no

Font
Theme

Chapter ( 18 )

ယွီခဲ့၏အသံကို ကြားလိုက်ရမှသာ ဒင်းကျန်းသည် နောက်ထပ် လူစိမ်းတစ်ယောက် ပါလာသေးသည်ကို သတိပြုမိသွားတော့သည်။

စောစောက သူ၏အာရုံတစ်ခုလုံးက ချူးဟွေ့၌ ရောက်နေသည့်အပြင် ယွီခဲ့ကလည်း ပိန်ပိန်ပါးပါးနှင့် အနောက်မှာ ပုန်းနေခြင်းကြောင့်လည်းကောင်း၊ စင်္ကြံလမ်းက မီးရောင်က မှိန်ဖျော့နေခြင်းကြောင့်လည်းကောင်း သူ အမှန်တကယ်ပင် မမြင်မိခဲ့ခြင်း ဖြစ်သည်။

ဤလူငယ်လေးက ရုပ်ရည်ချောမောလှပသော်လည်း ပြောလိုက်သည့်စကားများကမူ အံ့ဩမှင်သက်ဖွယ်ကောင်းလှသည်။ သူ ငွေကြေးတန်ဖိုး ထိန်းသိမ်းထားနိုင်ရန်အတွက် အိမ်ထဲက ကြမ်းပြင်အောက်မှာ တွင်းတူးပြီး ရွှေအချို့ ဝှက်ထားခဲ့သည်ကို ဤတစ်ဖက်လူက မည်သို့သိသွားရသနည်း။

ဒင်းကျန်းက သူ့ကို သတိကြီးစွာဖြင့် စိုက်ကြည့်ရင်း မေးလိုက်သည်။ "မင်းက ဘယ်သူလဲ"

"ကျွန်တော့်နာမည် ယွီခဲ့ပါ။ ချူးဟွေ့ရဲ့ စေ့စပ်ထားတဲ့ ချစ်သူလည်း ဟုတ်ပါတယ်။ မင်္ဂလာပါ အဘိုးကျန်း...."

ယွီခဲ့က သူ၏သံလိုက်အိမ်မြှောင်ကို အိတ်ထဲသို့ ပြန်ထည့်လိုက်ပြီး အထဲသို့ လျှောက်ဝင်လာခဲ့သည်။ သူက ချူးဟွေ့၏ လက်မောင်းကို တပ်မက်စွာ ဖက်တွယ်ထားရင်း ရင်ညွန့်လေးကို မတ်ကာ လူကြီးလူကောင်းဆန်ဆန်နှင့် ယဉ်ကျေးပျူငှာစွာ မိတ်ဆက်လိုက်ခြင်း ဖြစ်သည်။

"..."

ဒင်းကျန်းတစ်ယောက် ဆွံ့အသွားပြီး မိမိမျက်စိများမှုန်ဝါးနေသလားဆိုကာ လက်ဖြင့် အားရပါးရ ပွတ်သပ်ပြီးနောက် အပေါ်အောက် အထပ်ထပ် အခါခါ ပြန်လည်ကြည့်ရှုနေတော့သည်။

သူက မိမိမျက်စိမှားနေခြင်း ရှိမရှိကို အတည်ပြုရန် ကြိုးစားနေပုံရသည်။ ယခုခေတ် လူငယ်လေးများ၏ ကျား၊ မ ခွဲခြားရခက်လောက်အောင် လှပသည့် ရုပ်ရည်မျိုးကို သူ မြင်ဖူးထားသဖြင့် မိမိ အကြည့်မှားသွားမည်ကို စိုးရိမ်နေခြင်းလည်း ဖြစ်သည်။

ယွီခဲ့က အလွန်အကဲခတ်မြန်သူပီပီ မျက်ဝန်းထဲတွင် ပျော်ရွှင်ရိပ်များ သန်းနေသည့် ချိုသာသော အပြုံးလေးဖြင့်ဦးအောင် ရှင်းပြလိုက်သည်။

"အဘိုးကျန်း... အဘိုးမြင်တာ မှန်ပါတယ်။ ကျွန်တော်က ယောကျ်ားလေးပါ။ ပြီးတော့ ယောကျ်ားလေးချင်းလည်း လက်ထပ်လို့ရတာပဲဥစ္စာ..."

"!"

ဒင်းကျန်းက သူ၏ရင်ဘတ်ကိုလှမ်းဆွဲလိုက်ပြီး မြေပြင်ပေါ်သို့ လဲကျလုမတတ် ဖြစ်သွားတော့သည်။

"ဒင်း... ဒီအကြောင်းကို နောက်မှပဲ ဖြည်းဖြည်းချင်း ပြောကြတာပေါ့။ အခုတော့ အိမ်ထဲ အရင်ဝင်ရအောင်..."

ချူးဟွေ့ကတော့ ထိုစကားကို ငြင်းလည်းမငြင်း၊ ဝန်လည်းမခံခဲ့ချေ။ သူက ဤပြဿနာကို ဆက်ပြီး အချိန်ကုန်မခံချင်တော့သဖြင့် ထိတ်လန့်တကြား ဖြစ်သွားသော အဘိုးကို တည်ငြိမ်စွာဖြင့် အိမ်ထဲသို့ တွဲခေါ်သွားလိုက်တော့သည်။

ခြောက်ဆယ်၊ ခုနစ်ဆယ်ကျော် ကာလများကို ဖြတ်သန်းလာခဲ့သည့် သက်ကြီးရွယ်အိုများအဖို့ ယောကျ်ားလေးချင်း လက်ထပ်ထိမ်းမြားခြင်း ဆိုသည်မှာ တကယ့်ကို ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ကိစ္စတစ်ခုပင် ဖြစ်သည်။ ကပ်စေးနှဲလှသော အဘိုးအို ဒင်းကျန်းသည်လည်း ဤလူတန်းစားထဲက ချွင်းချက်မရှိပါချေ။

သို့သော်လည်း အဘိုးအနေဖြင့် ဤကမ္ဘာသစ်၏ အပြောင်းအလဲများကို ကြိုတင်ထိတွေ့နားလည်ထားခွင့် ရသွားခြင်းက ပို၍ကောင်းပါသည်။ အကြောင်းမှာ ကမ္ဘာပျက်ကပ်ကြီး ဆိုက်ရောက်ပြီးနောက်ပိုင်းတွင် ယောကျ်ားလေးချင်း ပေါင်းဖက်ကြသည့် ကိစ္စတစ်ခုတည်းတင်မကဘဲ အခြားသော ထူးဆန်းဆန်းပြားသည့် ဖြစ်ရပ်ဆိုးများစွာပါ ကြုံတွေ့လာရတော့မည် ဖြစ်သောကြောင့်ပင်။

ထို့ကြောင့် ချူးဟွေ့က ယွီခဲ့နှင့် သူ၏ပတ်သက်မှုကို အကျယ်တဝင့် လိုက်လံရှင်းပြမနေတော့ဘဲ အိမ်ထဲသို့ ဝင်လာပြီးနောက်တွင်တော့ ထိုအကြောင်းအရာကို ရိုးရိုးရှင်းရှင်းပင် လျစ်လျူရှုထားလိုက်သည်။

ထို့နောက်တွင်တော့ ယနေ့သူလာခဲ့ရသည့် အဓိကရည်ရွယ်ချက်ဖြစ်သော အိမ်ပြောင်းရွှေ့ရေး ကိစ္စဘက်သို့ စကားလမ်းကြောင်း လွှဲလိုက်တော့သည်။

သို့သော်လည်း သူတို့ဘက်က အိမ်ပြောင်းဖို့အရေးကို လွယ်လွယ်ကူကူနှင့် ရိုးရိုးရှင်းရှင်း ပြောနေကြသော်ငြား ဒင်းကျန်းအတွက်မူ ထိုအရာက ပေါ့ပေါ့ဆဆ စဉ်းစားရမည့် ကိစ္စတစ်ခု မဟုတ်ချေ။

ဤအိမ်လေးမှာ ဟောင်းနွမ်းပျက်စီးနေပြီ ဖြစ်သော်လည်း ဤနေရာတွင် နေထိုင်လာခဲ့သည်မှာ နှစ်ပေါင်းများစွာ၏ ကြာမြင့်ခဲ့ပြီဖြစ်ရာ အဘိုးအိုအနေဖြင့် သံယောဇဉ်တွယ်ကာ မခွဲခွာချင်ဘဲ ဖြစ်နေသည်။

ထို့အပြင် ဒင်းကျန်းသည် သူ၏ဘဝတစ်ခုလုံးနှင့် လုပ်နိုင်သမျှ အင်အားများကို မိဘမဲ့ဂေဟာအတွက်သာ ပုံအောပေးဆပ်ခဲ့ခြင်း ဖြစ်သည်။ ဤအကြောင်းကြောင့်ပင် သူသည် အိမ်ထောင်မပြုခဲ့သလို၊ သားသမီးလည်း မထွန်းကားခဲ့ချေ။

ယခုအခါ သူက အနားယူပြီဖြစ်ပြီး မိဘမဲ့ဂေဟာလည်း ပိတ်သိမ်းသွားခဲ့ပြီ ဖြစ်သော်လည်း ဤနေရာလေးကသာ သူ ကွယ်လွန်သည်အထိ ဆက်လက်မှီတင်းနေထိုင်လိုသည့် အသိုက်အမြုံ ဖြစ်နေသည်။

"မပြောင်းပါဘူးကွာ... ငါက ဒီမှာ အေးအေးဆေးဆေးနဲ့ နေလို့ကောင်းနေတာကို ဘာလို့ ပြောင်းရမှာလဲ။ ဆိတ်ငြိမ်ပြီး အေးချမ်းတဲ့အပြင် ကုန်ဈေးနှုန်းကလည်း ချိုသာတယ်။ အဆင်ပြေသားပဲ။ အားတဲ့မြေကွက်လပ်မှာ သွားပြီး ဟင်းသီးဟင်းရွက်စိုက်ခင်းလေး လုပ်ထားရင်တောင် ဘယ်သူမှလာဂရုစိုက်မှာ မဟုတ်ဘူး။ ငါက မြို့ပေါ်မှာ ဘာသွားလုပ်ရမှာလဲ... Cမြို့တော်အထိတောင် သွားရဦးမယ်ဆိုတော့ ငါကတော့ မနေတတ်ပါဘူး..."

ဒင်းကျန်းတွင် ခေါင်းမာတတ်သည့် စရိုက်ရှိလေသည်။ သူ့ကို အိမ်ပြောင်းရန် ပြောလိုက်သည်နှင့် တပြိုင်နက် ထိုအတွေးကို ခေါင်းထဲကချက်ချင်းထုတ်ပစ်လိုက်ပြီး ဇွတ်အတင်း ခေါင်းမာတော့သည်။ မည်သို့ပင်ဖြစ်စေ... သူကတော့ လုံးဝ မပြောင်းချင်ချေ။

မိဘမဲ့ဂေဟာမှ သူ့ထံသို့ မကြာခဏ လာရောက်လည်ပတ်လေ့ရှိသည့် ကလေးအချို့ကလည်း သူ့ကို အိမ်ပြောင်းရန် ပြောဖူးကြသည်။ သူ့လက်ဆွဲဖြင့် ကြီးပြင်းလာခဲ့ရသည့် ကလေးအများပြားထဲတွင် မိမိတို့၏ အရင်းအမြစ်ကို မေ့မပျောက်ဘဲ အဘိုးအိုကို ပြန်လည်လုပ်ကျွေးပြုစုချင်ကြသည့် ကလေးအချို့လည်း အမြဲတမ်း ရှိနေတတ်သည်မဟုတ်ပါလား။

သို့သော်လည်း သူကတော့ တကယ်ကို မပြောင်းချင်ခဲ့ပေ။ သူက ဤမျှအထိ အသက်ကြီးနေပြီဖြစ်ရာ အိမ်ပြောင်းရွှေ့ခြင်းက သူ့ကို ဒုက္ခပေးသလိုမျိုး ဖြစ်နေလိမ့်မည်။ မြို့ပြင်က အိမ်ဟောင်းလေးထဲတွင် မိမိစိတ်ကြိုက် အဝတ်အစားများကို ဝတ်ဆင်ကာ သက်သောင့်သက်သာ နေထိုင်ရသည်ကသာ အကောင်းဆုံးဖြစ်ပြီး၊ စိမ်းသက်လှသော မြို့ပြကြီးဆီသို့သွားကာ ဒုက္ခခံချင်စိတ် လုံးဝမရှိချေ။

ချူးဟွေ့သည်လည်း စကားအနည်းငယ် ပြောရုံမျှနှင့် အဘိုးကို အဝေးသို့ ပြောင်းရွှေ့သွားအောင် ဖျောင်းဖျနိုင်မည်မဟုတ်သည်ကို ကောင်းကောင်းသိရှိထားသဖြင့် စိတ်ရှည်လက်ရှည်ဖြင့်သာ ဆက်လက်၍ နားချနေတော့သည်။

"ဒင်း... ခင်များလည်း အသက်ကြီးလာပြီ၊ တစ်ယောက်တည်း နေရတာက နည်းနည်း အဆင်မပြေဘူး။ ပြီးတော့ မကြာခင်က သတင်းတွေထဲမှာ ဗိုင်းရပ်စ်ကတကျော့ပြန် ကူးစက်ပြန့်ပွားနေပြီလို့ ပြောနေကြတယ်။ အရင်တုန်းက ဆားစ်ဗိုင်းရပ်စ်ထက်တောင် ပိုဆိုးတယ်တဲ့။ ခင်များ တစ်ယောက်တည်း နေနေတာကို ကျွန်တော်စိတ်မချဘူး။ အကယ်၍ ခင်များ ဒီအခန်းထဲမှာပဲ သေသွားရင်တောင် ဘယ်သူမှ သိမှာမဟုတ်ဘူး..."

"ဒီကောင်စုတ်လေး... လူယုတ်မာလေး၊ ဒီအဘိုးကြီးက အသက်ရာကျော်အထိ ရှည်ရှည်နေချင်သေးတာကွ!"

ဒင်းကျန်းတစ်ယောက် အကြီးအကျယ် ဒေါသပေါက်ကွဲသွားတော့သည်။ သက်ကြီးရွယ်အို အများစုမှာ ယခုကဲ့သို့ အမှန်တရားကို ကြားရသည်ကို အလွန် မုန်းတီးကြသည်မဟုတ်ပါလား။

"ပြီးခဲ့တဲ့အပတ်ကပဲ ဆရာဝန်က ခင်များအသက် ခုနစ်ဆယ်အထိပဲ နေရမယ်လို့ ပြောသွားတာပဲ"

ချူးဟွေ့ကတော့ ထိုအရာကို လျစ်လျူရှုထားလိုက်ပြီး အမှန်တရားအတိုင်း ရက်ရက်စက်စက် ဆက်ပြောနေခဲ့သည်။

ယွီခဲ့ကမူ ခေါင်းလေးစောင်းကာ လက်ချောင်းလေးများကို ချိုးပြီး တွက်ချက်ရင်း ဒဏ်ရာပေါ် ဆားပက်သည့် စကားမျိုးကို ဆက်ပြောလာပြန်သည်။ "အဘိုးကျန်... အဘိုးက ဒီနှစ်မှာ အသက် ၆၉ နှစ် ရောက်နေပြီ ထင်တယ်..."

ဒီကောင်စုတ် နှစ်ယောက်စလုံးကတော့ တကယ့်ကို လူမိုက်လေးတွေပဲ!

ဒင်းကျန်းက သူ၏ရင်ဘတ်ကို ထပ်မံဖက်တွယ်လိုက်ရင်း အသက်ကို အတင်းလုရှူနေရတော့သည်။

ချူးဟွေ့ကတော့ သူ့ကို စိုးရိမ်ပူပန်ခြင်းမရှိဘဲ အဘိုးအတွက် ရေတစ်ခွက်ငှဲ့ပေးလိုက်ပြီး မျက်ခုံးပင့်ကာ ခပ်အေးအေးပင် မေးလိုက်သည်။

"ဒင်း... တကယ်ပဲ မပြောင်းဘူးပေါ့?"

"မပြောင်းဘူးကွာ! ငါက ဒီအိမ်မှာပဲ မွေးလာတာ၊ သေရင်တောင် ဒီအိမ်က သရဲပဲ ဖြစ်ရမယ်!"

ဒင်းကျန်းကတော့ ဤအိမ်လေးထဲမှာပဲ အသေခံမည်ဟု ပြတ်ပြတ်သားသား ဆုံးဖြတ်ထားပုံရသည်။

ချူးဟွေ့က အဘိုးအိုကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ဘာမှပြန်မပြောတော့ချေ။ သူက လှည့်ထွက်သွားပြီး အခန်းထောင့်တစ်နေရာသို့ လျှောက်သွားကာ သိုလှောင်ခန်းထဲမှ လျှပ်စစ်တူးစက်နှင့် ဂေါ်ပြားတို့ကို ထုတ်ယူပြီး ပြန်လာခဲ့သည်။

"ချူးဟွေ့... မင်း ဘာလုပ်မလို့လဲ"

ဒင်းကျန်း၏ မျက်ခွံများမှာ တဆက်ဆက် တုန်ရင်သွားရပြီး စိတ်ထဲတွင်လည်း မကောင်းသော နိမိတ်တစ်ခုကို ခံစားလိုက်ရသည်။

ချူးဟွေ့က ဘာမှပြန်မဖြေဘဲ ယွီခဲ့ကို အချက်ပြလိုက်ပြီးနောက် လျှပ်စစ်တူးစက်နှင့် ဂေါ်ပြားကိုကိုင်ကာ အိမ်၏ အရှေ့ဘက်ထောင့်ဆီသို့ လျှောက်သွားတော့သည်။ ထို့နောက်တွင်တော့ သူက ချက်ချင်းပင် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ ကြမ်းခင်းပျဉ်ပြားများကို ဆွဲခွာကာ မြေအောက်က ပစ္စည်းများကို ခပ်သွက်သွက်ပင် စတင်တူးဆွပါတော့သည်။

ယွီခဲ့အနေဖြင့် စည်းစိမ်ဥစ္စာ တည်နေရာကို တွက်ချက်ရန်အတွက် သံလိုက်အိမ်မြှောင်ကို ကိုင်ထားစရာပင် မလိုပါချေ။ အဘိုးအိုသည် ကြမ်းပြင်အောက်တွင် ရွှေများဝှက်ထားသည်ကို သူလည်း သိရှိထားပြီးသား ဖြစ်သည်။

လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က အဘိုးသည် စတော့ရှယ်ယာများအကြောင်းကို အများအပြား လေ့လာသင်ယူခဲ့ပြီး ဈေးကွက်ထဲတွင် ငွေအမြောက်အမြား ရှာဖွေနိုင်ခဲ့သည်။ သို့သော်လည်း မကြာမီမှာပင် ကမ္ဘာ့ဘဏ္ဍာရေးလောကကြီးတစ်ခုလုံး ကမောက်ကမ ဖြစ်သွားခဲ့ရပြီး ငွေကြေးတန်ဖိုး ကျဆင်းလာမှုကြောင့် အဘိုးအို၏ ဘဏ်အကောင့်ထဲရှိ အရင်းအနှီးများမှာ ဆိုးရွားစွာ ကျုံ့ဝင်သွားခဲ့ရသည်။

ထိုအချိန်မှစ၍ အဘိုးသည် မည်သည့်ဘဏ်ကိုမျှ မယုံရဲတော့ဘဲ သူ၏စုဆောင်းငွေ အများစုကို တန်ဖိုးထိန်းသိမ်းနိုင်ရန်အတွက် ရွှေအဖြစ် ပြောင်းလဲလိုက်တော့သည်။ ထို့နောက်တွင်တော့ ရှေးလူကြီးများ၏ရိုးအီလှသော နည်းလမ်းဟောင်းအတိုင်း မြေကြီးထဲတွင်တူးပြီး မြှုပ်နှံထားခဲ့ခြင်း ဖြစ်သည်။

ဤနည်းလမ်းက မွဲတေတေနိုင်လှသော်လည်း အလွန်အသုံးဝင်လှပေသည်။ ခိုးသူခိုးဝှက်များ အိမ်ထဲသို့ ဝင်လာလျှင်ပင် ရှာတွေ့နိုင်ရန် မလွယ်ကူချေ။

တစ်ခါက အဘိုးအရက်မူးပြီး အကျယ်ကြီး အော်ဟစ်ပြောဆိုခဲ့ဖူးခြင်း မရှိခဲ့ပါက ချူးဟွေ့ကိုယ်တိုင်လည်း ဤအကြောင်းကို သိရှိနိုင်မည် မဟုတ်ချေ။

ဤအိမ်တွင် နေထိုင်သူတစ်ဦးအနေဖြင့် သူသည် မသေမချင်းဤနေရာမှ မထွက်ခွာချင်ရခြင်းမှာ... ကြမ်းပြင်အောက်တွင် မိမိပစ္စည်းများ မြှုပ်နှံထားသည်ကို သူတစ်ပါး သိရှိသွားမည်ကို စိုးရိမ်နေခြင်းကြောင့် ဖြစ်ပြီး၊ ချူးဟွေ့ကလည်း အဘိုး၏ စိတ်ထဲတွင် ဘာတွေးနေသည်ကို အတိုင်းသား သိမြင်နေခဲ့သည်။

သူက လျှပ်စစ်တူးစက်ကို စက်နှိုးကာ ဂေါ်ပြားဖြင့် အောက်သို့ ထိုးစိုက်တူးဆွလိုက်ရာ... အဘိုးအို အပင်ပန်းခံ၍ ဝှက်ထားခဲ့သော ‘ရွှေအိုး’ လေးမှာ မြေပြင်ပေါ်သို့ ပေါ်ထွက်လာတော့သည်။

ထိုအခါမှသာ ဒင်းကျန်းသည် အသံကျယ်ကျယ်ဖြင့် အော်ဟစ်ငြင်းဆန်နေခြင်းကို ရပ်တန့်လိုက်ပြီး အရှုံးပေးလိုက်တော့သည်။

ချူးဟွေ့က သူ့ကိုဘာကြောင့် ဤမျှလောက်ထိ ဇွတ်အတင်း အိမ်ပြောင်းခိုင်းနေရသည်ကို သူ နားမလည်နိုင်အောင် ဖြစ်နေရသည်။ သူသည် ဤနေရာတွင် ဆယ်စုနှစ်ပေါင်းများစွာ နေထိုင်လာခဲ့ခြင်းဖြစ်ရာ သူ သေဆုံးသွားသည့် အခါကျမှသာ ဤနေရာကို အမှိုက်သိမ်းသလို ရှင်းလင်းခွင့်ပြုမည် ဖြစ်သည်။

"ကောင်လေး... မင်း ငါ့ဆီကတစ်ခုခု လိုချင်လို့လား။ လိုချင်ရင်လည်း တည့်တည့်ပြောပါ၊ ဒီအဘိုးကြီးရဲ့ အသိုက်အမြုံကိုတော့ လာပြီး မဖျက်ဆီးပါနဲ့ကွာ"

ချူးဟွေ့ လက်မောင်းအင်္ကျီကိုလိပ်တင်ကာ သူ၏အဝတ်အစား အသုံးအဆောင်များကို တက်တက်ကြွကြွ လိုက်လံထုပ်ပိုးနေသည်ကို ကြည့်ရင်း ဒင်းကျန်းက တစ်ခုခုတော့ မှားယွင်းနေပြီဆိုသည်ကို နောက်ဆုံးတွင် ရိပ်မိသွားတော့သည်။

သူသည် ချူးဟွေ့ကို မိဘမဲ့ဂေဟာကနေ ခေါ်ယူစောင့်ရှောက်ပြီး မိမိလက်ဖြင့် တိုက်ရိုက် ပြုစုပျိုးထောင်ခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် ချူးဟွေ့ကို အခြားသူများက မွေးစားသွားခဲ့ကြသော်လည်း သူတို့နှစ်ဦးမှာ မကြာခဏ ဆက်သွယ်မှု ရှိခဲ့ကြသည်။ ထို့ကြောင့် ချူးဟွေ့၏အကျင့်က မည်သို့ရှိသည်ကို သူက အခြားသူများထက် ပို၍ ကောင်းကောင်းကြီး သိထားလေသည်။

ငယ်စဉ်ကတည်းက ချူးဟွေ့သည် သာမန်ကလေးများထက် ပို၍ ပြတ်သားကာ အေးစက်လှသူဖြစ်ပြီး အရာရာကို စိတ်ဝင်စားမှုမရှိဘဲ လောကကြီး ပျက်စီးသွားလျှင်ပင် သူနှင့်မဆိုင်သကဲ့သို့ နေတတ်သူ ဖြစ်သည်။ သူက အမြဲတမ်း မည်သည့်ခံစားချက်မျှမရှိသော ‘လူသေမျက်နှာ’ မျိုးကိုသာ လုပ်ထားလေ့ရှိသည်။

သို့သော် ယခုအချိန်တွင်မူ ချူးဟွေ့က Cမြို့တော်သို့ လိုက်ခဲ့ရန်နှင့် သူနှင့်အတူ နေထိုင်ရန်အတွက် ဇွတ်အတင်း တက်တက်ကြွကြွ တောင်းဆိုနေခဲ့သည်။ သူ၏ လုပ်ရပ်များမှာ ပုံမှန်မဟုတ်ဘဲ ထူးဆန်းနေသဖြင့် ဘဝကို နှစ်ပေါင်းများစွာ ဖြတ်သန်းလာခဲ့သည့် ဒင်းကျန်းအနေဖြင့် လူအလည်း မဟုတ်ပါချေ။

"လောကကြီးက မကြာခင်မှာ အေးချမ်းတော့မှာ မဟုတ်ဘူးလို့ လူတွေ ပြောသံကြားတယ်။ ခင်ဗျား အချိန်မီမသေသွားနိုင်မှာကို ကျွန်တော် စိုးရိမ်လို့ပါ အဘိုးကြီးရာ "

ကျောက်ခဲကြီးလို ပြုံးခဲလှသော ချူးဟွေ့က အဘိုးကို ကြည့်ကာ သူ၏ သွားဖြူဖြူကြီးများကို ဖြဲပြရင်း နောက်ပြောင်လိုက်သည်။

"ဒီကောင်စုတ်လေး!"

ဒင်းကျန်းက ဒေါသတကြီးဖြင့် စားပွဲကို အားရပါးရ ရိုက်ချလိုက်တော့ရာ... သူ၏ မျက်နှာတစ်ခုလုံး နီမြန်းသွားပြီး နားထင်မှ သွေးကြောများပင် တဖျတ်ဖျတ် တုန်ယင်လာတော့သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment