Chapter ( 4 )
ချူးဟွေ့က R မြို့တော်ရဲ့ လောင်းကစားလမ်းပေါ်တွင် လဝက်ကျော်အောင် လှည့်လည်သွားနေခဲ့သည်။ နေ့လယ်ဆိုလျှင် အဝတ်များလဲပြီး သာမန်ကျောက်တုံးပုံထဲမှ အပိုင်းအစများကို ကောက်ယူရန် သူ့စွမ်းရည်များကို အသုံးပြုလိုက်ရုံသာ ဖြစ်သည်။
သို့သော်လည်း သူက ပိုကောင်းသည့် ကျောက်တုံးများကို မရွေးချယ်ပေ။ တန်ဖိုးက အရမ်းမြင့်လွန်းသည်။
နောက်ပြဿနာတစ်ခုက ထိုလူများတွင် သူတို့ဝယ်ယူလိုက်သည့် ကျောက်တုံးအမျိုးအစားများ၏ မှတ်တမ်းရှိနေသည်။ သူဝယ်ယူသည့် အကြိမ်ရေ များလာလျှင် လူများက သူဟာ ကျောက်တုံးများကို ဝယ်ယူသော်လည်း ဖွင့်မကြည့်ကြောင်းကို သတိပြုမိသွားလိမ့်မည်။ လူများက သေချာပေါက် သံသယဝင်လာပြီး သူ ဓားပြတိုက်ခံရနိုင်သည်။
ဤသည်မှာ လောကကြီးက ညစ်ပတ်လွန်းသည်ဟု သူထင်နေခြင်းကြောင့်မဟုတ်ပဲ ဒီအတိုင်း ပြင်ဆင်ထားရုံသာ ဖြစ်သည်။
ဒီလိုညစ်ပတ်သည့် လမ်းကြားများတွင် သာမန်ကျောက်တုံးများက စျေးပေါသည်။ သို့သော်လည်း သူ့တွင် အထူးစွမ်းရည်များ ရှိနေတာကြောင့် သာမန်ကျောက်တုံးများကြားမှ အရည်အသွေးမြင့် ကျောက်စိမ်းများကို အလွယ်လေး ရွေးထုတ်နိုင်ခဲ့သည်။
သို့သော်လည်း ဒီလိုအခွင့်အရေးမျိုးက အကန့်အသတ်ရှိသည်။
ဒါကြောင့် လဝက်အကြာတွင် ချူးဟွေ့က လမ်းပေါ်မှ ကျောက်ရောင်းသည့် ဆိုင်ပိုင်ရှင်နှင့် မိတ်ဆွေများ ဖြစ်ခဲ့ပြီး ထိုဆိုင်ရှင်နှင့်အတူ ကျောက်တူးသည့် ရွာသို့ ခရီးထွက်ရန် ပြင်ဆင်ခဲ့သည်။
ဘာပဲဖြစ်ဖြစ် လက္ကားရောင်းသည့်နေရာက စျေးအသက်သာဆုံး ဖြစ်လေသည်။
..........
ဆိုင်ပိုင်ရှင်နာမည်က လီမျိုးရိုးဖြစ်ပြီး အတော်လေး သာမန်ဆန်လှသည်။ နာမည်က လီကောကျွင့် ဖြစ်သည်။ သူက တရုတ်မျက်နှာပေါက်နှင့် နှာတံမြင့်မြင့်ရှိသည့် သတ်လတ်ပိုင်းလူတစ်ယောက် ဖြစ်သည်။
ရွာအကြောင်းကို ဖော်ပြရလျှင် တစ်ဖက်လူက သူ့တစ်ယောက်တည်းကို ခေါ်သွားချင်သည်မှာ ချီးကျူးမှုတစ်ခုဟု ဆိုရလိမ့်မည်။
အတိအကျပြောရပါက ထိုတောင်သို့ သွားသည့်လမ်းမှာ ပြန်လည်ပြုပြင်ထားခြင်းမရှိပဲ မြည်းများ,နွားများနှင့် မြင်းများကိုသာ အသုံးပြုနိုင်သည်။
နိုင်ငံအကြီးအကဲများက ရွာမှဆင်းရဲမှုကို ကူညီချင်ကြသော်လည်း ပထဝီမြေအနေအထားအရ ၎င်းက အလွန်ခက်ခဲကာ အစိုးရအနေဖြင့် ဒါဇင်မျှရှိသည့် အိမ်ထောင်စုများအတွက် ငွေအများကြီးကို အသုံးမပြုနိုင်ပေ။
ဒါကြောင့် ဒီရွာမှာ လွန်ခဲ့သောနှစ်နှစ်အထိ လျှပ်စစ်မီးမရခဲ့ပေ။
နေရာက ဝေးလံခေါင်းပါးသော်လည်း လီကောကျွင့်၏ စကားအရ ဒီရွာမှ ကျောက်များဟာ ကျောက်စိမ်းကောင်းများ ထုတ်လုပ်နိုင်ချေ မြင့်မားသည်ဟု ဆိုသည်။
တစ်ဖက်လူက လိမ်ပြောခဲ့ခြင်းမဟုတ်ပေ။ ချူးဟွေ့ သူ့ကို ချဉ်းကပ်ခဲ့ခြင်းမှာ လီကောကျွင့်၏ဆိုင်က တခြားကျောက်ဆိုင်များထက် ကျောက်စိမ်းအရည်အသွေး ပိုမြင့်ကြောင်းကို သိခဲ့ရတာကြောင့် ဖြစ်သည်။
" ... ဒီလျှို့ဝှက်ချက်ကို ဘယ်သူမှ မသိကြဘူး မစ္စတာချူး ရဲ့။ ကျုပ်လည်း အမှတ်မထင် သိခဲ့ရတာ။ ရွာလေးမှာ ကျောက်တုံးအကြီးကြီးတွေ မရှိပေမယ့် ရှိတဲ့ကျောက်တုံးလေးတွေက အင်မတန် အရည်အသွေးကောင်းတာဗျို့။ မင်းသာ ကျောက်အားလုံးကို လောင်းကြေးထပ်ပြီး ဝယ်ရဲတယ်ဆိုရင် ကျောက်တွေကို ကျုပ်ကြည့်ပေးမယ်။ မင်း ရင်းနှီးလိုက်တဲ့ငွေထက် အဆပေါင်းများစွာ ပြန်ရဖို့ လုံလောက်ပါတယ် "
လမ်းတစ်လျှောက်တွင် လီကောကျွင့်က အင်မတန် အပြုသဘောဆောင်ကာ ပြောလာခဲ့သည်။
သူ့အနေနဲ့ တစ်ဖက်လူရဲ့ စိတ်အားထက်သန်မှုကို အပြစ်တင်ရမည်။ လီကောကျွင့်နဲ့ တတ်နိုင်သမျှ မြန်မြန်အဆင်ပြေပြီး သူ့အား လမ်းပြပေးစေရန်အတွက် ချူးဟွေ့က suit ဝတ်ပြီး မျက်မှန်တစ်လက် တပ်ထားကာ သူ့တွင် ငွေအမြောက်အများရှိပြီး ကျောက်လောင်းခြင်းကို ဝါသနာပါသည့် သူဌေးလေးတစ်ယောက်အသွင် ပုံစံယူထားခဲ့သည်။
တစ်ဖက်လူက သူ့အား ရွာသို့ခေါ်သွားပေးသရွေ့ တစ်ဖက်လူကို ငွေအများအပြား ပေးမည်ဟုလည်း ကတိပေးထားသေးသည်။
လီကောကျွင့်က 'ကျိုးအာရွာမှ ကျောက်များက အရည်အသွေးကောင်းနိုင်ချေ မြင့်မားသည်' ဟူသော လျှို့ဝှက်ချက်ကို တခြားသူများနှင့် ဝေမျှရန် တွန့်ဆုတ်နေခဲ့သည်။
သို့သော်လည်း ကျောက်လောင်းသည့်လောကတွင် တားမြစ်ထားသည့် အရာမှာ မိမိရဲ့ 'ထိုးထွင်းသိမြင်မှု' ဖြင့် လောကကြီးကို လျှောက်သွားရဲသော ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုဖြစ်သည်။
သူသိထားတာက ဖြစ်နိုင်ချေသာဖြစ်ပြီး လုံးဝသေချာသည့်အရာ မဟုတ်ချေ။
ပြီးလျှင် အရေးကြီးဆုံးအရာမှာ သူက ဆင်းရဲပြီး တောင်ကြီးတစ်တောင်ကို တူးနိုင်စွမ်း မရှိပေ။ သူ့ရဲ့ရှေ့မှာ ရွှေတောင်ကြီးတစ်ခု ရှိနေမှန်းသိတာတောင် သူ့အနေနဲ့ ထိုင်ကြည့်ရုံသာ တတ်နိုင်သည်။
အခုလက်ရှိမှာ ဒီလျှို့ဝှက်ချက်ကို ချူးဟွေ့အား ရောင်းချလိုက်ခြင်းက ပိုကောင်းလိမ့်မည်။
ပြောရလျှင် တစ်ဖက်လူက ထိုတောင်ကြီးကို ဝယ်နိုင်သူတစ်ယောက်နှင့် မတူပေ။ သူက ငွေရှာနိုင်ပြီး ထိုနေရာတွင် ရင်းနှီးမြုပ်နှံလိုက်လျှင် ကောင်းမွန်သည့် အပေးအယူတစ်ခုဖြစ်သည်။
လီကောကျွင့်က ဒီလိုတွေးရင်း ပိုလို့တောင် လိုလိုလားလားဖြင့် လမ်းပြပေးခဲ့သည်။
ချူးဟွေ့က စကားအများကြီးမပြောပဲ တိတ်တဆိတ်သာ လိုက်သွားခဲ့သည်။
ကျိုးအာရွာက အလွန်ဆင်းရဲပြီး ဝေးလံခေါင်းပါးသည်။ သူတို့နှစ်ယောက်လုံးက ရုပ်ပိုင်းဆိုင်ရာ သန်မာပြီး အချိန်အကြာကြီး တောင်တက်ခဲ့ရသည်။ တောင်တက်ပြီးလျှင် ကမ်းပါးစွန်းများမှ လမ်းလျှောက်ခဲ့ရပြီး တကယ်ကို ခက်ခဲသည့် ခရီးကြမ်းတစ်ခု ဖြစ်သည်။
တောင်အထပ်ထပ် တောအထပ်ထပ်ဖြင့် ဤမျှဝေးလံခေါင်းပါးသည့် ရွာမျိုးက ကြီးကြီးမားမား ဖွံ့ဖြိုးတိုးတက်နိုင်သည့် နေရာတစ်ခု မဟုတ်တာကြောင့် ရွာက တကယ်ပဲ မချမ်းသာနိုင်ပေ။
နောက်ဆုံး တောင်လမ်းလေးကို ဂရုတစိုက်လျှောက်ကာ အမျိုးမျိုးသော အလှည့်အပြောင်းများကို ဖြတ်ကျော်ခဲ့ပြီးနောက် ချူးဟွေ့တစ်ယောက် လီကောကျွင့်ပါးစပ်မှ ကြားခဲ့ရသည့် ကျိုးအာရွာကို မြင်လိုက်ရသည်။
ရွာက ဆင်းရဲတာကြောင့် အိမ်များက အလွန်ပြိုပျက်နေသည်။ သို့သော်လည်း အခုက 21 ရာစု ဖြစ်တာကြောင့် ရွာရဲ့တိုးတက်မှုက ဘယ်လောက်ပဲ ဆင်းရဲပါစေ အကန့်အသတ်တစ်ခုတော့ ရှိနေခဲ့သည်။
အပြင်လောကနှင့် အဆက်အသွယ်ပြတ်ပြီး ဆင်းရဲနွမ်းပါးသော်လည်း ဒီနေရာမှ လူများတွင် အနည်းငယ်ဆုံးတော့ လယ်ကွင်းများရှိပြီး သူတို့ဘဝများက အေးချမ်း၍ ရိုးရှင်းသည်။
" သွားစို့ လောင်ဝမ်ရဲ့အိမ်မှာ အနားယူရအောင်။ မနက်ဖြန်ကျရင် ကျောက်ဝယ်မယ့်ကိစ္စကို ပြောကြမယ်ပေါ့ "
တစ်ရက်နီးပါး တောင်တက်ခဲ့ပြီးနောက် လီကောကျွင့်က အလွန်ပင်ပန်းနေပြီဖြစ်ရာ အနားယူရန် နေရာတစ်ခုကိုသာ အရင်ရှာချင်ခဲ့သည်။
သူက ကျိုးအာရွာသားများနှင့် အလွန်ရင်းနှီးတာကြောင့် ဝမ်မျိုးရိုးမိသားစုတစ်ခုသို့ ချူးဟွေ့ကို တစ်ခါတည်း ခေါ်သွားလေသည်။
ဒီတောင်တန်းရွာလေးက ဝေးလံလွန်းတာကြောင့် ရွာသားများက အပြင်လူများနှင့် အဆက်အသွယ်မရှိပဲ အလွန်ရိုးသားကြသည်။
ထပ်ပြောရလျှင် လီကောကျွင့်ရောက်လာတိုင်း သူတို့ရွာအတွက် ဝင်ငွေအသစ် ရလာမည် ဖြစ်သည်။
ဒါကြောင့် လောင်ဝမ်က သူတို့ရောက်လာချိန်တွင် ဝမ်းပန်းတသာ ကြိုဆိုပြီး ဧည့်သည်များကို ဧည့်ခံရန်အတွက် အိမ်လုပ် ဝက်အူချောင်းများကို သူ့ဇနီးအား ယူလာခိုင်းလိုက်သည်။
ကြက်သွန်မြိတ်များနှင့် ဝက်သားမွှေကြော်, ပူပူနွေးနွေး ဝက်အူချောင်းများ, အာလူးကြော်, ကြက်ဥစွပ်ပြုတ် စသည့် မြို့ပေါ်တွင် သာမန်အစားအစာများက ဒီရွာလေးမှာတော့ ဧည့်ခံတည်ခင်းသည့် အစားအသောက်များ ဖြစ်နေသည်။
ချူးဟွေ့က ဒီအူချောင်းများကို မကြိုက်ပေ။ ဒီလိုအိမ်ချက်အစားအစာများက ရှားပါးနေခြင်း မရှိချေ။
သို့ရာတွင် ကမ္ဘာပျက်ကပ်ကို တစ်ကြိမ်ကြုံဖူးပြီးချိန်၌ မန်ထိုကင်မ်ချီကိုတောင် သူ အရသာတွေ့နေသည် !
ကမ္ဘာပျက်ကပ်တွင် သန္ဓေပြောင်းသားရဲများကို စားလို့ရတာကြောင့် အသားများက ချို့တဲ့မနေခဲ့ပေ။ တစ်စုံတစ်ယောက်က အခြေစိုက်စခန်းထဲမှ ထွက်ရဲသရွေ့ ထိုသူများက ဆာလောင်ပြီး သေဆုံးမှာကို မကြောက်ကြချေ။
သို့ရာတွင် ပြဿနာက အဆင့်နိမ့် သန္ဓေပြောင်းသားရဲများ၏ အသားက အလွန်ပင် အရသာဆိုးဝါးသည်။ ၎င်းက ချက်ပြုတ်ရန် ခက်ခဲရုံမကပဲ ခါးသက်သက်နှင့် ဆားငန်တာကြောင့် သေလောက်အောင် ဗိုက်ဆာနေခြင်းမဟုတ်လျှင် ထိုအသားများကို မစားကြပေ။
အဆင့်မြင့် သန္ဓေပြောင်းသားရဲများ၏ အသားက အရသာရှိသော်လည်း သာမန်လူများအနေဖြင့် မစားနိုင်ပါလေ။
ဒါကြောင့် ချူးဟွေ့က ညစာထမင်းပွဲတွင် ဘယ်လောက်ပဲ ထိန်းချုပ်ထားပါစေ သူ့ရဲ့စားသောက်ပုံ အပြုအမူများက သိပ်တော့ ယဉ်ကျေးမနေခဲ့ပေ။
လီကောကျွင့်ဆိုလျှင် စိတ်လှုပ်ရှားမှုဖြင့် တံတွေးမြိုချနေပြီး ဝမ်မိသားစုကတောင် ချူးဟွေ့ဟာ တကယ်ပဲ မြို့တော်မှ သူဌေးလေးဟုတ်ရဲ့လားဆိုတာ အနည်းငယ် သံသယဝင်လာရသည်။
သူ့ပုံစံက သူတို့လောက်တောင် အသားမစားဖူးသလိုမျိုး ဘာလို့ ဖြစ်နေပါလိမ့်နော်...
တခြားသူများကို ဂရုမစိုက်တတ်သည့် ချူးဟွေ့က ဒီလိုမျိုး စိုက်ကြည့်ခံနေရလျှင် နည်းနည်းလေး ရှက်လာသည်။
သူ့တူများကို အသာလေး ပြန်ချလိုက်ပြီး လောင်ဝမ်အား ပြုံးပြကာ စကားလမ်းကြောင်းလွှဲလိုက်သည်။
" အဖိုး အဖိုးရဲ့ ဝက်အူချောင်းတွေက အရသာရှိတယ်ဗျာ။ ကျွန်တော့်သူငယ်ချင်းတစ်ယောက်က စားသောက်ကုန်လုပ်ငန်း လုပ်နေတာလေ။ အဖိုးတို့ရွာကနေ စိုက်ပျိုးရေးနဲ့ ဘေးထွက်ပစ္စည်းတွေကို ဝယ်သွားချင်တာ။ အဆင်ပြေမလားမသိဘူး? "
အခုက ကမ္ဘာပျက်ကပ်မတိုင်မီ အချိန်စောသေးပြီး အစားအသောက်များကို စုဆောင်းရန် အလျင်မလိုသေးပေ။ ကျိုးအာရွာမှ လူ 24 ယောက်လောက်ရဲ့ အစားအသောက်များက သူ့အတွက် မလုံလောက်ချေ။
ချူးဟွေ့က ဒီစကားကို ပြောလိုက်ခြင်းမှာ ဒီနေရာက ရိုးသားသည့် လယ်သမားများကို ကူညီချင်တာကြောင့် ဖြစ်သည်။
သူက မကြင်နာတတ်ပေ။ သနားကရုဏာသက်ခြင်း ဆိုသည်မှာ ကမ္ဘာပျက်ကပ်ကာလမှ ပြန်ရောက်လာသူများတွင် အင်မတန် တွေ့ရခဲသည့်အရာ ဖြစ်သည်။
သို့ရာတွင် သူ့အတွက် ခြိမ်းခြောက်မှုမရှိပါက သူ့အနေနဲ့ ကြင်နာမှုကိုပြပေးရန် စိတ်မရှိပေ။ ကမ္ဘာပျက်ကပ်နေ့များက ရက်စက်ကြမ်းတမ်းလွန်းပြီး လူတိုင်းကို သူ မကယ်တင်နိုင်ပေ။ သို့သော်လည်း ထိုလူများကို သူ သတိပေးနိုင်ပြီး တတ်နိုင်သလောက် ကူညီပေးနိုင်သည်။
" မစ္စတာချူး မင်းက ကျုပ်တို့ရဲ့ အသီးအနှံတွေနဲ့ အူချောင်းတွေကို တကယ်ဝယ်ချင်တာလား? ဒါပေမယ့် ကျုပ်တို့ရဲ့ အသီးအနှံတွေနဲ့ ကုန်ခြောက်တွေက အကုန်ရောင်းထွက်သွားပြီ... "
လောင်ဝမ်က သူ့စကားကိုကြားချိန်တွင် အလွန်ပျော်သွားသော်လည်း ထို့နောက်တွင် နှမြောသွားသည်။
ကျေးလက်ဒေသမှ လူများက အမျိုးမျိုးသော ကောက်ပဲသီးနှံများနှင့် ကုန်ခြောက်များပေါ်တွင် သူတို့ရဲ့ဝင်ငွေအတွက် မှီခိုရသည်။ တချို့လူများက သူတို့ထံမှ ဝယ်ယူခြင်းဟာ ကောင်းသည့်အရာဖြစ်သည်။ သို့သော်လည်း ဒီနှစ်ကတော့ မကောင်းပေ။ အခုအချိန်တွင် အိမ်တိုင်းမှ ကုန်ပစ္စည်းများက ပြင်ပသို့ ရောင်းချလိုက်ပြီဖြစ်သည်။
ချူးဟွေ့က စိတ်ပျက်မသွားပဲ ဆက်ပြောသည်။
" အဆင်ပြေပါတယ်။ စိတ်မပူနဲ့။ ကျွန်တော်က နောက်နှစ် ဖေဖော်ဝါရီမှ လိုတာ။ အခုလောလောဆယ် စရံငွေကြိုပေးခဲ့မယ်။ ခင်ဗျားတို့တွေ ဖြည်းဖြည်းချင်း ပြင်ဆင်ကြပေါ့ "
" ဒါဆို မင်းရဲ့ကြင်နာမှုကို လက်ခံလိုက်ပါ့မယ်။ မနက်ဖြန်ကျရင် ရွာလူကြီးဆီကို ခေါ်သွားပေးမယ် "
လောင်ဝမ်က ပျော်ရွှင်နေပြီး သူ့ခြေထောက်ကို ပြုံးပြုံးကြီးနှင့် ရိုက်နေသည်။ ဒီလိုမျိုး တစ်ရွာလုံးရဲ့ စီးပွားရေးနှင့် ပတ်သတ်သည့် ကိစ္စက ရွာလူကြီးမှ ဦးဆောင်ပေးရန် လိုအပ်သည်။