Chapter ( 11 )
ယွီခဲ့လည်း အလွန်ပင် စိတ်လှုပ်ရှားနေခဲ့သည်။ သူ နေထိုင်ခဲ့သည့် ရှေးဟောင်းခေတ်တွင် ဤမျှ သစ်သီးအမျိုးအမည် မစုံလင်ခဲ့ပေ။ ပုံထားသော သစ်သီးပုံကြီးများကို မြင်ရသောအခါ သူသည် မျက်စိလည်သွားပြီး လျှာလေးသပ်ကာ စားချင်စိတ်များ တဖွားဖွား ဖြစ်ပေါ်နေတော့သည်။
သူ၏ လက်ချောင်းလေးများကို ကိုက်ပြီး နှုတ်ခမ်းလေးသပ်နေသည့် ပုံစံမှာ ကလေးတစ်ယောက်နှင့်ပင် တူလှသဖြင့် ချူးဟွေ့ ရယ်ချင်မိသွားရသည်။
မသေဆုံးမီက နေထိုင်ခဲ့ရသော ပတ်ဝန်းကျင်ကြောင့်လား မသိသော်လည်း ယွီခဲ့သည် အချို့ကိစ္စများတွင် လူကြီးဆန်ပြီး နားလည်တတ်သော်လည်း အချို့ကိစ္စများတွင်မူ အလွန်ပင် အပြစ်ကင်းစင်လှသည်။ သူသည် သူ၏ ခံစားချက်များကို မဖုံးကွယ်တတ်ဘဲ မျက်နှာပေါ်တွင် အားလုံး ပေါ်လွင်နေတတ်သည်။
သို့သော် ချူးဟွေ့သည် ထိုလူငယ်လေးကို အစားအသောက် အလွန်အကျွံ စားခွင့်မပေးဘဲ ပေါ့ပေါ့ပါးပါးနှင့် အရိုးရှင်းဆုံး အစားအစာများကိုသာ ကျွေးမွေးခဲ့သည်။
ယင်းမှာ သူက စေးနှဲခြင်း သို့မဟုတ် နောက်လိုက်လေးအပေါ် မကောင်းခြင်းကြောင့် မဟုတ်ပေ။ ယွီခဲ့သည် တစ်နှစ်ပတ်လုံး ကျေးလက်တွင် ပင်ပင်ပန်းပန်း နေထိုင်ခဲ့ရပြီး အဒေါ်ဖြစ်သူ၏ ညှဉ်းပန်းနှိပ်စက်မှုကို ခံခဲ့ရသဖြင့် သူ၏ ခန္ဓာကိုယ်မှာ အားနည်းနေသေး၏။ ရုတ်တရက် အစားကောင်းသောက်ဖွယ်များ အလွန်အကျွံ စားလိုက်ပါက ဖျားနာသွားမည်မှာ အသေအချာပင်။
ချူးဟွေ့သည် သူကိုယ်တိုင်ပင် အံ့သြရလောက်အောင် ထိုလူငယ်လေးအပေါ် အဘယ်ကြောင့် ဤမျှ စဉ်းစားပေးနေမိမှန်း မသိပေ။ တိတိကျကျ ပြောရလျှင် သူတို့ သိကျွမ်းခဲ့သည်မှာ တစ်လပင် မပြည့်သေးသော်လည်း၊ သူ၏ အကြည့်များမှာ ထိုလူငယ်လေးထံမှ ခွာ၍မရဘဲ ဖြစ်နေရသည်။
ယွီခဲ့ ရယ်မောသည်ကို မြင်လျှင် သူပါ စိတ်ကြည်လင်ရပြီး ယွီခဲ့ ငိုသည်ကို မြင်လျှင်လည်း ရင်ထဲ၌ မသက်မသာ ခံစားရသည်။ ယင်းမှာ သူ၏ အေးစက်စက် အရင်ကိုယ်ရည်ကိုယ်သွေးနှင့် လုံးဝကွာခြားလှသည်။
ထိုလူငယ်လေးသည် ရိုးသားပုံပေါက်သော်လည်း ပါးနပ်သူဖြစ်သည်။ ချူးဟွေ့၏ အားနည်းချက်ကို သိသည့်အလား အမြဲတမ်း သနားစဖွယ် အမူအရာလေးများ လုပ်ပြကာ သူ့ကို အရှုံးပေးစေသည်။ သူ အောင်မြင်သွားသည့်အခါတိုင်း တခစ်ခစ်နှင့် ခိုးရယ်တတ်သေး၏။
ချူးဟွေ့ကို အသက်မဲ့ဆုံး ဖြစ်စေသည့် ကိစ္စမှာ ထိုလူငယ်လေးသည် ညဘက်တွင် သူ့အနား၌ လာအိပ်တတ်ခြင်းပင်။
ဟိုတယ်တွင် အခန်းတွဲငှားထားပြီး မအိပ်မီ အမြဲတမ်း သတိပေးသော်လည်း ထိုကောင်လေးမှာ သန်းခေါင်ယံအချိန်တွင် သူ၏ အိပ်ရာထဲသို့ အမြဲ ခိုးဝင်လာတတ်သည်။
အိပ်ရုံသက်သက်ပါပဲ၊ နှစ်ယောက်လုံးက ယောင်္ကျားလေးတွေပဲဟာ... စိုးရိမ်စရာ မရှိပါဘူးဟု သူကိုယ်သူ အမြဲ ဖျောင်းဖျနေရသည်။
သူသည် ယောင်္ကျားလေးများကို စိတ်မဝင်စားသလို မည်သူ့ကိုမျှလည်း စိတ်မဝင်စားခဲ့ဖူးပေ။ သူငယ်ချင်းဟောင်းများကပင် သူ့တွင် တစ်စုံတစ်ရာ ချို့ယွင်းချက် ရှိနေသလားဟု သံသယဝင်ခဲ့ကြဖူးသည်။
သို့သော် ယခုမူ သူ၏ ချို့ယွင်းချက်မှာ ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း သက်သေပြလိုက်ရသည်။
ထိုကောင်လေးသည် အိပ်ရာထဲဝင်လာပြီး သူ့ကို ရေဘဝဲကဲ့သို့ တွယ်ကပ်လိုက်သည်နှင့် သူ၏ သွေးများမှာ ဆူပွက်လာတော့သည်။ နှစ်ပေါင်းများစွာ လှုပ်ရှားမှုမရှိခဲ့သော သူ၏ "ညီငယ်လေး" မှာလည်း သိသိသာသာ နိုးကြားလာသဖြင့် သူ အလွန်ပင် ရှက်ရွံ့ရသည်။
ထိုလူငယ်လေးကမူ အနည်းငယ်မျှ ရှက်ရွံ့ခြင်း မရှိသည့်အပြင် ရှောင်ပြေးခြင်းလည်း မရှိပေ။ ထို့အပြင် သူ့ကို အစပြု၍ ပွတ်သီးပွတ်သပ် လုပ်နေသေးကာ သူ၏ ခြေထောက်များဖြင့် သူ့ကို ပတ်ထားပြီး နှုတ်ခမ်းလေးကို ကိုက်ကာ ဇနီးသည်ငယ်လေးတစ်ဦးကဲ့သို့ ရှက်ပြုံးလေးဖြင့် ကြည့်ရင်း "ချူးဟွေ့ကျွင်း..." ဟု ခေါ်တတ်သေးသည်။
ထို ချိုသာအိစက်လှသော အသံလေးမှာ တစ်ဖက်လူကို နလုံးသား အရည်ပျော်သွားစေရန် လုံလောက်လှပေသည်။ အမှန်အတိုင်း ပြောရလျှင် တစ်စုံတစ်ယောက်က သူ့ကို ဤကဲ့သို့ ဖြားယောင်းလာလျှင် ချူးဟွေ့၏ ပထမဆုံး တုံ့ပြန်မှုမှာ ထိုလူကို ကန်ထုတ်ရန်ပင် ဖြစ်သည်။
သို့သော် ဤလူငယ်လေးရှေ့တွင်မူ သူ ဘာမှမတတ်နိုင်ပေ။ သူ လုပ်နိုင်သည်မှာ စောင်ကို မြဲမြဲခြုံကာ အခန်းတံခါးကို ပိတ်ပြီး ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် သွားအိပ်ရန်သာ ရှိတော့သည်။ သူ၏ ပြောင်းလဲမှုများအတွက် အံ့သြရသလို သားရဲတစ်ကောင်ကဲ့သို့ မပြုမူမိအောင်လည်း အပြင်းအထန် ထိန်းချုပ်နေရသည်။
ထိုလူငယ်လေးသည် သူ့နောက်သို့ တကောက်ကောက် လိုက်နေသော်လည်း ၎င်းမှာ သူ့ကို ဇီဖန်ကျွင်းဟု ခေါ်နေခြင်းကြောင့်သာ ဖြစ်ပြီး ထိုလူငယ်လေး၏ ရှက်စနိုး ခံစားချက်များသည် ချူးဟွေ့နှင့် မသက်ဆိုင်နိုင်ဟု သူ တွေးမိသည်။
အခုဆိုလျှင် ကမ္ဘာပျက်ကပ်ကြီးက နီးကပ်လာပြီ ဖြစ်ရာ သူတို့အဖို့ တစ်ယောက်ကိုတစ်ယောက် ပတ်သက်နေရန် အချိန်များစွာ မရှိတော့ပေ။ အသက်ရှင်သန်နိုင်ရန်မှာ သူ၏ ပန်းတိုင်ဖြစ်ပြီး ကျန်သည့်ကိစ္စများကိုမူ နောင်မှသာ စဉ်းစားမည်။
ယွီခဲ့၏ နိုင်ငံကူးလက်မှတ်နှင့် ဗီဇာ ရရှိသောအခါ ချူးဟွေ့သည် သူ့ကို ခေါ်ဆောင်ကာ ရွှေတြိဂံဒေသသို့ ချက်ချင်း ပျံသန်းခဲ့သည်။ ကမ္ဘာပျက်ကပ်အတွင်း အစားအစာနှင့် ရေအပြင် လက်နက်သည်လည်း အရေးကြီးဆုံး ဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းမရှိဘဲ မည်မျှပင် အစားအစာများ ပြင်ဆင်ထားပါစေ အကျိုးမရှိပေ။
သူ့တွင် နေရာလွတ်ရှိသဖြင့် တိတ်တဆိတ် စားသောက်နိုင်သော်လည်း ကမ္ဘာပျက်ပြီး နှစ်အနည်းငယ်ကြာလျှင် လူတိုင်းမှာ ဖြူဖျော့ပြီး ပိန်လှီသွားကြမည် ဖြစ်သည်။
ထိုအချိန်တွင်မှ သူက ကျန်းမာသန်စွမ်းနေပါက သူ့တွင် လျှို့ဝှက်ချက်ရှိနေသည်ဟု တစ်ကမ္ဘာလုံးကို ကြေညာနေသကဲ့သို့ ဖြစ်ပေလိမ့်မည်။
သူ၏ စွမ်းရည်မှာ အမြန်နှုန်းဖြစ်ပြီး တိုက်ခိုက်နိုင်စွမ်း လုံးဝမရှိရာ လက်နက်များ ပြင်ဆင်ထားရန်မှာ အလွန်ပင် လိုအပ်လှသည်။
ယွီခဲ့ကမူ သူ့ကို ရှေးဟောင်းသိုင်းပညာများ သင်ကြားပေးနိုင်ကြောင်း ပြောခဲ့သည်။ နောင်တွင် စွမ်းအင် များ ပြန်လည်ရရှိလာချိန်တွင် ရှေးဟောင်းသိုင်းပညာသည် လက်နက်များထက် ပိုမိုစွမ်းအားကြီးမည် ဖြစ်သည်။
ချူးဟွေ့ကလည်း ယင်းကို သဘောတူလေသည်။ ကမ္ဘာပျက်ကပ်နှောင်းပိုင်းတွင် ရှေးဟောင်းသိုင်းနှင့် ကျိကုန်း တတ်ကျွမ်းသူများသည် ဇွန်ဘီအုပ်စုများကြားတွင် တစ်ကိုယ်တည်း ဖြတ်သန်းနိုင်လောက်အောင် အစွမ်းထက်ကြသည်မှာ အမှန်ပင်။
သို့သော် ပို၍ သေချာစေရန်အတွက် လက်နက်အချို့ ပြင်ဆင်ထားခြင်းက ပို၍ စိတ်ချရပေမည်။
လက်နက်နှင့် ပတ်သက်၍ ချူးဟွေ့၏ စိတ်ထဲတွင် အစီအစဉ်တစ်ခု ရှိပြီးသား ဖြစ်သည်။ သူ၏ အရင်ဘဝက ထောင်ထဲတွင် ပြစ်မှုကြီးကျူးလွန်သူများ စုဝေးရာ အခန်း၌ ယွမ်ဟိုလင်း အမည်ရှိ စစ်သားတစ်ဦးနှင့် ဆုံခဲ့ဖူးသည်။ သူသည် စစ်တပ်မှ ထွက်လာပြီးနောက် ပုဂ္ဂလိက ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်ခဲ့သူဖြစ်သည်။
ယွမ်ဟိုလင်းသည် စရိုက်ကောင်းမွန်ပြီး ရိုးသားသူဖြစ်ကာ ချူးဟွေ့၏ အသက်ကို အကြိမ်ကြိမ် ကယ်တင်ပေးခဲ့ဖူး၏။
နောင်တွင်မှ ထိုလူသည် လျှို့ဝှက်အေးဂျင့် တစ်ဦးဖြစ်ကြောင်း သူ သိခဲ့ရသည်။ သူ၏ အထောက်အထား ပေါက်ကြားသွားပြီး မစ်ရှင်မှာ ကျရှုံးသွားခဲ့ရကာ သူ သစ္စာဖောက်သွားပြီဟု အထင်ခံရသဖြင့် ရန်သူ့လက်ထဲတွင် အသေခံရန် ပစ်ပယ်ခြင်း ခံခဲ့ရသူ ဖြစ်သည်။
ကမ္ဘာပျက်ကပ် စတင်သောအခါ သူတို့နှစ်ဦးမှာ ထောင်မှ အသက်ရှင်လျက် လွတ်မြောက်ခဲ့ကြသည်။ သို့သော် ယွမ်ဟိုလင်းသည် သူနှင့်အတူ ဘေးကင်းရာဇုန်သို့ မလိုက်ခဲ့ဘဲ မြောက်ဘက်ရှိ ဇွန်ဘီများ အထူထပ်ဆုံး မြို့တော် B သို့ သူ့ချစ်သူကို ရှာရန် တစ်ယောက်တည်း သွားခဲ့သည်။
ထို့နောက်ပိုင်းတွင် ထိုလူ သေသည်၊ ရှင်သည်ကို သူ မသိတော့သော်လည်း ယွမ်ဟိုလင်းသည် ကတိတည်သော ယောင်္ကျားတစ်ဦး ဖြစ်သည်မှာ ငြင်းမရပေ။
အခု လက်နက်ဝယ်ရန်အတွက် ယွမ်ဟိုလင်းကို ရှာဖွေခြင်းက အကောင်းဆုံးပင်။ ထို့အပြင် သူ၏ အရင်ဘဝက အသက်သေဖော်သေဖက် သူငယ်ချင်းကို ကယ်တင်ချင်သလို၊ ယွမ်ဟိုလင်း၏ ချစ်သူဖြစ်သူ ပါရမီရှင် ဟက်ကာကိုလည်း အကူအညီတောင်းစရာ ရှိသေးပေသည်။
ရွှေတြိဂံဒေသသည် အလွန်ပင် ရှုပ်ထွေးလှသော နေရာတစ်ခု ဖြစ်သည်။ လေယာဉ်ပေါ်မှ ဆင်းသည်နှင့် ချူးဟွေ့သည် ပေါ့ပေါ့ဆဆ မနေရဲသလို မလိုအပ်သော ပြဿနာများ မတက်စေရန် ယွီခဲ့ကိုလည်း လျှောက်မသွားရန် တားမြစ်ထားသည်။
ယခင်ဘဝက ယွမ်ဟိုလင်း ပြောပြခဲ့ဖူးသော အချက်အလက်များကို ပြန်လည်အမှတ်ရရင်း၊ သူသည် တစ်ဖက်အဖွဲ့အစည်းနှင့် အလွယ်တကူ ဆက်သွယ်နိုင်ခဲ့သည်။
ယွမ်ဟိုလင်းသည် တရုတ်လူမျိုးဖြစ်သော်လည်း သူ၏ ခန္ဓာကိုယ်မှာ အနောက်တိုင်းသား ကြွက်သားပုံစံအတိုင်း တောင့်တင်းလှကာ မျက်နှာတွင် အမာရွတ်များရှိပြီး ကြောက်စရာကောင်းသော မျက်လုံးများ ရှိပေသည်။
ထိုလူသည် လက်ရှိတွင် ချူးဟွေ့ကို မသိသေးသလို၊ လက်နက်မှောင်ခိုသမား တစ်ဦးအနေဖြင့် ရုတ်တရက် ရောက်လာသော သူစိမ်းများကို အလွန်ပင် သတိထားတတ်သည်။ အထူးသဖြင့် သန့်ရှင်းစင်ကြယ်သော လူငယ်လေး ယွီခဲ့နှင့် တွဲဖက်လာသော ချူးဟွေ့၏ ပုံစံမှာ အလွန်ပင် ထူးဆန်းနေခဲ့သည်။
သာမန်လက်နက်ပွဲစားများဆိုလျှင် သူတို့ကို အဖတ်လုပ်မည် မဟုတ်သော်လည်း ယွမ်ဟိုလင်းကမူ ကွဲပြားပေသည်။ ချူးဟွေ့က ချင်းရှောင်ကျဲဆိုသော အမည်ကို ပြောလိုက်သည်နှင့် ယွမ်ဟိုလင်းသည် ချက်ချင်းပင် တွေ့ဆုံရန် သဘောတူခဲ့ပြီး သီးသန့်စကားပြောရန် နေရာပြင်ဆင်ပေးခဲ့သည်။
သူ၏ အလုပ်သဘာဝမှာ အန္တရာယ်များလှသဖြင့် ယွမ်ဟိုလင်းသည် သူ၏ချစ်သူကို အလွန်ပင် လုံခြုံအောင် ကာကွယ်ထားပေသည်။ "ချင်းရှောင်ကျဲ" ဆိုသော အမည်ကို သူ စေလွှတ်ခဲ့သော အစိုးရပင် မသိနိုင်ပေ။ ချူးဟွေ့က ထိုအမည်ကို ပြောနိုင်ခြင်းမှာ ယွမ်ဟိုလင်းအတွက် သူသည် သာမန်လူမဟုတ်ကြောင်း ပြသနေခြင်းပင်။
"မင်း ဘာလိုချင်တာလဲ?"
တွေ့တွေ့ချင်းမှာပင် ယွမ်ဟိုလင်းက တဲ့တိုးမေးလိုက်သည်။ သူ၏ တည်ငြိမ်နေသော အမူအရာအောက်တွင် စိုးရိမ်ပူပန်မှုများ ရှိနေသည်ကို ချူးဟွေ့ မြင်နေရသည်။
အရင်ဘဝက ခင်မင်မှုများအရ ချူးဟွေ့သည် တစ်ဖက်လူ၏ စရိုက်ကို ကောင်းကောင်းသိ၏။ သူ အချိန်ဆွဲမနေတော့ဘဲ အဖိုးတန် ကျောက်စိမ်းအချို့ကို ပြုံးလျက် ထုတ်ပြလိုက်သည်။
"မစိုးရိမ်ပါနဲ့ မစ္စတာယွမ်၊ ကျွန်တော်က ဒီကျောက်စိမ်းတွေကို လက်နက်အချို့နဲ့ လဲချင်တာပါ။ ပြီးတော့ မစ္စတာ ချင်းရှောင်ကျဲကိုလည်း ကိစ္စတစ်ခု ကူညီခိုင်းချင်လို့ပါ"
"ရပါတယ်၊ ရှောင်ကျဲကို ဘာကူညီခိုင်းချင်တာလဲ?"
အရင်က ယွမ်ဟိုလင်းဆိုလျှင် သူ့အပေါ် ဤမျှ သတိကြီးမည် မဟုတ်သော်လည်း ယခုအခါတွင်မူ သူသည် အလွန်ပင် သတိထားနေသည်။ ချစ်ခြင်းမေတ္တာသည် လူသားတို့၏ အကြီးမားဆုံးသော အားနည်းချက် ဖြစ်သည်။
"မစ္စတာ ချင်းရှောင်ကျဲမှာ ကွန်ပျူတာနဲ့ ပတ်သက်ပြီး ထူးချွန်တဲ့ ပါရမီရှိတာကို ကျွန်တော် သိပါတယ်။ ဒါကြောင့် ကျွန်တော်က မစ္စတာချင်းကို တရုတ်အစိုးရဆီကို အမည်မဖော်လိုတဲ့ စာတစ်စောင် ပေးပို့ဖို့ အကူအညီ တောင်းချင်တာပါ"
ယွမ်ဟိုလင်း၏ ချစ်သူက ပါရမီရှင် ဟက်ကာတစ်ဦးဖြစ်ကြောင်းမှာ အရင်ဘဝက ထိုသူပြောပြခဲ့၍ ချူးဟွေ့ သိရှိခဲ့ခြင်း ဖြစ်သည်။
ယင်းမှာ ချဲ့ကားပြောဆိုခြင်း မဟုတ်ပေ။ ကမ္ဘာပျက်ပြီးနောက် မြေပြင်ဆက်သွယ်ရေး လိုင်းများအားလုံး ပြတ်တောက်သွားသည့်တိုင် ယွမ်ဟိုလင်း၏ ချစ်သူသည် အစိုးရက အာကာသထဲသို့ လွှတ်တင်ထားသော ဂြိုဟ်တုကွန်ရက်များကိုပင် ထိုးဖောက်ဝင်ရောက်၍ အခြားနိုင်ငံများနှင့် ဆက်သွယ်မှု ပြုလုပ်နိုင်သူ ဖြစ်သည်။
ချူးဟွေ့သည် ထိုသူ၏ ဟက်ကာစွမ်းရည်ကို အသုံးပြု၍ အစိုးရထံသို့ အမည်မဖော်လိုသော "ကမ္ဘာပျက်ကပ် သတိပေးစာ" ပေးပို့ရန် စီစဉ်ခဲ့သည်။
ချူးဟွေ့သည် လူသားမျိုးနွယ်ကို ကယ်တင်ချင်သော သူတော်စင်စိတ်ဓာတ် ရှိနေ၍တော့ မဟုတ်ပေ။ သို့သော် ရှေးစကားရှိသည် မဟုတ်ပါလား။
"မည်သူမျှ တစ်ကိုယ်တည်း ကျွန်းတစ်ကျွန်းကဲ့သို့ ရပ်တည်၍မရ" ဟူ၍ ဖြစ်သည်။ လူသားအားလုံးသာ သေဆုံးကုန်လျှင် သူ မည်မျှပင် ပြင်ဆင်ထားပါစေ၊ နောက်ဆုံးတွင် သေမင်းကသာ သူ့ကို စောင့်ကြိုနေမည် ဖြစ်သည်။