no

Font
Theme

Chapter ( 15 )

ချူးဟွေ့ အိမ်ပြင်ဆင်ရေးအတွက် အလုပ်ရှုပ်နေသလို ယွီခဲ့သည်လည်း အငြိမ်မနေပေ။

ဤလူငယ်လေးသည်လည်း အခြေအနေမှာ အရေးကြီးနေကြောင်း နားလည်ထားသဖြင့် ချူးဟွေ့ကို အနှောင့်အယှက်မပေးဘဲ နေ့စဉ် သူ့အနီးအနားတွင် စုတ်တံတစ်ချောင်းကို ကိုင်ကာ ဂါထာမန္တန်များ ရေးဆွဲခြင်း သို့မဟုတ် စာအုပ်များ ရေးသားခြင်းတို့ကို တိတ်တဆိတ် ပြုလုပ်နေတတ်သည်။

အတိအကျ ပြောရလျှင် သူ သိမှတ်ထားသမျှ ဗဟုသုတများကို ပြန်လည် ကူးယူနေခြင်း ဖြစ်သည်။ ယွီခဲ့သည် သူ ကျက်မှတ်ထားသမျှ တာအိုကျင့်စဉ်ဆိုင်ရာ စာအုပ်များကို ချူးဟွေ့ နောက်ပိုင်းတွင် လေ့လာနိုင်ရန်အတွက် တိတ်တဆိတ် ရေးချပေးနေခြင်း ဖြစ်သည်။

ယွီခဲ့၏အဆိုအရ မကြာသေးမီက လေထုထဲတွင် ထူးဆန်းသော မိစ္ဆာစွမ်းအင်များ ပျံ့နှံ့နေပြီး အလွန်အန္တရာယ်များကြောင်း သူ ခံစားနေရသည်။ ပညာတစ်ခု ပိုတတ်ထားခြင်းသည် အသက်ဘေးမှ လွတ်မြောက်ရန် နည်းလမ်းတစ်ခု ပိုရှိခြင်းပင် ဖြစ်သည်။ သူ၏ ပါရမီမှာ ကန့်သတ်ချက်ရှိပြီး တာအိုပညာသည်လည်း အရာရာကို မဖြေရှင်းနိုင်သော်လည်း ချူးဟွေ့မှာမူ ကြီးမားသော အောင်မြင်မှုများ ရရှိလိမ့်မည်ဟု သူ ယုံကြည်သည်။

ကံကောင်းထောက်မစွာဖြင့် သူသည် ငယ်စဉ်က ပျင်းရိနေသဖြင့် စာအုပ်များစွာကို အလွတ်ကျက်မှတ်ထားခဲ့မိသည်။

ထိုသို့ပြောနေစဉ်တွင် လူငယ်လေး၏ မျက်နှာမှာ ချီးကျူးခံလိုသည့် အမူအရာဖြင့် အမြီးနန့်နေသော ခွေးပေါက်လေးတစ်ကောင်နှင့်ပင် တူနေတော့သည်။

ထိုအသွင်ကို မြင်လိုက်ရသောအခါ ချူးဟွေ့သည် ထိုလူငယ်လေးကို ရင်ခွင်ထဲ ဆွဲသွင်းကာ တဝကြီး ပွတ်သပ်နမ်းရှုံ့ချင်စိတ်များ ပေါက်လာရသည်။ ဤယွီခဲ့လေးသည် သူ၏ အားနည်းချက်ကို သိနေသယောင်ရှိပြီး သူ၏ အပြုအမူတိုင်းမှာ ချူးဟွေ့၏ စိတ်ကို အမြဲတမ်း နူးညံ့သွားစေတတ်သည်။

ယခင်က ယွီခဲ့နှင့် ပညာသင်ယူရန် ဆွေးနွေးခဲ့ဖူးသော်လည်း ပစ္စည်းများ စုဆောင်းနေရသဖြင့် အချိန်မရခဲ့ပေ။ ယခုအခါ အိမ်ပြင်ဆင်ရေးမှာ စောင့်ကြည့်ရုံသာ ကျန်တော့သဖြင့် ချူးဟွေ့သည် ဤကိစ္စကို အမြန်ဆုံး စတင်ရန် ဆုံးဖြတ်လိုက်သည်။

ယခုအချိန်သည် အားနာနေရမည့် အချိန်မဟုတ်ပေ။

နေ့ဘက်တွင် သူသည် အိမ်ပြင်ဆင်မှုကို စောင့်ကြည့်ရင်း ယွီခဲ့ ရေးပေးထားသည့် စာအုပ်များကို ဖတ်ရှုသည်။ ညဘက်တွင်မူ အွန်လိုင်းမှတစ်ဆင့် လိုအပ်သည့် ပစ္စည်းများကို ဆက်လက်မှာယူပြီး ကွန်ပျူတာမှတစ်ဆင့် နောက်ဆုံးရ သတင်းများကို စောင့်ကြည့်နေခဲ့သည်။

အစပိုင်းတွင်မူ သူသည် နောက်ပိုင်းမှ သင်ယူရလွယ်ကူစေရန် စာအုပ်များကို ကြိုတင်ရင်းနှီးအောင် ဖတ်ထားရန်သာ ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။အကြောင်းမှာ လောကုတ္တရာ ပညာရပ်များကို အချိန်တိုအတွင်း မည်သို့ သင်ယူနိုင်ပါမည်နည်း။

သို့သော် မကြာမီမှာပင် ချူးဟွေ့သည် တာအိုပညာနှင့် ရှေးဟောင်းသိုင်းပညာရပ်များတွင် ထူးကဲသော ပါရမီရှိကြောင်း ကိုယ်တိုင် သတိပြုမိလာခဲ့သည်။ ယွီခဲ့အနေဖြင့် သူ့ကို များများစားစား သင်ပြပေးရန်ပင် မလိုတော့ဘဲ စာအုပ်ထဲရှိ စာသားများသည် သူ၏ ဦးနှောက်ထဲသို့ ဝိညာဉ်ပါသည့်အလား အလိုလို စိမ့်ဝင်သွားကြသည်။

ရှေးဟောင်းစာလုံးအချို့ကို နားမလည်သဖြင့် မေးမြန်းရသည်မှလွဲ၍ နှစ်ရက်အတွင်းမှာပင် သူသည် ထိုစာလုံးများကို ကျွမ်းကျင်စွာ ဖတ်ရှုနိုင်ပြီး ဆရာမပါဘဲ အမြန်ဆုံး နားလည်သဘောပေါက်လာခဲ့သည်။ ၎င်းမှာ ထိုပညာရပ်များသည် သူ၏ ဦးနှောက်ထဲတွင် အလိုလို ရှိနေပြီးသား ဗီဇတစ်ခုကဲ့သို့ပင်။

ချူးဟွေ့၏ စိတ်ထဲတွင် အံ့ဩတုန်လှုပ်သွားရသည်။ သို့သော် အပြင်ပန်းတွင်မူ မည်သည့်အမူအရာမျှ မပြဘဲ အနာဂတ်တွင် အသက်ကယ်ပေးမည့် ထိုပညာရပ်များကို ရေစုပ်ဂွမ်းကဲ့သို့ အမြန်ဆုံး စုပ်ယူလေ့လာရင်း အိမ်ပြင်ဆင်ရေးကိုလည်း အရှိန်မြှင့်လုပ်ဆောင်ခဲ့သည်။

မြေအောက်ခန်းတူးသည့်လုပ်ငန်းမှာ အလွန်မကြီးမားသော်လည်း စတုရန်းမီတာ ဒါဇင်အနည်းငယ်ရှိပြီး အချိန်မှာလည်း ကန့်သတ်ချက်ရှိသဖြင့် ချူးဟွေ့သည် လူအင်အား ပိုမိုငှားရမ်းကာ နေ့ညအဆိုင်းခွဲ၍ အလုပ်လုပ်စေခဲ့သည်။

ထိုသို့ အချိန်ပိုဆင်း၍ အပြင်းအထန် လုပ်ဆောင်ခဲ့ကြသဖြင့် အိမ်ပြင်ဆင်ရေး လုပ်ငန်းမှာ လျာထားသည့်အတိုင်း တစ်လအတွင်း ပြီးစီးသွားခဲ့သည်။

ထို့နောက်တွင်မူ ပရိဘောဂများ၊ လျှပ်စစ်ပစ္စည်းများနှင့် နောက်ဆုံးတွင် အစားအသောက်နှင့် လူသုံးကုန်ပစ္စည်းများကို အကြီးအကျယ် စုဆောင်းတော့သည်။

အခြေခံအိမ်သုံးပစ္စည်းများအပြင် ချူးဟွေ့သည် အဲယားကွန်းများ၊ ပန်ကာများနှင့် ရေခဲသေတ္တာများကိုလည်း ပြင်ဆင်ထားလေသည်။တစ်အိမ်လုံးရှိ အခန်းတိုင်းတွင် အားကောင်းသော အဲယားကွန်းများကို တပ်ဆင်ထားပြီး မြေအောက်ခန်း တစ်ခုလုံးကိုလည်း ရေခဲသေတ္တာများဖြင့် ပြည့်နှက်နေစေခဲ့သည်။

လေဟာနယ်စနစ်ဖြင့် သိမ်းဆည်းထားသော ဘဲကင်များ၊ ဝက်အူချောင်းများ၊ အသင့်စား ကိတ်မုန့်များ၊ ထမင်းလုံးများ၊ ရေခဲရိုက်ထားသော ဒင်ဆမ်းများ၊ အသားလွှာများ စသည်ဖြင့် ရေခဲသေတ္တာတိုင်းကို အလျှံပယ် ဖြည့်တင်းထားသည်။

ကမ္ဘာပျက်ကပ် ဆိုက်ပြီးနောက် လျှပ်စစ်မီး ပြတ်တောက်သွားမည်ကို စိုးရိမ်သဖြင့် နေရောင်ခြည်စွမ်းအင်သုံး မီးစက်များနှင့် ဆိုလာပြားများကိုလည်း အရန်သင့် စုဆောင်းထားသေးသည်။အိမ်ရှိ ဧည့်ခန်းကိုပင် စင်များစွာ တပ်ဆင်ကာ သိုလှောင်ရုံသဖွယ် ပြောင်းလဲလိုက်သည်။

ဆန်၊ ခေါက်ဆွဲ၊ ဆီနှင့် အသင့်စား ဘူးခွံများကို ပုံအောဝယ်ယူထားသလို အစေ့အဆန်များနှင့် မုန့်မျိုးစုံကိုလည်း တစ်အိမ်လုံး စနစ်တကျ စီထားလေသည်။ ကမ္ဘာပျက်ကပ် မတိုင်မီ ပြင်ဆင်မှုများကို သူ အလွန်အကျွံ မလုပ်ဝံ့ပေ။ အထူးသဖြင့် စွမ်းအားရှင်များ မပေါ်ပေါက်သေးမီတွင် သူ၏ သိုလှောင်နိုင်သော နေရာလွတ် လျှို့ဝှက်ချက်ကို ကာကွယ်ရမည် ဖြစ်သည်။

လမ်းတွင် အိမ်နီးချင်းများက မေးမြန်းလာသောအခါ သူသည် ရပ်ကွက်ကုန်စုံဆိုင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ပြောကာ လှည့်စားခဲ့သည်။ ယခုအခါ ဆိုင်ခန်းခ သက်သာစေရန် မြေညီထပ်များကို ငှားရမ်း၍ ဆိုင်ဖွင့်ကြသည်မှာ ထုံးစံဖြစ်ရာ သူ၏စကားမှာ ယုတ္တိတန်နေခဲ့သည်။

ဤအကြောင်းပြချက်သည် နောက်ပိုင်းတွင် သူ့ထံ၌ ပစ္စည်းများစွာ ရှိနေခြင်းကို တစ်စုံတစ်ယောက်က သံသယဖြစ်လာပါကလည်း ပြန်လည်ဖြေရှင်းရန် အကောင်းဆုံး နည်းလမ်းဖြစ်သည်။

သို့သော် ကံမကောင်းသည်မှာ သူ၏ မျက်နှာချင်းဆိုင်အိမ်သည်လည်း ရပ်ကွက်ကုန်စုံဆိုင် ဖွင့်လှစ်ထားသည့် မိသားစု ဖြစ်နေခြင်းပင်။

စီးပွားရေးသမားများဖြစ်သဖြင့် သူတို့သည် မျက်စိရှင်ကြသည်။ ချူးဟွေ့ ပစ္စည်းများ အသွင်းအထုတ် လုပ်နေသည်ကို နေ့တိုင်း မြင်တွေ့နေရသဖြင့် ဆိုင်သစ်ဖွင့်တော့မည်ဟု တွေးကာ ထိုအိမ်မှ အမျိုးသားသည် ပြိုင်ဘက်ဟု သဘောထားကာ ရန်လိုလာတော့သည်။

ထိုအမျိုးသား၏ စရိုက်မှာလည်း ထူးဆန်းလှပြီး ချူးဟွေ့ကို မြင်တိုင်း မျက်နှာပျက်ပျက်နှင့် ကြည့်မရသလို အမူအရာများ ပြတတ်သည်။

ချူးဟွေ့မှာမူ ထိုကဲ့သို့သော လူမျိုးများကို မြင်တွေ့ဖူးလွန်းသဖြင့် ဂရုမစိုက်ဘဲ လျစ်လျူရှုထားလိုက်သည်။ သို့သော် ထိုအိမ်မှ အမျိုးသမီးမှာမူ စရိုက်ကောင်းမွန်ပြီး ဖော်ရွေသည့် မျက်နှာထားရှိကာ စကားပြောဆိုရာတွင်လည်း နူးညံ့ပြီး လမ်းသွားလမ်းလာတိုင်းကို ပြုံးရွှင်စွာ နှုတ်ဆက်တတ်သည်။

ပြောင်းလာပြီး မကြာမီမှာပင် သူမသည် အထက်ထပ်၊ အောက်ထပ် အိမ်နီးချင်းများနှင့် ရင်းနှီးသွားခဲ့သည်။ အနာဂတ် စီးပွားရေးပြိုင်ဘက်ဟု သံသယရှိခြင်း ခံထားရသည့် ချူးဟွေ့နှင့်ပင် သူမသည် အဆင်ပြေအောင် နေတတ်သည်။

မနက်ပိုင်းနှင့် ညနေပိုင်း ကလေးကို ကျောင်းကြို၊ ကျောင်းပို့လုပ်သည့်အချိန်တိုင်းတွင် သူတို့ အပြန်အလှန် နှုတ်ဆက်ဖြစ်ကြသည်။ သူမ၏ လက်ထဲတွင် အသီးအနှံ သို့မဟုတ် မုန့်များ ပါလာလျှင်ဖြစ်စေ ယွီခဲ့ကို မြင်လျှင်ဖြစ်စေ သူမသည် အမြဲတမ်း ဝေမျှပေးတတ်သည်။

ယွီခဲ့သည် အသက်မငယ်တော့သော်လည်း သူ၏ အပြစ်ကင်းစင်သော မျက်လုံးများက လူအများကို သတိလက်လွတ် ဖြစ်သွားစေပြီး အကာအကွယ်ပေးချင်စိတ် ပေါက်အောင် ပြုလုပ်နိုင်ပေသည်။ သူက ချိုသာစွာ ပြုံးပြလိုက်လျှင် လူတိုင်း၏ သတိထားမှုကို လျော့ကျသွားစေသည်။

မိခင်တစ်ယောက် ဖြစ်လာပြီးနောက်တွင် မိခင်မေတ္တာမှာ ပိုမိုကြီးမားလာတတ်ရာ သူမအနေဖြင့် ယွီခဲ့ကဲ့သို့သော လူငယ်လေးအပေါ် မေတ္တာမရှိဘဲ မနေနိုင်ပေ။

ထိုသို့ဖြင့် သူတို့နှစ်ဦးမှာ အမြန်ဆုံး ရင်းနှီးသွားခဲ့ကြပြီး အိမ်နီးချင်း အမျိုးသား၏ အမည်မှာ ယန်ထျန်းလုံ၊ အမျိုးသမီးမှာ လီဟွေ့ နှင့် သူတို့၏ သားလေးမှာ ယန်ယန် ဖြစ်ကြောင်း ချူးဟွေ့ သိရှိခဲ့ရသည်။

လီဟွေ့သည် ချူးဟွေ့လည်း ကုန်စုံဆိုင် ဖွင့်လိုသည်ဟု ထင်မှတ်နေပြီး သူ၏ ငယ်ရွယ်နုပျိုသောအသွင်ကို ကြည့်ကာ စေတနာရှေ့ထား၍ အကြံပေးစကား ပြောလာသည်။

"... ဒီလူနေရပ်ကွက်မှာ လူနေထိုင်မှုနှုန်းက အရမ်းနည်းသေးတယ်၊ ကုန်စုံဆိုင် သက်သက်ပဲ လုပ်မယ်ဆိုရင်တော့ အချိန်တိုအတွင်း အဆင်ပြေဖို့ မလွယ်ဘူး၊ အွန်လိုင်းကနေ မှတ်ပုံတင်ပြီး ရောင်းတဲ့သူတွေဆီမှာ စုံစမ်းကြည့်ဦး၊ အခုခေတ်က အွန်လိုင်းစနစ်က အရောင်းရဆုံးပဲ"

လီဟွေ့သည် သူမ၏ စီးပွားရေးကို သူတစ်ပါးအား ဝေမျှပေးရလောက်အောင် တုံးအသူ မဟုတ်သော်လည်း၊ အွန်လိုင်းတွင် စီးပွားရှာရလွယ်ကူကြောင်းမှာ လျှို့ဝှက်ချက် မဟုတ်သဖြင့် ဖုံးကွယ်ထားရန် မလိုဟု ယူဆထားခြင်း ဖြစ်သည်။ ထို့အပြင် သူမ၏ မိသားစုသည်လည်း ဤရပ်ကွက်တစ်ခုလုံး၏ စီးပွားရေးကို တစ်ဦးတည်း လက်ဝါးကြီးအုပ်နိုင်မည် မဟုတ်ရာ အိမ်နီးချင်းအချင်းချင်း မိတ်ဆွေကောင်း ဖြစ်နေသည်က ပိုကောင်းသည်ဟု သူမ ထင်သည်။

"ကျေးဇူးတင်ပါတယ် အမလီ၊ ကျွန်တော် ကြိုးစားကြည့်ပါ့မယ်။ ဒါနဲ့ ကျွန်တော် သတိထားမိတာက ဒီရပ်ကွက်ရဲ့ရေက သိပ်မသန့်သလိုပဲနော်။ သန့်စင်ပြီးသား ရေသန့်ဘူးတွေ ရောင်းရင်တော့ စီးပွားဖြစ်နိုင်တယ် အမတို့လည်း စမ်းကြည့်ပါဦး"

ချူးဟွေ့သည် ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။ သူသည် ကုန်စုံဆိုင် ဖွင့်ရန် အစီအစဉ်မရှိသော်လည်း အပြင်ပန်းတွင်မူ ဟန်ဆောင်နေရဆဲ ဖြစ်သည်။ လီဟွေ့သည် သူ့ထက် အသက်ကြီးသဖြင့် 'အမ' ဟု ခေါ်ဆိုခြင်းမှာလည်း ပြဿနာမရှိပေ။ သူသည် တစ်ပါးသူ၏ ကျေးဇူးကို မခံလိုသည့် စရိုက်ရှိသဖြင့် စိတ်ထားကောင်းသော လီဟွေ့ကို တစ်ခုခု ပြန်လည် အကြံပေးလိုက်ခြင်း ဖြစ်သည်။

လူသည် ရေမသောက်ဘဲ သုံးရက်ထက် ပိုမနေနိုင်ပေ။ ကမ္ဘာပျက်ကပ် အစောပိုင်းကာလများတွင် အိမ်ထဲ၌ ပိတ်မိနေပါက လုံလောက်သော ရေကို စုဆောင်းထားနိုင်မှသာ အသက်ရှင်နိုင်မည် မဟုတ်ပါလား။

လီဟွေ့၏ ခင်ပွန်းမှာမူ သူ၏ ဟိန်းဟောက်သောအမည်နှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး အလွန်ပိန်လှီလှသည်။ ရုံးခန်းထဲတွင် အထိုင်များပြီး အိမ်ထဲ၌သာ အချိန်ကုန်ကာ လေ့ကျင့်ခန်း မလုပ်သည့် အမျိုးသားများ၏ ပုံစံမျိုး ဖြစ်သည်။အနာဂတ် ကမ္ဘာပျက်ကပ်တွင် ထိုသူသည် ဇွန်ဘီများကို သတ်ရန် သတ္တိနှင့် ခွန်အား ရှိလိမ့်မည် မဟုတ်ပေ။ လီဟွေ့သည် အမျိုးသမီးဖြစ်သလို၊ သားဖြစ်သူမှာလည်း ငယ်ရွယ်သေးသဖြင့် အပြင်ထွက်နိုင်ရန် ခဲယဉ်းပေလိမ့်မည်။

"ဟုတ်တယ် အမလီဟွေ့၊ ဒီရပ်ကွက်က ရေက မကောင်းဘူး၊ ရေသန့်စက် တပ်ထားတာက ပိုကျန်းမာစေတယ်... ယန်ယန်လေး၊ ကိုကို့အိမ်ကရေက အရသာရှိရဲ့လား"

ယွီခဲ့သည်လည်း ဘေးမှကူပြောပေးရင်း လီဟွေ့ကို ပြုံးပြကာ လေးနှစ်အရွယ် သားဖြစ်သူ ယန်ယန်လေးကို ချောကလက်ဖြင့် စနောက်နေသည်။ လေးနှစ်အရွယ် ယန်ယန်မှာ အလွန် အကြောက်အလန့်ကြီးပြီး အမြဲတမ်း ငြိမ်နေတတ်ကာ ယခုတွင်လည်း မိခင်၏ နောက်တွင် ပုန်းအောင်းနေလေသည်။

ထိုကလေးသည် မုန့်ကိုလည်း မယူဘဲ စကားတစ်ခွန်းမှ မပြောဘဲ လူကြောက်နေသည့် အမူအရာ ရှိနေပေသည်။

ချူးဟွေ့သည် မိဘမဲ့ဂေဟာတွင် ကြီးပြင်းခဲ့သူဖြစ်ရာ ဤကဲ့သို့သော ကလေးမျိုးကို မြင်ဖူးလွန်းလှသည်။ တစ်စုံတစ်ခုကြောင့် စိတ်ဒဏ်ရာ ရနေခြင်း သို့မဟုတ် မွေးရာပါ စရိုက်ဖြစ်ပေလိမ့်မည်။ လီဟွေ့၏ ခင်ပွန်းမှာ ဒေါသကြီးပြီး အိမ်ရှေ့တွင်ပင် အမြဲတမ်း ဟိန်းဟောက်တတ်သည်ကို ကြည့်ခြင်းအားဖြင့်လည်းကောင်း၊ ယန်ယန်မှာ လီဟွေ့၏ ပထမအိမ်ထောင်နှင့် ပါလာသော ကလေးဖြစ်သည်ကို သိထားခြင်းအားဖြင့်လည်းကောင်း၊ ကလေးမှာ အဘယ်ကြောင့် ကြောက်ရွံ့နေရသည်ကို ခန့်မှန်းရန် မခဲယဉ်းပေ။

"အေးပါကွယ် ပြန်သွားရင် ခင်ပွန်းကို ပြောကြည့်ပါဦးမယ်၊ အမလည်း ဒီရပ်ကွက်က ရေက သောက်လို့မကောင်းဘူးလို့ ထင်နေတာ။ အမှိုက်စွန့်ပစ်တဲ့နေရာက အနံ့တွေတောင် ရနေသလိုပဲ"

လီဟွေ့သည် သားဖြစ်သူကို ကာကွယ်ပေးသည့် အမူအရာဖြင့် ပွေ့ပိုက်ရင်း စကားကို ဆက်လိုက်သည်။

"ဒါနဲ့ မောင်လေးချူ၊ မနေ့က သတင်းထဲမှာ တွေ့တယ်။ နိုင်ငံတော်က မှတ်ပုံတင်အသစ်တွေ လုပ်ပေးတော့မယ်တဲ့။ နောက်ပိုင်း လူမှုဖူလုံရေးနဲ့ တခြားမူဝါဒတွေအတွက် အဆင်ပြေအောင်လို့တဲ့..."

"တစ်လအတွင်း လူတိုင်းရဲ့ အချက်အလက်တွေကို ပြန်သွင်းရမယ်တဲ့။ နယ်ခံတွေဆိုရင် အိမ်တိုင်ရာရောက် လာလုပ်ပေးမှာ၊ နယ်ဝေးက လာတဲ့သူတွေဆိုရင်တော့ သက်ဆိုင်ရာ ဌာနတွေကို သွားရမယ်။ မောင်လေးရဲ့ လေယူလေသိမ်းက တခြားအရပ်က လာတဲ့ပုံစံဆိုတော့ ကြိုသွားထားနော်၊ နောက်ကျရင် လူတွေပုံနေလို့ စိတ်ညစ်ရလိမ့်မယ်..."

"နောက်ပြီး သတင်းတစ်ခုကတော့ အခုခေတ် လူတွေက ရုံးခန်းထဲမှာပဲ ထိုင်နေကြလို့ ကျန်းမာရေးတွေ ညံ့ဖျင်းနေကြတယ်ဆိုပြီး တစ်နိုင်ငံလုံး လေ့ကျင့်ခန်း လုပ်ရမယ့် အစီအစဉ်သစ် လာမယ်တဲ့။ အစိုးရက စစ်သားတွေလွှတ်ပြီး လူတိုင်းကို လေ့ကျင့်ခန်းတွေ လာသင်ပေးလိမ့်မယ်။ နောင်ဆိုရင် ကျန်းမာရေး လက်မှတ်တောင် ရှိရမယ်တဲ့၊ ကြားပြီးပြီလား"

"ကြားပါတယ်… မနေ့က သတင်းထဲမှာ မြင်လိုက်တယ်၊ အခုခေတ် လူတွေအတွက် လေ့ကျင့်ခန်းလုပ်ဖို့ လိုအပ်နေတာတော့ အမှန်ပဲဗျ"

ချူးဟွေ့သည် ဘေးနားရှိ ယွီခဲ့ကို လှည့်ကြည့်လိုက်ရာ နှစ်ဦးသား အကြည့်ချင်းဆုံကာ ပြုံးလိုက်ကြသည်။ နိုင်ငံတော်သည် နောက်ဆုံးတွင်တော့ ကြီးမားသော လှုပ်ရှားမှုတစ်ခုကို စတင်လိုက်ပြီ မဟုတ်ပါလား။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment