Chapter (2)
--------
ကုမ္ပဏီအသေးစား ဖြစ်တာကြောင့် ရောင်းချရာတွင် အခက်အခဲမရှိပေ။
ထို့ပြင် ချူးဟွေ့က စျေးနှုန်းနဲ့ပတ်သတ်ပြီး ခေါင်းမာမနေသလို ဝယ်သူကလည်း ထိုနည်းတူပင်ဖြစ်တာကြောင့် ကုမ္ပဏီအရောင်းအဝယ်က လျင်မြန်စွာ ပြီးစီးသွားခဲ့သည်။
ချူးဟွေ့က ဝယ်သူဖက်မှ တာဝန်ရှိသူနှင့် ဆွေးနွေးပြီးနောက် လဝက်အကြာတွင် ယွမ် 30 မီလီယံ ကို ရရှိလိုက်၏။
အတွင်းရေးမှူးဟယ်နှင့် ကုမ္ပဏီဝန်ထမ်းများက နှမြောတသ ဖြစ်နေကြသည်။ သူတို့ရဲ့ ကုမ္ပဏီက သေးငယ်သော်လည်း အလားအလာကောင်းကာ သူတို့သာ အသေချာ စီမံခန့်ခွဲလျှင် နောင်အနာဂတ်တွင် ဖွံ့ဖြိုးတိုးတက်သည့် ကုမ္ပဏီတစ်ခု ဖြစ်လာလိမ့်မည်။
သို့ရာတွင် ကုမ္ပဏီကို ဘော့စ်တစ်ယောက်တည်းသာ ပိုင်ဆိုင်ပြီး ဆုံးဖြတ်ပိုင်ခွင့်က ဘော့စ်တွင်သာ ရှိသည်။ ဘော့စ်က ဒီဝန်ထမ်းများရှိနေသည့် ကုမ္ပဏီကို ရောင်းချရန် ဆုံးဖြတ်ခဲ့သည်။
ချူးဟွေ့က ကုမ္ပဏီလက်လွှဲပေးချိန်တွင် တောင်းဆိုချက်တစ်ခု လုပ်ခဲ့တာကြောင့် ကုမ္ပဏီဝန်းထမ်းအားလုံးက ကံကောင်းစွာဖြင့် ဆက်ပြီးရှိနေကာ နေ့စဉ်လုပ်ငန်းများက ပုံမှန်အတိုင်း လည်ပတ်နေမည်ဖြစ်ပြီး ဘယ်သူ့ကိုမှ မထိခိုက်စေခဲ့ပေ။
အတွင်းရေးမှူးဟယ်က သူ့ရဲ့လုပ်သက်အတွေ့အကြုံအရ အထွေထွေမန်နေဂျာအဖြစ် ရာထူးတိုးသွားခဲ့သည်။
နောက်ဆုံးတော့လည်း ဒီကုမ္ပဏီကို ချူးဟွေ့ကိုယ်တိုင် တည်ထောင်ခဲ့ခြင်းဖြစ်လေရာ ထွက်သွားချိန်တွင် အနည်းငယ်တော့ တွန့်ဆုတ်မိသေးသည်။
တကယ်တော့ သူက introvert တစ်ယောက် ဖြစ်သည်။ ကမ္ဘာပျက်ကပ်အတွင်း ရက်စက်လှသည့် နေ့ရက်များကြောင့် သူ့ရဲ့ခံစားချက်များက ထုံထိုင်းလာခဲ့ကာ အခုလက်ရှိ ပြန်လည်မွေးဖွားလာချိန်တွင် သူ တက်ကြွနေမိသည်။
" ရှောင်ဟယ် လူတိုင်းက ငါနဲ့အတူရှိနေတာ အတော်ကြာခဲ့ပြီ။ အတူတူ ကြိုးစားခဲ့ကြတဲ့ အကြောင်းကိုတော့ ပြောနေစရာတောင် မလိုဘူး။ ကုမ္ပဏီဝန်ထမ်းတွေကို အချိန်တိုအတွင်းမှာ မပြောင်းမယ့်အကြောင်း ဘော့စ်အသစ်ကို ငါပြောထားပြီ။ မင်းတို့အတွက် ဘာအခက်အခဲမှ ရှိမှာမဟုတ်ဘူး "
" နောက်ပြီး ကုမ္ပဏီဘေးက gym မှာ လူတိုင်းအတွက် နာမည်စာရင်းပေးထားတယ်။ မင်းတို့ကို လေ့ကျင့်ခန်းအသေးစားလေးတွေ သင်ပေးဖို့ နည်းပြတချို့လည်း ငှါးပေးထားတယ်။ အလုပ်ဆင်းရင် လေ့ကျင့်ခန်းလုပ်ဖို့ သတိရကြ။ မင်းတို့ရဲ့ခန္ဓာကိုယ်က အကြီးမားဆုံးသော အရင်းအနှီးပဲ "
ချူးဟွေ့က ထွက်မသွားခင် ဒါကိုရှင်းပြရန် မမေ့ခဲ့ချေ။
အခုလက်ရှိမှာတော့ ကမ္ဘာပျက်ကပ်အကြောင်းကို သူ ဘယ်သူ့ကိုမှ မပြောနိုင်ပေ။ အကယ်၍ သူပြောခဲ့ရင်တောင် တစ်ယောက်ကမှ ယုံကြည်မှာမဟုတ်ချေ။ သူ့အနေနဲ့ အားလုံးကို မကယ်နိုင်တာကြောင့် ပရိယာယ်သုံး၍သာ တခြားသူများကို ကူညီပေးနိုင်ပေသည်။
လူတိုင်းကို ကိုယ်ကာယလေ့ကျင့်ခန်းအတွက် gym သွားဆော့ခိုင်းပြီး နည်းလမ်းတချို့ သင်ယူခိုင်းထားပါက နောင်အနာဂတ်တွင် ကပ်ဘေးများကြုံလာသည့်အခါ အသက်ရှင်သန်ရန် အခွင့်အလမ်း ပိုများနိုင်သည်။
အားလုံးက သူ့အတွေးများကို မသိကြပေ။ သူတို့ဘော့စ်ရဲ့ နှုတ်ဆက် 'လက်ဆောင်' က ထူးဆန်းသည်ဟု တွေးမိကြသော်လည်း ၎င်းတွင် ကောင်းမွန်သော အကျိုးကျေးဇူးများ ရှိတာကြောင့် သူတို့အားလုံးက ပျော်ရွှင်စွာ လက်ခံလိုက်ပြီး သူ့အား လိုက်ပို့ခဲ့ကြသည်။
ချူးဟွေ့က ကုမ္ပဏီကို ရောင်းချပြီးနောက် အနားမယူခဲ့ပေ။
သူက ဆေးရုံတက်နေချိန်အတွင်း သူ့နာမည်အောက်မှ အမွေပစ္စည်းများကို ရောင်းချရန်နှင့် ရန်ပုံငွေများကို ငွေသားဖြင့် ထုတ်ယူရန် သူငယ်ချင်းတစ်ယောက်အား အကူအညီတောင်းခဲ့သည်။ ယခုလက်ရှိတွင် H မြို့တော်မှ အိမ်စျေးများက မြင့်တက်နေလေရာ သူ့အိမ်ကို ရောင်းချလိုက်ခြင်းက အကျိုးမရှိသော လုပ်ရပ်ဖြစ်သည်။ ဒါကြောင့် လူတိုင်းက သူ့ရဲ့လုပ်ရပ်များကို အံ့သြနေခဲ့ကြသည်။
သူက ကုမ္ပဏီတင်မကပဲ ပိုင်ဆိုင်မှုများကိုပါ ရောင်းချနေလေရာ လူတိုင်းက သူဟာ ကြီးကြီးမားမား ကိစ္စတစ်ခုနှင့် ကြုံတွေ့ခဲ့ရခြင်းလားဟု မနေနိုင်ပဲ တွေးမိကြပြီး သူ့ကို အကူအညီလိုသလားဟု တိတ်တဆိတ် လာမေးခဲ့ကြသည်။
ချူးဟွေ့က သူ့ရဲ့လုပ်ငန်းနယ်ပယ်ကို ပြောင်းလဲပြီး တခြားမြို့တွင် တိုးချဲ့ရန် မျှော်လင့်နေခြင်းဖြစ်ကြောင်း ဆင်ခြေပေးလိုက်သည်။
သူက ဒီလူများကို မကယ်တင်လိုခြင်း မဟုတ်ပေ။ သူတို့က သူ့အတွက် သေအတူရှင်မကွာ သူငယ်ချင်းများ မဟုတ်ခဲ့ရင်တောင် ဒီမိတ်ဆွေများနှင့် ဆက်ဆံရေးကောင်းမွန်ခဲ့သည်။ ကမ္ဘာပျက်ကပ်ရောက်လာလျှင် သူ လူတိုင်းကို ကယ်တင်လိုသည်။ သို့သော်လည်း ယခုက အချိန်စောသေးပြီး ကမ္ဘာပျက်ကပ်မစတင်မီ တစ်နှစ်လိုသေးတာကြောင့် သူ ဒီအကြောင်းကို ထုတ်ပြော၍ မဖြစ်ပေ။
မဟုတ်လျှင် ကောလဟာလများ ဖြန့်သည့်အမှုနှင့် ထောင်ချခံရနိုင်သလို စိတ်ကျန်းမာရေးဆေးရုံလည်း ရောက်သွားနိုင်သည်။
ပြီးလျှင် အဓိကအကြောင်းရင်းကတော့ သူ အခုအချိန်မှာ ပြောလိုက်ရင်တောင် ဘယ်သူမှ ယုံမှာမဟုတ်ပေ။ အခုလက်ရှိမှာ ပစ္စည်းပစ္စယများကို ပြင်ဆင်ထားပြီး ကျန်တာကိုတော့ နောက်မှပြုလုပ်ရမည်။
ချူးဟွေ့က အိမ်ကိုရောင်းချရန် တစ်စုံတစ်ယောက်အား တိတ်တဆိတ် ခိုင်းလိုက်သည်။ ဒီအကြောင်းကို သိသူသိပ်မရှိသော်လည်း ကုမ္ပဏီကိစ္စများကိုတော့ လူတိုင်းသိကြသည်။
အံ့သြစရာမကောင်းစွာပဲ ဟူးချိုးယန်တစ်ယောက် အပြေးရောက်လာလေသည်။
" အကို့ကုမ္ပဏီက အဆင်ပြေနေတာကို ဘာလို့ ရောင်းလိုက်တာလဲ? အကို့ရဲ့ ကုမ္ပဏီက အင်မတန် အလားအလာရှိတယ်လေ။ နှစ်ပိုင်းလောက် တောင့်ခံထားရင် သေချာပေါက် ပိုဖွံ့ဖြိုးလာမှာ။ အခု အကိုက သန်း 30 လောက်နဲ့ ရောင်းလိုက်တယ်ဆို။ အကို ဘာတွေလုပ်နေတာလဲဗျာ... "
တစ်ဖက်လူက စိုးရိမ်ကြောင့်ကြပုံ ဖြစ်နေတာကြောင့် ချူးဟွေ့က ဘာမှမပြောပဲ သူ့ကိုသာ စကားပြောခွင့် ပေးထားလိုက်သည်။
ချူးဟွေ့က လူကို မောင်းမထုတ်သော်လည်း အရင်ကလိုမျိုး ဝမ်းပန်းတသာ မကြိုဆိုခဲ့ပေ။ သူက အားအင်အပြည့်ဖြစ်နေသည့် ဟူချိုးယန်ကို ကြည့်ရုံသာ ကြည့်နေခဲ့သည်။
ဟူချိုးယန်က ဘာလို့ ပူပန်သောကရောက်နေသလဲဆိုတာ သူသိ၏။ ကုမ္ပဏီကို သူ့ထက်ပိုပြီး စိတ်ပူနေရသည့် အကြောင်းရင်းကို သူသိသည်။
တစ်ဖက်လူက သူ့ငွေတွေအကြောင်းကို သိပ်ပီး စိတ်မဝင်စားပေ။ ဟူဇနီးမောင်နှံတို့ ဆုံးပါးသွားချိန်က သူတို့ရဲ့ တစ်ဦးတည်းသောသားအတွက် သန်းပေါင်းများစွာ အဖိုးတန်သည့် အမွေဥစ္စာအများအပြား ချန်ထားခဲ့သည်။
ဒီနှစ်တွေအတွင်းမှာ ဟူချိုးယန်က တခြားသူများနဲ့ မှောင်ခိုကိစ္စများ ဆောင်ရွက်ရာတွင် သူ့ကုမ္ပဏီနာမည်ကို အသုံးချခဲ့သည်။
တစ်ဖက်လူက အင်မတန် ပူပန်သည်မှာ ဒီအကြောင်းကြောင့်ဖြစ်သည်။ ချူးဟွေ့ရဲ့ကုမ္ပဏီသာ မရှိလျှင် သူ့အတွက် ယုံကြည်စိတ်ချရသည့် ကုန်သွယ်ရေးလမ်းကြောင်းကို ဆုံးရှုံးလိုက်ရပြီမလို့ပင်။
" အကို ကျွန်တော့်ပစ္စည်းတွေက အန္တရာယ်များတဲ့ကုန်တွေ1 ဆိုတာ အကိုသိပါတယ်။ အခုလောလောဆယ်မှာ နောက်ကုန်သွယ်ရေးတစ်ခုကို ရှာဖို့မလွယ်ဘူး။ အခု အကိုက ကုမ္ပဏီကိုရောင်းလိုက်ပြီး ရှောင်ဟယ်က မန်နေဂျာဖြစ်လာတော့ သူက ကျွန်တော့်ကို လှည့်တောင်မကြည့်တော့ဘူး။ ကျွန်တော့် အော်ဒါတွေကိုလည်း မယူတော့ဘူး... "
(1 တရားဝင်ဖြစ််သော်လည်း အန္တရာယ်များသည့် ကုန်စည်)
ဟူချိုးယန်က ပူပန်ကြောင့်ကြစွာ တောင်းဆိုရင်း ခါးသီးမှုဖြင့် တိုင်တန်းနေခဲ့သည်။
ချူးဟွေ့က သူ့ကိုကြည့်ရင်း နှာမှုတ်လိုက်သည်။
သေချာတာပေါ့ တစ်ဖက်လူရဲ့ပါးစပ်ကနေ အန္တရာယ်များတဲ့ကုန်တွေ လို့ ပြောလာသံကို ကြားလိုက်ရသည်။ ဥပမာ - မီးလောင်လွယ်သည့် အိမ်သုတ်ဆေးများ, ပေါက်ကွဲပစ္စည်းများ, မီးရှူးမီးပန်းများ စသဖြင့် ဒါတွေအားလုံးကို သယ်ယူပို့ဆောင်ရေးလောကတွင် အန္တရာယ်များသည့် ကုန်ပစ္စည်းများဟု ခေါ်ကြသည်။
သို့ရာတွင် ပထမဘဝ၌ ဟူချိုးယန်ရဲ့ အန္တရာယ်များတဲ့ ကုန်တွေဟာ တကယ့်ကို 'အန္တရာယ်များတဲ့ ကုန်'2 တွေ ဖြစ်နေကြောင်း သူ မသိခဲ့ပဲ တစ်သက်တစ်ကျွန်း ထောင်ကျခံလိုက်ရသည် !
(2 တရားမဝင် ပစ္စည်းများ)
ရှောင်ဟယ်က ဟူချိုးယန်ရဲ့ အော်ဒါများကို ငြင်းလိုက်ခြင်းမှာ သူညွှန်ကြားထားခဲ့ခြင်းကြောင့် ဖြစ်သည်။ ဟူချိုးယန်တစ်ယောက် အကြီးအကျယ် စိတ်ဆိုးနေချိန်တွင် ချူးဟွေ့ ပြုံးလိုက်သည်။
" အကိုက နိုင်ငံခြားထွက်ပြီး လုပ်ငန်းချဲ့ထွင်ချင်တာ။ ကုမ္ပဏီစျေးက သိပ်မရလိုက်ပေမယ့် အဆင်ပြေပါတယ်။ အရှုံးပေါ်သွားတာမှ မဟုတ်ပဲ။ အခုက ကုမ္ပဏီမှာ လူတွေပြောင်းသွားလို့ အကိုက ပိုင်ရှင်မဟုတ်တော့ပေမယ့် အဆက်အသွယ်တချို့ ရှိပါသေးတယ်။ မင်းရဲ့ကုန်တွေကို ဘယ်ကိုပို့ချင်တာလဲ? အကို့ရဲ့ သူငယ်ချင်းတွေကို အကူအညီတောင်းပေးမယ်... "
" ရတယ် ရတယ် အကိုသာ ကျွန်တော့်ကို တတ်နိုင်သမျှ မြန်မြန်လေး ဆက်သွယ်ပေး။ ကျွန်တော်က အလျင်လိုနေတာ။ အချိန်ကြာသွားရင် စာချုပ်ဖောက်ဖျက်မှုအတွက် လျော်ကြေးငွေ အများကြီးပေးရမှာ "
ဟူချိုးယန်က ချူးဟွေ့ကူညီပေးမည်ဟု ပြောသံကို ကြားလျှင် စိတ်သက်သာစွာ သက်ပြင်းချလိုက်မိသည်။ ဒီတစ်ကြိမ်ပစ္စည်းများက ပုံမှန်ထက် ပိုအရေးကြီးနေ၏။
ချူးဟွေ့က ဒါကို ကောင်းကောင်းသိထားပြီး သူ့ရဲ့ဟန်ဆောင်မှုကို တစ်ခါတည်း မဖော်ထုတ်လိုက်ပေ။
သူက ရိုးရှင်းစွာပဲ သဘောတူလိုက်ပြီး လူကို ပြန်လွှတ်လိုက်ကာ ငွေများကို ဆက်လက်စုဆောင်းနေခဲ့သည်။
သူ့လက်ထဲမှ အမွေပစ္စည်းများအားလုံးကို ရောင်းချပြီးချိန်၌ ချူးဟွေ့က ဟူချိုးယန်ကို အကြောင်းပြန်လိုက်ပြီး ပစ္စည်းပို့ပေးမည့် အချိန်နှင့် တည်နေရာကို အတည်ပြုပေးလိုက်သည်။
ထို့နောက်တွင် အမည်မသိစာတစ်စောင်က ရဲဌာနသို့ ရောက်လာခဲ့သည်။
ထိုစာထဲတွင် ကုန်ပို့ဆောင်မည့် အချိန်နှင့်တည်နေရာကို အသေးစိတ် ရေးထားရုံမက အတိတ်တွင် ဟူချိုးယန်ပြုလုပ်ခဲ့သည့် မှတ်တမ်းများ, ဟူချိုးယန်နှင့် အဆက်အသွယ်ရှိသူများပါ ပါဝင်ပေသည်။
အချက်အလက်အားလုံးက ရှင်းလင်းမှန်ကန်နေပြီး ရဲများက မယုံကြည်မှာကို သူ မကြောက်ပေ။
သူက ဒီလောက်ထိ ရှင်းလင်းစွာနှင့် အသေးစိတ် တိုင်ကြားနိုင်ခြင်းမှာ သူ့ယခင်ဘဝတုန်းက ဟူချိုးယန်က သူ့အား ဓားစာခံအဖြစ် အသုံးချခဲ့ခြင်းကြောင့် ဖြစ်သည်။ တကယ်တော့ ဒါတွေအားလုံးကို အရင်ဘဝတုန်းက သူ့ရဲ့ 'ပြစ်မှုများ' အဖြစ် သတ်မှတ်ခံခဲ့ရသည်။
သူ့မွေစားမိဘများရဲ့ ကြင်နာမှုကို ထောက်ထားကာ ဥပဒေကလည်း ရှိနေသေးတာကြောင့် ချူးဟွေ့က သူ့ကို မသတ်နိုင်ပဲ ပြဿနာရှာလို့မရပေ။
သို့သော်လည်း သူဆိုတဲ့ ချူးဟွေ့က မကျေနပ်ချက်များကို တေးမှတ်ထားပြီး သွားတစ်ချောင်းအတွက် သွားတစ်ချောင်းကို ပြန်နုတ်ယူတတ်သူ ဖြစ်သည်။
ထောင်ထဲမှ ရက်စက်မှုနှင့် ကမ္ဘာပျက်ကပ်နေ့များမှ အန္တရာယ်များကို အခုတော့ သူ့ရဲ့ညီအစ်ကိုကောင်းထံသို့ ပြန်ပေးလိုက်တော့မည်။
ရဲဌာနကို အမည်မသိစာစောင် ပေးပို့ပြီးနောက် ချူးဟွေ့က တခြားမတော်တဆမှုများကို ရှောင်ရှားရန် H မြို့တော်မှ ထွက်သွားခဲ့သည်။
သူ့တွင် အချိန်ဖြုန်းနေရန် အချိန်မရှိသလို ပြဿနာလည်း မတက်စေချင်ပေ။
ရဲဌာနက တိုင်ကြားစာကို ရခဲ့သည်။ သူတို့က ခဏတာမျှ အံ့သြသွားပြီးနောက် ထောင်ချောက်များကို ပျော်ရွှင်စွာ ပြင်ဆင်ကြကာ လူများကို ဖမ်းဆီးလိုက်လေသည်။ ဒီနှစ်က မြို့တော်ဝန်အသစ် လွှဲပြောင်းထား၍ သူ့လက်အောက်မှ လူများက သူတို့ရဲ့ဘော့စ်အတွက် နိုင်ငံရေးစွမ်းဆောင်ချက်များကို မည်ကဲ့သို့ ဖန်တီးပေးရမည့်အကြောင်း တွေးပူနေကြခြင်းဖြစ်သည်။ အခုတော့ အခွင့်အရေးတစ်ခုက သူတို့ရဲ့တံခါးရှေ့ကို တန်းတန်းမတ်မတ် ရောက်လာလေပြီ !
တခြားတစ်ဖက်တွင် ဟူချိုးယန်က ရဲဌာန၏ စာရင်းပေါ်၌ သူ့နာမည်ရောက်နေကြောင်းကို မသိခဲ့ပေ။ သူက သူ့ရဲ့အမြတ်ငွေများကို ရိတ်သိမ်းရန်သာ အသင့်ပြင်နေခဲ့သည်....