Chapter ( 14 )
အထက်လူကြီးများက မည်မျှပင် ယုံကြည်သည်ဖြစ်စေ မယုံကြည်သည်ဖြစ်စေ၊ အစိုးရအနေဖြင့် သတိရှိရှိ ပြင်ဆင်ထားသရွေ့ ကမ္ဘာပျက်ကပ်အတွင်း လူတိုင်း၏ဘဝမှာ အများကြီး သက်သာသွားပေလိမ့်မည်။
အစိုးရက ဆက်လက်၍ ဘာပဲလုပ်လုပ် ချူးဟွေ့သည် အလွန်အမင်း ဂရုမစိုက်တော့ပေ။ သူသည် ကမ္ဘာပျက်ပြီးနောက်ပိုင်းတွင် ဘေးကင်းစွာ နေထိုင်နိုင်မည့် "ခံတပ်သဖွယ် နေအိမ်" တစ်ခုအတွက် စတင်ပြင်ဆင်ရတော့မည်။
အမှန်အတိုင်း ပြောရလျှင် ကမ္ဘာပျက်ကပ်အတွင်း လုံးဝဘေးကင်းသော နေရာဟူ၍ မရှိဘဲ ယာယီခိုလှုံရာများသာ ရှိပေသည်။ အရင်ဘဝက အမှတ်သညာများကို သေချာစွာ ပြန်လည်စဉ်းစားပြီးနောက် ချူးဟွေ့သည် နောက်ဆုံးတွင် မြို့ C ကို ရွေးချယ်ခဲ့၏။ အမှန်တော့ အကောင်းဆုံး ရွေးချယ်မှုမှာ မြို့ B ဖြစ်သင့်သည်။
မြို့တော်ဖြစ်သည့်အတွက် အမြဲတမ်း တင်းကျပ်စွာ စောင့်ကြပ်နေမည် မဟုတ်ပါလား။ သို့သော် မြို့တော်၌ လူဦးရေ ထူထပ်လွန်းပြီး လူတန်းစား ပေါင်းစုံသဖြင့် ရှုပ်ထွေးလှသည်။ ထို့ကြောင့် သူသည် မြို့ C ကသာ အသင့်တော်ဆုံးဖြစ်ကြောင်း ဆုံးဖြတ်လိုက်၏။
မြို့ C သည် မြို့တော်လောက် မကြီးသော်လည်း သေးငယ်သော မြို့မဟုတ်ဘဲ စစ်ဘက်ဆိုင်ရာ နယ်မြေများဖြင့် ဝန်းရံထားပေသည်။
အရင်ဘဝက သူကြားခဲ့ဖူးသည်မှာ ကမ္ဘာပျက်စောစောပိုင်းတွင် မြို့ C ၏ သန့်ရှင်းရေးနှင့် အခြေစိုက်စခန်း တည်ဆောက်မှုမှာ မြို့တော်ထက်ပင် ပို၍မြန်ဆန်ခဲ့သည်။ နောက်ပိုင်းတွင် စစ်တပ်က အာဏာယူထားသဖြင့် အခြေစိုက်စခန်းအတွင်း အငြင်းပွားမှုများ ရှိသော်လည်း မြို့တော်ထက် အများကြီး ပိုကောင်းကာ အခြားသော အခြေစိုက်စခန်းများထက် ဘဝရပ်တည်မှုက ပို၍ကောင်းမွန်ခဲ့သည်။
နောက်ထပ် လက်တွေ့ကျသော ပြဿနာတစ်ခုမှာ သူ၏လက်ထဲရှိ ငွေကြေးဖြင့် မြို့ B တွင် အိမ်တစ်လုံး ဝယ်ရန် မတတ်နိုင်ခြင်း ဖြစ်သည်။ ကမ္ဘာပျက်ကပ်အတွင်း မဝင်ရောက်မီ သာမန်လူမှုပတ်ဝန်းကျင်တွင် နေရာတိုင်း၌ ငွေလိုအပ်ပေသည်။ ချူးဟွေ့သည် ငွေချွေတာရန်အတွက် အိမ်ငှားရန်လည်း စဉ်းစားခဲ့သော်လည်း နောင်တွင် ပြဿနာများစွာ ရှိလာနိုင်ပေသည်။
