no

Font
Theme

အပိုင်း ၃၇

ရှည်သွယ်သော ခြေတံများနှင့် ဖြောင့်မတ်လှပသော ပခုံးအလှက အရင်ဆုံး မျက်စိထဲသို့ တိုးဝင်လာသည်။

အနက်ရောင် အနောက်တိုင်းဝတ်စုံ အပြည့်ဝတ်ဆင်ထားသော ဂွမ်ချယ်ဝူက နဂိုကပင် ဤဝတ်စုံနှင့် မွေးဖွားလာသလား ထင်မှတ်ရလောက်အောင် အံဝင်ခွင်ကျ လိုက်ဖက်နေ၏။

အနောက်တိုင်းဝတ်စုံက နေ့စဉ်ဝတ် အဝတ်အစားများနှင့်မတူဘဲ ဝတ်ရသည်မှာ အနေရခက်နိုင်သော်လည်း သူကမူ အင်္ကျီလက်ကို ဆွဲကြည့်ခြင်း၊ ကော်လံကို ပြန်ပြင်ခြင်း၊ လည်ပင်းကို ဆန့်ထုတ်ကြည့်ခြင်း အစရှိသည့် ရှက်ကိုးရှက်ကန်း အပြုအမူမျိုး တစ်စက်ကလေးပင် မလုပ်ခဲ့။

မိမိနာမည်နှင့် အသက်ကိုပင် မသိခဲ့သော လူတစ်ယောက်အဖို့ အလွန်ပင် သဘာဝကျလှသော အပြုအမူဖြစ်နေရာ ကျင်လည်အသားကျပြီးသားလူဟုပင် ထင်ရလောက်သည်။

မျက်ခုံးအောက်သို့ ဝဲကျနေသော ဆံနွယ်များ၊ စည်းမထားဘဲ လျော့တိလျော့ရဲ ချထားသည့် နက်ခ်တိုင်၊ ဖြူဖွေးသော ခြေဗလာ။

မပြည့်စုံသေးသော ထိုပုံရိပ်ကပင် သူ့အလိုလို ရှင်းလင်းထင်ရှားနေသည်။

အီယွန်းတစ်ယောက် ထိုလူထံမှ အကြည့်မခွာနိုင်ဘဲ ရှိနေ၏။

မိမိသိထားသည့်လူ မဟုတ်သလို ခံစားရသောကြောင့်ပင်။

ပြောင်လက်လက် အနက်ရောင်မိုးကာအင်္ကျီရော၊ ဖရိုဖရဲ လူနာဝတ်စုံပါ ရုတ်တရက် ‘တကယ့် ဂွမ်ချယ်ဝူ’ မဟုတ်လောက်ဘူးဟူသော အခြေအမြစ်မရှိသည့် ထင်ယောင်ထင်မှားဖြစ်မှုက စိတ်ထဲတွင် စိုးမိုးလာတော့၏။

ထိုသို့သော ဝေခွဲမရဖြစ်မှုများက အီယွန်းအဖို့ လုံးဝ မနှစ်မြို့စရာပင်။

“အခု ငါ ယုံကြည်တာဆိုလို့ သမက်လေးအပြင် မရှိတော့ဘူး။”

ချူဂျာက ဂွမ်ချယ်ဝူထံသို့ အဝတ်အစားများကို လွှဲပေးလိုက်သည်။

ထိုလူက သူ့လက်ထဲမှ အဝတ်အစားအသစ်များနှင့် နှုတ်ခမ်းစူထားသည့် အီယွန်းကို တစ်လှည့်စီကြည့်ပြီးနောက် အခြေအနေကို နားလည်သွားသည့်အလား နှုတ်ခမ်းထောင့်စွန်းကိုပင့်ကာ ပြုံးလိုက်၏။

“သမက်ဂွမ်ရေ၊ မောင်ရင့်ကိုပဲ ယုံလိုက်ပြီနော်။”

“ချူဂျာရှင့်……”

အီယွန်းက တားမြစ်သည့်အလား မျက်စောင်းထိုးလိုက်သော်လည်း ချူဂျာကမူ မမြင်ချင်ယောင်ဆောင်ကာ ကျောခိုင်းသွားသည်။ အရိပ်အကဲအသိမြန်သလို မသိချင်ယောင်ဆောင်သည့်နေရာတွင်လည်း ဆရာကျလှ၏။

အီယွန်း ဘာကြောင့် သူ့ကိုယ်သူ ဖုံးကွယ်ထားချင်ရသလဲဟူသည့် အကြောင်းရင်းကို ချူဂျာ မသိခြင်းမဟုတ်သော်လည်း မျှော်လင့်နေဆဲပင်။

တစ်နေ့နေ့တွင် အခွံကိုခွာချပြီး လိပ်ပြာလေးအဖြစ် ပြောင်းလဲသွားမည့် အခိုက်အတန့်ကို အရကြည့်မည်ဟူ၍။

စောင့်ဆိုင်းလာခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုကျော်ပင် ရှိခဲ့ပြီဖြစ်သော်လည်း သူက စိတ်မလောခဲ့။ မည်သည့်အချိန်အထိဖြစ်ပါ အေးအေးလူလူ စောင့်နိုင်သည်။

“အီယွန်း၊ ဒီဝတ်စုံကို မကြိုက်လို့လားဟင်။”

အီယွန်းက နှုတ်ခမ်းကို တင်းတင်းစေ့ထားကာ ပြန်မဖြေခဲ့။ ထိုအခါ ဂွမ်ချယ်ဝူက မျက်ခုံးတစ်ဖက်ကို ညစ်ကျယ်ကျယ်ပင့်ကာ လက်ပိုက်လိုက်သည်။

“ဒါဆိုရင် ကိုယ် ဒီဟာလို့ပဲ လုပ်လိုက်မယ်။”

“ဘာကိုလဲ။”

“ဆန္ဒလေ။”

“……ရှင်။”

“အီယွန်းပဲ ပြောခဲ့တယ်မဟုတ်လား။ Skinship ကလွဲပြီး ဘာပဲဖြစ်ဖြစ် တစ်ခု ဖြည့်ဆည်းပေးမယ်ဆိုတာလေ။”

သူက အီယွန်း၏ ရင်ခွင်ထဲသို့ အဝတ်အစားများကို ဖတ်ခနဲ ထည့်ပေးခဲ့သည်။

“အဲ့ဒီလိုမှမဟုတ်ရင် ကိုယ်က ဘာလို့ အဲ့ဒီနေရာမှာ အသာတကြည် နှုတ်ခမ်းခွာပေးပါ့မလဲ။ လျက်စားစရာတွေ အများကြီး ကျန်နေသေးတာကို။”

အီယွန်းတစ်ယောက် ပါးစပ်အဟောင်းသားဖြစ်ကာ ကြောင်အမ်းအမ်းဖြင့် ကျန်ရစ်ခဲ့တော့သည်။

~~~~

ဟိုတယ်ထဲသို့ လှမ်းဝင်လိုက်သည်နှင့် တစ်ပြိုင်နက် ဝေဝေဆာဆာ ပြင်ဆင်ထားသော ပန်းခြင်း၊ ပန်းခွေများက မျက်စိထဲသို့ တိုးဝင်လာသည်။ အီယွန်းတစ်ယောက် လက်ကို လျော့တိလျော့ရဲ မှေးတင်ရုံသာတင်ထားသော ဂွမ်ချယ်ဝူ၏ လက်မောင်းကို ရုတ်တရက် တင်းတင်းကျပ်ကျပ် ဖက်တွယ်လိုက်မိ၏။

အသက်ကို ခပ်တိုတို ရှူထုတ်လိုက်ပြီးနောက် စိတ်ထဲတွင် တစ်ယောက်တည်း အစီအစဉ်တစ်ခုကို အမြန်ဆွဲနေခဲ့သည်။

‘ဥက္ကဋ္ဌ အင်မ်ကို မျက်နှာပြရုံလေးပြပြီးတာနဲ့ ချက်ချင်း ထွက်ပြေးရမယ်။’

ခြေထောက်တွင် ကပ်နေသော stocking ကြောင့် ယားကျိကျိ ဖြစ်နေသဖြင့် အီယွန်း အကြောင်းမရှိ ဒူးကို ကွေးလိုက်၊ ဆန့်လိုက် လုပ်နေမိကာ ညှပ်ရိုးအထိ ဟိုက်နေသော Square neck အင်္ကျီလည်ပင်းကိုလည်း လက်ဖြင့် ပွတ်သပ်နေမိသည်။

ခြေသလုံးသားများကို အတိုင်းသား မြင်နေရကာ ဒေါက်ဖိနပ် စီးထားရသော မိမိကိုယ်ကိုယ် နေသားမကျဖြစ်နေသည့်အတွက် သူ၏ ခြေလှမ်းများက တဖြည်းဖြည်း နှေးကွေးလာ၏။

“စိတ်လှုပ်ရှားနေတာလား။”

ထိုစဉ် အီယွန်းကို escort ပေးနေသော ဂွမ်ချယ်ဝူက ငုံ့ကြည့်လာသည်။

ဆံပင်ကို လက်ဖြင့်သာ ခပ်ဖွဖွ သပ်တင်ထားပုံရသော်လည်း ရှင်းလင်းနေသော နဖူးပြင်ကို ဖော်ထားရုံနှင့် သူက သိသိသာသာ ပြောင်းလဲနေပေပြီ။ အေးရာအေးကြောင်း ရှိသော်လည်း ထည်ဝါလှသည့် အနေအထားက တကယ့် လူကြီးတစ်ယောက်လိုပင်။

အီယွန်းလည်း အကြည့်ကို ဘယ်နားထားရမှန်း မသိတော့ပေ။

“စိတ်လှုပ်ရှားတာ မဟုတ်ပါဘူး၊ နည်းနည်း နေရခက်လို့ပါ။”

စံပြဖြစ်လောက်သည့် မျက်ခုံးကြားနှင့် နှာတံ၊ အလိုလို အကြည့်ရောက်သွားစေသည့် ဆွဲဆောင်မှုရှိသော နှုတ်ခမ်းနှင့် မေးရိုးအလှ။ ဂွမ်ချယ်ဝူက ဤနေရာရှိ မည်သူထက်မဆို ပို၍ ထင်ရှားပေါ်လွင်နေသော ဖြစ်တည်မှုပင်။

“……မဟုတ်မှ အီယွန်းလား။”

ထိုစဉ် မကြားချင်ဆုံးသော နှုတ်ဆက်သံတစ်ခု ရောက်ရှိလာသည်။

D ဆေးရုံ၏ ဆေးရုံအုပ် ဂျိုဂယောင်းချွန်းက နွားသိုးတစ်ကောင်အလား ပြူးကျယ်သွားသော မျက်လုံးများဖြင့် အီယွန်းကို အထက်အောက် စုန်ချည်ဆန်ချည် အကဲခတ် စနည်းနာခဲ့၏။

ဆိုအီယွန်းက နဂိုကတည်းက ဒီလိုမျက်နှာမျိုးလေးလား။

တစ်ဝက်စည်းထားသော ဆံနွယ်များက လှုပ်ရှားလိုက်တိုင်း လှိုင်းကလေးများပမာ ဝေ့ဝဲနေကာ ပေါင်ဒါမှုန့်ကဲ့သို့ ဖြူဖွေးသော အသားအရေနှင့် သန့်စင်သော ရုပ်ရည်တို့က အသစ်အဆန်း ဖြစ်နေခဲ့သည်။

ဆေးရုံအုပ် ဂျိုလည်း မျက်လုံးတွင် ကော်ဖြင့်ကပ်ထားသကဲ့သို့ အီယွန်းထံမှ အကြည့်မခွာနိုင်ဘဲ ရှိနေ၏။ အစိမ်းရင့်ရောင် ဝတ်စုံလေးက သွယ်လျသော ခန္ဓာကိုယ်နှင့် ဖျော့တော့သော အသားအရေကို ပို၍ ပေါ်လွင်နေစေသည်။

“ဘုရားရေ၊ ဟွမ်ဂျိုယွန်းသာ မြင်ရင်တော့ လန့်ပြီး ပစ်လဲသွားမှာပဲ။”

“ဒီလောက်နဲ့ သွားလိုက်ပါဦးမယ်။”

အီယွန်းက စိတ်ထဲတွင် မနှစ်မြို့သဖြင့် သူ့ကို အေးတိအေးစက်သာ ကျော်ဖြတ်သွားခဲ့သည်။

လူတို့ကို ရှောင်ဖယ်ရန်အတွက် လူမနှစ်သက်လောက်သည့် အဝတ်အစားနှင့် အနံ့အသက်များကို နည်းလမ်းတစ်ခုအဖြစ် အသုံးချလာခဲ့သည်မှာ ကြာပေပြီ။ ယင်းတို့က အီယွန်း၏ ကိုယ်ပိုင်ဆူးတစ်မျိုးဖြစ်ပြီး ထိရောက်မှုလည်း အတော်လေးရှိခဲ့သည်။

ဟွမ်ဂျိုယွန်းလို ခြွင်းချက်မျိုး ရှိခဲ့သော်လည်း မိဘများနှင့်မတူသည့် ဘဝကို ပိုင်ဆိုင်ထားသည်ဟု မိမိကိုယ်မိမိ ယုံကြည်ထား၏။

သူ့ဘဝတွင် လူသားများနှင့် ခံစားချက်များ မလိုအပ်​ဟူ၍။

အထီးကျန်ခြင်းကသာ မိမိကို ကယ်တင်ပေးနိုင်မည့် တစ်ခုတည်းသော လမ်းစဟူ၍။

ယခုအထိလည်း ထိုအတိုင်း ယုံကြည်နေဆဲပင်။

“အီယွန်း၊ ရင်ထဲ မအီမသာဖြစ်နေလို့လား။”

ထိုသို့ ယုံကြည်ထားခဲ့သော်လည်း...

“အပြင်ထွက်ကြမလား။”

ဂွမ်ချယ်ဝူက အီယွန်း၏ လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လာသည်။ အီယွန်း ရုတ်တရက် အသက်ရှူကျပ်သလို ခံစားရသဖြင့် သူ၏ လက်ကို ပြတ်ပြတ်သားသား ခါထုတ်လိုက်မိ၏။

“……မဟုတ်ပါဘူး၊ မထွက်ဘူး။”

ကျွန်မ ဒီစည်းအပြင်ဘက်ကို တစ်လှမ်းလေးတောင် ထွက်မှာမဟုတ်ပါဘူး။

ရင်ထဲမှ တက်လာသည့် ပျို့အန်ချင်စိတ်ကို အတင်းအကျပ် မျိုသိပ်ရင်း ရယ်မောပျော်ပါးနေကြသော လူများကို အာရုံမရစွာ စိုက်ကြည့်နေခဲ့သည်။

“...ဪ။ ဆေးရုံအုပ်။”

ထိုစဉ် အမျိုးသမီးတစ်ယောက်က ရှည်လျားသော လက်မောင်းများကို ဘယ်ညာဝှေ့ယမ်းကာ ချဉ်းကပ်လာသည်။ ခန္ဓာကိုယ်နှင့်ကွက်တိ အနက်ရောင် see-through ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးက တစ်ချက်ကြည့်လိုက်ရုံနှင့် ထင်ရှားသော ကောက်ကြောင်းများကို ပိုင်ဆိုင်ထားသူပင်။

‘ဘယ်သူ……ပါလိမ့်……’

လူမှုရေးပွဲသို့ တက်ရောက်လာသော ဆေးရုံအုပ်အနေဖြင့် လူမျက်နှာကို မမှတ်မိခြင်းက ရှက်စရာပင်။ အီယွန်း ပျာပျာသလဲ မျက်တောင်ခတ်နေစဉ်...

“ကျွန်မ ဂျူဒုံမီပါ။”

“အာ……”

အမှတ်တမဲ့ အံ့ဩတကြီးရေရွတ်သံ ထွက်သွားခဲ့သည်။

ဘာမိတ်ကပ်မှမပါဘဲ ဂျာကင်အင်္ကျီ ပွပွကြီး ဝတ်ထားစဉ်က တွေ့ခဲ့ရသည့် ဂျူဒုံမီနှင့် လုံးဝ ကွဲပြားနေသောကြောင့်ပင်။

“မင်္ဂလာပါရှင့်။”

“ဝါး....ဒီမှာ ဆုံရလိမ့်မယ်လို့ တကယ် ထင်မထားဘူး။”

အရပ်ရှည်ကာ သွယ်လျသော ကိုယ်လုံးကိုယ်ပေါက်၊ ကျော့ရှင်းတင့်တယ်သော မိတ်ကပ်နှင့် အနောက်သို့ အကုန်သပ်တင်ထားသော ဆံပင်တိုလေးက အလွန်ပင် ခေတ်မီလှသည်။

သူက ဤသို့သော ပွဲလမ်းသဘင်များနှင့် အသားကျနေပုံရကာ ကိုင်ထားသည့် ရှမ်ပိန်ခွက်ကိုလည်း ဘေးမှဖြတ်သွားသည့် စားပွဲထိုးထံသို့ သဘာဝကျကျ ကမ်းပေးလိုက်၏။

အရေးပေါ်ခန်းထဲမှ ရိုးရှင်းသော ပုံစံထက် လှပတောက်ပြောင်နေသော ယခုပုံစံက ပို၍ သဘာဝကျသည်ဟု ထင်မိလျှင် အီယွန်း၏ အတွေးက မှားနေလောက်မည်လား။

အီယွန်း၏ သံသယကို ရိပ်မိပုံရကာ သူက မျက်လုံးတစ်ဖက်ကို ကျွမ်းကျင်စွာမှိတ်ပြီး မျက်စပစ်ပြခဲ့သည်။

“ဒီနေ့ပွဲရဲ့ ဇာတ်လိုက်က ကျွန်မတို့အမေဘက်က ဦးလေးလေ။”

“ဥက္ကဋ္ဌအင်မ်လားရှင့်။”

သူက စကားမဆိုဘဲ ပြုံးကာ ခေါင်းညိတ်ပြခဲ့၏။

ထို့နောက် ဂျူဒုံမီက သပ်ရပ်နေသော ဂွမ်ချယ်ဝူကိုကြည့်ကာ ပြုံးလိုက်သည်။ ထိုသို့ မြင်ရတိုင်း အီယွန်းတစ်ယောက် အာသီးရောင်နေသလို တံတွေးမျိုချရန်ပင် ခက်ခဲလာတော့၏။

“နောက်တစ်ခါ ပြန်ဆုံရင် နာမည်ပြောပြပေးဖို့ ပြောထားတယ်နော်။”

ဂျူဒုံမီက ယုံကြည်မှုအပြည့်ဖြင့် ခေါင်းလေးကို ငဲ့စောင်းကာ ပြောလာသည်။

သို့သော်လည်း ဂွမ်ချယ်ဝူကမူ စောစောကတည်းက နားမလည်နိုင်သလို မျက်နှာထားဖြင့် အီယွန်းကိုသာ တစိုက်မတ်မတ် ကြည့်နေ၏။ မပြောင်းလဲသော ထိုအကြည့်ကို ရိပ်မိသွားသည့် ဂျူဒုံမီက ပစ်မှတ်ကို ချက်ချင်းပင် ပြောင်းလိုက်သည်။

“ဝန်ထမ်းနဲ့ နှစ်ယောက်တည်း စကား ခဏလောက် ပြောလို့ရမလားရှင့်။”

နေရာဖယ်ပေးရန် ပြောနေခြင်းပင်။

မျက်နှာပျက်မိတော့မည့်အရေးကို အတင်းအကျပ် အပြုံးဖြင့် ထိန်းသိမ်းရင်း အီယွန်း အနောက်သို့ တစ်လှမ်းဆုတ်ရန် ပြင်လိုက်စဉ်မှာပင်....

“သတိ သေချာ ကပ်မထားဘူးပဲ။”

ဂွမ်ချယ်ဝူက အီယွန်း၏ နားနားသို့ကပ်ကာ အသံတိုးတိုးဖြင့် ပြောခဲ့သည်။

လှပပြီး ဆူညံသံများ လွှမ်းခြုံထားသော ဤပွဲခန်းမထဲတွင် ဂွမ်ချယ်ဝူ၏ အသံကသာ မိုးခြိမ်းသံကဲ့သို့ အီယွန်းကို တုန်လှုပ်သွားစေ၏။

“အိမ်ထောင်သည် အမျိုးသမီးအနေနဲ့ ပါးပါးနပ်နပ် ပြုမူရင်ကောင်းမယ်။ ဒီတစ်ခေါက်လည်း ထပ်မှားဦးမယ်ဆိုရင်တော့ အဲ့ဒီအခါ ညှာမှာမဟုတ်ဘူးနော်၊ အီယွန်း။”

“……”

အီယွန်း အလိုလို လည်ပင်းကို မတ်လိုက်မိသည်။ နားရွက်အောက်မှ ညှပ်ရိုးအထိ နုနယ်သော အရိုးတည်ဆောက်ပုံက ထင်းခနဲ ပေါ်လာ၏။

ထို့နောက်တွင် အီယွန်းတစ်ယောက်...

ဂျိုဂယောင်းချွန်း၊ ဟွမ်ဂျိုယွန်း၊ ဒေါက်မြင့်ဖိနပ်၊ ဝတ်စုံ၊ မီးရောင်၊ ရှမ်ပိန်၊ လူများ၊ ဂျူဒုံမီနှင့် ဂွမ်ချယ်ဝူအထိ ဆက်တိုက်ဝင်လာသော လေးလံသည့် အတွေးများကြောင့် ထိုနေရာမှ ချက်ချင်းပင် ထွက်ပြေးမိတော့သည်။

~~~~

အပြင်ဘက်သို့ ထွက်လာလိုက်မှသာ ကျပ်နေသော အသက်ရှူမှုက အနည်းငယ် ပွင့်သွားတော့၏။

ဥယျာဉ်ထဲတွင် အာရုံမရစွာ လမ်းလျှောက်နေစဉ် လူတို့ အမြင်တွင် 'ကြည့်ကောင်းစေရန်' ပြုပြင်ပုံသွင်းထားသော အဝိုင်းသဏ္ဌာန် သစ်ပင်တန်းကြီးကို တွေ့လိုက်ရသည်။

အီယွန်းလည်း ရင်ထဲတွင် ဖိစီးနေသည့် အတွေးပေါင်းစုံကို ခေတ္တ မေ့လျော့သွားကာ ထိုအပင်များ၏ ကျန်းမာရေးအခြေအနေကို စတင်စစ်ဆေးမိတော့၏။

“အီယွန်း။”

ရိုးအီနေပြီဖြစ်သော ထိုအသံကြောင့် ကျောပြင်က တောင့်ခနဲ ဖြစ်သွားရသည်။

အသံထဲတွင် အဆီအနှစ်များနှင့် စေးကပ်ကပ် အညစ်အကြေးများ ပိုပိုသာသာ ရောနှောနေသည့်လူဟူ၍ သူ့ပတ်ဝန်းကျင်တွင် တစ်ယောက်တည်းသာရှိ၏။

ပျက်ယွင်းနေသော မျက်နှာထားဖြင့် လှည့်ကြည့်လိုက်ရာ ထင်သည့်အတိုင်းပင် နဖူးနှင့် နှာခေါင်းတွင် ပလတ်စတာအကြီးကြီးများ ကပ်ထားကာ ချိုင်းထောက်ဖြင့် ရပ်နေသော ဟွမ်ဂျိုယွန်းက သူ့အား စိုက်ကြည့်နေလေသည်။ အီယွန်း၏ ဝတ်စားဆင်ယင်မှုကိုမြင်တော့ သူက ခေတ္တ ကြောင်သွားပြီးမှ မျက်မှောင်ကို ပြင်းပြင်းထန်ထန် ကြုတ်လိုက်၏။

“နင် အဝတ်အစားက အဲ့ဒါ……”

သို့သော်လည်း စုတ်ပြတ်သပ်နေသော သူ၏ပုံစံကို ကြည့်နေရသည့်တိုင် အီယွန်းတွင် မည်သည့်ခံစားချက်မျှ မရှိခဲ့ပေ။ ထိုထက် ညိုမည်းစွဲနေသော သူ၏ မျက်ကွင်းများကမှ သူ့မျက်နှာနှင့် အတော်လေး လိုက်ဖက်နေသေးသည်။

အကယ်၍ တစ်ခုခုကို သနားရမည်ဆိုလျှင် တစ်ကိုယ်လုံး မီးသီးလေးများ အပတ်ထားခံရသည့် သစ်ပင်များအတွက်သာ အဆပေါင်း ထောင်ချီ၍ ပိုပြီးစိတ်မကောင်းဖြစ်မိဦးမည်။

မီးသီးအလှဆင်ခြင်းက သစ်ပင်များ၏ ကြီးထွားမှုကို အဟန့်အတားဖြစ်စေသည်။ တစ်ရှူးများကို တဖြည်းဖြည်း ခြောက်သွေ့စေသောကြောင့် သစ်ရွက်များက အညိုရောင်သို့ ပြောင်းလဲသွားတတ်၏။ ထို့နောက် တဖြည်းဖြည်းနှင့် ခြောက်သွေ့ကာ သေဆုံးသွား....

“အခု မသိချင်ယောင်ဆောင်နေတာလား။”

အတွေးစတို့ ပြတ်တောက်သွားရသည်။

“အီယွန်း၊ နင် အနည်းဆုံး တောင်းပန်စကားလေးတောင် မပြောတော့ဘူးလား။”

“……ကျွန်မကလား။ ဘာလို့လဲ။”

ဟွမ်ဂျိုယွန်းက ခြေလှမ်းကို တရွတ်တိုက်ဆွဲရင်း ချဉ်းကပ်လာကာ မြားပစ်သလို လက်ညှိုးငေါက်ငေါက်ထိုးပြီး ပြောလာ၏။

“နင့်ယောက်ျား၊ သူက ပုံမှန်မဟုတ်ဘူး။”

“စီနီယာလည်း အတူတူပါပဲ။”

“ဘာ။”

“ပညာတတ်ဖြစ်ပြီးတော့ သူများအိမ်ပြတင်းပေါက်ကို ပါးနဲ့ပွတ်ပြီး သန့်ရှင်းရေး လုပ်တာကရော ပုံမှန်လား။”

အီယွန်းက အေးစက်စွာ ပြန်လည်ချေပလိုက်သည်။ ဟွမ်ဂျိုယွန်းလည်း ခဏချင်းမှာပင် မျက်နှာတစ်ခုလုံး နီမြန်းသွားကာ မျက်လုံးများ ပြူးထွက်မတတ် စိုက်ကြည့်လာတော့၏။

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment