Chapter ( 8 )
ချူးဟွေ့နှလုံးသားထဲတွင် အနည်းငယ် ခါးသက်သွားပြီး ယွီခဲ့အပေါ် သနားမိသွားသည်။
သူက ခပ်တည်တည်ပုံစံကို ဆက်ထိန်းထားရင်း သာမန်လျှံကာ မေးလိုက်သည်။
" ယွီခဲ့ မင်း အရင်နေခဲ့တဲ့ ကမ္ဘာက ဘယ်မှာလဲ? ဒါမှမဟုတ် မင်းက ဘယ်ကလာတာလဲ? မင်းရဲ့ ဇာတိမြို့က ဘယ်မှာလဲ? "
သူ့နှလုံးသားက ရှင်းမပြတတ်လောက်အောင် သနားမိရင်တောင် သူ့အနေနဲ့ စိတ်ချရစေရန် ပိုသိထားရလိမ့်မည်။
ကောင်လေးက အလွန်ဆန်းကြယ်ပြီး ထူးဆန်းနေသည်။ အားနည်းပြီး သတိမဲ့ဟန်ရှိသော်လည်း တကယ်တမ်းက အားကောင်းလှသည်။
" ကျွန်တော့်မှာ အိမ်မရှိဘူး။ ကျွန်တော်က ထောင်အခန်းတစ်ခုထဲမှာ မွေးပြီး အဲ့မှာပဲ ကြီးပြင်းလာခဲ့တာ။ ဒါပေမယ့် ကျွန်တော့်အဖေနဲ့ ဦးလေးတွေပြောတာတော့ ကြားဖူးတယ်။ ကျွန်တော်တို့ရဲ့ မွေးရပ်မြေက အရှေ့တရုတ်ပင်လယ်မှာတဲ့။ အဲ့နေရာက အရမ်းလှပြီး ကျွန်တော့်အကြိုက်ဆုံး သလင်းကျောက်တုံးတွေလည်း အများကြီး ရှိတယ်တဲ့လေ။ ဒါပေမယ့် ကံမကောင်းချင်တော့ အဲ့ဒါတွေကို ကျွန်တော် မတွေ့ဖူးဘူး... "
ယွီခဲ့က သူ့အပေါ်တွင် အလွန်စိတ်ချပြီး မှီခိုအားထားကာ အနည်းငယ်မျှ တုံ့ဆိုင်းခြင်းမရှိပဲ ချက်ချင်း ရှင်းပြလာခဲ့သည်။
သို့ရာတွင် ဆယ်ကျော်သက်လေးရဲ့ ပြဿနာက သူ ဘယ်ကလာမှန်းကို သူကိုယ်တိုင်တောင် မသိပေ။ ဒါကြောင့် သူ့မေးခွန်းတွေအားလုံးက အချည်းနှီးသာ ဖြစ်သွားရသည်။
ချူးဟွေ့က ဒေါသမထွက်ပဲ ဆက်စုံစမ်းသည်။
" ဒါဆို မင်းပြောနေတဲ့ ဇီဖန်ကျွင်းက ဘယ်သူလဲ? မင်း ဒီကိုရောက်မလာခင် တွေ့ခဲ့ရတဲ့ ငါ့အကြောင်းကို ပြောပြလို့ရမလား? "
" ဒါပေါ့ "
ယွီခဲ့က လိလိမ္မာမ္မာဖြင့် သူသိသမျှအားလုံးကို ပြောပြလာသည်။
ဆယ်ကျော်သက်လေးက သူသိသမျှကို ပြောပြနေသော်လည်း ချူးဟွေ့အတွက်တော့ အဓိပ္ပါယ်မရှိသည့် အပိုင်းကြီးတစ်ခု ရှိနေသေးသည်။
သို့သော်လည်း ချူးဟွေ့က ဂရုတစိုက်ဖြင့် အကြောင်းအရာအများကြီးကို ခွဲခြမ်းစိတ်ဖြာခဲ့သည်။
ယွီခဲ့၏ ဖော်ပြချက်အရ သူနဲ့သူ့မိသားစုက ကျင့်ကြံခြင်းနှင့် မသေမျိုးဖြစ်လာခြင်းကို စွဲလမ်းနေသူများ၏ သက်ရှိဆေးပစ္စည်းများ ဖြစ်လာခဲ့ကြသည်။ ဖန်ရှီဆိုတဲ့ ဒီလူရဲ့ ဆေးဝါးပြုလုပ်ရန်အတွက် သူတို့တွေ ဖမ်းဆီးခံခဲ့ရသည်။
ရှေးခေတ်အချိန်များတွင် တချို့က လူ့အသွေးအသားများကို အသုံးပြုကာ ဆေးဖော်စပ်ကြ၏။ ထိုလူများက အသားများကို ဖြတ်တောက်ကာ သွေးများကိုစုစည်းပြီး လူများကို အမှောင်ခန်းများတွင် ပိတ်လှောင်ထားသည်ဟု ယွီခဲ့က ပြောသည်။
ယွီခဲ့က ဒီလိုမျိုး ပိတ်လှောင်ခံထားရပြီး ရက်စက်သည့် ပတ်ဝန်းကျင်တွင် ကြီးပြင်းလာခဲ့တာကြောင့် သူ့စိတ်က ပုံမှန်ဖြစ်သော်လည်း ပြင်ပအရာများကို အသိမဲ့(ဗဟုသုတမဲ့) နေရသည်။
တစ်ဖက်လူရဲ့ပါးစပ်မှ ထွက်လာသည့် ဇီဖန်ကျွင်းဆိုသူသည်လည်း အဂ္ဂရိတ်ပညာရှင်တစ်ဦး ဖြစ်သည်။
သို့သော်လည်း ဆေးဖော်စပ်ရန် လူများကိုအသုံးပြုသည့် ကျင်းဖန်ရှီလို မဟုတ်ပဲ ဇီဖန်ကျွင်းက ပိုသိက္ခာရှိသည်။
သူက အလွန်အားကောင်းပြီး ကျင့်ကြံနည်းကို သိကာ မသေမျိုးဆေးဝါးအကြောင်းကို သိသည်။ ချီကုန်းကို သိသည်။ ရှေးခေတ် ကိုယ်ခံပညာများကို သိသည်။ ထိုကဲ့သို့ တခြားအရာများကိုလည်း သိသည်။ သူက နက္ခတ်တာရာနှင့် ပထဝီမြေပြင်အကြောင်းကို နားလည်သည့် ဆရာသခင်တစ်ယောက်ဖြစ်ပြီး ကိုယ်ပိုင်ကျင့်ကြံနည်းလမ်း ရှိပေသည်။
ယွီခဲ့က 'ဇီဖန်ကျွင်း' အကြောင်းကို ပြောချိန်တွင် အထူးတလည် ပျော်ရွှင်နေပုံအရ ဒီစကားများထဲတွင် ချဲ့ကားမှုတစ်ခု ရှိနေမည်ဟု ချူးဟွေ့ ခန့်မှန်းလိုက်သည်။
ဒီ 'ဇီဖန်ကျွင်း' သာ တကယ်ပဲ သဘောထားကြီးတယ်ဆိုရင် မသေမျိုးဘဝကို စွဲလမ်းနေတဲ့ သေမျိုးတစ်ယောက် ဘာလို့ဖြစ်လာမှာလဲ ပြီးတော့ ဆေးလုံးတွေကို ဘာလို့ဖော်နေဦးမှာလဲ?
ကြီးမြတ်တဲ့ လူတစ်ယောက်က လိုအင်ဆန္ဒတွေ မနည်းပါးသင့်ဘူးလား? တခြားသူတွေလက်ထဲမှာ ဘာလို့ ထိန်းချုပ်ခံရမှာလဲ?
ပြီးတော့ ယွီခဲ့ရဲ့ ရှက်နေတဲ့အမူအရာကို နားထောင်ပုံအရ ဇီဖန်ကျွင်းအမည်ရှိ တာအိုပညာရှင်ဟာ ဒဏ္ဍာရီလာ ကျင့်ကြံသူများလိုမျိုး နှလုံးသားကို ရှင်းလင်းပြီး ဘဝရဲ့သာယာမှုများကို ရှောင်ဖယ်လိုသူနှင့် မတူပေ...
" ခင်ဗျားက အဂ္ဂရိတ်ဖိုအတွက် ဆေးပစ္စည်းတွေ သွားရှာမယ်လို့ပြောခဲ့တယ် ပြီးတော့ မကြာခင် ပြန်လာမယ်တဲ့။ ကျွန်တော်တို့က ဆွေမျိုးတွေဖြစ်သွားပြီး ကျွန်တော်ရယ် ကျွန်တော့်အဖေရယ် ကျွန်တော့်ဦးလေးတွေရယ်ကို လုံခြုံတဲ့နေရာတစ်ခုဆီ ခေါ်သွားပေးမယ်။ ကျွန်တော်တို့မှာ လိမ္မာတဲ့ ကလေးလေးတစ်ယောက် ရှိလာလိမ့်မယ်ဆိုပြီး ခင်ဗျားပြောခဲ့တာ.... "
ယွီခဲ့က အတိတ်ကို ပြန်သတိရရင်း ချူးဟွေ့အား ရှက်ရွံ့စွာ ကြည့်နေခဲ့သည်။
ကောင်လေးက သူ့(ချူးဟွေ့) ကို သူ့ရဲ့ခင်ပွန်းအဖြစ် ဆုံးဖြတ်လိုက်သည်။
ချူးဟွေ့က အပင်ပန်းခံပြီး ရှင်းပြမနေပေ။ ဒီကိစ္စကို သူ ဘယ်နှကြိမ်ရှင်းပြခဲ့ပြီလဲ မသိတော့။ သို့သော်လည်း တစ်ဖက်လူက ခေါင်းမာနေတာကြောင့် သူ ဒီအတိုင်း လွှတ်ထားလိုက်တော့သည်။
'ကျွန်တော်က အရမ်းလိမ္မာတဲ့ ကလေးလေးတစ်ယောက်ကို မွေးမယ်... ' ဆိုတဲ့ ဆယ်ကျော်သက်လေးရဲ့ စကားကိုတော့ သူ သဘာဝကျကျပဲ လျစ်လျူရှုထားလိုက်သည်။
တစ်ဖက်လူရဲ့ဘဝက ချူးဟွေ့နှလုံးသားကို အနည်းငယ် ပျော့ပြောင်းသွားစေသည်။
" ဒီနေရာမှာ အဂ္ဂရိတ်ပညာရှင်တွေ မရှိဘူး။ ဒါပေမယ့် စမ်းသပ်မှုတွေ သုတေသနလုပ်တဲ့သူတွေတော့ ရှိတယ်။ နောင်အနာဂတ်မှာ ဒီကမ္ဘာကြီးက ကိုယ်ကလွဲရင် အရမ်းရက်စက်သွားလိမ့်မယ်။ တွေ့ရာပစ္စည်းတွေ ယူလာတာမျိုး ဒါမှမဟုတ် အဓိပ္ပါယ်မရှိတာတွေ ပြောတာမျိုးမလုပ်နဲ့ နားလည်လား? "
ချူးဟွေ့က ထပ်ပြောလိုက်သည်။
" အွန်း စိတ်ချပါ ချူးဟွေ့ကျွင်းရဲ့။ ဒီနေရာက လူတွေက အရမ်းအားနည်းကြတယ်။ ချူးဟွေ့ကျွင်းမရှိလည်း ကျွန်တော့်ကိုယ်ကျွန်တော် ကာကွယ်နိုင်ပါတယ် "
ယွီခဲ့က ခေါင်းလေးစောင််းရင်း မျက်လုံးတို့က လက်ခနဲဖြစ်သွားသည်။ အပြင်လောကကြီးရဲ့ ရက်စက်မှုကို သူ လုံးဝနားမလည်ခဲ့ပေ။
ချူးဟွေ့ သက်ပြင်းချလိုက်သည်။ ဒီကမ္ဘာမှ လူများက အားနည်းကြသော်လည်း ကမ္ဘာပျက်ကပ်တွင် ပေါ်လာကြသည့် ဇွန်ဘီများနှင့် သန္ဓေပြောင်းသားရဲများကတော့ အားနည်းကြမှာ မဟုတ်ပေ။
" ခြင်္သေ့တစ်ကောင်က ယုန်တစ်ကောင်ကို တိုက်ခိုက်ရင်တောင် အားကုန်သုံးပြီး တိုက်ခိုက်သေးတာပဲ။ ဘယ်သူ့ကိုမှ အထင်မသေးနဲ့။ ဘယ်အရာကိုမှ လျှော့မတွက်နဲ့။ မင်းက သန်မာတယ်ဆိုရင် မင်းအဒေါ်ရဲ့ လက်ထဲမှာ ဘာလို့အနိုင်ကျင့်ခံရတာလဲ? "
စိတ်ကြီးဝင်နေသည့် ဆယ်ကျော်သက်လေးအား ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းပြီး အနာဂတ်တွင် အမှားလုပ်မိခြင်းမှ ကာကွယ်ရန်အတွက် ချူးဟွေ့က စကားလုံးများဖြင့် ရေအေးလောင်းချပေးလိုက်သည်။
" အဲ့ဒါ အဲ့ဒါက ကျွန်တော် သတိရစအချိန်လေ။ ကျွန်တော့်ခန္ဓာကိုယ်က ကိုယ်ခံပညာတွေကို မလေ့ကျင့်ရသေးဘူး။ ပြီးတော့ ကျွန်တော့်အဒေါ်ရဲ့ စရိုက်က အင်မတန်ကြမ်းတမ်းတာ.... ဒါပေမယ့် အဲ့ဒီနောက်ပိုင်းမှာ ကျွန်တော် နည်းနည်းလေ့ကျင့်ထားပါတယ်။ ဒါလည်း ကျွန်တော့်စရိုက်က ပြောင်းလဲသွားတာကို ရွာသားတွေရိပ်မိပြီး မကောင်းဆိုးဝါးအထင်နဲ့ မီးရှို့ကြမှာကို ကြောက်နေရတော့ အဒေါ့်အကြောင်းကို ခေါင်းထဲမထည့်နိုင်ဘူး။ ကျွန်တော်က ခင်ဗျား ကျွန်တော့်ကို သင်ပေးခဲ့တာတွေအားလုံးလေ့လာနေတာ ချူးဟွေ့ကျွင်းရဲ့! "
ယွီခဲ့ခမျာ ချူးဟွေ့က သူ့ရဲ့လုပ်နိုင်စွမ်းကို မယုံကြည်သည့်ပုံစံဖြင့် ပြောလာသံကိုကြားလျှင် အလျင်စလို ရှင်းပြမိသည်။
အပြင်ကမ္ဘာက မည်မျှဆိုးဝါးကြောင်းကို သူ မသိသော်လည်း ကာကွယ်ထားရန် လိုအပ်သည်ဟု ဇီဖန်ကျွင်းက မကြာခဏပြောခဲ့ပြီး ပုံမှန်မဟုတ်ခြင်းက ဒုက္ခများစွာ ဖြစ်စေလိမ့်မည်ဟုလည်း ပြောဖူးသည်။
သူက ဒီထူးဆန်းသည့် ကမ္ဘာကြီးသို့ ပထမဆုံးရောက်လာချိန်တွင် အမျိုးမျိုးသော ခေတ်မီအရာများက သူ့အား အကြီးအကျယ် ထိတ်လန့်စေခဲ့ကာ အချိန်ခဏမျှ သူ စိတ်ရှုပ်ထွေးနေပြီးနောက် အလွန်ပင် ဂရုတစိုက်ဖြင့် ပြုမူနေခဲ့သည်။ ကံကောင်းစွာဖြင့် သူက ရွာထဲတွင် အရူးတစ်ယောက်ဖြစ်ခဲ့တာကြောင့် သူ့ရဲ့ အစပိုင်းမှ ကြောင်တောင်တောင်စကားများကို ဘယ်သူမှ ဂရုမစိုက်ခဲ့ကြပေ။
" အဲ့တော့ သူ ရိုက်တာကို မင်းက သည်းခံနေခဲ့တာပေါ့? "
ယွီခဲ့ရဲ့ ရင်တုန်ပန်းတုန်ဖြစ်နေတဲ့ ပုံစံလေးကိုမြင်ပြီး ချူးဟွေ့နှုတ်ခမ်းထောင့်များက အပေါ်သို့ မြင့်တက်သွားခဲ့ကာ သူ ရယ်ချင်သွားသည်။ သို့သော်လည်း သူ အောင့်ထားလိုက်၏။
" အာ ဟုတ်ပါဘူး ကျွန်တော် သူ့အပေါ်မှာ မန္တာန်တစ်ခု သုံးလိုက်တယ်။ သူ ကျွန်တော့်ကို ရိုက်တဲ့အချိန်တိုင်း သူလည်း နာလိမ့်မယ်။ ဒါပေမယ့် ကျွန်တော့်အဒေါ်က သေအောင်တုံးတော့ ဒီနာကျင်မှုတွေက ဘယ်လိုဖြစ်လာမှန်းကို မသိဘူးလေ... "
ဆယ်ကျော်သက်လေးက အရှုံးမပေးခဲ့ပေ။ သူ့ရဲ့ စိတ်ပူနေတဲ့ အမူအရာလေးက ပျောက်သွားပြီး ခိုးကြောင်ခိုးဝှက် အပြုံးလေးတစ်ခု ပေါ်လာသည်။
ချူးဟွေ့မျက်လုံးထဲတွင် အပြုံးခပ်ရေးရေးတစ်ခု ပေါ်လာပြီး လူငယ်လေးရဲ့အနောက်မှ ကျောပိုးအိတ်ကိုကြည့်ကာ မေးလိုက်သည်။
" ဟိုကျောပိုးအိတ်ထဲမှာ ဘာတွေလဲ? အိတ်လောက်ကြီးတဲ့ ဗုံကြီးတစ်ခု ထည့်လာတာလား? "
အိတ်ထဲတွင် ဘာရှိနေမှန်းမသိတာကြောင့် ကားထဲ ဝင်ကတည်းက ချူးဟွေ့ မေးချင်နေခဲ့တာ ဖြစ်သည်။ ဆယ်ကျော်သက်လေးက ကားထဲမှာတောင် လွယ်ထားဆဲဖြစ်ပြီး အောက်မချထားခဲ့ပေ။
" ဒါတွေအားလုံးက ကျွန်တော့်ရဲ့ အဖိုးတန်လေးတွေ "
ယွီခဲ့က ပြုံးလိုက်ပြီး ကျောပိုးအိတ်ကို ဖွင့်ပြသည်။
ချူးဟွေ့က သူဖွင့်ပြသည့်အတိုင်း ကြည့်လိုက်သည်။
ချူးဟွေ့က ကျောပိုးအိတ်ကို ခရီးဆောင်အိတ်တစ်ခုလို တွေးထားပြီး အဝတ်အစားကဲ့သို့အရာများ ပါလိမ့်မည်ဟု ထင်ထားခဲ့သည်။
ရလဒ်ကတော့ ကျောပိုးအိတ်ထဲတွင် အဝတ်အထည်အများကြီး ပါသော်လည်း အများစုက တိရိစ္ဆာန်အရိုးများ, ကျောက်စိမ်းများ, တစ်ခုခုနှင့် ရောထားပုံရသည့် စမ်းရေပုလင်းများ, ထူးဆန်းသည့် ပစ္စည်းအများအပြား ရှိနေသည်။
ဒီကောင်လေးက တာအိုပညာကို လေ့လာနေတယ်ဆိုပြီး ပြောခဲ့တာမလား? ဘာလို့ အောက်လမ်းနဲ့ ပိုတူနေပါလိမ့်...
" ဒီပစ္စည်းတွေက ဘာအတွက်လဲ? "
ချူးဟွေ့က သူ့ရဲ့သိချင်စိတ်ကို အောင့်မထားခဲ့ပေ။
" ဒီနေရာက အဆောင်လက်ဖွဲ့တွေကို ရေးဆွဲတဲ့နေရာ ဖြစ်ခဲ့ဖူးတယ်။ ဒီနေရာရဲ့ ကောင်းကင်ဘုံနဲ့ မြေကမ္ဘာအရှိန်အဝါက အရမ်းပါးလွှာလွန်းတော့ အရင်ရက်တွေတုန်းက ကျွန်တော် မကျင့်ကြံနိုင်ခဲ့ဘူး။ ညတုန်းက ကောင်းကင်ကိုကြည့်လိုက်တော့ ဒီနေရာမှာ ကပ်ဘေးတစ်ခု ကျရောက်တော့မယ်ဆိုတာ သိလိုက်ရတယ်။ ဒါကြောင့် ရက်စက်တဲ့ သားရဲတချို့ရဲ့ အရိုးတွေနဲ့ သွေးတွေကို စုဆောင်းထားခဲ့တာ။ ဒီလိုဆိုရင် ကာကွယ်တဲ့ အဆောင်တွေကို ဆွဲရလွယ်သွားလိမ့်မယ်။ ဒါတွေအားလုံးကို ကျွန်တော့်ကို ခင်ဗျားသင်ပေးခဲ့တာလေ ချူးဟွေ့ကျွင်းရဲ့။ ခင်ဗျားက တကယ်ပဲ စွမ်းအားကြီးလွန်းတယ်... "
ယွီခဲ့က ပြုံးပြုံးကလေးဖြင့် အလေးအနက် ရှင်းပြခဲ့သည်။
ချူးဟွေ့မှာ တစ်ဖက်လူက တခြားတစ်ယောက်ကို ချီးကျူးမြှောက်ပင့်နေခြင်းဖြစ်ကြောင်း သိထားသော်လည်း လူငယ်လေးရဲ့ ဤကဲ့သို့မျက်လုံးများကို တွေ့လိုက်ရချိန်တွင် ရှင်းမပြနိုင်သည့် ထူပူမှုတစ်ခုကို ချူးဟွေ့ခံစားလိုက်ရသည်။
သို့ရာတွင် ယွီခဲ့ဇာတ်လမ်းထဲမှ ဇီဖန်ကျွင်းဟာ ဘယ်လောက်ပဲ ကြင်နာတတ်သူဖြစ်နေပါစေ ကိစ္စရပ်များက ယွီခဲ့ပြောသလိုမျိုး မရိုးရှင်းမှာကို ချူးဟွေ့ ကြောက်မိသည်။
ယွီခဲ့ရဲ့ စွမ်းရည်က အသုံးဝင်နေသရွေ့ အဆင်ပြေသည်။ ကမ္ဘာပျက်ကပ်အချိန်က အန္တရာယ်များလွန်းပြီး အသက်ကို ကယ်တင်နိုင်လေ ပိုကောင်းလေဖြစ်သည်။
အပြုံးမျက်လုံးများဖြင့် ကောင်လေးကို ချူးဟွေ့ငေးကြည့်နေမိပြီး မသိစိတ်အရ တစ်ဖက်လူရဲ့ခေါင်းကို လှမ်းပုတ်ပေးလိုက်သည်။ ထို့နောက် သူ့အတွေးများကို ဘေးဖယ်လိုက်ကာ အလေးအနက် ကားမောင်းရင်း နေစရာနေရာတစ်ခု ရှာဖွေလိုက်၏။