်ကြဘူး။ ဇနီးတစ်ယောက်ကို အပြင်မှာ သွားရှာပြီးရင်လည်း ပြန်ခေါ်မလာကြဘူး။ သူတို့ရဲ့ကလေးတွေကိုပဲ အိမ်ခေါ်လာကြတာ။ ရှေးတုန်းက စည်းမျဉ်းတစ်ခုရှိခဲ့တယ်လို့ ကြားတာပဲ... "
လော့ရွှယ်ပင်းက ခေါင်းကိုကုတ်ရင်း အကြောင်းရင်းကိုတော့ သူလည်း အသေချာမသိပေ။
" မင်းတို့ရွာရဲ့ သမိုင်းကြောင်းက တကယ်ရှည်တာပဲ... "
ချူးဟွေ့က ရွာသားများကို အများကြီးမေးမိလျှင် အမှားပါမှာစိုးတာကြောင့် ပြုံးလျက်သာ နားထောင်ရင်း လှည့်ပတ်ကြည့်ရှုနေခဲ့သည်။
ချူးဟွေ့က ဒီနေရာမှ ကျွမ်းကျင်သူများနှင့် မည်ကဲ့သို့တွေ့ပြီး မည်ကဲ့သို့ မိတ်ဆွေဖြစ်လာနိုင်ကြောင်းကို စဉ်းစားနေမိသည်။
နောက်ရက်ပိုင်းမျှကြာအောင် ချူးဟွေ့က တာအိုကျောင်းနားတွင် လှည့်ပတ်သွားနေပြီး ကျွမ်းကျင်သူတစ်ယောက်နှင့် တွေ့ဆုံကာ အသက်ကယ်အဆောင်တစ်ခု တောင်းနိုင်ရန် မျှော်လင့်နေမိသည်။
သို့ရာတွင် ကံမကောင်းစွာဖြင့် ကျိုးအာရွာရဲ့ ဒဏ္ဍာရီက အလွန်လျှို့ဝှက်ဆန်းကြယ်သော်လည်း သူထင်ထားသကဲ့သို့ လျှို့ဝှက်ဆန်းကြယ်သည့် ကျွမ်းကျင်သူများကို မတွေ့ခဲ့ရပေ။
ရွာရဲ့ မိသားစုကြီးမှ မိသားစုဝင်များနှင့် တွေ့ခဲ့သော်လည်း ထိုလူများက တရုတ်ဆေးဝါးအကြောင်း နားလည်ပြီး တာအိုသင်္ကေတများကိုသာ ရေးဆွဲတတ်ကြသည်။ အရင်ရက်တွေအတွင်း သူတွေးထားခဲ့သည့် တာအိုပညာများ ဒါမှမဟုတ် ကိုယ်ခံပညာများကို မတတ်ကျွမ်းကြပေ။
သူက သူရဲ့စွမ်းရည်များဖြင့် သူတို့ကို တိတ်တိတ်လေး scan ဖတ်ရန်တောင် ကြိုးစားကြည့်ခဲ့သည်။ ဒီလူတွေထံမှ သန်မာသည့် လွှမ်းမိုးမှုများကို မတွေ့ရသလို ဖုံးကွယ်ထားခြင်းလည်း မရှိခဲ့ပေ။
ထို့ပြင် ကမ္ဘာပျက်ကပ်နေ့များ၌ အနှီစွမ်းအင်မျိုးကို သိပ်မတွေ့ခဲ့ရပေ။
ဒါကို သူက ဘယ်လိုလုပ်ပြီး သာမန်ကာလျှံကာလေး တွေ့နိုင်မှာတဲ့လဲ?
သူက ကျွမ်းကျင်သူတစ်ယောက်နှင့် မတွေ့ခဲ့သော်လည်း ကျိုးအာရွာမှ အကျိုးအမြတ်အများကြီး ရခဲ့ပေသည်။
ရွာသားများ တူးပေးသည့် ကျောက်စိမ်းတုံးများကို သူ့စွမ်းအင်များဖြင့် စစ်ဆေးကြည့်လိုက်ရာ အံ့သြစရာမကောင်းစွာပဲ ကျောက်တုံးအများစုတွင် ကျောက်စိမ်းပါဝင်နေခဲ့သည်။
အရည်အသွေး အများစုက သာမန်ဖြစ်သော်လည်း အရည်အသွေး ကောင်းမွန်သည့် ကျောက်စိမ်းအနည်းစုလည်း ပါဝင်နေကာ ၎င်းတို့ရဲ့ တန်ဖိုးက သူ အကုန်အကျခံထားသည်ထက်တောင် ပိုများနေသေးပေသည်။ မမျှော်လင့်ထားလောက်အောင် ကောင်းမွန်လှသည့် အကောင်းဆုံးကျောက်စိမ်းများလည်း ပါဝင်၏။
အချိန် သိပ်မကျန်တော့ပေ။ ကျိုးအာရွာ၌ လ၀က်ကြာသွားခဲ့ပြီ ဖြစ်သည်။ ကျောက်တုံးများ ဝယ်ယူပြီးသည်နှင့် ချူးဟွေ့ထွက်သွားရန်ပြင်လိုက်သည်။
ကျိုးအာရွာ၏ သယ်ယူပို့ဆောင်ရေး အဆင်မပြေမှုနှင့် ကားလမ်းမရှိမှုတို့ကြောင့် ရွာလူကြီးက ကျောက်စိမ်းတုံးများကို တောင်ခြေသို့ ရောက်သည်အထိ ရွာသားများအား သယ်ပို့စေခဲ့သည်။ ဒီလိုဆိုလျှင် သူ့အတွက် သယ်ယူပို့ဆောင်ရေးခေါ်ရန် အဆင်ပြေသွားလိမ့်မည်။
ရွာသားများ ပြန်သွားချိန်တွင် ချူးဟွေ့က ကျောက်တုံးများကို နေရာလွတ်ထဲထည့်ပြီး ထွက်သွားရန် အလျင်မလိုခဲ့ချေ။
ထိုအစား သူက တောင်ခြေတွင် ညလုံးပေါက်နေပြီး အနားတွင် ဘယ်သူမှမရှိကြောင်း သေချာအောင်စစ်ပြီးမှ နေရာလွတ်ကို အသုံးပြုရန် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ အခုက ကမ္ဘာပျက်ကပ်မရောက်သေးတာကြောင့် သူ့အနေနဲ့ သတိထားရမည်ဖြစ်သည်။
သို့ရာတွင် ဆိုရိုးရှိသည့်အတိုင်း... မတော်တဆမှုများက ခန့်မှန်းမရပေ။
" ကျုပ်သိသားပဲ ခင်ဗျားမှာ နေရာလွတ်ရှိနေတယ်။ ခင်ဗျားက ဇီဖန်ကျွင်းပဲ! "
သိပ်မဝေးသည့် ကျောက်တုံးအကြီးကြီးနောက်မှ ပြုံးဖြဲဖြဲလုပ်နေသည့် ခေါင်းသေးသေးလေးတစ်ခုက ရုတ်တရက် ပေါ်လာကာ လက်နှိပ်ဓာတ်မီးကို သူ့ထံသို့ ဦးတည်ရင်း လွှဲယမ်းနေလေသည်။
ချူးဟွေ့က တစ်ဖက်လူကို အသေချာမြင်လိုက်ရလျှင် အနည်းငယ် ကြောက်စိတ်နှင့် ဒေါသတို့ ဖြစ်ပေါ်လာခဲ့သည်။
သူက နည်းနည်းစိတ်တိုလွယ်ပြီး တခြားသူများအပေါ်တွင် အေးစက်စွာ ဆက်ဆံလေ့ရှိသည်။ ဒါကြောင့် သူပြောလိုက်သည်။
" မင်း ငါ့နောက်ကိုလိုက်နေတာ ရပ်လိုက်လို့ရမလား?! "
--------
သိပ်မဝေးသည့် နေရာကနေ ပြုံးပြနေသည့် ကောင်လေးကိုကြည့်ရင်း ချူးဟွေ့ ခေါင်းကိုက်လာသလို ခံစားလိုက်ရသည်။
ကောင်လေးက နူးညံ့သည့်မျက်နှာပုံစံ ရှိပြီး ခုံးတက်နေသည့် မျက်ခုံးများ, အညိုရောင်မျက်လုံး, နှာခေါင်းသေးသေးလေး, မျက်လုံးသေးသေးလေးများဖြင့် ဆယ့်ခြောက်နှစ်အရွယ် ကောင်လေးတစ်ယောက် ဖြစ်သည်။
လျှော်ဖွတ်ခြင်းကြောင့် ဖြူလျော်နေပြီဖြစ်သည့် ကျောင်းဝတ်စုံဟောင်းတစ်ထည်ကို ဝတ်ထားကာ အင်္ကျီတွင် အပေါက်အနည်းငယ်ရှိနေပြီး အဝတ်များက ကြီးလွန်းတာကြောင့် နဂိုပိန်ပါးသည့် လူငယ်လေးဟာ ပိုလို့တောင် ပိန်သွားသလို ထင်ရပေသည်။
တစ်ဖက်လူက ညစ်ပတ်နေသည့် ကျောပိုးအိတ်ကြီးတစ်လုံးကိုလည်း လွယ်ထားသေးကာ ထိုအိတ်ကြီးက ကောင်လေးရဲ့ကိုယ်ပေါ်တွင် ပိကျနေပြီး သနားစရာကောင်းသည့် သူတောင်းစားလေးတစ်ယောက်လို ဖြစ်နေပေသည်။
သို့ရာတွင် ချူးဟွေ့က ဒီကောင်လေးဟာ သနားစရာသူတောင်းစားလေး မဟုတ်ကြောင်း သေချာပေါက် သိနေ၏ !
ကောင်လေးက အခုလေးတင် သူ့ရှေ့၌ ပုန်းနေခဲ့ပြီး ဒါကို သူ သတိမပြုမိခဲ့ပေ။ ဒါဟာ သာမန်လူများလုပ်နိုင်သည့် အရာမျိုး မဟုတ်ပါလေ။
ကောင်လေးရဲ့နာမည်က ယွီခဲ့ဖြစ်ပြီး သူတို့တွေ ကျိုးအာရွာတွင် တွေ့ခဲ့ကြခြင်းဖြစ်သည်။
ရွာသားများထံမှ သိခဲ့ရသည်မှာ တစ်ဖက်လူ(ယွီခဲ့) ဘဝက အလွန်သနားစရာကောင်းလှသည်။ ကလေးဘဝတည်းက မိခင်မရှိခဲ့တာဖြစ်ပြီး ဖခင်ကလည်း အက်ဆီးဒန့်တစ်ခုကြောင့် ဆုံးပါးသွားခဲ့ရာ ဒုတိယဦးလေးအိမ်၌ ပျိုးထောင်ခံခဲ့ရသည်။
ကောင်လေးရဲ့ ဒုတိယဦးလေးက ရိုးသားဖြောင့်မတ်သော်လည်း ဇနီးဖြစ်သူက တွန့်တိုတတ်သည်။
ကောင်လေးက ကလေးဘဝမှာ အလွန်အကျွံ အရိုက်ခံခဲ့ရခြင်းကြောင့်လားတော့ မသိပေ။ ကောင်လေးရဲ့ ဦးနှောက်နဲ့ပတ်သတ်ပြီး ပြဿနာရှိနေကာ သူက အလွန်တုံးအပြီး သနားစရာကောင်းသည့် ကလေးတစ်ယောက် ဖြစ်သည်။
တကယ်တော့ ရွာထဲတွင် ချူးဟွေ့လျှောက်လည်ခဲ့စဉ်က တခြားသူများနှင့် တွေ့ခဲ့ရသည်။ ကောင်လေးက သူ့ရဲ့ ဒုတိယအဒေါ်ထံတွင် အမှန်ပင် အနိုင်ကျင့်ခံရပြီး သစ်သားချောင်းတစ်ခုနှင့် အရိုက်ခံနေရခဲ့သည်။
အမြဲတမ်း သွေးအေးရက်စက်သည့် ချူးဟွေ့ဟာ ထိုပုံရိပ်ကို မြင်တုန်းက ရှားရှားပါးပါး စိတ်ပျော့သွားပြီး ကူညီရန် ပါးစပ်ဟလိုက်မိသည်။
သို့ရာတွင် ထို့နောက်မှာတော့ တစ်ဖက်လူက သူ့ရဲ့ပေါင်ကို ဖက်ထားရင်း ဇီဖန်ကျွင်းဟု ခေါ်လေသည်။ ဇီဖန်ကျွင်းဆိုသည့် သူ့ကို အချိန်အကြာကြီး စောင့်မျှော်နေခဲ့ကြောင်း ပြောလာသည်... ကောင်လေးပြောသည့် စကားများကို သူ နားမလည်ခဲ့ပေ...
ပထမတော့ တစ်ဖက်လူက လူမှားနေခြင်းဖြစ်မည်ဟုသာ သူတွေးခဲ့သည်။ ထို့နောက်မှာတော့ ရွာလူကြီးက ကောင်လေးရဲ့သမိုင်းကြောင်းကို သူ့အား ပြောပြခဲ့ပြီး ဒီဆယ်ကျော်သက်လေးတွင် ပြဿနာရှိနေကြောင်း သူသိလိုက်ရသည်။
ကောင်လေးက ကလေးဘဝတည်းက တုံးအပြီး ဉာဏ်ရည်နိမ့်ပါးကာ ပွင့်ပွင့်လင်းလင်း ပြောရလျှင် အပူအအေးကို ကွဲကွဲပြားပြားမသိသည့် အရူးတစ်ယောက်သာ ဖြစ်သည်။
သိပ်မကြာခင်က အပြင်းအထန် နေမကောင်းဖြစ်သွားခဲ့ပြီး အနည်းငယ် ဉာဏ်ကောင်းလာသလို ထင်ရသည်။ သို့ရာတွင် တုံးအသည့် လက္ခဏာများကတော့ ပိုဆိုးလာပေသည် - သူက ဇီဖန်ကျွင်းအကြောင်းကို တစ်နေ့လုံး အော်ဟစ်နေပြီး လူနားမလည်သည့် စကားများကို ဆက်ပြောနေခဲ့သည်...
ဒါနဲ့ပတ်သတ်ပြီး ချူးဟွေ့က လုံးဝဂရုမစိုက်ခဲ့ပေ။ သူ့အတွက်တော့ ဒီကောင်လေးဟာ သူစိမ်းမျှသာ ဖြစ်သည်။
ထိုနေ့မှစတင်ပြီး ကောင်လေးက သူနဲ့ရောနှောလာကာ သူသွားလေရာ လိုက်နေပြီး ချူးဟွေ့ သူ့ကို ခါမချနိုင်ခဲ့ပေ။
ဒီအရှုပ်ထုပ်လေးက သူ့နောက်ကို တကောက်ကောက် လိုက်နေတာကြောင့် ချူးဟွေ့က ထင်ထားတာထက် ပိုစော၍ ပြန်လာခဲ့ခြင်းဖြစ်သည်။ မဟုတ်လျှင် သူ နှစ်ရက်ထပ်နေမိဦးမည်။
ထိုအချိန်တုန်းက သူ မထင်ထားခဲ့သည်မှာ ကောင်လေးက သူနဲ့အတူထွက်လာပြီး သူ့နောက်မှ လိုက်လာခဲ့မည်ကိုပင်။
အခုလေးတင် ပတ်ဝန်းကျင်ကို ဂရုတစိုက်နဲ့ ချူးဟွေ့စစ်ဆေးလိုက်တာတောင် ဒီကောင်လေးကို သတိမထားမိလိုက်ဘူး !
ချူးဟွေ့ သတိထားရန် လိုအပ်လာသည်။ ယွီခဲ့ ဆိုတဲ့ ဒီကောင်လေးဟာ ထင်သလောက် မရိုးရှင်းပေ။
သူ့မျက်လုံးများက စူးရှသွားပြီး တစ်ဖက်လူကို သတိထားကြည့်လိုက်သည်။
" မင်းက ဘယ်သူလဲ? "
ချူးဟွေ့ဖက်က ဒီလိုမျိုး ထူးဆန်းသည့်ပုံစံဖြင့် တုံ့ပြန်လာမည်ဟု ယွီခဲ့ ထင်မထားခဲ့ပေ။ ကောင်လေးရဲ့ နူးညံ့သည့် မျက်နှာပေါ်တွင် နာကျင်သည့်အမူအရာ ဖြစ်သွားခဲ့သည်။
ကောင်လေးက ကျောက်တုံးနောက်မှ ထွက်လာပြီး ပုခုံးပေါ်မှ ကျောပိုးအိတ်ကြိုးများကို လက်နှစ်ဖက်လုံးဖြင့် တင်းတင်းဆုပ်ကိုင်လျက် ချူးဟွေ့ကို သနားချင့်စဖွယ်ကြည့်ရင်း အော်ပြန်သည်။
" ဇီဖန်ကျွင်း... "
ကောင်လေးရဲ့ ရုပ်ရည်နဲ့အသံက အလွန်ပင် လှည့်ဖြားနိုင်သည်ဟု သူပြောရမည်။
ကောင်လေးက ထင်သလောက်မရိုးရှင်းပဲ သူ့ကိုယ်သူ ပိပိရိရိ ဖုံးကွယ်ထားခြင်းဖြစ်ကြောင်း သိနေတာတောင် ချူးဟွေ့မှာ သနားစဖွယ်အသံလေးကို ကြားလိုက်ရလျှင် မတတ်နိုင်ပဲ စိတ်မကောင်းဖြစ်သွားပြီး အသံက နူးညံ့သွားခဲ့သည်။
" ယွီခဲ့ ငါထပ်ပြောမယ် ငါ့ကို ဇီဖန်ကျွင်းလို့ မခေါ်နဲ့။ ငါ့နောက်ကိုလိုက်နေတာ ရပ်လို့ရမလား? "
သူက ရက်စက်သည့် ကမ္ဘာပျက်ကပ်တွင် နှစ်အနည်းငယ်မျှ နေခဲ့တာတောင် သူ့နှလုံးသားဟာ ဘယ်အချိန်တုန်းက ဒီလောက်ထိ အလွယ်တကူ နူးညံ့သွားတတ်ကြောင်း မသိလိုက်ရပေ။ ကမ္ဘာပျက်ကပ်မတိုင်ခင်ကတောင် သူဟာ အလွန်သွေးအေးသည့် လူတစ်ယောက် ဖြစ်ခဲ့သည်။
တခြားတစ်ယောက်ကသာ သူ့အား ဒီလိုမျိုး နှောင့်ယှက်လာလျှင် ထိုလူရဲ့ လျှို့ဝှက်ချက်များကို ရှာဖွေပြီး ချက်ချင်းပဲ သွားသတ်မိလောက်သည်။
သို့ရာတွင် ဒီလူငယ်လေးကတော့ သူ့အား ကူကယ်ရာမဲ့စေသည်။ ကောင်လေးရဲ့ သနားစဖွယ် ပုံစံလေးကြောင့် သူ့မှာ စကားလုံးကြမ်းကြမ်းများကို ပြောမထွက်နိုင် ဖြစ်နေရသည်။
သူဟာ တစ်ဖက်ပြိုင်ဖက်ကို အခုချိန်ထိ ဖယ်မထုတ်နိုင်သေးပါလေ။
" ဒါဆို ဒါဆို ဇီဖန်ကျွင်းလို့ မခေါ်တော့ဘူးနော်။ ခင်ဗျားရဲ့ အခုနာမည်ကို ခေါ်မယ်လေ။ ကျွန်တော့်ကို ခင်ဗျားနဲ့အတူတူ ခေါ်သွားမှာလားဟင်? ခင်ဗျားပြောတော့ ကျွန်တော်နဲ့လက်ထပ်ဖို့ မကြာခင် ပြန်လာခဲ့မယ်ဆိုပြီး စောင့်လိုက်ရတာ အကြာကြီးပဲ။ ကျွန်တော့်ကို မေ့သွားတယ်ဆိုလည်း ဒီအတိုင်းပြောလိုက်လို့ ရပါတယ်... "
" မစ္စတာချူးဟွေ့ ခင်ဗျားသာ ကျွန်တော့်ကို ခေါ်မသွားရင် သူတို့တွေ ကျွန်တော့်ကို ဆေးရုံပို့ကြတော့မှာ။ အဲ့နေရာက အရမ်းကြောက်စရာကောင်းတယ်လို့ ကြားဖူးတယ်။ ဆေးကုသဖို့အတွက် ကျွန်တော့်ရဲ့ ခေါင်းနဲ့ဗိုက်ကို ဖြတ်ကြမှာ။ ဒါပေမယ့် ကျွန်တော်မှ နေမကောင်းမဖြစ်ပဲလေ။ ဒီက ဆရာဝန်က အရမ်းထူးဆန်းတာပဲ... "
ယွီခဲ့က ချူးဟွေ့ရဲ့ နာမည်အမှန်ကို အသုံးပြုချိန်တွင် ဝမ်းနည်းနေပုံရပြီး မျက်လုံးထဲတွင် မျက်ရည်များ ပြည့်လျှံတက်လာကာ ထွက်ကျလာတော့မလို ထင်ရသည်။
ချူးဟွေ့ကပဲ အမှားတစ်ခုခု လုပ်ထားသလိုမျိုး ချူးဟွေ့ကို နာကျည်းမှုများ,မကျေနပ်ချက်များဖြင့် ကြည့်နေသည်မှာ ချူးဟွေ့တစ်ယောက် ကောင်လေးရဲ့နဖူးကို သွားရိုက်ချင်လာရသည်။
ထပ်ပြီး ထပ်ပြီး ထပ်ပြီး ကောင်လေးက ခေါင်းမာနေပြန်ပြီ။
လက်ထပ်ပွဲအကြောင်း အမြဲပြောနေပြီး ရှေးခေတ်ဆန်ဆန် စကားပြောတဲ့ ဒီကောင်လေးက တစ်နေရာရာကနေ အချိန်ခရီးသွားလာတာမျိုး ဖြစ်နိုင်လား?