အရင်ဘဝက သူကြားဖူးသည်မှာ အခြေစိုက်စခန်း စတင်တည်ထောင်ချိန်၌ အစိုးရသည် အလွန်ပင် စာနာထောက်ထားမှု ရှိခဲ့ပြီး၊ အိမ်ပိုင်ဆိုင်မှု စာချုပ်ရှိသူများကို မူလအိမ်များ၌ပင် ဆက်လက်နေထိုင်ခွင့် ပြုခဲ့သည်။
ကျန်ရှိသော အိမ်ငှားများ၊ ဟိုတယ်များ၊ ဈေးဝယ်စင်တာများနှင့် အခြားအဆောက်အအုံများကိုမူ အခြေစိုက်စခန်းက သိမ်းယူကာ လူများကို စနစ်တကျ ပြန်လည်နေရာချထားပေးခဲ့သည်။
မည်သည့်အချိန်တွင်မဆို လူသားတို့အကြား လူတန်းစားခွဲခြားမှုမှာ အလွန်ပြင်းထန်လှပြီး၊ ကမ္ဘာပျက်စောစောပိုင်းတွင်ပင် အထက်အောက် လူတန်းစားစနစ်က ပုံပေါ်လာခဲ့ပြီး ဖြစ်သည်။ ကမ္ဘာပျက်ပြီးနောက် အရင်းအမြစ်များ ကန့်သတ်ထားသဖြင့် တန်းတူညီတူခွဲဝေပေးရန်မှာ မဖြစ်နိုင်ပေ။
အစောပိုင်းတွင် ကံကောင်း၍ အိမ်ကောင်းတစ်လုံး ရရှိခဲ့လျှင်ပင် နောင်ပိုင်းတွင် ထိုအိမ်ကို ဆက်လက်ပိုင်ဆိုင်နိုင်မည့် စွမ်းအားရှိ၊ မရှိကိုသာ ကြည့်ရလိမ့်မည်။
ထို့အပြင် သူသည် အိမ်ကို အနည်းငယ် ပြုပြင်မွမ်းမံရန် လိုအပ်သဖြင့် အိမ်ငှားနေ၍ မဖြစ်ဘဲ အိမ်ဝယ်ရန်သာ ဆုံးဖြတ်ခဲ့သည်။ သူ၏လက်ထဲရှိ ရန်ပုံငွေများကို တွက်ချက်ကာ မြို့ C ၏ မြေပုံကို သေချာစွာ လေ့လာပြီးနောက် ချူးဟွေ့သည် မြို့ C ၏ မြောက်ဘက်တံခါး ဧရိယာကို ရွေးချယ်ကာ အိမ်ခြံမြေ အကျိုးဆောင်များထံသို့ တစ်ခုပြီးတစ်ခု သွားရောက်ခဲ့သည်။
ဤဧရိယာ၏ ဖွံ့ဖြိုးတိုးတက်မှုမှာ မြို့၏ အခြားနေရာများလောက် မကောင်းသော်လည်း ကမ္ဘာပျက်ပြီးနောက်ပိုင်းတွင် ယင်းမှာ အရေးမကြီးတော့ပေ။ မြောက်ဘက်တံခါး ဧရိယာသည် ဈေးနှုန်းချိုသာပြီး လူဦးရေ ကျဲပါးလှသည်။ အိမ်ခြံမြေ အကျိုးဆောင်မှာ တစ်ပတ်ခန့် ချွေးပျံအောင် လိုက်ပြခဲ့ရပြီး စိတ်မရှည်ဖြစ်လာတော့မှသာ ချူးဟွေ့သည် အိမ်တစ်လုံးကို ဝယ်ရန် စတင်ခဲ့သည်။
ထိုအိမ်မှာ အသစ်ဖွင့်လှစ်ထားသော တိုက်ခန်းဝန်းတစ်ခုအတွင်း၌ ရှိကာ အခန်းကျယ် သုံးခန်းပါဝင်ပြီး အောက်ထပ်တွင် ပန်းခြံငယ်တစ်ခု ပါဝင်ကာ ဈေးနှုန်းမှာ ယွမ် ရှစ်သိန်းသာ ရှိသည်။ ဤဈေးနှုန်းကို ကြားရသောအခါ ချူးဟွေ့ပင် အနည်းငယ် အံ့သြသွားရ၏။ လက်ရှိ အိမ်ခြံမြေဈေးနှုန်းများအရ ဤမျှကြီးမားသော အိမ်တစ်လုံးကို ရှစ်သိန်းနှင့် ရရန်မှာ အလွန်ခဲယဉ်းလှသည်။
သို့သော် ထိုပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ အဘယ်ကြောင့် ဤမျှ ဈေးပေါရသည်ကို သူသိလိုက်ရသည်။ ထိုတိုက်ခန်းဝန်း၏ နောက်ဘက် မလှမ်းမကမ်းတွင် အမှိုက်စွန့်ပစ်စခန်းတစ်ခု ရှိနေပေ၏။
ဆောင်းရာသီတွင် ပြဿနာမရှိသော်လည်း ပူပြင်းသော နွေရာသီတွင်မူ ပတ်ဝန်းကျင်တစ်ခုလုံး အနံ့အသက်ဆိုးများဖြင့် ပြည့်နှက်နေပေလိမ့်မည်။ ပတ်ဝန်းကျင်ရှိ နေထိုင်သူများက အကြိမ်ကြိမ် ကန့်ကွက်ခဲ့သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့သည်။ ထိုအမှိုက်စခန်းမှာ အစိုးရ၏ ရေရှည်စီမံကိန်း ဖြစ်နေသဖြင့် လူတိုင်းက အိမ်ဆောက်လုပ်သူများ အပေါ်တွင်သာ အပြစ်တင်နေကြသည်။
နောင်တွင် ဤနေရာ၌ ရောင်ခြည်သင့်မှု များပြားသော စက်ရုံတစ်ရုံ တည်ဆောက်ရန် စီစဉ်ထားပြီး မူလက တည်ဆောက်ရန် ရည်ရွယ်ထားသော မူလတန်းကျောင်းမှာလည်း ပြဿနာအမျိုးမျိုးကြောင့် ပျက်ပြယ်သွားခဲ့သည်။ ထို့ကြောင့် အကြောင်းအမျိုးမျိုးကြောင့် ဤနေရာတွင် လာရောက်နေထိုင်သူမှာ အလွန်နည်းပါးသွားကာ အိမ်ဈေးနှုန်းများလည်း ထိုးကျသွားခဲ့ရသည်။
ချူးဟွေ့သာ ဈေးနှုန်းချိုသာပြီး အခန်းအကျယ်ကြီးကို ဇွတ်မတောင်းဆိုခဲ့လျှင် အကျိုးဆောင်သည် သူ့ကို ဤနေရာသို့ လုံးဝခေါ်လာမည် မဟုတ်ပေ။ သို့သော် ချူးဟွေ့ကမူ ဤပြဿနာများကို လုံးဝ ဂရုမစိုက်ပေ။ နေထိုင်သူနည်းခြင်းမှာ ကမ္ဘာပျက်ပြီးနောက် ဇွန်ဘီနည်းမည်ဟု ဆိုလိုခြင်းဖြစ်ပြီး သန့်ရှင်းရေးလုပ်ရန်လည်း ပို၍ လွယ်ကူမည်ဖြစ်သည်။ နောင်တွင် ဆောက်မည့် စက်ရုံမှာလည်း ကမ္ဘာပျက်ပြီးနောက်တွင်မူ အလှမ်းဝေးလှပေတော့မည်။
အမှိုက်စခန်းမှာလည်း အခြေစိုက်စခန်း တည်ထောင်ပြီးပါက အထက်လူကြီးများက သန့်ရှင်းရေးလုပ်ကာ အကျိုးရှိရှိ အသုံးချမည်ဖြစ်သဖြင့် စိုးရိမ်စရာ မရှိပေ။
အိမ်ကို ကြည့်ရှုပြီးနောက် အားသာချက်၊ အားနည်းချက်များကို တွက်ချက်ကာ ချူးဟွေ့သည် ချက်ချင်းပင် စာချုပ်ချုပ်လိုက်သည်။ အိမ်ခြံမြေ အကျိုးဆောင်က သူ့ကို အိမ်ဝယ်သည့် အရူးတစ်ယောက်ဟု ထင်နေသော်လည်း၊ အိမ်မကောင်းကြောင်း ပြောလိုက်ပါက ကော်မရှင်ငွေ မရတော့မည် စိုးသဖြင့် အိမ်ရှင်ကို အပြုံးမပျက် ဆက်သွယ်ကာ ပိုင်ဆိုင်မှု လွှဲပြောင်းရေး ကိစ္စများကို အမြန်ဆုံး လုပ်ဆောင်ပေးခဲ့သည်။
...........
အရောင်းအဝယ်ပြုလုပ်သည့်အချိန်တွင် ယွမ်ရှစ်သိန်းတိတိ ပေးချေရမည့် ချူးဟွေ့သည် ငွေအားလုံးကို တစ်ခါတည်း အကျေမပေးဘဲ ချေးငွေရယူသည့်လမ်းကိုသာ ရွေးချယ်ခဲ့သည်။
သူ့လက်ထဲတွင် လက်ရှိ၌ ငွေသားအမြောက်အမြား မရှိတော့သည့်အပြင် နောက်ပိုင်းတွင် အိမ်ကို ပြန်လည်ပြင်ဆင်မည့်စရိတ်မှာလည်း အလွန်ကြီးမားမည်ဖြစ်ရာ ငွေကြေးကို စေ့စေ့စပ်စပ် တွက်ချက်သုံးစွဲရမည်ဖြစ်သည်။
ငွေပိုထွက်နိုင်မည့် နည်းလမ်းရှိပါက ပို၍စုဆောင်းထားပြီး ရရှိလာသည့် အရင်းအနှီးကို အကျိုးရှိရှိ အသုံးချရန် သူ ဆုံးဖြတ်ထားသည်။
စာချုပ်ချုပ်ဆိုပြီး ငွေပေးချေပြီးနောက် ပိုင်ဆိုင်မှုလွှဲပြောင်းခြင်း လုပ်ငန်းစဉ်များပင် မပြီးဆုံးသေးမီမှာပင် ချူးဟွေ့သည် အိမ်ပြင်ဆင်ရေးလုပ်ငန်းများကို စတင်လိုက်တော့သည်။ ကမ္ဘာပျက်ကပ် ဆိုက်ရောက်ရန် လအနည်းငယ်သာ လိုတော့သဖြင့် ပြင်ဆင်စရာများစွာ ကျန်ရှိနေသေးရာ အချိန်တစ်စက္ကန့်မျှပင် အလဟဿ အဖြစ်မခံနိုင်တော့ပေ။
အိမ်ရှင်ဖြစ်သူက ဤအိမ်ကို ဝယ်ယူစဉ်ကတည်းက အနီးအနားတွင် အမှိုက်စွန့်ပစ်သည့်နေရာ စတင်ပေါ်ပေါက်နေပြီဖြစ်သောကြောင့် အိမ်ရှင်မိသားစုမှာ ဤအိမ်သို့ ပြောင်းမနေခဲ့ကြပေ။ ထို့ကြောင့် တစ်အိမ်လုံးမှာ မည်သည့်အပြင်အဆင်မျှ မရှိဘဲ ပစ္စည်းသိုလှောင်ရုံမှာလည်း ဟောင်းလောင်းပြင် ဖြစ်နေလေသည်။
ဤအခြေအနေကပင် ချူးဟွေ့အတွက် အိမ်ကို စိတ်ကြိုက်ပြင်ဆင်ရန် အခွင့်ကောင်း ဖြစ်သွားစေသည်။ ကမ္ဘာပျက်ကပ် ဆိုက်ရောက်ပြီးနောက်တွင် သက်သောင့်သက်သာ နေထိုင်လိုပါက ကိုယ်တိုင်ကိုယ်ကျ ကြိုးစားအားထုတ် ပြင်ဆင်မှသာ ဖြစ်ပေလိမ့်မည်။
ကမ္ဘာပျက်ကပ်ဆိုက်ရောက်ရန် ငါးလအလို…
လက်ထဲရှိ ရန်ပုံငွေများကို တွက်ချက်ပြီးနောက် ချူးဟွေ့သည် ဆောက်လုပ်ရေးပစ္စည်း အရောင်းဆိုင်များသို့ ပြေးလွှားကာ လိုအပ်သည်များကို ဝယ်ယူတော့သည်။ ထို့နောက် ဆောက်လုပ်ရေး လုပ်ငန်းခွင်များသို့ သွားရောက်ကာ အိမ်ပြင်ဆင်ရေး တတ်ကျွမ်းသည့် ရွှေ့ပြောင်းလုပ်သား အချို့ကို ရှာဖွေငှားရမ်းခဲ့သည်။
အမှန်စင်စစ် သူ၏ အိမ်ပြင်ဆင်မှုမှာ အထူးလိုအပ်ချက်များစွာ ရှိနေသဖြင့် ကျွမ်းကျင်သည့် အိမ်ပြင်အဖွဲ့ကိုသာ ငှားရမ်းသင့်သော်လည်း မြို့ပေါ်တွင် ကြာရှည်နေထိုင်သူများသည် လူမှုဆက်ဆံရေး နယ်ပယ်ကျယ်ဝန်းလှသည်။
ကမ္ဘာပျက်ကပ် ဆိုက်ရောက်လာသောအခါ သူ၏အိမ်သည် ထူးခြားသည့် ပြင်ဆင်မှုများ ရှိနေကြောင်း သိရှိသွားပါက သူ့အတွက် ဒုက္ခများစွာ ကြုံရနိုင်ပေသည်။
သို့သော် နယ်ဝေးမှ လာရောက်လုပ်ကိုင်သူများမှာမူ ထိုသို့မဟုတ်ပေ။ အများစုမှာ ရိုးသားကြပြီး အလုပ်ကြိုးစားကြသူများ ဖြစ်သည်။များများစားစားလည်း မမေးမြန်းတတ်ကြသလို မြို့ပြ၏ ခမ်းနားမှုများကို မြင်တွေ့ဖူးကြသဖြင့် သူတို့နားမလည်သည့် အရာများကို မြင်လျှင်ပင် ထူးဆန်းသည်ဟု မထင်ကြပေ။
ကမ္ဘာပျက်ကပ်သည် နှစ်သစ်ကူးပြီးနောက် မကြာမီမှာပင် ဖြစ်ပွါးမည်ပင်။ ထိုအချိန်တွင် ဤနယ်ဝေးလုပ်သားများသည် ၎င်းတို့၏ ဇာတိရပ်ရွာများသို့ ပြန်သွားကြမည်ဖြစ်ရာ မြို့ပေါ်သို့ အချိန်တိုအတွင်း ပြန်လာနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူ၏အိမ်သည် ထူးခြားနေသည်ဟု သူတို့ ထင်မြင်လျှင်ပင် မည်သည့် ပြဿနာမျှ ရှာနိုင်တော့မည် မဟုတ်ပေ။
ပထမဦးစွာ သူတို့သည် မြေအောက်ခန်းများကို တူးကြသည်။
ထိုမှာ ချူးဟွေ့အနေနှင့် နယ်ဝေးလုပ်သားတွေကို ငှါးရမ်းရသည့် အဓိကအကြောင်းရင်း ဖြစ်သလို၊ မြေညီထပ်အိမ်ကို ဝယ်ယူရသော အကြီးမားဆုံး အကြောင်းပြချက်လည်း ဖြစ်သည်။ ကမ္ဘာပျက်ကပ် ဆိုက်ရောက်ပြီးနောက်မှာ ရာသီဥတုတွေဟာ ကမောက်ကမ ဖြစ်ကုန်ပြီး အလွန်အမင်း အေးလိုက်၊ အလွန်အမင်း ပူလိုက်နှင့် အစွန်းရောက်လာလိမ့်မည်။ သာမန်မြို့ပြအိမ်များမှာ ထိုသို့ကြမ်းတမ်းသော ရာသီဥတုဒဏ်ကို မခံနိုင်ကြပေ။
ကမ္ဘာပျက်ကပ် နှောင်းပိုင်းကာလများတွင် လူအများစုသည် ဇွန်ဘီ ဒါမှမဟုတ် မျိုးဗီဇပြောင်း သတ္တဝါများ၏ ကိုက်ခြင်းခံရရ၍ သေဆုံးကြသည် မဟုတ်ဘဲ၊ ကြမ်းတမ်းသော ရာသီဥတုနှင့် အစားအသောက် ပြတ်လပ်မှုကြောင့် သေဆုံးကြရတာ ဖြစ်သည်။ သဘာဝတရား၏ စွမ်းအားသည် အခြားဘယ်အရာထက်မဆို ပိုပြီး အစွမ်းထက်လှ၏။
ထိုကြောင့် သူသည် မြေအောက်ခန်းကို ကြိုတင်တူးထားပြီး ပစ္စည်းသိုလှောင်ရုံအဖြစ်သာမက အရေးကြီးသောအချိန်မှာ အပူအအေးဒဏ်ကနေ ခိုလှုံရာအဖြစ် အသုံးချနိုင်ဖို့ ပြင်ဆင်ရခြင်း ဖြစ်သည်။
အိမ်တွင်း၌လည်း ချူးဟွေ့သည် မလိုအပ်သော အလှဆင်ပရိဘောဂများကို ဖယ်ရှားကာ နံရံများကို အသံလုံအောင်နှင့် ပိုမိုခိုင်ခံ့အောင် ပြုလုပ်ပြီး အပူအအေးဒဏ်ခံနိုင်သည့် အလွှာများ ထည့်သွင်းခဲ့သည်။
သာမန်တံခါးနှင့် ပြတင်းပေါက်များကို ဖြုတ်ပစ်ကာ အထူးမှာယူထားသည့် စတီးတံခါးများနှင့် ကျည်ကာမှန်များဖြင့် အစားထိုးလိုက်သည်။ ၎င်းမှာ သူခိုးဘေးမှ ကာကွယ်ရန်နှင့် လုံခြုံမှုရှိစေရန် ဖြစ်သည်။
အိမ်ရှေ့ရှိ ပန်းခြံငယ်၏ နံရံကိုလည်း အမြင့်မြှင့်လိုက်ပြီး စတီးတိုင်များကို လှောင်အိမ်သဏ္ဌာန် ဂဟေဆော်လိုက်ရာ သာမန်နည်းလမ်းဖြင့် မည်သူမျှ ကျူးကျော်ဝင်ရောက်နိုင်ခြင်း မရှိတော့ပေ။
အကယ်၍ မြေအောက်ခန်း တူးရန်သာ မဟုတ်ပါက၊ လုံခြုံမှုနှင့် သီးသန့်ဖြစ်မှု အားနည်းသည့် မြေညီထပ်အိမ်ကို သူ ရွေးချယ်မည် မဟုတ်သည်မှာ အမှန်ပင်။