Chapter ( 17 )
ရောဂါဆိုးသည် တစ်လအတွင်းမှာပင် Kနိုင်ငံတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ပြီး အခြားနိုင်ငံများတွင်လည်း ကူးစက်ခံရသည့် လူနာများကို တစ်ယောက်ပြီးတစ်ယောက် တွေ့ရှိလာရကာ အရေအတွက်မှာ နေ့စဉ် တိုးပွားလာလျက် ကမ္ဘာအနှံ့ ပျံ့နှံ့မည့် အခြေအနေသို့ ရောက်ရှိလာခဲ့သည်။
ရောဂါအသစ်၏ ပျံ့နှံ့နှုန်းမှာ လူသားတို့ သမိုင်းတစ်လျှောက် မည်သည့်ရောဂါထက်မဆို သာလွန်လှပြီး ၎င်း၏ ကူးစက်ပုံနည်းလမ်းကိုလည်း မည်သူမျှ မသိရှိကြသေးပေ။ရောဂါဆိုး ပျံ့နှံ့မှု အနှေးကွေးဆုံး တစ်ခုတည်းသော နေရာမှာ ဤ တရုတ်နိုင်ငံ ဖြစ်သည်။
အင်တာနက်ပေါ်ရှိ လူအချို့ကမူ ၎င်းမှာ တရုတ်နိုင်ငံ၏ လေ့ကျင့်ခန်းလုပ်သည့် လှုပ်ရှားမှုကြောင့် ဖြစ်သည်ဟု ရယ်စရာအဖြစ် ပြောဆိုနေကြသည်။ ပြည်သူများမှာ ခန္ဓာကိုယ် ကြံ့ခိုင်မှုနှင့် ခုခံအားများ ကောင်းမွန်နေကြပြီး အစိုးရတွင် အမြော်အမြင်ရှိလှသဖြင့် ဘုရားသခင်က တရုတ်နိုင်ငံကို ကာကွယ်ပေးထားသည် စသဖြင့်။
ထိုမှာ အင်တာနက်ပေါ်က နောက်ပြောင်မှုများသာပင်။
နောက်ဆုံးတွင် ကျွမ်းကျင်သူများ၏ သုတေသနပြုချက်အရ တရုတ်နိုင်ငံတွင် ကူးစက်မှု နှေးကွေးရခြင်းမှာ ယခင်က ချမှတ်ခဲ့သော ခရီးသွားလာမှု ထိန်းချုပ်ရေး မူဝါဒကြောင့် ဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။
လူဦးရေစီးဆင်းမှုကို ကန့်သတ်လိုက်ခြင်းက ရောဂါပိုးမွှားများ နိုင်ငံတွင်းသို့ ဝင်ရောက်လာမှုကို အလိုလို ထိန်းချုပ်ပေးလိုက်သကဲ့သို့ ဖြစ်သွားခြင်းပင်။ ဤကောက်ချက် ထွက်ပေါ်လာပြီးနောက် နိုင်ငံအသီးသီးသည် လူအုပ်ကြီး ရွေ့လျားမှုကြောင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ရှောင်ရှားနိုင်ရန် လမ်းပန်းဆက်သွယ်ရေးများကို တစ်ခုပြီးတစ်ခု စတင်ပိတ်ဆို့လာခဲ့ကြသည်။
K နိုင်ငံတွင် ရောဂါစတင်ပေါက်ကွဲသည်ကို မြင်လိုက်ရသောအခါ ချူးဟွေ့သည် C မြို့တော် မှ ထွက်ခွာလာခဲ့ပြီး ဘေးနားရှိ စီဟိုင်မြို့တော်သို့ ကားမောင်း၍ သွားခဲ့ပြီ ဖြစ်သည်။ သူသည် အတိတ်ဘဝက အပြင်လောက၏ အခြေအနေကို အသေးစိတ် မသိရှိခဲ့သော်လည်း ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်ရန် နိုင်ငံအသီးသီးက လမ်းပန်းဆက်သွယ်ရေးများ ပိတ်ဆို့လိမ့်မည်ဟူသော သတင်းများကို ကြားဖူးထားသဖြင့် သဘာဝကျစွာပင် ကြိုတင်ပြင်ဆင်မှုများကို စောစီးစွာ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ယခုအကြိမ် စီဟိုင်မြို့တော်သို့ သွားခြင်းမှာ ရိက္ခာများ ပိုမိုစုဆောင်းရန် မဟုတ်ဘဲ လူတစ်ယောက်ကို သွားရောက်ခေါ်ယူရန် ဖြစ်သည်။
ထိုသူမှာ သူ ကြီးပြင်းခဲ့သည့် မိဘမဲ့ဂေဟာ၏ ကျောင်းအုပ်ကြီး ဒင်းကျန်းပင် ဖြစ်သည်။
ချူးဟွေ့သည် အစဉ်အမြဲ စိတ်နေသဘောထား အေးစက်တတ်သူဖြစ်ပြီး သူ မှတ်မိသမျှ ကာလပတ်လုံး သူတစ်ပါးနှင့် ဆက်ဆံရေး ထူထောင်ရသည်ကို မနှစ်သက်ပေ။
ကောင်းအောင် ပြောရလျှင် စရိုက်အေးပြီး အေးဆေးနေတတ်ခြင်း ဖြစ်သော်လည်း ဆိုးအောင် ပြောရလျှင်မူ အလွန်အမင်း လူအများနှင့် ကင်းကွာနေတတ်ခြင်း ဖြစ်သည်။ သို့သော်လည်း တစ်စုံတစ်ယောက်သည် သူ၏ နှလုံးသားထဲတွင် နေရာရသွားပြီဆိုလျှင်မူ ထိုသူကို စိတ်ရင်းမှန်ဖြင့် အစွမ်းကုန် ကာကွယ်ပေးတတ်သည်။
အတိတ်ဘဝက သူ့အပေါ် အသက်ကယ်ကျေးဇူး ရှိခဲ့ဖူးသည့် ယွမ်ဟိုလင်းက သူ့အတွက် စွန့်စားပြင်ဆင်ပေးခဲ့ဖူးရာ၊ ချူးဟွေ့အနေဖြင့် သူ့ကို ကျွေးမွေးစောင့်ရှောက်ခဲ့သည့် ကျောင်းအုပ်ကြီးကျန်းကိုလည်း ပစ်ပယ်ထား၍ မရနိုင်ပေ။
အကယ်၍ ကျောင်းအုပ်ကြီးကျန်းက သူ့ကို မိဘမဲ့ဂေဟာသို့ ခေါ်ယူမွေးစားခဲ့ခြင်း မရှိပါက သူသည် ယခုအချိန်အထိ အသက်ရှင်နိုင်မည် မဟုတ်ပေ။ ထို့ပြင် ကျောင်းအုပ်ကြီးကျန်းသည် အိမ်ထောင်မရှိ၊ သားသမီးမရှိ၊ ဆွေမျိုးလည်း မရှိပေ။
အကယ်၍ ကမ္ဘာပျက်ကပ်သာ ဆိုက်ရောက်မလာပါက သူ၏ ပင်စင်လစာများဖြင့် သက်သောင့်သက်သာ နေထိုင်သွားနိုင်သော်လည်း၊ ယခုအခြေအနေတွင်မူ ကျောင်းအုပ်ကြီးကျန်းသည် ကမ္ဘာပျက်ကပ်အတွင်း ပထမဆုံး သေဆုံးမည့်သူ ဖြစ်သွားပေလိမ့်မည်။
ထိုလူအိုကြီးသည် ငယ်စဉ်ကတည်းက ဒုက္ခမျိုးစုံကို အံတုရင်း ကြီးပြင်းခဲ့ရသူ ဖြစ်သည်။ နှစ်အနည်းငယ်မျှ ကောင်းမွန်စွာ နေထိုင်ရကာမှ ကမ္ဘာပျက်ကပ်နှင့် ကြုံတွေ့ရပြီး သေဆုံးရမည်ဆိုလျှင် ဤမျိုးဆက်သည် အလွန်ကံဆိုးလွန်းလှသည်။
ယွီခဲ့သည် ချူးဟွေ့က ကျောင်းအုပ်ကြီးကျန်းအကြောင်း ပြောသည်ကို ကြားသောအခါ အတူတူနေထိုင်ရန် ခေါ်ယူမည့်ကိစ္စကို သဘောတူခဲ့ပြီး အလွန်ဝမ်းသာနေသည့် ပုံစံရှိသည်။
ကျောင်းအုပ်ကြီးကျန်း၏ ကျွေးမွေးစောင့်ရှောက်ခဲ့သည့် ကျေးဇူးအပြင်၊ ဤလူငယ်လေး၏ စကားအရဆိုလျှင် "ချူးဟွေ့ကျွင်း... ကျောင်းအုပ်ကြီးကျန်းက ကျွန်တော်တို့ရဲ့ အဖွဲ့ဝင် အနေနဲ့ အဆင်ပြေဆုံးပဲ၊ အခုဆိုရင် ကျွန်တော်တို့အဖွဲ့က ပြည့်စုံသွားပြီပေါ့"
လူငယ်လေးသည် လက်ချောင်းများကို တွက်ချက်ရင်း ကလေးတစ်ယောက် ရတနာတစ်ခု ကောက်ရလိုက်သကဲ့သို့ တခိခိနှင့် ခိုး၍ ရယ်မောနေခဲ့သည်။
ချူးဟွေ့၏ မျက်နှာမှာ မည်သည့်အမူအရာမျှ မရှိသော်လည်း စိတ်ထဲတွင်မူ အလွန်ပင် သက်ပြင်းချမိနေသည်။ ကျောင်းအုပ်ကြီးကျန်းသည် အလွန်စိတ်သဘောထား ကောင်းမွန်သူ ဖြစ်သော်လည်း ထိုလူအိုကြီးတွင် အလွန်ဆိုးရွားသော အကျင့်တစ်ခု ရှိနေသည်။ ၎င်းမှာ အလွန်အမင်း ကပ်စေးနှဲခြင်း ပင် ဖြစ်သည်။
မည်မျှအထိလဲဆိုရသော် ချူးဟွေ့အနေဖြင့် ထိုလူအိုကြီးကသာ ကပ်စေးနှဲရာတွင် ဒုတိယဟု ဆိုပါက ဤကမ္ဘာပေါ်တွင် မည်သူမျှ ပထမနေရာကို မယူဝံ့ကြပေ။
ထိုလူအိုကြီးသည် ဈေးဝယ်စင်တာတစ်ခုသို့ သွားရောက်ဈေးဝယ်ပါက သုံးရက်အတွင်း နာမည်ပျက်စာရင်း သွင်းခံရမည်မှာ အမှန်ပင်။ သူသည် မင်္ဂလာဆောင်ပွဲများသို့ သွားရောက်ရာတွင်လည်း မိမိပေးခဲ့ရသည့် ကန်တော့ငွေ တန်ကြေးပြန်ရရန် ဗိုက်ပေါက်မတတ် စားသောက်တတ်ပြီး မိမိကိုယ်မိမိအပေါ်တွင်လည်း အလွန်အမင်း တွန့်တိုတတ်သူ ဖြစ်သည်။
ထူးကဲသော စိတ်ရှည်မှုနှင့် စိတ်သဘောထားကောင်းများ မရှိဘဲ ကျောင်းအုပ်ကြီး ကျန်းနှင့် အချိန်ကြာမြင့်စွာ အတူနေထိုင်ရသူတိုင်းသည် စိတ်ပညာရှင်နှင့် သွားရောက်တိုင်ပင်ရမည်မှာ အမှန်ပင်။ ထိုလူအိုကြီး၏ ကပ်စေးနှဲတတ်သော စရိုက်သည် လူတစ်ယောက်ကို စိတ်ပျက်ရူးသွပ်သွားအောင် ပြုလုပ်နိုင်စွမ်း ရှိသည်။
သို့သော်လည်း ထိုကဲ့သို့ ကပ်စေးနှဲလှသော လူအိုကြီးသည် မိမိ၏ ဂေဟာအတွင်းရှိ မိဘမဲ့ကလေးများကိုမူ တစ်ယောက်ပြီးတစ်ယောက် ခေါ်ယူကျွေးမွေး စောင့်ရှောက်ခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။
စီဟိုင်မြို့သည် Cမြို့တော်နှင့် မဝေးလှပေ၊ ထိုနေရာသို့ရောက်ရန် အလွန်ဆုံးနှစ်နာရီလောက်မျှသာ ကြာမြှင့်ပေသည်။
လွန်ခဲ့သောကာလများက ချူးဟွေ့သည် အချိန်ရလျှင်ရသလို ဒင်းကျန်းထံသို့ မကြာခဏ သွားရောက်လည်ပတ်လေ့ရှိသည်။ ထို့ကြောင့် အဘိုးအို၏အိမ်သို့သွားရာလမ်းကို သူ ကောင်းကောင်းကြီး မှတ်မိနေပြီး ထိုအိမ်မှာ သူတို့၏ မိဘမဲ့ဂေဟာဟောင်းနှင့် ကပ်လျက်တွင်ရှိပေသည်။
တည်နေရာက အလွန်လူသူဝေးလံပြီး ရပ်ကွက်အတွင်းရှိ အဆောက်အအုံအစီအမံများကလည်း အိုမင်းဟောင်းနွမ်းနေပြီဖြစ်သည်။ သို့သော်လည်း ရေခ၊ မီးခနှင့် အိမ်ရာစီမံခန့်ခွဲမှုစရိတ်များ သက်သာခြင်းကြောင့်သော်လည်းကောင်း၊ ဘေးနားတွင် ဟင်းသီးဟင်းရွက် လက်ကားဈေးကြီးတစ်ခုရှိခြင်းကြောင့်လည်းကောင်း အဘိုးအိုက ဤနေရာကို သဘောကျနေခြင်း ဖြစ်သည်။ သူသည် မနက်အစောကြီး ဈေးထဲသွားကာ စွန့်ပစ်ထားသည့် ဟင်းသီးဟင်းရွက်များကို အလကားလိုက်လံကောက်ယူလေ့ရှိပြီး ထိုနည်းဖြင့် ငွေစုလေ့ရှိသည်။
သို့သော်လည်း ချူးဟွေ့ သိထားသလောက်တော့ အဘိုးအို၏ လက်ထဲတွင်ရှိသော ငွေပမာဏမှာ လျှော့တွက်၍မရနိုင်ချေ။ သူက သုံးရမှာကို နှမြောတွန့်တိုနေခြင်းသာ ဖြစ်သည်။
ထို့ကြောင့် ထိုနေရာသို့ ရောက်သည့်အခါ ချူးဟွေ ဈေးထဲသို့ အထူးတလည် ဝင်ရောက်ကာ အသားများနှင့် ဟင်းသီးဟင်းရွက် အမြောက်အမြားကို ဝယ်ယူပြီး တစ်ပါတည်း သယ်ဆောင်လာခဲ့သည်။
အဘိုးအိုထံမှ ရက်ရောမှုကို မျှော်လင့်နေခြင်းမှာ လက်တွေ့မကျလှပေ။ ဝက်တွေ သစ်ပင်ပေါ်တက်လိမ့်မည်ဟု မျှော်လင့်လိုက်ခြင်းကမှ ပို၍ ဖြစ်နိုင်ခြေရှိဦးမည်။
ဒင်းကျန်း နေထိုင်သည့် လူနေရပ်ကွက်ကို အတိအကျ ရှာဖွေတွေ့ရှိပြီးနောက် ချူးဟွေ့သည် တွေ့ဆုံရတော့မည့်အရေးကြောင့် စိတ်လှုပ်ရှားကာ မျှော်လင့်တကြီးဖြစ်နေသည့် ယွီခဲ့ကို ခေါ်ဆောင်ကာ သံချေးတက်နေသော သံတံခါးကြီးကို ဖြတ်ကျော်ပြီး ပထမထပ် စင်္ကြံလမ်းအတိုင်း လျှောက်လာကာ တံခါးကို ခေါက်လိုက်တော့သည်။
အတွင်းဘက်မှ ခြေသံများနှင့်အတူ မကြာခင်မှာပင် ဖျတ်လတ်တက်ကြွသည့် အဘိုးအိုအသေးလေးတစ်ဦးက တံခါးဖွင့်ပေးလာသည်။
သူက ထုံးစံအတိုင်းပင် လွန်ခဲ့သော နှစ်ပေါင်းမည်မျှလောက်က လမ်းဘေးဆိုင်တွင် ဝယ်ခဲ့သည်မသိသော တီရှပ်အင်္ကျီအဟောင်းကြီးကို ဝတ်ဆင်ထားပြီး နေ့လယ်စာအဖြစ် ငရုတ်သီးဆော့စ်များ သုတ်လိမ်းထားသည့် အေးစက်စက် ပေါက်စီတစ်လုံးကို ကိုင်ထားလေသည်။ ဤမျှ ကပ်စေးနှဲလှသည့် အဘိုးအိုမှာ သူမှတစ်ပါး အခြားသူ မည်သူဖြစ်နိုင်ဦးမည်နည်း။
မိဘမဲ့ဂေဟာ ပိတ်သိမ်းလိုက်ကတည်းက ဒင်းကျန်းထံသို့ ဆက်သွယ်သူ သိပ်မရှိတော့ပေ။ ချူးဟွေ့ကတော့ သူ့ထံသို့ မကြာခဏ လာရောက်တတ်သူဖြစ်ရာ ဒင်းကျန်းနှင့် အလွန် ရင်းနှီးကျွမ်းဝင်လှသည်။
"ချူးဟွေ့ပါလား... မင်းတို့တွေက ဒီအဘိုးကြီးဆီကို လာလည်ဖို့ သတိရကြသေးတယ်ပေါ့။ ဖုန်းမဆက်တာ ဘယ်လောက်တောင် ကြာပြီလဲ။ ပြီးတော့ လာလည်တော့လည်း ကွက်တိပဲ၊ နေ့လယ်စာစားမယ့်အချိန်ကျမှ လာလည်ကြတယ်... မင်းတို့ကောင်တွေ ငါ့ကို ဆင်းရဲသွားအောင် လုပ်နေကြတာပဲ..."
အဘိုး၏ ကပ်စေးနှဲတတ်သည့် အကျင့်ကတော့ ပြောင်းလဲ၍မရနိုင်သေးချေ။ သူတို့ ရောက်လာသည့်အတွက် ဝမ်းသာနေသော်လည်း နေ့လယ်စာစားချိန်မှ ရွေးလာရသလားဆိုပြီး ချက်ချင်းပင် လေသံမာမာဖြင့် ဆူပူတော့သည်။ ဘေးပတ်ဝန်းကျင်က အိမ်နီးနားချင်းများက သူ့ကို မတွေ့ချင်မမြင်ချင် ဖြစ်နေကြသည်မှာလည်း မဆန်းတော့ပေ။
သို့သော်လည်း ချူးဟွေ့ကတော့ ဤအရာသည် ဒင်းကျန်း၏ သဘာဝဖြစ်ပြီး ကပ်စေးနှဲခြင်းက သူ့အတွက် အကျင့်တစ်ခုလို ဖြစ်နေကာ လူတိုင်းအပေါ်တွင်လည်း ဤအတိုင်းပင် ဆက်ဆံတတ်သည်ကို သိရှိထားသည်။
သူက စိတ်ဆိုးဒေါသထွက်ခြင်းမရှိဘဲ လက်ထဲကဝယ်လာသည့် စားစရာများကို ကမ်းပေးရင်း အဘိုးအို၏လိမ်ညာမှုကို တည်ငြိမ်သောမျက်နှာထားဖြင့် ဖွင့်ချလိုက်သည်။
"ဒင်းကျန်း... ပြီးခဲ့တဲ့နှစ်က အိမ်ဟောင်းဖျက်သိမ်းတဲ့ လျော်ကြေးငွေအဖြစ် အဘိုးကို ယွမ်ငါးသန်းကျော်ပေးခဲ့တယ်လို့ ကျွန်တော်မှတ်မိနေတယ်ရော်..."
"တောက်! မင်း မျက်စိမှုန်နေတာလား။ ဒီအဘိုးကြီးသာ လျော်ကြေးငွေ ငါးသန်းရခဲ့ရင် ဒီလို ပျက်စီးယိုယွင်းနေတဲ့ နေရာမျိုးမှာ ဘာလို့နေမလဲ။ ငါက ရွှေတောင်ကြီးပေါ် ထိုင်ပြီး ဆင်းရဲပါတယ်လို့ အော်နေမယ့် လူစားမျိုးလား"
ငွေအကြောင်း ပြောလိုက်သည်နှင့် ဒင်းကျန်းက အလွန်အမင်း စိတ်လှုပ်ရှားသွားတော့သည်။
သူက လက်တစ်ဖက်ဖြင့် ပစ္စည်းများကိုမညှာမတာ လှမ်းယူလိုက်ပြီး ပတ်ဝန်းကျင်ကို ပြာပြာသလဲ ဝေ့ဝဲကြည့်ရှုကာ ပြန်လည်ချေပလိုက်ရင်း မိမိတွင် ငွေရှိသည်ကို လုံးဝအသိအမှတ်မပြုဘဲ ငြင်းဆန်တော့သည်။
ချူးဟွေ့ကတော့ အငြင်းပွားမနေချင်သဖြင့် ဘာမှပြန်မပြောတော့ပေ။ သူက ဤအဘိုး၏ စရိုက်ကို ကောင်းကောင်းကြီး သိထားပြီးသား ဖြစ်သည်။
ထိုအခြင်းအရာကို ကြည့်ပြီး အနောက်က ယွီခဲ့ကမူ လက်တစ်ဖက်က သံလိုက်အိမ်မြှောင်ကို ကိုင်ထားပြီး ကျန်လက်တစ်ဖက်က ထူးဆန်းသော လက်ဟန်ခြေဟန်များကို လုပ်ဆောင်ရင်း ဆရာသမားလေးတစ်ဦးကဲ့သို့ ခေါင်းလေးပြူထွက်လာကာ ဒင်းကျန်းကို ချိုသာစွာ ပြုံးပြလိုက်သည်။
"အဘိုးကျန်း... အဘိုးအိမ်အောက်မှာ ရွှေတွေ ရှိနေတယ်။ တည်နေရာက အရှေ့ဘက်ထောင့်က ကြမ်းပြင်အောက်တည့်တည့်မှာပဲ။ ဒီအိမ်က တကယ့်ကိုပဲ စည်းစိမ်ဥစ္စာတွေကို ဆွဲဆောင်နိုင်တဲ့ နေရာပဲနော်..."
"ကြမ်းပြင်အောက်က ရွှေက ဘာလဲ။ စည်းစိမ်ဥစ္စာကော ဘာလဲ။ လျှောက်ပြောမနေနဲ့!"