no

Font
Theme

Chapter ( 10 )

ချူးဟွေ့၏ လေးလံနေသော မျက်နှာကို မြင်သောအခါ ယွီခဲ့က ပြုံးလျက် ပြန်လည် နှစ်သိမ့်လေသည်။

"ချူးဟွေ့ကျွင်း… စိတ်မပူပါနဲ့။ ဒါက မုန်တိုင်းတစ်ခု ရောက်လာတော့မယ်လို့ ဆိုလိုပေမယ့် လူတွေအတွက်တော့ မကောင်းတာချည်းပဲ မဟုတ်ပါဘူး။ အခုခေတ် လူသားတွေက အရမ်း အားနည်းလွန်းနေတယ်၊ ဝိညာဉ်စွမ်းအင်တွေကို စုပ်ယူနိုင်ရင် သူတို့ ပိုသန်မာလာကြလိမ့်မယ်။ လမ်းဆုံးရင် လမ်းပွင့်လာမှာပါ..."

ချူးဟွေ့ ဘာမျှ ပြန်မပြောသော်လည်း ရင်ထဲတွင် လေးလံနေဆဲပင်။ လူသားတို့သည် သဘာဝဘေးများကိုသာမက ဇွန်ဘီများနှင့် မျိုးပြောင်းသတ္တဝါများကိုပါ ရင်ဆိုင်ရမည် ဖြစ်သည်။ လက်တွေ့ဘဝသည် စိတ်ကူးယဉ်သည်ထက် များစွာ ရက်စက်ကြမ်းကြုတ်လှသည်။

သို့သော် ထိုလူငယ်လေး၏ ကြည်လင်သော မျက်ဝန်းများနှင့် အေးချမ်းသော အပြုံးက ချူးဟွေ့၏ ရင်ထဲက စိုးရိမ်ပူပန်မှုများကို တဖြည်းဖြည်း လျော့ပါးသွားစေသည်။ ဟုတ်ပေသည်၊ ရှောင်လွှဲ၍ မရနိုင်သော အရာအတွက် အပိုတွေးနေ၍ ဘာထူးမည်နည်း။

ဘဝနှစ်ခုလုံးတွင် ကမ္ဘာပျက်ကပ်၏ ရက်စက်သော ပုံရိပ်များက သူ့ကို အလွန်အမင်း လွှမ်းမိုးထားခဲ့ပုံရသည်။ တွေးမိသွားသည်နှင့် ချူးဟွေ့ စိတ်လက် ပေါ့ပါးသွားကာ သူ့ကို စိုက်ကြည့်ပြီး ပြုံးနေသော လူငယ်လေး၏ ခေါင်းကို ပုတ်ပေးလိုက်သည်။

"နောက်ကျနေပြီ၊ သွား ရေချိုးပြီး အိပ်တော့။ မနက်ဖြန် မင်းအတွက် အဝတ်အစားတွေ ဝယ်ပေးမယ်။ ပြီးရင် မင်းအတွက် Passport) လုပ်၊ ပြည်ပကိုသွားပြီး ရိက္ခာတွေနဲ့ လိုအပ်တာတွေ စုဆောင်းကြမယ်"

ထိုလူငယ်လေးသည်လည်း ကမ္ဘာပျက်မည်ကို ကြိုသိနေပြီး သူနှင့်အတူ ရှိနေမည် ဖြစ်ရာ၊ ဘာမျှ ဖုံးကွယ်ထားရန် မလိုတော့ပေ။ ကမ္ဘာမပျက်မီတွင် အကောင်းဆုံး ပြင်ဆင်ပြီး၊ ဘုရားပေးသော ဤဒုတိယအကြိမ် အခွင့်အရေးကို အသုံးချကာ ကမ္ဘာပျက်ကပ်ထဲတွင် ကောင်းကောင်းမွန်မွန် ရှင်သန်ရပေမည်။

"ဟုတ်ကဲ့ ချူးဟွေ့ကျွင်း။ ကလေးတွေအတွက် အစားအသောက်နဲ့ အဝတ်အစားတွေ ပြင်ဆင်ဖို့လည်း မမေ့နဲ့နော်" ယွီခဲ့က ချူးဟွေ့ သူ့ကို လက်ခံလိုက်ပြီဟု သိရသဖြင့် အတိုင်းမသိ ဝမ်းသာသွားကာ နာခံမှုရှိရှိ ခေါင်းညိတ်ပြသည်။

ချူးဟွေ့ ဇဝေဇဝါ ဖြစ်သွားရသည်။ "ဘာလို့ ကလေးပစ္စည်းတွေ ပြင်ဆင်ရမှာလဲ?" ဒီကောင်လေးမှာ ဆွေမျိုးတွေ ရှိနေသေးလို့လား? သူ တစ်ယောက်တည်း ပြောင်းလာတာ မဟုတ်ဘူးလား?

"ကျွန်တော်တို့ ကလေးအတွက်ပေါ့ ချူးဟွေ့ကျွင်းရဲ့။ ကျွန်တော် ခင်ဗျားအတွက် အရမ်းချစ်စရာကောင်းတဲ့ ကလေးလေးတစ်ယောက် မွေးပေးမှာ..."

ယွီခဲ့က ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းငုံ့ကာ တိုးတိုးလေး ဖြေလေသည်။ သူ၏ နားရွက်ဖျားလေးများပင် ရဲတက်နေတော့သည်။

"..."

ချူးဟွေ့ တစ်ကိုယ်လုံး တောင့်ခဲသွားရသည်။ ကမ္ဘာမပျက်မီတွင် ဤလူငယ်လေးအား ကျန်းမာရေး ဗဟုသုတများ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးမှုများ ပြုလုပ်ပေးရန် လိုအပ်နေပြီဟု သူ ခံစားလိုက်ရသည်။

..........

နိုင်ငံ (K)၊ လျှို့ဝှက်သုတေသန စင်တာတစ်ခုအတွင်းတွင်......

ရုံးခန်းထဲတွင် အပေါ်အင်္ကျီအဖြူဝတ်ထားသော ဆံပင်ရွှေရောင်နှင့် အမျိုးသားတစ်ဦးသည် သူ၏ရှေ့တွင်ရှိသော မုတ်ဆိတ်ဗလပွနှင့် အမျိုးသားနှစ်ဦးကို စကားပြောနေခဲ့သည်။

ထိုနှစ်ဦးမှာ လက်ခြေများတွင် ပတ်တီးများ ပတ်ထားရကာ သူတို့နှစ်ဦး ပြောလိုက်သော စကားကြောင့် ဆံပင်ရွှေရောင် အမျိုးသားက ခေါင်းခါရင်း ရယ်မောလိုက်သည်။

"ဂျက်စ် .. မင်း နောက်နေတာလား? ဒီလောကမှာ အဲဒီလို အသက်ရှည်ဆေးဆိုတာ ဘယ်မှာ ရှိမှာလဲ? ဒါတွေက ဒဏ္ဍာရီတွေပါကွာ။ တရုတ်ပြည်က ဒဏ္ဍာရီတွေက အဆန်းဆုံးပဲ။ တကယ်ရှိတယ်ဆိုရင်တောင် လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီက လူတွေက ဒီလောက် ခေတ်နောက်ကျနေတာ ဘယ်လိုလုပ် ဒီလို အံ့ဖွယ်ဆေးမျိုးကို ဖော်စပ်နိုင်မှာလဲ။ ဒါတွေက အယူသည်းတာတွေပါ..."

"မဟုတ်ဘူး ရိုင်ယန်... မင်း ငါတို့ကို ယုံစမ်းပါ။ ဒါ အစစ်အမှန်ပဲ၊ ငါတို့ မျက်မြင်ကိုယ်တွေ့ပဲ!"

ရိုင်ယန်က မယုံကြည်သဖြင့် ထိုအမျိုးသားနှစ်ဦးမှာ စိတ်တိုသွားကာ ကျောက်စိမ်းသေတ္တာလေးကို ကိုင်ပြီး အလောတကြီး ပြောလိုက်ကြသည်။

"အဲဒီ ရှေးဟောင်းဂူထဲက အလောင်းက နှစ်ပေါင်းထောင်ချီနေပြီ ဖြစ်ပေမယ့် အခုထိ လူရှင်တစ်ယောက်လိုပဲ ရှိနေသေးတာကွ။ ငါတို့ သူငယ်ချင်းတွေ ဖြစ်နေလို့သာ ဒါတွေကို မင်းကို အရင်လာပြတာ။ မင်း မလိုချင်ရင် တခြားလူ သွားရှာမယ်..."

"နေဦး သူငယ်ချင်း... ငါက မယူဘူးလို့ မပြောပါဘူး။ ဒါပေမဲ့ ဒါက မယုံနိုင်စရာကြီး ဖြစ်နေလို့ပါ။ ငါ ဒါတွေကို အရင် စမ်းသပ်ကြည့်မယ်၊ တကယ်ဆိုရင် မင်းတို့ကို ထိုက်တန်တဲ့ အခကြေးငွေ ပေးပါ့မယ်"

ရိုင်ယန်က သူတို့ကို တားလိုက်ပြီး သူပေးမည့် ငွေပမာဏကို လက်ဟန်ခြေဟန်ဖြင့် ပြလိုက်သည်။

ထိုပမာဏမှာ အလွန် ဆွဲဆောင်မှုရှိသဖြင့် အမျိုးသားနှစ်ဦးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ နောက်ဆုံးတွင် သဘောတူလိုက်ကြသည်။

ဈေးစကား ပြတ်သွားသည်နှင့် ရိုင်ယန်သည် သူတို့နှစ်ဦးကို ဓာတ်ခွဲခန်းသို့ ခေါ်ဆောင်သွားကာ အဘိုးအိုတစ်ဦးကို ခေါ်လာခိုင်းလိုက်သည်။ သုတေသန ပညာရှင်အချို့က ရုန်းကန်နေသော ထိုအဘိုးအိုကို ကုတင်တွင် ကျွမ်းကျင်စွာ ချည်နှောင်လိုက်ပြီး သွေးနမူနာကို အရင် ရယူလိုက်ကြသည်။ ဤလူများအဖို့ လူသားများကို တိုက်ရိုက် စမ်းသပ်ခြင်းမှာ ပထမဆုံးအကြိမ် မဟုတ်တော့ပေ။

သွေးယူပြီးနောက် ရိုင်ယန်သည် နှာခေါင်းစည်းနှင့် လက်အိတ်ကို စွပ်ကာ ကျောက်စိမ်းသေတ္တာထဲမှ ချောမွတ်သော ဆေးလုံးလေးကို အဘိုးအိုအား အတင်းအဓမ္မ တိုက်ကျွေးလိုက်သည်။

ထိုဆေးလုံးမှာ နှစ်လုံးတည်းသာ ရှိသဖြင့် အလွန်အဖိုးတန်လှရာ၊ အမျိုးသားနှစ်ဦးမှာ နှမြောတသဟန်ဖြင့် ကြည့်နေကြသည်။

သို့သော် ဆေးသောက်ပြီးသည်နှင့် အဘိုးအိုထံတွင် အံ့ဖွယ်မြင်ကွင်းတစ်ခု ပေါ်ပေါက်လာသည်။ နာကျင်စွာ အော်ဟစ်လိုက်ပြီးနောက် အဘိုးအို၏ အသားအရေနှင့် ဆံပင်များမှာ မျက်စိရှေ့တင် သိသိသာသာ ပြောင်းလဲသွားပြီး၊ ငယ်ရွယ်နုပျိုသော အသွင်သို့ အံ့သြဖွယ် ကူးပြောင်းသွားလေတော့သည်။

"အို... ဘုရားသခင်၊ ဒါဟာ တကယ့်ကို အံ့သြဖို့ကောင်းတာပဲ။ ဒါဟာ ဒီရာစုနှစ်ရဲ့ အကြီးမားဆုံး ရှာဖွေတွေ့ရှိမှုပဲ!"

စောစောက မယုံကြည်ခဲ့သော ရိုင်ယန်သည် ထိုမြင်ကွင်းကို ကြည့်ကာ အော်ဟစ်လိုက်တော့သည်။ ဘေးနားရှိ လူများအားလုံးလည်း အံ့သြတုန်လှုပ်သွားကြသည်။

အပျော်လွန်သွားပြီးနောက် ရိုင်ယန်က ဂျက်စ်တို့ကို အမြန်မေးလိုက်သည်။

"ဂျက်စ်... ဒီအကြောင်းကို တခြားသူတွေ သိသေးလား?"

"မသိဘူး၊ အဲဒီဂူထဲ ဝင်ခဲ့တဲ့သူတွေထဲက ငါတို့နှစ်ယောက်ပဲ အသက်ရှင်ပြန်လာတာ။ ကျန်တဲ့သူတွေက လမ်းမှာသေ၊ ဒါမှမဟုတ် ဂူပြိုတော့ ပိတ်မိကျန်ခဲ့တာ။ ငါတို့ တကယ့်ကို အသေအလဲ ရုန်းကန်ခဲ့ရတာ..." အမျိုးသားနှစ်ဦးက ဝမ်းနည်းပန်းနည်းဖြင့် အမှန်အတိုင်း ဖြေလိုက်ကြသည်။

"အော်... အဲဒီလိုလား? ဒါဆိုရင် မင်းတို့ဟာ လူသားမျိုးနွယ်ရဲ့ သုတေသန တိုးတက်မှုအတွက် အသက်ပေးလှူခဲ့တဲ့သူတွေ ဖြစ်သွားပြီပေါ့"

ရိုင်ယန်က ရုတ်တရက် ပြုံးလိုက်ပြီးနောက်၊ ဘေးနားရှိ သုတေသန ပညာရှင်များက အချက်ပေးစရာမလိုဘဲ ထိုအမျိုးသားနှစ်ဦးကို အနောက်မှနေ၍ သတိလစ်သွားအောင် ရိုက်နှက်လိုက်ကြလေတော့သည်။

..........

လောကကြီးက ပုံမှန်အတိုင်းပင် လည်ပတ်နေသေးသည် ဖြစ်ရာ၊ သူ ဘာပဲလုပ်ချင်သည်ဖြစ်စေ စည်းမျဉ်းစည်းကမ်းများအတိုင်း လုပ်ဆောင်ရန် လိုအပ်ပေသည်။

ယွီခဲ့ အတွက် နိုင်ငံကူးလက်မှတ်နှင့် အခြားစာရွက်စာတမ်းများ ရရှိစေရန် ချူးဟွေ့သည် မြို့တော် R တွင်သာ ဆက်လက်နေထိုင်ခဲ့ရသည်။

ကံကောင်းသည်မှာ ယွီခဲ့တွင် မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း ရှိနေခြင်းပင်။ မဟုတ်လျှင် ယခုထက်ပို၍ အလုပ်ရှုပ်စရာ ရှိ၏။

ကမ္ဘာပျက်ကပ်ကြီးက တစ်နေ့ထက်တစ်နေ့ နီးကပ်လာပြီ ဖြစ်ရာ တစ်ရက်တစ်မိနစ်ကိုမျှ အလဟဿ အကုန်မခံနိုင်တော့ပေ။

လောလောဆယ်တွင် အခြားနေရာများ၌ အထောက်အပံ့ပစ္စည်းများ ကြိုတင်ပြင်ဆင်ရန် မဖြစ်နိုင်သေးသဖြင့် ချူးဟွေ့သည် မြို့တော် R တစ်ဝိုက်ရှိ စိုက်ပျိုးရေးခြံများသို့ ကားမောင်းသွားကာ တောင်သူများထံမှ သစ်သီးဝလံများကို လိုက်လံဝယ်ယူတော့သည်။

ယွမ်နန်ဒေသသည် နေရောင်ခြည် အလုံအလောက်ရရှိပြီး သစ်သီးဝလံ အမျိုးမျိုး ပေါကြွယ်ဝသည်မှာ လူတိုင်းသိသည့် အချက်ပင်။ ဤနေရာသို့ ရောက်လာပြီးမှတော့ ထိုသယံဇာတများကို လက်လွတ်ခံရန် အကြောင်းမရှိပေ။

ကမ္ဘာပျက်ကပ်ကြီး ကျရောက်ပြီးနောက်ပိုင်းတွင် သစ်သီးဝလံဆိုသည်မှာ ဆန်စပါးထက်ပင် ပို၍ ရှားပါးလှသော အရာဖြစ်သည်။အခြေစိုက်စခန်းများတွင် လူအင်အား၊ ပစ္စည်းအင်အား အမြောက်အမြား အသုံးပြုပြီး ဖန်လုံအိမ်ဖြင့် စိုက်ပျိုးမှသာ ရရှိနိုင်သဖြင့် သာမန်လူများအဖို့ သစ်သီးစားရဖို့ဆိုသည်မှာ စိတ်ပင်မကူးရဲသည့် ကိစ္စပင်။

ထို့အပြင် သစ်သီးဝလံများသည် ကြာရှည်အထားမခံသဖြင့် ကမ္ဘာပျက်စောစောပိုင်းကာလများတွင် လုံးဝမရှိသလောက် ဖြစ်သွားခဲ့ပြီး၊ နောက်ပိုင်းကာလများတွင်လည်း ဖရိုဖရဲဖြစ်နေသော ပတ်ဝန်းကျင်အခြေအနေများကြောင့် စိုက်ပျိုးရန် မဖြစ်နိုင်တော့ပေ။

ချူးဟွေ့သည် ကမ္ဘာပျက်ကပ်အတွင်း သုံးနှစ်မျှ ဖြတ်သန်းခဲ့ရဖူးသဖြင့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ၏ အရသာကိုပင် မေ့လျော့နေပြီ ဖြစ်သည်။

ယခုအခါ သူ၏ လက်ထဲ၌ မီတာထောင်ချီ ကျယ်ဝန်းသော " နေရာလွတ် " ရှိနေပြီ ဖြစ်ရာ ပစ္စည်းများကို စိတ်ကြိုက် စုဆောင်းနိုင်ပြီဖြစ်သည်။ ယွမ်နန်တစ်ခွင် လှည့်လည်ရင်း စပျစ်၊ ပန်းသီး၊ နာနတ်သီး၊ သရက်သီး၊ သင်္ဘောသီး အစရှိသဖြင့် မြင်သမျှ သစ်သီးများကို စုဆောင်းတော့သည်။

ဟင်းသီးဟင်းရွက်များကိုလည်း ချန်မထားခဲ့ပေ။ ပမာဏအမြောက်အမြား ဝယ်ယူမည်ဆိုလျှင် မည်သည့်တောင်သူက မရောင်းဘဲ နေပါမည်နည်း။ ဤပစ္စည်းများသည် ကြာရှည်သိမ်းဆည်းရန် ခက်ခဲလှသဖြင့် သူသာ မဝယ်ယူခဲ့လျှင် ကမ္ဘာပျက်ချိန်၌ ခင်းပြင်ထဲတွင်သာ ပုပ်သိုးသွားမည်မှာ အမှန်ပင်။

သစ်သီးနှင့် ဟင်းသီးဟင်းရွက်တိုင်းသည် တစ်ရာသီတည်းတွင် မှည့်ဝင်းကြသည်မဟုတ်ရာ၊ ချူးဟွေ့သည် တောင်သူများစွာနှင့် နောင်လာမည့် လအနည်းငယ်အတွက် အမှာစာများ ကြိုတင်ချုပ်ဆိုခဲ့သည်။ သူ နိုင်ငံရပ်ခြားသို့ သွားရောက်ပြီး ပြန်လာချိန်တွင် ၎င်းတို့ကို နေရာလွတ်ထဲသို့ သိမ်းဆည်းနိုင်ရန် ဖြစ်သည်။

ပတ်ဝန်းကျင်မှ တောင်သူများအဖို့ ဤမျှ စိတ်အားထက်သန်စွာ ဝယ်ယူသူမျိုးကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။ သူသည် အစားအစာ ထုတ်လုပ်သည့် စက်ရုံကြီးတစ်ခုမှ သူဌေးကြီးဖြစ်သည်ဟု ကြားသိရသောအခါ တောင်သူများကလည်း သူ့အပေါ် အလွန်နွေးထွေးစွာ ဆက်ဆံကြသည်။

သစ်သီးနှင့် ဟင်းသီးဟင်းရွက် ဈေးနှုန်းများမှာ မနည်းလှသော်လည်း ဤဖောက်သည်ကြီးကို ရရှိထားရန်အတွက် တောင်သူများက အကောင်းဆုံးများကိုသာ ရွေးချယ်ပြီး တောင်းများဖြင့် ထည့်ပေးကြသည်။

ချူးဟွေ့ကလည်း ငွေပေးချေရာတွင် လက်မတွန့်ဘဲ ကတ်ဖြင့် ချက်ချင်း ငွေချေပေးခဲ့သည်။ ထို့နောက် ပစ္စည်းများကို သူ ကြိုတင်ငှားရမ်းထားသော ဝေးလံခေါင်သီသည့် ဂိုဒေါင်တစ်ခုသို့ ပို့ဆောင်စေပြီး နေရာလွတ်ထဲသို့ ထည့်သွင်းလိုက်သည်။

ပစ္စည်းစုဆောင်းရသည့် ဖြစ်စဉ်တစ်ခုလုံးမှာ ချူးဟွေ့ကို အလွန်ပင် ပျော်ရွှင်စေပေသည်။ ကမ္ဘာပျက်ကပ်အတွင်း၌ အစားအစာထက် စိတ်ချရသည့်အရာ မရှိသဖြင့် ယခုကဲ့သို့ စုဆောင်းရခြင်းမှာ အလွန်ပင် စိတ်ကျေနပ်စရာ ကောင်းလှသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment