no

Font
Theme

အပိုင်း ၄၈

အဲ့၊ အဲ့ဒီလို တွေးလို့ရော ရနိုင်မလား။

အတွေးက ထိုနေရာသို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် အေးစက်စက် ကြောက်စိတ်က အီယွန်းကို ဝါးမျိုသွားတော့သည်။ ရုတ်တရက် ဖြူဖျော့သွားသော မျက်နှာက မည်းမှောင်နေသည့် ပင်လယ်ရေထက် ပို၍ မျှော်လင့်ချက်မဲ့နေသလိုပင်။ အီယွန်းတစ်ယောက် ပေါက်ထွက်လုမတတ်ဖြစ်နေသော ရင်ဘတ်ကို ဖိထားရင်း တုန်ရီနေသည့် ဒူးနှစ်ဖက်ကို အားယူကာ စုလိုက်ရသည်။

ထိုစဉ် တစ်စုံတစ်ယောက်က အီယွန်းထံသို့ လက်နှိပ်ဓာတ်မီးဖြင့် ထိုးလာ၏။

အရည်ပျော်ကျလာသော သံရည်ပူများအလား ပြင်းထန်လှသည့် အလင်းရောင်ကြောင့် အီယွန်းလည်း မျက်လုံးကို အလိုလို ကာလိုက်မိသည်။

ထိုအခါ မျက်နှာမှ ခန္ဓာကိုယ်၊ ထိုမှတစ်ဆင့် ခြေထောက်များဆီသို့ ဆင်းသွားသော အလင်းတန်းက နောက်ဆုံးတွင် မြေပြင်ပေါ်၌ ငြိမ်သက်သွားတော့၏။ ထိုအခါမှသာ အီယွန်းလည်း မျက်တောင်တဖျပ်ဖျပ်ခတ်ရင်း တစ်ဖက်လူ၏မျက်နှာကို သေသေချာချာ မြင်လိုက်ရသည်။

အဏုမြူရောင် အပေါ်အင်္ကျီကို ဝတ်ဆင်ထားသော ရဲအရာရှိတစ်ယောက်ပင်။

“အဲ့ဒီက ဘယ်သူလဲဗျ။”

“……ရှင်။”

အီယွန်း လိုအပ်သည်ထက်ပို၍ လန့်ဖျပ်သွားသောကြောင့် ရဲအရာရှိ၏အကြည့်က မယုံသင်္ကာဖြစ်လာသည်။

“မှတ်ပုံတင်လေး တစ်ချက်လောက် စစ်လို့ရမလားဗျ။”

“……ဘာ၊ ဘာဖြစ်လို့လဲရှင့်။”

“လုပ်ထုံးလုပ်နည်းအရ စစ်ဆေးရတာပါ။ လူမှောင်ခိုကူးတာကို ဖမ်းဆီးနေတဲ့ ကာလမို့လို့ပါ။”

အီယွန်း ဘာမှမပြောဘဲ တုံ့ဆိုင်းနေစဉ်မှာပင် ရဲအရာရှိက တဖြည်းဖြည်း ချဉ်းကပ်လာသည်။

အီယွန်းလည်း ကိုယ်တိုင်ပင်မသိလိုက်ဘဲ အနောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်မိ၏။

အကူအညီတောင်းရမည့်သူက မိမိကိုယ်တိုင်ဖြစ်ပါလျက် ထူးဆန်းစွာပင် ပါးစပ်ထဲတွင် ခြောက်ကပ်နေသည်။ ရဲများနှင့် ပတ်သက်၍ အတွေ့အကြုံဆိုး ကြုံခဲ့ရသည်က များလွန်းလှသောကြောင့်ပင်။

ခြေလှမ်းကို တစ်လှမ်းချင်း ဆုတ်နေသော အီယွန်းတစ်ယောက် ချက်ချင်းဆိုသလို အရူးတစ်ယောက်လို အတင်းထွက်ပြေးတော့သည်။

‘ဒီဟွာအီဒိုက ရဲတွေကို ငါက ဘယ်လိုလုပ် ယုံကြည်နိုင်မှာလဲ……’

ဤအခြေအနေသို့ ရောက်လာပြီးနောက် လူတိုင်းက သံသယဖြစ်ဖွယ် ကောင်းနေတော့သည်။

ဂိုဏ်းသားများ၏ စည်ပင်ဝန်ထမ်း၊ ရဲ စသည်ဖြင့် ပြောခဲ့သော စကားများကို ပြန်စဉ်းစားကြည့်မည်ဆိုလျှင် သူတို့ကို လာဘ်ထိုးပြီး မူးယစ်ဆေးခင်း၏ ဖြစ်တည်မှုကို ဖုံးကွယ်ထားခဲ့ခြင်းဖြစ်မည်ဟု ယူဆရ၏။ ထို့ကြောင့် မည်သူ့ကိုမျှ မယုံကြည်နိုင်တော့ပေ။

ရဲအရာရှိက ဝီစီမှုတ်ကာ အပြင်းအထန် လိုက်လာခဲ့သည်။ အီယွန်းလည်း ပေါက်ထွက်မတတ် ဖြစ်နေသော ပေါင်ကြွက်သားများကို ရိုက်နှက်ရင်း အားကို အတင်းဖျစ်ညှစ်ထုတ်ကာ ပြေးခဲ့ရ၏။

တော်သေး၍ အီယွန်းက ဗန်ကား၏ မောင်းသူထိုင်ခုံပေါ်သို့ အရင်ရောက်သွားခဲ့သည်။ သူက အလောတကြီး တံခါးကို လော့ခ်ချကာ တုန်ယင်နေသော လက်များဖြင့် စက်နှိုးလိုက်၏။

ရဲက အပြင်ဘက်မှ မှန်တံခါးကို တဒေါက်ဒေါက် ထုရိုက်နေသော်လည်း အီယွန်းကမူ မဆင်မခြင်ပင် စတီယာရင်ကို စတင်လှည့်လိုက်သည်။ အသက်ရှူမဝသောကြောင့် ဖြူဖျော့နေသည့် နှုတ်ခမ်းများက ထုံနေ၏။

ထိုစဉ် ဒူးးး၊ ဒူးးး…

ဘေးထိုင်ခုံပေါ်သို့ ပစ်တင်ထားခဲ့သော ဖုန်းက မြည်လာသည်။

အီယွန်း နောက်ကြည့်မှန်ကို တစ်ချက်ကြည့်ရင်း လက်လှမ်းလိုက်၏။

“ဟား၊ ဟား၊ ဟယ်လို……”

မတတ်သာဘဲ အသက်ရှူသံများ ပြင်းထန်နေသည်။

ရဲအရာရှိက ဤဘက်ကို စိုက်ကြည့်ကာ ဝေါ်ကီတော်ကီတွင် ပါးစပ်ကို လှုပ်ရှားနေ၏။ ခေါင်းကို ဆန့်ထုတ်ကာ ခါးကို ကိုင်းလိုက်ပုံထောက်လျှင် ကားနံပါတ်ပြားကို ရွတ်ပြနေသည့်ပုံပင်။ ထင်မှတ်မထားသော စိမ်ပြေးတမ်းကြောင့် အဒရီနယ်လင်များ ဒလဟော ထွက်လာတော့သည်။

—ဆိုအီယွန်းခင်ဗျ။

“……”

ကျွီခနဲ၊ အီယွန်း အလိုလို ဘရိတ်ကို နင်းလိုက်မိသည်။ လျှာဖျားကို ကိုက်မိကာ ဆဲရေးသံ ထွက်လာတော့မည့်အရေးကို အတတ်နိုင်ဆုံး ထိန်းလိုက်ရ၏။

ဂွမ်ဂီဆော့ပင်။

“မ၊ မင်္ဂလာပါ၊ နေပါဦး၊ ဘာ၊ ဘာလို့၊ ဘယ်လိုကိစ္စနဲ့များ……”

အပြစ်မကင်းသည့်စိတ်ကြောင့်လားမသိ၊ အသံက ဆိတ်ကလေးပမာ တုန်ရီနေသည်။

—ချယ်ဝူ ဘယ်မှာလဲဗျ။

“……”

ဧရာမ တူကြီးဖြင့် နှလုံးကို အညှာအတာမဲ့စွာ ထုနှက်ခံလိုက်ရသလိုပင်။ နဖူးပေါ်တွင် ချွေးစက်များ စို့တက်လာတော့သည်။

သူက သိသိကြီးနှင့် မေးနေခြင်းဖြစ်၏။ ဂွမ်ဂီဆော့က အရာအားလုံးကို သိနေလျက်နှင့် အီယွန်းကို စမ်းသပ်နေခြင်းပင်။

ရှင်းပြ၍မရသော ရှုံးနိမ့်မှုကြောင့် မျက်နှာကို မဲ့လိုက်မိ၏။ အသားအောက်တွင် ဖုံးကွယ်ထားခဲ့သော သံခြေကျင်းက လူတစ်ယောက်၏ အသံကိုသာ တုံ့ပြန်နေပြီး အီယွန်း၏ အသက်ရှူလမ်းကြောင်းကို တင်းတင်းကျပ်ကျပ် ပိတ်ဆို့ထားတော့သည်။

—ခေါ်လာခဲ့ပါ။

အေးစက်သော အသံက အမိန့်ပေးခဲ့သည်။

—ဒီလိုမျိုး စာချုပ်ကို ချိုးဖောက်မယ်ဆိုရင် အင်မတန် အခက်တွေ့ရပါလိမ့်မယ်။

“…….”

—ခင်ဗျား ဘာပဲလုပ်လုပ် အသာလေး ကြည့်ပေးနေတာကို။

အီယွန်းလည်း တုန်ယင်နေသော နှုတ်ခမ်းကို တင်းတင်းကိုက်လိုက်မိတော့သည်။ ထူးဆန်းစွာပင် အရှက်ခွဲခံရသလို ခံစားရ၏။

—ကျွန်တော့်ကို ဒေါသထွက်အောင် မလုပ်ပါနဲ့။ ဘာပဲဖြစ်ဖြစ် တာဝန်လည်း ယူနိုင်မှာမဟုတ်တာကို။

အီယွန်း ကားစတီယာရင်ကို ဆိပ်ကမ်းဘက်သို့ ကြမ်းတမ်းစွာ ပြန်ကွေ့လိုက်တော့သည်။

~~~~

ဆိုးဝါးလှသော အနံ့ဆိုးကြီးပင်။ ငါးညှီနံ့နှင့် ရောနေသော ဆေးနံ့စူးစူးက သင်္ဘောခန်းထဲမှ ယိုစိမ့်ထွက်လာနေသည်။

“အဲ့ဒီတော့ ဒီတစ်ခါရော ဘယ်သူ့ဆီမှာ မိသွားတာလဲ။”

သင်္ဘောကုန်းပတ်ပေါ်တွင် ပါးပေါ်၌ ဓားဒဏ်ရာအမာရွတ်နှင့်လူက အငယ်ဆုံးကောင်ကို မေးခဲ့သည်။

ထိုလူက ဒူးထောက်ထိုင်နေသော အမျိုးသား၏ကိုယ်ပေါ်တွင် သူ၏ ညစ်ပတ်နေသော ဖိနပ်အောက်ခြေကို ပွတ်တိုက်သန့်စင်နေ၏။ ဧည့်သည်၏ ရင်ဘတ်ပေါ်သို့ ရွှံ့နွံများ ပွတ်တိုက်ခြင်းက ကန်ကျောက်ခြင်းနှင့် မခြားပေ။ ထိုသို့လုပ်လိုက်တိုင်း အဝတ်စဖြင့် အုပ်ထားသော အမျိုးသား၏ ကိုယ်အထက်ပိုင်းက အနောက်သို့ လန်ထွက်သွားတတ်သည်။

“ငြိမ်လှချည်လား။ ဒီတစ်ခါက ဘာလဲ၊ ရပ်ကွက်ရုံးကလား။”

ထိုလူ၏ မျက်ခုံးများ ပင့်တက်သွားသည်။ ပုံမှန်ဆိုလျှင် ဤနေရာသို့ အဖမ်းခံလာရသူများ ကျား၊ မ မရွေး ငိုယိုကာ အသက်ချမ်းသာပေးရန် အော်ဟစ်တတ်ကြသော်လည်း ယနေ့ဧည့်သည်ကမူ စိတ်ဝင်စားစရာ မကောင်းလှပေ။

“……အဲ့၊ အဲ့ဒါကတော့ မ၊ မသိပါဘူး။”

အငယ်ဆုံးကောင်က ထူးထူးဆန်းဆန်း ဂနာမငြိမ်ဖြစ်ရင်း ပြန်ဖြေခဲ့သည်။ ထိုလူက အငယ်ဆုံးကောင်ကို ခေတ္တ စိုက်ကြည့်နေ၏။

“အေးလေ၊ တော်ပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ခေါင်းကို သေနတ်နဲ့အဖောက်ခံရပြီး သေရမဲ့ကောင်ပဲဟာ။”

“…….”

“ယူလာခဲ့။”

ဤနေရာ၏ အလတ်တန်း မန်နေဂျာဖြစ်သော ထိုလူက လက်ကို ဆန့်ပေးလာသည်။

ယင်းက အချက်ပြတစ်ခု ဖြစ်၍လားမသိ၊ ရုတ်တရက် သင်္ဘော၏ မီးများအားလုံး ဖျတ်ခနဲ ငြိမ်းသွားတော့၏။ ထိုအခါ ပတ်ဝန်းကျင်ရှိ အခြား ငါးဖမ်းလှေများကလည်း အလိုက်သင့်ပင် မီးများကို ပိတ်လိုက်ကြသည်။

တစ်ခုပြီးတစ်ခု ငြိမ်းသွားသော မီးအလင်းရောင်များက နောက်ထပ် ရှုစားစရာတစ်ခုပင်။ မကြာမီ ပင်လယ်အလယ်တွင် လေးလံသော တိတ်ဆိတ်မှုသာ ဖုံးလွှမ်းသွားတော့သည်။ အပြစ်အားလုံးကို ဖုံးကွယ်ပြီး၊ သေဆုံးမှုအားလုံးကို နှုတ်ပိတ်လိုက်သည့်အလား။

“ဟေ့ကောင်၊ ဘာလုပ်နေတာလဲ။ ယူလာခဲ့လေ။”

“…….”

သို့သော် ပုံမှန်ဆိုလျှင် ဖျတ်ဖျတ်လတ်လတ် ရှိလှသော အငယ်ဆုံးကောင်က ယနေ့မှ ကျောက်ရုပ်လို ငြိမ်နေ၏။ ထိုလူက အငယ်ဆုံးကောင်ကို ပါးရိုက်ကာ ကုပ်ပိုးကို ကြမ်းတမ်းစွာ ဆွဲခေါ်ခဲ့သည်။

“မင်းက ဘာလို့ ဒီလောက်တောင် ကြောင်တောင်တောင် ဖြစ်နေရတာလဲ။”

“……သ၊ သတိထားပါဗျ။”

အငယ်ဆုံးကောင်က တံတွေးမျိုချရင်း အမှောင်ထဲတွင် မျှော်လင့်တကြီး တိုးတိုးလေး ပြောခဲ့သည်။

“ဘယ်လို အဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ။”

“……ထောင်၊ ထောင်…ထောင်ချောက်…”

စကားမဆုံးလိုက်ပေ။ မည်သည့်အချိန်ကတည်းက အုပ်ထားသော အဝတ်စကို ဖယ်ရှားလိုက်သည်မသိသော ဂွမ်ချယ်ဝူက မျက်လုံးမှ အလင်းရောင်များ တောက်ပလျက် ထိုလူ၏ အနောက်တွင် ကပ်လျက်သား ရပ်နေပေပြီ။ အငယ်ဆုံးကောင်က သရဲမြင်လိုက်ရသလို တောင့်တင်းသွားပြီး ထိုလူလည်း လည်ပင်းကို တစ်ချက်၊ နှစ်ချက်၊ သုံးချက်၊ ဆက်တိုက် ထိုးစိုက်ခံရကာ ပင်လယ်ထဲသို့ ဗွမ်းခနဲ ပြုတ်ကျသွားတော့သည်။

တဒင်္ဂ တိတ်ဆိတ်မှု။

ဖွေးဖွေးလှုပ် ရေပူဖောင်းများ ငြိမ်ကျသွားသည့် ခဏမှာပင်။

“အဲ့ဒီကောင်ကို ဖမ်းကြစမ်း…”

သင်္ဘောခန်းထဲမှ လူသန်ကြီး ဆယ်ယောက်ခန့် ပြေးထွက်လာကြသည်။

ထိုအချိန်မှစ၍ လူသတ်ပွဲကြီး စတင်တော့၏။

ရှောင်လွှဲ၍ မရနိုင်လောက်အောင် ဓားသွားများ ဝိုင်းရံနေသည့် ကြားတွင် ဂွမ်ချယ်ဝူက မိမိကိုယ်ကိုယ် အတင်းတိုးဝင်ခဲ့သည်။ မျက်လုံးအစုံက အထက်အောက် ဘယ်ညာသို့ အလုပ်ရှုပ်နေ၏။ သူက မိမိထံသို့ ပြေးဝင်လာသော ဓားသွားများပေါ်မှ ခုန်ကျော်ကာ တစ်ဖက်လူကို စတင်နှိမ်နင်းတော့သည်။

တကယ့် ဗြောင်းဆန်နေသော အခြေအနေပင်။

ပူနွေးသောသွေးများ ပန်းထွက်နေသည်။ သူက ရဲရင့်ကြမ်းကြုတ်စွာဖြင့် လူမိုက်များကို တွန်းထုတ်ခဲ့ရာ ထိုသူများမှာ ဗွမ်း၊ ဗွမ်းဟူသော အသံများနှင့်အတူ အညှာအတာမဲ့စွာ ပြုတ်ကျကုန်တော့၏။ ခဏချင်းအတွင်း ဂွမ်ချယ်ဝူ၏ လက်နှင့် မျက်နှာက သွေးများဖြင့် ပြောင်လက်နေခဲ့သည်။ အမှောင်ထုကို ထိုးဖောက်ကာ တောက်ပနေသော သူ၏ မျက်ဝန်းအစုံတွင် ရူးသွပ်မှုထက် ပိုသောအရာများ ရှိနေ၏။

ဒိုင်း….

ထိုစဉ် မီးတောက်ကဲ့သို့ ကျည်ဆန်တစ်ခုက ဂွမ်ချယ်ဝူ၏ ပေါင်ကို ရှပ်ထိကာ ကုန်းပတ်ပေါ်သို့ စိုက်ဝင်သွားသည်။ ပတ်ဝန်းကျင်တစ်ခုလုံးကို ဖိနှိပ်လိုက်သည့် ဆိုင်းမဆင့်ဗုံမဆင့် သေနတ်သံပင်။

အငယ်ဆုံးကောင်က လက်များ တုန်ရီလျက် ဂွမ်ချယ်ဝူကို သေနတ်ဖြင့် ထပ်မံ၍ချိန်ထားသည်။

“မ၊ မလှုပ်နဲ့။ မလှုပ်နဲ့၊ ဟေ့ကောင်။”

သို့သော် ထိုလူ၏ ကြောက်စရာကောင်းသော မျက်သားဖြူဖြူများကို မြင်လိုက်ရသည့် ခဏတွင် အငယ်ဆုံးကောင်လည်း ဒူးတုန်လာတော့သည်။ ဖြည်းဖြည်းချင်း တိုးလာသော သူက သေနတ်ပြောင်းဝတွင် သူ၏ နဖူးကို အပ်လာ၏။

“တစ်ခါလောက် ဖောက်ကြည့်မှပေါ့။”

“……”

ထိုမျှအထိ ရဲရဲနီနေသောသွေးများ ပေကျံနေပါလျက် ဂွမ်ချယ်ဝူတွင် အရောင်အားလုံး ပျောက်ကွယ်နေသည့် မျက်လုံးများ ရှိနေခဲ့သည်။ ခြောက်ကပ်သော ထိုနေရာတွင် မြက်တစ်ပင်ပင် အလိုအလျောက် ပေါက်နိုင်မည်မဟုတ်ပေ။

“ဒါနဲ့ မင်းက အသက်နှစ်ဆယ် ပြည့်ပြီလား။”

ငလျင်လှုပ်သလို တုန်ရီနေသော အငယ်ဆုံးကောင်၏ လက်ကို သူက တင်းတင်းဆုပ်ကိုင်ခဲ့သည်။

“ဒီလို ငြိမ်အောင်ထားပြီး။”

“…….”

“မောင်းဖြုတ်လိုက်။”

ညထက် ပိုလေးလံသော အသံက ကလေးငယ်ကို သွေးဆောင်ခဲ့သည်။ အငယ်ဆုံးကောင် တွေဝေနေစဉ်မှာပင် ဂွမ်ချယ်ဝူ၏ လက်သီးက တစ်ဖက်လူ၏ လည်စေ့ကို အရှိန်ဖြင့် ထိုးချခဲ့လေ၏။ အငယ်ဆုံးကောင်လည်း လည်ပင်းကို ဖမ်းဆုပ်ကာ ကြမ်းပြင်ပေါ်သို့ လဲကျသွားတော့သည်။

ဂွမ်ချယ်ဝူက ပြုတ်ကျနေသော သေနတ်ကို ကောက်ကိုင်ကာ သင်္ဘောခန်းထဲသို့ ဝင်သွား၏။

ထို့နောက်…….

ထိုနေရာက အလုပ်ခန်းပင်။

အပြင်ဘက်တွင် ဓားခုတ်ပွဲများ ဖြစ်နေသော်လည်း ပိန်ခြောက်ခြောက် လူအိုများက ဂရုမစိုက်ကြပေ။ ကုန်းနေသော ကျောပြင်များဖြင့် လက်ကို မရပ်မနား လှုပ်ရှားနေကြရန်သာ အာရုံစိုက်နေကြပုံပင်။

သင်္ဘောခန်းကို ပြုပြင်ထားသော ထိုနေရာက မူးယစ်ဆေးဝါးများကို ရောစပ်ကာ ထုပ်ပိုးသည့်နေရာဖြစ်ပြီး အမျိုးမျိုးသော ဖန်ပြွန်များနှင့် စစ်ထုတ်ကိရိယာများ၊ ပလတ်စတစ် အိတ်ခွံများ စသည်ဖြင့် ပြန့်ကြဲလျက်ရှိနေသည်။ လူအိုများသာမက ကလေးငယ်များကလည်း သူတို့၏ လက်ကလေးများဖြင့် မူးယစ်ဆေးများကို ထုပ်ပိုးနေကြ၏။ တစ်မိုးအောက်တစ်ယောက် ဂွမ်ချယ်ဝူပင် ထိုမြင်ကွင်းကြောင့် တဒင်္ဂ ဆွံ့အမှင်တက်သွားရသည်။

ဒိုင်း၊ ဒိုင်း၊ ဒိုင်း….

ကျည်ဆန်များက ဆက်တိုက်ဆိုသလို ဤဘက်သို့ အရှိန်ပြင်းစွာ စီးဆင်းလာသည်။ သင်္ဘောခန်း ပြတင်းမှန်များ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားပြီး ဂွမ်ချယ်ဝူလည်း ကိုယ်ကိုနှိမ့်ကာ နံရံတွင် ကျောမှီလိုက်ရ၏။

သူက ကျည်ကတ်ကို အမြန်စစ်ဆေးပြီးနောက် မျက်လုံးတစ်ဖက်ကိုမှိတ်ကာ အေးစက်စွာဖြင့် အပြင်ဘက်သို့ ချိန်လိုက်သည်။

ငါးဖမ်းလှေတစ်စီးစီတွင် သေနတ်ကိုင်ထားသူ တစ်ယောက်စီ။

သူ၏ အေးစက်သော အကြည့်က ကျောက်ဆူးလို နစ်မြုပ်သွားသည့် ခဏတွင်။

ဒိုင်း၊ ဒိုင်း၊ ဒိုင်း….

သူက ပခုံးဖြင့် ပြင်းထန်သော တုန်ခါမှုကို ခံနိုင်ရည်ရှိအောင် ထိန်းထားရင်း လက်၏ထောင့်ချိုးများကို ဆက်တိုက် ပြောင်းလဲခဲ့သည်။

အလင်းတစ်စက်မျှ မရှိသော မှောင်မည်းသည့် ပင်လယ်ပြင်။

ဂွမ်ချယ်ဝူက ကြားရသည့် အသံအပေါ်တွင်သာ အခြေခံကာ တစ်ယောက်ချင်းစီကို တည်ငြိမ်စွာဖြင့် ပစ်ခတ်နှိမ်နင်းသွားသည်။ ထိုကြားမှ ကျည်ဆန်များ ပြန်လည်ကျရောက်လာသေး၏။ ကုန်းပတ်ပေါ်သို့ ထိမှန်ကာ လွင့်ထွက်သွားသော ကျည်ဆန်များက အများအပြားပင်။

ထိုသို့ဖြစ်လေလေ ဂွမ်ချယ်ဝူက အမှောင်ထုကို ဝါးမျိုရင်း အတွင်းသို့ ပို၍နက်ရှိုင်းစွာ နစ်မြုပ်သွားလေဖြစ်ကာ နောက်ဆုံးတွင် တစ်ဖက်လူ၏ နဖူးကို သရဲလို မှန်ကန်စွာ ဖောက်ထွင်းနိုင်ခဲ့သည်။ ထိုသူတို့မှာ အစ်ဟူသော အသံပင် မထွက်နိုင်ဘဲ အနောက်သို့ လဲကျကုန်တော့၏။

ယခု နောက်ဆုံးတစ်ယောက်။

ဂွမ်ချယ်ဝူ သွားကို တင်းတင်းကြိတ်ကာ မောင်းဖြုတ်လိုက်သော်လည်း ချောက်ဟူသော အသံအလွတ်သာ ထွက်လာသည်။ ကျည်ကုန်သွားချေပြီ။ တိုပြတ်ပြတ် ဆဲရေးလိုက်ပြီးနောက် သင်္ဘောခန်းအတွင်းကို အသေးစိတ် ပြန်လည်ရှာဖွေတော့၏။

ထိုစဉ်၊ ဝုန်းခနဲ ကြီးမားသော အရာနှစ်ခု တိုက်မိသည့်အသံက နားထဲသို့ တိုးဝင်လာသည်။ အညှာအတာမဲ့ခဲ့သော ကျည်ဆန်မိုးများလည်း ရုတ်တရက် ရပ်တန့်သွားတော့၏။

ကိုယ်ကိုကိုင်းကာ အပြင်ဘက်သို့ ထွက်ကြည့်လိုက်တော့ ထိုနေရာတွင်…….

~~~~

Miel’s Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment