Chapter ( 19 )
ချူးဟွေ့သည် ဒင်းကျန်းကို အိမ်ပြောင်းလာစေရန်အတွက် တမင်သက်သက် ဒေါသဆွပေးချင်ခဲ့ခြင်း မဟုတ်ပါချေ။ အမှန်တကယ်တော့ ဒင်းကျန်း၏ ဂျီကျတတ်ပြီး ခေါင်းမာလွန်းလှသည့် စရိုက်ကြောင့် သူ မည်မျှပင်ပြောဆိုပါစေ အရာထင်မည်မဟုတ်သောကြောင့် ယခုကဲ့သို့ နည်းလမ်းကို အသုံးပြုလိုက်ရခြင်း ဖြစ်သည်။
သူ့အနေဖြင့် ကမ္ဘာပျက်ကပ်အကြောင်းကို အတိအကျ ဖွင့်ဟပြောဆို၍မရနိုင်သဖြင့် ဤနည်းလမ်းဖြင့်သာ အဘိုးကို ကူညီရန် စီမံလိုက်ရတော့သည်။
သို့သော်လည်း ဒင်းကျန်းသည် ဒေါသထွက်နေခဲ့သော်ငြား ချူးဟွေ့၏ စရိုက်ကိုမူ ကောင်းကောင်းကြီး သိရှိထားသည်။ ချူးဟွေ့သည် စကားများများပြောတတ်သူ မဟုတ်သလို၊ အဓိပ္ပာယ်မရှိသည့် အပေါစားစကားများကိုလည်း ဘယ်တော့မှ ပြောမည့်သူမဟုတ်ချေ။ အကယ်၍ တစ်ဖက်လူက အရေးကြီးသည့် ကိစ္စတစ်ခုခု ဖြစ်တော့မည်ဟု ပြောလာပါက ဤသတင်းမှာ ရာနှုန်းပြည့် မှန်ကန်နေလိမ့်မည် ဖြစ်သည်။
ထို့ကြောင့် နောက်ဆုံးတွင်တော့ ဒင်းကျန်းသည် သူနှင့်အတူ လိုက်ပါရန်အတွက် အဝတ်အစား အသုံးအဆောင်များကို အလိုက်သင့်ပင် ပူးပေါင်းလုပ်ဆောင်ကာ သိမ်းဆည်းပါတော့သည်။
သို့သော်ငြားလည်း ချူးဟွေ့နှင့် ယွီခဲ့တို့က မိမိကြမ်းပြင်အောက်တွင် ပစ္စည်းများဝှက်ထားသည်ကို မည်သို့လျှင် သိရှိသွားကြသနည်းဆိုသည့်အချက်ကိုတော့ သူ ယခုထက်တိုင် စဉ်းစား၍မရနိုင်ဘဲ ရင်ထဲမှာတနုံ့နုံ့ဖြင့် ဒေါသတကြီး သွားကြိတ်နေမိဆဲ ဖြစ်သည်။
ဤကိစ္စနှင့် ပတ်သက်၍မူ ချူးဟွေ့က တစ်ခွန်းမျှ ပြန်မပြောတော့ဘဲ ယွီခဲ့ကို ခေါ်ကာ အဝတ်အစားများ ကူညီထုပ်ပိုးပေးနေခဲ့သည်။
အမှန်တကယ်တော့ ဒင်းကျန်းတစ်ယောက်တည်းသာ ပစ္စည်းများကို လိုက်လံသိမ်းဆည်းချင်နေခြင်း ဖြစ်သည်။ သူ၏ အိမ်တစ်လုံးလုံးမှာ စုတ်ပြတ်သတ်နေပြီး သူ၏ အသစ်ဆုံးအဝတ်အစားများမှာပင် ခုနစ်နှစ်၊ ရှစ်နှစ်ခန့် သက်တမ်းရှိနေပြီဖြစ်သည်။
သို့သော်လည်း ဒင်းကျန်းက ခေါင်းမာလှသည့်အပြင် ပစ္စည်းများကိုလည်း နှမြောတွန့်တိုတတ်ရာ လုံးဝအလဟဿ အဖြစ်မခံနိုင်ချေ။ ရက်လွန်တော့မည့် အဖျားပျောက်ဆေး နှစ်ထုပ်ကိုပင် သူက လွှင့်မပစ်ရက်ဘဲ သိမ်းဆည်းနေသေးသည်။
"ဘာရက်လွန်တော့မှာလဲ။ ခုနစ်ရက်တောင် ကျန်သေးတာပဲ၊ တစ်ပါတည်း ယူသွားရမယ်။ အခု ဗိုင်းရပ်စ်တွေ ပြန့်ပွားနေတဲ့အချိန်ဆိုတော့ ကွက်တိ သုံးလို့ရတာပေါ့။ မင်းတို့ လူငယ်တွေက အရမ်းဖြုန်းတီးတာပဲ၊ ဘာမှမဖြုန်းတီးဘဲနဲ့ကို မနေနိုင်ကြဘူး။ အဲဒါတွေပါ ငါ့ဆီ ယူခဲ့ပေး။ အလဟဿ အဖြစ်မခံနဲ့..."
ဒင်းကျန်းက မုတ်ဆိတ်မွေးကြီး တလှုပ်လှုပ်ဖြင့် သူတို့ကို အမိန့်ပေးနေတော့ရာ... ကြည့်ရသည်မှာ သူ၏ပစ္စည်းများကို ကာကွယ်ရန်အတွက် နံရံကအုတ်ခဲနှစ်ခဲကိုပင် ဖြုတ်ယူသွားချင်နေသည့် ပုံစံမျိုး ဖြစ်နေသည်။
ချူးဟွေ့မှာမူ ဆက်ပြီး အောင့်အီးမခံနိုင်တော့ပေ။ နောက်ဆုံးတွင်တော့ သူက အဘိုးကို အတင်းအကျပ် ဖက်တွယ်ချုပ်နှောင်လိုက်ပြီး အဘိုးအတွက် တကယ်အရေးကြီးကာ အမှတ်တရဖြစ်စေမည့် ပစ္စည်းများကိုသာ ရွေးချယ်ထုပ်ပိုးလိုက်တော့သည်။ ကျန်ရှိသည့် အရာများကိုမူ ထားပစ်ခဲ့ပြီး အော်ဟစ်ငြိုငြင်နေသော အဘိုးကို ဇွတ်အတင်း ဆွဲခေါ်သွားပါတော့သည်။
ထို့နောက်တွင်တော့ သူက အဘိုး၏ စိတ်သက်သာရာရစေရန်အတွက် ဖျောင်းဖျလိုက်သည်။
"တံခါးကို သော့ခတ်ထားခဲ့တာဆိုတော့ ဘာမှပျောက်ပျက်သွားမှာ မဟုတ်ပါဘူး။ ဒီအခြေအနေတွေ ပြီးဆုံးသွားတဲ့အခါကျရင် ခင်ဗျားကို ကျွန်တော်ကိုယ်တိုင် ပြန်ပို့ပေးပါ့မယ်"
ထိုသို့ ပြောလိုက်မှသာ ဒင်းကျန်းသည် ရုန်းကန်နေခြင်းကို ရပ်တန့်လိုက်ပြီး နောက်ဆုံးတွင်တော့ သဘောတူလိုက်တော့သည်။
သူ၏စိတ်ထဲတွင်လည်း ဤဘေးဒုက္ခများ ပြီးဆုံးသွားပါက ဤနေရာသို့ ပြန်လာနေမည်ဟု တွေးတောနေမိသလို၊ တစ်ဖက်ကလည်း အိမ်ပြင်ပတ်ဝန်းကျင်သို့ ထွက်ကာ ခရီးသွားရန် အချိန်တန်ပြီဟု မှတ်ယူလိုက်ပုံရသည်။ သူ ထွက်ခွာသွားရုံမျှနှင့် ကမ္ဘာကြီး ပျက်စီးသွားမည်မှ မဟုတ်ဘဲလေ။
ချူးဟွေ့ကတော့ ပြုံးရုံသာပြုံးပြီး ဘာမှအကျယ်တဝင့် မပြောတော့ပေ။ ယခုအချိန်တွင် အဘိုး၏ စိတ်ထဲ၌ သောကပွားစရာ အပိုပြဿနာများ ထပ်မံမထည့်ပေးချင်တော့သောကြောင့် ဖြစ်သည်။
ဒင်းကျန်းသည် ရှင်သန်နေထိုင်ရာတွင် အလွန်အမင်း ကပ်စေးနှဲပြီး ခြိုးခြံချွေတာလွန်းလှသည်။ သူသည် သူ၏ဘဝသက်တမ်း အများစုတွင် စီဟိုင်မြို့တော်ထဲကနေ အပြင်သို့ပင် ထွက်ဖူးခြင်းမရှိပေ။
သူကတော့ အတင်းအကျပ် အိမ်ပြောင်းခိုင်းခံရ၍ စိတ်ဆိုးမာန်ဆိုး ဖြစ်နေသယောင် တတွတ်တွတ် ရေရွတ်နေသော်လည်း ၎င်း၏တွန့်လိပ်နေသော မျက်နှာထက်တွင်မူ အပြုံးရိပ်များက ဖုံးကွယ်၍မရအောင် ထင်ဟပ်နေခဲ့သည်။ ထို့အပြင် သူက ယွီခဲ့အပေါ်တွင်လည်း တော်တော်လေး စိတ်ဝင်စားနေပုံရသည်။
သက်ကြီးရွယ်အိုတစ်ဦးအနေဖြင့် လူငယ်လေးတစ်ဦးအပေါ် ပြသတတ်သော ပင်ကိုယ်မေတ္တာအပြင်... ဒင်းကျန်းသည် စောစောက မိမိကြမ်းပြင်အောက်တွင် ဝှက်ထားခဲ့သော ရွှေများနှင့် ပတ်သက်၍လည်း တော်တော်လေး အတွေးများနေခဲ့ခြင်း ဖြစ်သည်။
ချူးဟွေ့ သိထားသလောက်တော့ ထိုအကြောင်းကို အဘိုးအရက်မူးစဉ်က ထုတ်ပြောခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်ဟု ခန့်မှန်း၍ရသော်လည်း... ယွီခဲ့က ဘယ်လိုလုပ်ပြီး သိသွားရသနည်း။
အဘိုးအိုသည် ချူးဟွေ့နှင့် ဖုန်းမကြာခဏ ပြောဖြစ်သော်လည်း ချူးဟွေ့ဘက်က ယခုကဲ့သို့ သနားစရာကောင်းသော လူငယ်လေးတစ်ဦးကို ခေါ်ထားသည့်အကြောင်း တစ်ခါမျှ မကြားဖူးခဲ့ချေ။ ချူးဟွေ့၏ စရိုက်အရဆိုလျှင်လည်း လအနည်းငယ်ခန့်သာ သိကျွမ်းသေးသည့် လူတစ်ယောက်ကို မိမိ၏ လျှို့ဝှက်ချက်များကို ဘယ်တော့မှ ဖွင့်ဟပြောမည့်သူ မဟုတ်ပါချေ။
သို့သော်လည်း ယခုကဲ့သို့ လျှို့ဝှက်လှသော ကိစ္စရပ်တစ်ခုကို ဤလူငယ်လေးက သိရှိနေခဲ့သည်ဆိုမှတော့ ၎င်းမှာ ချူးဟွေ့ကိုယ်တိုင် ဖွင့်ဟပြောပြခဲ့ခြင်းကြောင့်သာ ဖြစ်ရပေမည်။ အချိန်တိုအတွင်းမှာပင် ချူးဟွေ့၏ ယုံကြည်မှုကို ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်ဆိုကတည်းက ဤလူငယ်လေးမှာ တကယ့်ကို သာမန်မဟုတ်သည်မှာ အမှန်ပင်။
သို့သော်လည်း ဒင်းကျန်းက မည်သို့ပင် စစ်မေးပါစေ... ယွီခဲ့ကမူ ပြုံးစစဖြင့်သာ ပြန်လည်ဖြေကြားနေခဲ့သည်။ "ကျွန်တော်က ကြိုတင်တွက်ချက်ပြီး သိခဲ့တာလေ..."
ဒင်းကျန်းအနေဖြင့် သူ့စကားကို မယုံကြည်ခြင်းမှာ မဆန်းလှပေ။ သူသည် မည်သည့်ခေတ်ကာလကိုပင် ဖြတ်သန်းလာခဲ့သည်ဖြစ်စေ အသက်ကြီးလာလျှင်ပင် ရှေးရိုးစွဲ အယူသည်းမှုမျိုးကို လုံးဝ မယုံကြည်တတ်သူ ဖြစ်သည်။
ဒါနဲ့... သူက ချူးဟွေ့နဲ့ ဘာတွေ ပတ်သက်နေတာလဲ။
အကယ်၍ အေးစက်လှသည်ဟု နာမည်ကြီးသော ချူးဟွေ့နှင့် အထူးတလည် ပတ်သက်မှုရှိသူ မဟုတ်ခဲ့ပါက ချူးဟွေ့အနေဖြင့် သူ့ကို ဘေးနားမှာ ယခုကဲ့သို့ တကောက်ကောက် ခေါ်ဆောင်ထားလိမ့်မည် မဟုတ်ချေ။ ချူးဟွေ့သည် ယွီခဲ့အပေါ်တွင် အလွန်အမင်း သည်းခံခွင့်လွှတ်ပြီး အလိုလိုက်ထားသည်ကို သူ ကောင်းကောင်းကြီး အကဲခတ်မိနေသည်။ ဤအရာက တကယ့်ကို ထူးခြားလှပေသည်။
ဤမေးခွန်းဆီသို့ စကားရောက်လာသည့်အခါတွင်တော့ ယွီခဲ့မှာ စိတ်လှုပ်ရှားသွားရပြီး... သူက ခေါင်းလေးစောင်းကာ ချူးဟွေ့၏ ပုခုံးပေါ်သို့ မှီတွယ်လိုက်တော့သည်။
ထို့နောက်တွင် ခွေးပေါက်လေးတစ်ကောင်လို ချူးဟွေ့ကို ပျော်ရွှင်စွာဖြင့် အတင်းတိုးဝှေ့ ကပ်ချွဲနေတော့သည်။ ချူးဟွေ့မှာ ကားမောင်းနေရသဖြင့် ရှောင်တိမ်း၍မရနိုင်သည့် အခြေအနေကို အခွင့်ကောင်းယူကာ သူက ချူးဟွေ့၏ နှုတ်ခမ်းကိုမလှိမ့်တပတ်ဖြင့် လှမ်း၍ နမ်းလိုက်ပြီး မိမိ၏ ချစ်ခင်မြတ်နိုးမှုကို ဖော်ပြလိုက်တော့သည်။
ဒင်းကျန်းမှာမူ မျက်လုံးကြီး ပြူးသွားရပြီး ထိတ်လန့်တကြားဖြင့် ရင်ဘတ်ကို ဖိကာ တတွတ်တွတ် ဆက်တိုက် ရေရွတ်နေတော့သည်။ "လောကကြီးတော့ ပျက်စီးကုန်ပြီ၊ လောကကြီးတော့ ပျက်စီးကုန်ပြီ..."
"ရှောင်ခဲ့ရဲ့ မိဘတွေက စောစောစီးစီး ဆုံးပါးသွားခဲ့ကြတာ။ ဒါကြောင့် သူက သူ့အဒေါ်အိမ်မှာပဲ ကြီးပြင်းခဲ့ရတာ၊ ပြီးတော့ ငယ်ငယ်တုန်းက ခေါင်းကိုတစ်ချက် ဆောင့်မိထားဖူးသေးတယ်"
ချူးဟွေ့ကတော့ ဤကောင်လေး၏ အသေးအဖွဲ့ ချောင်းမြောင်းတိုက်ခိုက်မှုများကို ကျင့်သားရနေပြီ ဖြစ်သည်။ သူက ခိုးရာပါပစ္စည်းလေးရလို့ ပျော်နေသည့်အလား ကျေနပ်နေသော ဘေးနားက လူငယ်လေးကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ကားကိုသာ တည်ငြိမ်စွာ ဆက်မောင်းနေခဲ့သည်။ မိမိ၏ မျက်ဝန်းထဲတွင် ကိုယ်တိုင်ပင် သတိမထားမိလောက်အောင် နူးညံ့သိမ်မွေ့မှုများ သန်းနေခဲ့သည်ကိုတော့ သူ မသိရှိခဲ့ပါချေ။
အကယ်၍ သူ့ကို သိကျွမ်းသူတစ်ဦးဦးသာ ယခုကဲ့သို့ အကြည့်မျိုးကို မြင်တွေ့သွားခဲ့ပါက မိမိကိုယ်ကိုယ် စိတ်ညှို့ခံထားရလေသလားဟု သံသယဝင်ကာ အလန့်တကြား ခုန်မိသွားကြမည်မှာ အမှန်ပင်။
ကံကောင်းသည်မှာ ဒင်းကျန်းသည် အနောက်ခန်းတွင် ထိုင်နေခြင်းဖြစ်ပြီး ‘ယောကျ်ားချင်း ပေါင်းဖက်ခြင်း’ ဆိုသည့် ကိစ္စရပ်ကြီးကို အတင်းအကျပ် လက်ခံနိုင်ရန် နှလုံးသွင်းရင်း ရင်ဘတ်ကို ဖိထားရသဖြင့် ချူးဟွေ့၏ မျက်ဝန်းများကို သတိမပြုမိလိုက်ချေ။ သို့သော်လည်း ချူးဟွေ့၏ ရှင်းပြချက်ကို ကြားလိုက်ရပြီးနောက်တွင်တော့ သူ အချို့သောအချက်များကို သဘောပေါက်သွားခဲ့သည်။
တကယ့်အမှန်တရားကို မသိကြသည့် ပြင်ပလူများအတွက်တော့ ဤလူငယ်လေး၏ ဦးနှောက်တွင် ပြဿနာတစ်ခုခု ရှိနေသည်ဟု ထင်မှတ်စရာ ဖြစ်နေသည်မဟုတ်ပါလား။
အတိတ်တုန်းက မိဘမဲ့ဂေဟာကို တာဝန်ယူခဲ့စဉ်က ဒင်းကျန်းသည် ယခုကဲ့သို့ နောက်ခံသမိုင်းကြောင်းရှိသော သနားစရာ ကလေးငယ်များကို မကြာခဏ တွေ့မြင်ခဲ့ဖူးသည်။ သူ၏စိတ်ထဲတွင် သနားစရာကောင်းလှသည့် ဘဝဇာတ်ကြောင်းတစ်ခုကို ချက်ချင်းပင် ပုံဖော်တွေးတောမိသွားပြီး ယွီခဲ့ကို ကြည့်ရသည့် အကြည့်များမှာလည်း မကြာခင်မှာပင် သနားဂရုဏာစိတ်များနှင့် မေတ္တာတရားများဖြင့် ပြည့်နှက်သွားတော့သည်။
Cမြို့တော်သို့ ပြန်ရသည့်လမ်းမှာ လာခဲ့စဉ်ကထက် များစွာ ပိုမိုမြန်ဆန်လှပေသည်။
သတင်းများထဲတွင် ဗိုင်းရပ်စ်အသစ် ပြန့်ပွားနေသည့်အကြောင်း ထုတ်လွှင့်နေမှုကြောင့် လူအများအပြား ထိတ်လန့်တကြား ဖြစ်ကုန်ကြပြီး သူတို့၏ ဇာတိရပ်ရွာများဆီသို့ အမြန်ဆုံး ဦးတည်ပြန်ခဲ့ကြသောကြောင့် ဖြစ်သည်။ ယခင်က ကြုံတွေ့ခဲ့ဖူးသော ဆားစ်ကဲ့သို့သော ကပ်ရောဂါဆိုးကြီးများအကြောင်းက လူတိုင်း၏ မှတ်ဉာဏ်ထဲတွင် ယနေ့ထက်တိုင် လတ်ဆတ်နေဆဲ ဖြစ်သည်။
ယခုအခါတွင်မူ ကပ်ရောဂါအသစ်က ပိုမိုဆိုးရွားပြင်းထန်လိမ့်မည်ဟု သတင်းများက ပြောနေကြသဖြင့် လူတိုင်းမှာ မိမိကိုယ်ကိုယ် ကယ်တင်ရန်အတွက် ပြင်ဆင်နေကြပြီ ဖြစ်သည်။ ကုမ္ပဏီအများအပြားကလည်း သူတို့၏ ဝန်ထမ်းများကို အိမ်ရှိ ကွန်ပျူတာများမှတစ်ဆင့် အဝေးမှနေ၍ အလုပ်လုပ်ရန် ခွင့်ပြုထားခဲ့ကြပြီဖြစ်သလို၊ အစိုးရကလည်း လမ်းပန်းဆက်သွယ်ရေး လမ်းကြောင်းအချို့ကို ပိတ်ဆို့ရန်အတွက် ကြိုတင်ပြင်ဆင်နေခဲ့ပြီ ဖြစ်သည်။
လမ်းပေါ်တွင် မော်တော်ယာဉ်များနှင့် လမ်းသွားလမ်းလာ အရေအတွက်မှာ ချက်ချင်းပင် ထက်ဝက်ကျော်ခန့် လျော့နည်းသွားခဲ့သည်။ ချူးဟွေ့၏ လှုပ်ရှားမှုက လုံလောက်အောင် မြန်ဆန်ခဲ့သည်ဆိုသော်ငြားလည်း လက်တွေ့အခြေအနေကမူ သူ ကြိုတင်စီမံထားခဲ့သည်ထက်ပင် ပိုမိုဆိုးရွားပြင်းထန်နေခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် မြို့နှစ်မြို့မှာ အလွန်အလှမ်းမဝေးလှသဖြင့် လမ်းများကို ပိတ်ဆို့ပြီး တင်းကျပ်စွာ စစ်ဆေးခြင်းမပြုမီ Cမြို့တော်သို့ အမီပြန်ရောက်ခဲ့ကြသည်။