no

Font
Theme

Chapter ( 16 )

ကမ္ဘာပျက်ကပ် ဆိုက်ရောက်မည့်ရက်များ တစ်ရွေ့ရွေ့ နီးကပ်လာသည်နှင့်အမျှ ချူးဟွေ့သည် အိမ်ကို ပြင်ဆင်ရင်း တစ်ဖက်မှလည်း ဖြစ်ပျက်နေသည့် အခြေအနေမှန်များကို အစဉ်မပြတ် စောင့်ကြည့်လေ့လာနေခဲ့သည်။

အတိတ်ဘဝတွင်မူ ကမ္ဘာပျက်ကပ်အတွင်း အစိုးရ၏ စီမံခန့်ခွဲမှု ကင်းမဲ့သွားသောအခါ တိုင်းပြည် မည်မျှအထိ ပရမ်းပတာ ဖြစ်သွားသည်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ကြုံဖြတ်ကျော်ခဲ့ဖူးလေ၏။

ဇွန်ဘီဗိုင်းရပ်စ် ကူးစက်ခံရသူများမှာ ရုတ်တရက် မျိုးဗီဇပြောင်းလဲသွားကြခြင်း ဖြစ်သည်။ ကုတင်ပေါ်တွင် အားအင်ချိနဲ့စွာ နှာစေးချောင်းဆိုးနေသည့် လူမမာတစ်ယောက်သည် နောက်တစ်စက္ကန့်အတွင်းတွင် ရက်စက်ကြမ်းကြုတ်သော လူသားစားဘီလူးတစ်ကောင်အဖြစ် ပြောင်းလဲသွားလိမ့်မည်ဟု မည်သူမျှ တွေးထင်ထားခြင်း မရှိကြပေ။

လူအချို့မှာမူ ခန္ဓာကိုယ်တွင်း၌ ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသော်လည်း မည်သည့်လက္ခဏာမျှ မပြဘဲ လူအုပ်ကြီးကြားထဲတွင် ရောနှောပုန်းကွယ်နေကြသည်။

ရောဂါဆိုးကြီး စတင်ပေါက်ကွဲသည့် အချိန်မှစ၍ ကမ္ဘာကြီးတစ်ခုလုံး ဖရိုဖရဲ ဖြစ်သွားခဲ့ရ၏။ နိုင်ငံအသီးသီးမှ အစိုးရများသည် အဆင့်မြင့်အရာရှိကြီးများ အမြောက်အမြား သေဆုံးမှုကြောင့် ၎င်းတို့၏ အုပ်ချုပ်ရေးအာဏာကို တည်ငြိမ်အောင် မနည်းကြိုးစားနေခဲ့ရသဖြင့် တိုင်းပြည်မှာ သဲပုံစုသကဲ့သို့ ပြိုကွဲပျက်စီးကာ ပြည်သူများမှာလည်း ကိုးကွယ်ရာမဲ့လျက် အသက်ရှင်သန်နိုင်ရေးအတွက် အသည်းအသန် ရုန်းကန်ခဲ့ကြရသည်။

ထို့ကြောင့် ဤဘဝတွင်မူ ချူးဟွေ့သည် မိမိ၏ မိခင်နိုင်ငံကို ထိုကဲ့သို့ ဖရိုဖရဲ မဖြစ်စေချင်တော့ပေ။

သူ တိတ်တဆိတ် ပေးပို့ခဲ့သည့် အမည်မသိ လျှို့ဝှက်စာထဲတွင် အစားအသောက်၊ သဘာဝဘေးအန္တရာယ်နှင့် လူသားတို့ကြောင့် ဖြစ်ပေါ်လာမည့်ကပ်ဘေး စသည့် သော့ချက်စကားလုံးများကို အထူးတလည် ထည့်သွင်း ရေးသားခဲ့သည်။ အကယ်၍ အစိုးရအနေဖြင့် ဤနိမိတ်ဖတ်ချက်ကို အမှန်တကယ် ယုံကြည်ခဲ့မည်ဆိုလျှင် အချက်အလက် တိတိပပ မရှိသေးလျှင်ပင် ဘက်ပေါင်းစုံမှ တွေးတောကာ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ကြပေလိမ့်မည်။

ကမ္ဘာပျက်ကပ် ကာလများတွင် အရေးကြီးဆုံးအရာက ဘာလဲ။

အစားအသောက်၊ ရေ နှင့် သန်စွမ်းသော ခန္ဓာကိုယ် ဖြစ်သည်။

ရှေ့ဆုံးမှ အချက်နှစ်ခုမှာ အသက်ရှင်သန်ရေးအတွက် အခြေခံအုတ်မြစ် ဖြစ်သလို၊ နောက်ဆုံးအချက်မှာလည်း အသက်ဘေးမှ လွတ်မြောက်ရန် မရှိမဖြစ် လိုအပ်သည့် တင်းကျပ်သော စည်းကမ်းချက်တစ်ခု ဖြစ်သည်။ သာမန်လူတစ်ယောက်အနေဖြင့် ဤအချက်များကို တွေးတောမိပြီး ပြင်ဆင်ထားနိုင်မှသာ ဖြစ်ပေလိမ့်မည်။ အကြောင်းမှာ စစ်တပ်ထဲရှိ စစ်သည်အင်အားမှာ ကန့်သတ်ချက် ရှိနေသောကြောင့်ပင်။

အစိုးရက ပြည်သူအားလုံးကို မှတ်ပုံတင်အသစ်များ အမြန်လဲလှယ်ခိုင်းသည့်ကိစ္စနှင့် ပတ်သက်၍မူ နောက်ပိုင်း ကမ္ဘာပျက်ကပ် ကာလအတွင်း လူဦးရေကို လွယ်ကူစွာ စီမံခန့်ခွဲနိုင်ရန် ကြိုတင်ပြင်ဆင်ခြင်း ဖြစ်လိမ့်မည်ဟု ချူးဟွေ့ ခန့်မှန်းမိသည်။

အမှန်စင်စစ်တွင်မူ အထက်လူကြီးများသည် ချူးဟွေ့ မသိနိုင်သော အရာများစွာကို တိတ်တဆိတ် လုပ်ဆောင်နေခဲ့ကြသည်။

အမည်မသိစာထဲမှ နိမိတ်ဖတ်ချက်များနှင့်အတူ ၎င်းတို့သည် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကျွမ်းကျင်သူများကို ခေါ်ယူဆွေးနွေးခဲ့ကြရာ မကြာသေးမီက ဘူမိဗေဒနှင့် ရာသီဥတုဆိုင်ရာ အချက်အလက်များမှာ အမှန်တကယ်ပင် ပြောင်းလဲမှုများ ရှိနေကြောင်း တွေ့ရှိခဲ့ရသည်။ ပြောင်းလဲမှု ပမာဏမှာ သေးငယ်လှသဖြင့် သေချာစွာ စိစစ်ဆန်းစစ်ခြင်း မပြုပါက မသိနိုင်သော်လည်း ကျွန်ုပ်တို့ သိကျွမ်းသော ဤကမ္ဘာကြီးထဲတွင် ထူးဆန်းသော အပြောင်းအလဲများ စတင်နေပြီ ဖြစ်ကြောင်းကိုမူ ငြင်းပယ်၍ မရနိုင်ပေ။

ထို့အပြင် အဆင့်မြင့် အရာရှိကြီးများသည် တကယ့်အစွမ်းအစရှိသည့် အကြားအမြင်ဆရာများ၊ နက္ခတ်ဗေဒပညာရှင်များထံသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကာ ကံကြမ္မာတွက်ချက်ခြင်းနှင့် ဗေဒင်ဟောစာတမ်းများကို တောင်းခံပြီး နည်းလမ်းပေါင်းစုံဖြင့် အတည်ပြုခဲ့ကြသည်။

နောက်ဆုံးတွင် ရရှိလာသည့် ကောက်ချက်များကြောင့် တရုတ်နိုင်ငံ၏ အဆင့်မြင့်အရာရှိကြီးများမှာ ပိုမို၍ သေချာရေရာ သွားခဲ့ကြသည်။

အထက်လူကြီးများသည် ဆုံးဖြတ်ချက် မပြတ်ဘဲ ဝေခွဲမရဖြစ်ခြင်း မရှိတော့ဘဲ ဗဟိုအစိုးရ၏ အရေးကြီးသော ခေါင်းဆောင်များကို စုစည်းကာ လျှို့ဝှက်အစည်းအဝေးတစ်ခုကို ထပ်မံကျင်းပခဲ့ကြသည်။ ယခုအကြိမ် အစည်းအဝေး၏ အဓိကအကြောင်းအရာမှာ အလွန်ရိုးရှင်းပါသည်။ ၎င်းမှာ ကမ္ဘာပျက်ကပ်အတွက် ကြိုတင်ပြင်ဆင်ရန် ဖြစ်သည်။

အစိုးရသည် ကမ္ဘာပျက်ကပ်ဆိုက်ရောက်တော့မည်ဆိုသည့် နိမိတ်ဖတ်ချက်ကို အပြည့်အစုံ ယုံကြည်သွားခဲ့ပြီ ဖြစ်သည်။ အသေးစိတ် အခြေအနေများကို အတိအကျ မသိရသေးသော်လည်း ထိုအချိန်မတိုင်မီအထိ ပြင်ဆင်မှုများကို အစွမ်းကုန် ပြုလုပ်ရမည် ဖြစ်သည်။

ပထမဆုံး ခြေလှမ်းအနေဖြင့် စိုက်ပျိုးရေးကဏ္ဍကို အင်တိုက်အားတိုက် တိုးမြှင့်လုပ်ဆောင်ပြီး ကမ္ဘာပျက်ကပ် မဆိုက်ရောက်မီ နောက်ဆုံးထွက်ရှိမည့် သီးနှံများကို ရိတ်သိမ်းနိုင်ရန် မျှော်လင့်ထားကြသည်။ ချူးဟွေ့၏ လျှို့ဝှက်စာထဲတွင် 'သဘာဝဘေးအန္တရာယ်' ဟူသည့် စကားလုံး အထင်အရှား ပါရှိနေသဖြင့် အကယ်၍ သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက သီးနှံစိုက်ပျိုးထုတ်လုပ်မှုမှာ ဧကန်မုချ အခက်အခဲ ရှိလာပေလိမ့်မည်။

တစ်ချိန်တည်းမှာပင် ဆိပ်ကမ်းကြီးငယ်များအားလုံးမှတစ်ဆင့် ကောက်ပဲသီးနှံနှင့် လူသုံးကုန်ပစ္စည်းများ ပြည်ပသို့ တင်ပို့ခြင်းနှင့် ဝယ်ယူခြင်းများကို ကန့်သတ်ထားလိုက်ပြီး ပြည်တွင်းရှိ ရိက္ခာများကို တတ်နိုင်သမျှ မသိမသာ ထိန်းသိမ်း သိုလှောင်ခဲ့ကြသည်။ ထိုသို့ မလုပ်ဆောင်ပါက ကမ္ဘာပျက်ကပ် ဆိုက်ရောက်လာသောအခါ ပြည်ပသို့ တင်ပို့ထားသည့် ထိုရိက္ခာများသည် သူတစ်ပါးအတွက် အလကားသက်သက် ပေးလိုက်ရသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

ခရီးသွားလုပ်ငန်း အဓိကဖြစ်သော မြို့ပြများတွင်လည်း လူဦးရေ ထိန်းချုပ်မှုများကို စတင်လုပ်ဆောင်လာခဲ့ပြီး အကြောင်းပြချက်အမျိုးမျိုးဖြင့် နိုင်ငံခြားသား ခရီးသွားများ ဝင်ရောက်မှုကို ကန့်သတ်ကာ လူဦးရေထူထပ်မှု ဖိအားကို လျှော့ချရန် ကြိုးပမ်းခဲ့ကြသည်။ ၎င်းမှာ အထက်လူကြီးများ၏ အတ္တဆန်မှုကြောင့် မဟုတ်ဘဲ လူသားတို့၏ မွေးရာပါ သဘာဝသာ ဖြစ်သည်။

ဘေးအန္တရာယ်များနှင့် ရင်ဆိုင်ရသောအခါ ပထမဆုံး ထည့်သွင်းစဉ်းစားရမည်မှာ မိမိ၏ ရင်သွေး ပြည်သူများသာ ဖြစ်သည်။မိမိနှင့် လှေကြုံစီးနေသည့် ပြည်သူများကိုသာ အဓိက ကာကွယ်ရမည်ဖြစ်ရာ အခြားသူများကို မည်သို့ ငဲ့ညှာနေနိုင်ပါမည်နည်း။

သို့သော်လည်း အဆင့်မြင့်အရာရှိကြီးများသည် ကမ္ဘာပျက်ကပ် သတင်းကို ပြည်သူများအား အတိအကျ မပြောကြားခဲ့သော်လည်း အခြားသော သွယ်ဝိုက်သော နည်းလမ်းများနှင့် အကြောင်းပြချက်များကို အသုံးပြုကာ မဟာမိတ်များအား ပစ္စည်းကိရိယာများ စုဆောင်းသည့် ဘက်သို့ ဦးတည်လာအောင် လမ်းပြခဲ့ကြသည်။

တရုတ်နိုင်ငံသည် အစဉ်အလာအရ စိုက်ပျိုးရေးနိုင်ငံကြီး ဖြစ်သဖြင့် စိုက်ပျိုးရေးကို အပြင်းအထန် တိုးမြှင့်လုပ်ဆောင်နေခြင်းအပေါ်  ကမ္ဘာသူကမ္ဘာသားများက ထူးဆန်းသည်ဟု မထင်မှတ်ကြပေ။ သို့သော်လည်း တရုတ်နိုင်ငံ၏ 'တစ်နိုင်ငံလုံး လေ့ကျင့်ခန်းလုပ်ရမည်' ဟူသော မူဝါဒအသစ်ကိုမူ လူအများက အနည်းငယ် ရယ်ချင်စရာကောင်းသည်ဟု ထင်မြင်နေကြသည်။

ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ခြင်းသည် အမှန်တကယ် လိုအပ်သောအရာ ဖြစ်ပြီး နိုင်ငံတိုင်းကလည်း ပြည်သူများကို ကျန်းမာကြံ့ခိုင်အောင် နေထိုင်ကြရန် တိုက်တွန်းနှိုးဆော်လေ့ ရှိကြသည်။

သို့သော် အဓိကကွာခြားချက်မှာ အခြားနိုင်ငံများက တိုက်တွန်းရုံသာ ပြုလုပ်ကြပြီး တရုတ်နိုင်ငံကမူ မဖြစ်မနေ လုပ်ဆောင်ရန် သတ်မှတ်လိုက်ခြင်း ဖြစ်သည်။ လေ့ကျင့်ခန်း လုပ်ပြီးနောက် ကျန်းမာရေး လက်မှတ်များကိုပါ စစ်ဆေးခံရမည်ဆိုခြင်းမှာ အတင်းအကျပ် ခိုင်းစေသည့် လုပ်ရပ်ဖြစ်ရာ ခေတ်သစ်လူ့အဖွဲ့အစည်း၏ လူ့အခွင့်အရေးနှင့် အလွန်အမင်း ဆန့်ကျင်နေသကဲ့သို့ ဖြစ်နေခဲ့သည်။

တရုတ်ပြည်သူပြည်သား အမြောက်အမြားကိုယ်တိုင်ကလည်း ဤကိစ္စကို သဘောမတူကြဘဲ လေ့ကျင့်ခန်း မလုပ်လေ့မရှိသူ အများစုမှာ ဤမူဝါဒကို ကြားရုံမျှဖြင့် စိတ်ညစ်ညူးနေကြသည်။ သို့သော် မည်သူမျှ မငြင်းဆန်နိုင်ကြပေ။

ခန္ဓာကိုယ်က မိမိကိုယ်ပိုင် ဖြစ်ပြီး လေ့ကျင့်ခန်း လုပ်ခြင်းကြောင့် နိုင်ငံတော်က အကျိုးအမြတ် ရသွားမည် မဟုတ်ပေ။ နိုင်ငံတော်က မိမိတို့အတွက် အစောတလျင် ပူပန်ပေးနေခြင်းကို မည်သို့ ပြစ်တင်ပြောဆိုနိုင်ပါမည်နည်း။

ထို့အတွက်ကြောင့် နိုင်ငံတော်သည် ရုံးတက်ရုံးဆင်း အချိန်များကိုပါ အထူးတလည် ပြန်လည်သတ်မှတ်ပေးခဲ့ရာ ပင်ပန်းနွမ်းနယ်နေကြသော လစာရိက္ခာစား အလုပ်သမားများအတွက် အချိန်ပိုဆင်းရသည့် နာရီများကို လျော့ကျသွားစေလေသည်။ နိုင်ငံတော်က ဤမျှအထိ ကောင်းမွန်နေသဖြင့် သူတို့ ဘာများ ညည်းတွားစရာ ရှိဦးမည်နည်း။

ထို့ကြောင့် ငယ်စဉ်ကတည်းက လေ့ကျင့်ခန်း မလုပ်ခဲ့ကြသူများ၏ ညည်းတွားသံများကြားမှပင် တရုတ်နိုင်ငံ၌ တစ်နိုင်ငံလုံး လေ့ကျင့်ခန်းလုပ်သည့် ပြုပြင်ပြောင်းလဲရေး လှိုင်းလုံးကြီး စတင်ပေါ်ပေါက်လာခဲ့တော့သည်။

ချူးဟွေ့ နေထိုင်ရာ ရပ်ကွက်သို့လည်း စစ်သားများ ရောက်ရှိလာခဲ့သည်။ ၎င်းတို့သည် ရပ်ကွက်တာဝန်ရှိသူများ၏ ကူညီမှုဖြင့် ပြည်သူအားလုံးကို နေ့စဉ် ညနေ ၇ နာရီတိတိတွင် လေ့ကျင့်ခန်းလုပ်ရန် စုဝေးစေခဲ့သည်။

၎င်းကို လေ့ကျင့်ခန်းလုပ်ခြင်းဟု ဆိုသော်လည်း ထိုထက်မကကြောင်း ချူးဟွေ့ သတိပြုမိခဲ့သည်။

စစ်သားများသည် လူတိုင်းကို အခြေခံအကျဆုံး ကိုယ်ခံပညာနှင့် မိမိကိုယ်ကို ခုခံကာကွယ်သည့် နည်းစနစ်များကိုပါ တပ်ဆင်ပေးနေခြင်း ဖြစ်သည်။ ၎င်းကို အပေါ်ယံမျှသာ မဟုတ်ဘဲ အလွန်တင်းကျပ်ပြီး စနစ်တကျ သင်ကြားပေးနေခဲ့သည်။ ဤနည်းစနစ်များသည် အနာဂတ်တွင် ကျန်းမာရေးလက်မှတ်များ စစ်ဆေးရာ၌ စံနှုန်းများ ဖြစ်လာလိမ့်မည်ဟု ဆိုကြသည်။

ငွေကြေးအကြောင်း ပြောလာသောအခါ သာမန်အရပ်သားများမှာ စိတ်အားထက်သန်လာကြသည်။ ကျန်းမာရေး ပြန်လည်စစ်ဆေးခမှာ တစ်ကြိမ်လျှင် ယွမ် ၅၀၀ ကျသင့်မည်ဖြစ်ရာ အကယ်၍ အကြိမ်ကြိမ် စစ်ဆေးခံရပါက တစ်လစာ လစာငွေမှာ ကုန်ဆုံးသွားပေလိမ့်မည်။

လေ့ကျင့်ခန်းလုပ်ရုံတင် မဟုတ်လား၊ လုပ်မှာပေါ့၊ အခုပဲ လုပ်တော့မှာ။ သူတို့သည် ထိုကဲ့သို့သော နေရာမျိုးတွင် ပိုက်ဆံတစ်ပြားမျှ အလဟဿ အဖြစ်မခံနိုင်ကြပေ။

ဤမူဝါဒကို အကောင်အထည်ဖော်ပြီးနောက် တရုတ်ပြည်သူများသည် တစ်ညတွင်းချင်း နိုးကြားလာခဲ့ကြပြီး လေ့ကျင့်ခန်းလုပ်ရန် စိတ်အားထက်သန်မှုများ လျှံပယ်လာခဲ့သည်။ ထိုအရာအားလုံးမှာ လူမှုဘဝ၏ ဖိအားများကြောင့် ဖြစ်သည်။ အလုပ်ခွင်မှာ ရက်မှန်ကြေး ယွမ် တစ်ရာ၊ နှစ်ရာရဖို့အတွက် ဘယ်လောက်တောင် ကြိုးစားနေကြရသလဲ။ ထို့ပြင် အကယ်၍ စာမေးပွဲမအောင်ပါကလည်း ဆက်တိုက် စစ်ဆေးခံနေရဦးမည် မဟုတ်ပါလား။

တရုတ်နိုင်ငံ၌ လေ့ကျင့်ခန်းလုပ်သည့် လှုပ်ရှားမှုကြီး အရှိန်အဟုန်ဖြင့် အားကောင်းလာပြီး မကြာမီမှာပင် လူသားတို့ သမိုင်းတစ်လျှောက် အကြီးမားဆုံးသော ကပ်ရောဂါဆိုးကြီးသည် နောက်ဆုံးတွင် ပေါက်ကွဲထွက်ပေါ်လာခဲ့တော့သည်။

၎င်းသည် K နိုင်ငံ မှ စတင်ခဲ့ခြင်း ဖြစ်သည်။

အလွန်တိုတောင်းသော အချိန်ကာလအတွင်း K နိုင်ငံရှိ လူဦးရေအမြောက်အမြားတွင် နှာစေးချောင်းဆိုးသည့် လက္ခဏာများ ပေါ်ပေါက်လာခဲ့သည်။ အစပိုင်းတွင် သာမန် အအေးမိခြင်းမျှသာ ဖြစ်သဖြင့် မည်သူ၏ အာရုံစိုက်မှုကိုမျှ မရရှိခဲ့ပေ။ သို့သော် တစ်ပတ်ခန့် ကြာသောအခါ အအေးမိခြင်းမှာ သက်သာမလာသည့်အပြင် ချောင်းဆိုးခြင်းနှင့် ဖျားနာခြင်းများ ဖြစ်ပွားလာပြီး နောက်ဆုံးတွင် လူတိုင်း သွေးအန်သည့်အဆင့်အထိ ရောက်ရှိလာခဲ့သည်။ ၎င်းမှာ သာမန် အအေးမိခြင်း မဟုတ်ဘဲ ရောဂါဆိုးအသစ် တစ်ခု ဖြစ်နေခဲ့သည်။

ဤရောဂါသည် ယခုအချိန်အထိ သေဆုံးမှုကို မဖြစ်ပေါ်စေသေးသော်လည်း ကူးစက်ခံရသူများသည် ပုံမှန်အတိုင်း မလှုပ်ရှားနိုင်ကြတော့ပေ။ ကူးစက်ခံရသူများသည် အားအင်များ အလျင်အမြန် ဆုတ်ယုတ်လာပြီး သွေးများ အဆက်မပြတ် အန်တတ်ကာ ဤအတိုင်း ဆက်သွားပါက သေဆုံးခြင်းသို့သာ ဦးတည်ပေလိမ့်မည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment