no

Font
Theme

အပိုင်း ၄၂

- ဆိုအီယွန်းခင်ဗျ၊ ပထမဆုံး နှုတ်ဆက်တုန်းက ကျွန်တော် ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်။

“......”

ဂွမ်ဂီဆော့က နှစ်ယောက်သာသိသည့် မှတ်ဉာဏ်ကို အသုံးချကာ သူ၏ ရည်ရွယ်ချက်အစစ်အမှန်ကို ပေးပို့ရန် ကြိုးစားနေခြင်းဖြစ်ကြောင်း အီယွန်း ရိပ်မိသွားသည်။

- ထောက်ပံ့မှုအားလုံးကို ကျွန်တော် ကတိပေးထားပြီးသားပါ။

‘တရားခံအစစ်ကို ဖမ်းပြီးတော့ ဆိုအီယွန်းရဲ့နေရာမှာ အစားထိုး ထိုင်စေရပါမယ်။’

- လိုအပ်တာမှန်သမျှ အကုန်ပို့ပေးပါ့မယ်။ ချယ်ဝူကို ဆေးရုံဝန်ထမ်းအဖြစ်ပဲသုံးသုံး၊ အိမ်အကူအဖြစ်ပဲသုံးသုံး။ အဲ့ဒါမှမဟုတ်လို့ ကစားစရာအဖြစ်ပဲသုံးသုံး။

“......”

- ဆိုအီယွန်း ကျွန်တော့်ညီကို ‘ဘယ်လိုပုံစံမျိုး' နဲ့ပဲ ထားထား ကျွန်တော် ဂရုမစိုက်ပါဘူး။ ဒါပေမဲ့ လုပ်သင့်လုပ်ထိုက်တဲ့ ဝတ္တရားကိုတော့ မမေ့ပါနဲ့။

‘ဖြစ်နိုင်ရင် ဟွာအီဒို အပြင်ဘက်ကိုလည်း ထွက်မလာပါစေနဲ့။’

အီယွန်းတစ်ယောက် တင်းမာသွားသော မျက်နှာဖြင့် “ဟုတ်ကဲ့” ဟု ခက်ခဲစွာ ပြန်ဖြေလိုက်ရသည်။

တစ်ဖက်တွင်မူ ဂွမ်ချယ်ဝူက ယဉ်ကျေးသော စကားပြောဟန်ရှိသော်လည်း တစ်စုံတစ်ခုကို ဖိအားပေးနေသည့် မိမိ၏အစ်ကိုဆိုသူနှင့် ပြစ်ဒဏ်သင့်နေသော ကလေးတစ်ယောက်ပမာ ကြောက်ရွံ့နေရှာသည့် အီယွန်းကို တစ်လှည့်စီ ကြည့်နေ၏။

ထို့နောက် သူက အေးစက်ခက်ထန်စွာဖြင့် ပင့်သက်ကို မှုတ်ထုတ်ခဲ့၏။

“ဒီမှာ ဟေ့လူ၊ အခု ယောက္ခမအိမ်တက်နေသလို ပညာပြနေတာလား။”

~~~~

- အဲ့ဒီလိုစကားတွေပဲ ပြောမှာဆိုရင် နောက်တစ်ခါ ဖုန်းမဆက်ပါနဲ့တော့။

ပုံစံနှင့်မလိုက်အောင် ရိုးအနုနယ်စွာ ပြုမူနေသည်က ချစ်စရာပင် ကောင်းနေသေးသည်။

ဂွမ်ဂီဆော့ နှုတ်ခမ်းတစ်ဖက်တွန့်ရုံ ပြုံးလိုက်၏။

မှတ်ဉာဏ်မပျောက်ဆုံးမီ ဂွမ်ချယ်ဝူက မည်မျှအထိ မီးလိုတောက်ပြီး ကြမ်းကြုတ်ကာ စိတ်လိုက်မာန်ပါ လုပ်တတ်သူဖြစ်ကြောင်း မိသားစုဝင်မှန်လျှင် မသိဘဲနေစရာ အကြောင်းမရှိပေ။

အဖိုးတန်စွာ ပြုစုပျိုးထောင်ခဲ့ရသည့် ဂန်းစတားမိသားစု၏ အငယ်ဆုံးသား။ သို့သော်လည်း မွေးမိခင်၊ ဖခင်တို့၏ အကိုင်အတွယ်ကိုပင် ငြင်းပယ်ကာ လူတိုင်းအပေါ် အစွယ်ငေါငေါ ထောင်ပြခဲ့သည့် ထိုထူးခြားသော ဗီဇကို ပြန်တွေးကြည့်မည်ဆိုလျှင်....

ယခုလက်ရှိ ဂွမ်ချယ်ဝူထံ၌ ယဉ်ပါးသည့် အနံ့အသက်ကို ရနေလေသည်။

“ဆေးရုံအုပ် ဂျို။”

သူသည် D ဆေးရုံ၏ ဆေးရုံအုပ် ဂျိုဂယောင်းချွန်းကို အေးအေးလူလူ ကြည့်လိုက်သည်။

“ဟုတ်ကဲ့၊ ဒါရိုက်တာကြီး။”

ဂျိုဂယောင်းချွန်းက ခေါင်းကို အနည်းငယ် ငုံ့လိုက်၏။ ရှင်းပြ၍မရသော ဖိအားများက ပခုံးကို ဖိနှိပ်ထားသဖြင့် ခေါင်းမော့ထားခြင်းထက် ငုံ့ထားခြင်းက သူ့အတွက် ပို၍ သက်သောင့်သက်သာ ဖြစ်စေသည်။

ယင်းမှာ လွန်ခဲ့သော နှစ်ပေါင်းများစွာ ဂျိုဂယောင်းချွန်း ကျောင်းဝတ်စုံဝတ်ပြီး ဤနေရာသို့ ပထမဆုံး ရောက်ရှိလာစဉ်ကတည်းက မပြောင်းလဲသည့် တစ်ခုတည်းသော ခံစားချက်ပင်။ ဤမျှအထိဆိုလျှင် သတ္တိရှိခြင်း၊ မရှိခြင်း ပြဿနာထက် အိမ်နေရာ၏ အရှိန်အဝါကြောင့်ဟုသာ ဆိုရပေမည်။

ကိုရီးယားရိုးရာအိမ်ပေါင်း ဒါဇင်နှင့်ချီ၍ ဖွဲ့စည်းထားသော အိမ်ရာ။

ရိုးရာအိမ်၏ အနှစ်သာရ အပြည့်အဝရှိသော ထိုအိမ်အစုအဝေးမှာ ခန့်ညားထည်ဝါလှသည်။ အထူးသဖြင့် အနက်ရောင် အုတ်ကြွပ်များ လှိုင်းတံပိုးကဲ့သို့ ဖြစ်နေသည့်ပုံစံက လင်းယုန်အုပ်ပမာ တိတ်ဆိတ်ငြိမ်သက်နေသော်လည်း အတွင်းသို့ ခြေလှမ်းကျဲလာလေ၊ အသက်ရှူကျပ်လာလေ ဖြစ်သည်မှာ အတိတ်ကရော၊ ယခုပါ ထူးမခြားနားပေ။

မြွေကြီးတစ်ကောင်၏ ဗိုက်ထဲသို့ ရောက်သွားသလိုပင်။

အတိုကောက်အားဖြင့် ဂွမ် အိမ်တော်။

အချို့က ကြားသည်နှင့် နားလည်ပြီး၊ အချို့က ခန့်မှန်း၍ပင် မရနိုင်သည့် အမည်နာမ။

ဂွမ် အိမ်တော်ကား တောင်ကိုရီးယား၏ အိမ်ခြံမြေ နယ်ပယ်တွင် ထိပ်သီး ၃ ခုအနက် တစ်ခုဖြစ်ကာ ကြီးမားသော ငွေကြေးအင်အားကို ပိုင်ဆိုင်ထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်သလို၊ အရိပ်မည်းများအောက်မှ အစိုးရအဖွဲ့ကို ချုပ်ကိုင်ထားသည့် အာဏာရှိ လျှို့ဝှက်အင်အားစုလည်း ဖြစ်ပေသည်။

ငွေမှလွဲ၍ ဘာမှမရှိခဲ့သော ဂွမ်ဂီဆော့၏ အဘိုးက လုပ်ငန်းစုများ စတင်ပေါ်ပေါက်လာချိန်တွင် လူငယ်လုပ်ငန်းရှင်များကို ငွေချေးပေးခဲ့ကာ ထိုသို့ဖြင့် လည်ပတ်လာသော ငွေကြေးက တစ်ရက်လျှင် အများဆုံး ဘီလီယံပေါင်း ဆယ်ချီအထိ ရှိခဲ့သည်ဟု ဆိုကြ၏။

ထိုသို့ဖြင့် နှစ်ပေါင်း ၈၀ အတွင်း။

ဂွမ် အိမ်တော်က လက်ရှိ တောင်ကိုရီးယားကို ထောက်ကန်ပေးထားသည့် ထိပ်တန်းလုပ်ငန်းစုကြီးများ၏ မိခင်ဖြစ်လာခဲ့ပြီး၊ နိုင်ငံ၏ အရိပ်အဖြစ် နေရာယူခဲ့သည်။

ဥက္ကဋ္ဌဂွမ်က တစ်ခေတ်တစ်ခါတွင် ဗဟိုထောက်လှမ်းရေးဌာန၏ မြေနေရာကို ရက်ရက်ရောရော ပေးလှူခဲ့ကာ သူ၏ အမဲလိုက်ခွေးများကို ညှဉ်းပန်းနှိပ်စက်ရေး အကြံပေးများအဖြစ် ငှားရမ်းခဲ့သည်ဟူသော ဇာတ်လမ်းမှာ ကျော်ကြားလှသော ဖြစ်ရပ်မှန်တစ်ခုပင်။

ထို့နောက် ကမ္ဘာကြီး ပြောင်းလဲသွားပြီး ဗဟိုထောက်လှမ်းရေးဌာနက အမျိုးသားလုံခြုံရေးစီမံကိန်းအဖွဲ့ ဖြစ်လာရာမှ တစ်ဖန် အမျိုးသားထောက်လှမ်းရေးအဖြစ် အသွင်ပြောင်းသွားစဉ်အတွင်း ထိုနေရာမှ ထွက်လာသော အမဲလိုက်ခွေးများက လူမသိသော သမ္မတ၏ တိုက်ရိုက်လက်အောက်ခံ လျှို့ဝှက်အဖွဲ့အစည်းများ ဖြစ်လာခဲ့ကာ ညစ်ပတ်သော နောက်ကွယ်မှ ကိစ္စရပ်များကို ရှင်းလင်းပေးသည့် အုပ်စုအဖြစ် မျိုးဆက်အလိုက် ခိုင်မာစွာ အမြစ်တွယ်လာခဲ့သည်။

သမ္မတက မည်မျှပင် ထက်မြက်ပါစေ သူတို့နှင့် ပတ်သက်မိပါက အားနည်းချက် အဖမ်းခံရမြဲဖြစ်ပြီး၊ ဥက္ကဋ္ဌဂွမ်က ထိုကဲ့သို့သော ညစ်ညမ်းသည့်အကွက်များကို ရွက်ထည်ကားချပ်ပမာ သဘောထားကာ အေးအေးလူလူ ခံစားပျော်မွေ့တတ်သည့် အဘိုးကြီးပင်။

သူက အစုရှယ်ယာရှင်ကြီး နေရာကို စစ်တုရင်ရုပ်များကဲ့သို့ စုပုံထားသော်လည်း အပြင်လောကသို့ လုံးဝ မျက်နှာပြခြင်း မရှိခဲ့။ သူကိုယ်တိုင် တည်ဆောက်ခဲ့သည့် ဤအိမ်ကြီးအတွင်း၌သာ အေးချမ်းစွာ နေထိုင်ခဲ့သည်။

ရာစုတစ်ခုနီးပါး ဆက်လက်တည်ရှိနေသော ဂွမ် အိမ်တော်၏ သြဇာအာဏာက အချိန်ကြာလာသည်နှင့်အမျှ ပို၍ခိုင်မာလာခဲ့ရာ ယင်း၏ ဗဟိုချက်တွင် ဖောင်ဒေးရှင်းလုပ်ငန်းများ ရှိလာ၏။

ဥက္ကဋ္ဌဂွမ်၏ အခြေခံဇာစ်မြစ်က ငွေတိုးချေးစားခြင်းဖြစ်ပြီး ထို့ကြောင့်ပင် ညစ်ပတ်သော အလုပ်များ လုပ်ရခြင်းကိုလည်း ဗီဇအရ နှစ်သက်ပေသည်။ သို့သော် နောက်ကွယ်တွင်မူ မည်သူ့ထက်မဆို ထိပ်သီးပညာတတ်များ မွေးထုတ်ပေးရန် စိတ်အားထက်သန်ခဲ့၏။

နွားခြေရာခွက်ပမာ ဤအိမ်ရာကို ကျော်လွန်ပြီး အပြင်လောကအထိ သူ၏အာဏာကို စီးဆင်းစေလိုသော ရည်မှန်းချက်ကြောင့်ပင်။

ဆင်းရဲသော်လည်း ပါရမီထူးသည့် ကလေးများကို ငယ်စဉ်ကတည်းက ထောက်ပံ့ပေးကာ ပညာသင်ကြားမှု မပြတ်တောက်စေရန် ဖန်တီးပေးခဲ့ပြီး၊ အရွယ်ရောက်၍ လူမှုပတ်ဝန်းကျင်သို့ ပထမဆုံး ခြေလှမ်းလှမ်းပြီးချိန်တွင်လည်း မယိုင်လဲသော နောက်ခံအင်အားအဖြစ် အမြဲတစေ ရပ်တည်ပေးခဲ့သည်။

ရလဒ်အနေနှင့် ထက်မြက်သော ဦးနှောက်၊ မြင့်မားသော ပညာအရည်အချင်းနှင့် ကြောက်မက်ဖွယ် နောက်ခံအင်အားတို့ဖြင့် ဖွဲ့စည်းထားသော ဂွမ် အိမ်တော်မှ ပညာတော်သင်များက လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် အားကစား အစရှိသော နယ်ပယ်အသီးသီးတွင် ထိပ်တန်းမှ နေရာယူထားကြခြင်းမှာ အံ့သြစရာမဟုတ်ပေ။

နှပ်ချေးတွဲလောင်းအရွယ်မှစ၍ နိုင်ငံခြားပညာသင်စရိတ်အထိ အကုန်အစင် ထောက်ပံ့ပေးခဲ့သော ဂွမ် အိမ်တော်၏ ပံ့ပိုးမှုက မိဘများထက်ပင် ပို၍ စိတ်ရောကိုယ်ပါ နှစ်မြှုပ်မှုရှိ၏။

ပင်လယ်ထက် ကြီးမားသော ကျေးဇူးတရားများကို ခံယူကာ ကြီးပြင်းလာခဲ့သည့် ကျောင်းသားများက မိမိကိုယ်ကိုယ် ဂွမ် အိမ်တော်၏ အဖွဲ့ဝင် တစ်စိတ်တစ်ပိုင်းအဖြစ် ခံယူထားကြကာ တောင်းဆိုစရာမလိုဘဲ သစ္စာခံကြလေသည်။

ဂျိုဂယောင်းချွန်းသည်လည်း ထိုသူများအနက် တစ်ဦးပင်။

“ဆေးရုံအုပ် ဂျို၊ ဒီတစ်ခေါက် ကိစ္စအတွက်တော့ အားနာပါရဲ့။”

“......မဟုတ်တာဗျာ၊ မဟုတ်တာပဲ ဒါရိုက်တာကြီးရယ်။ ကျွန်တော်ကသာ အားနာရမှာပါ။ ဟွမ်ဂျိုယွန်းက အဲ့ဒီလောက်အထိ ဆူဆူပူပူ လုပ်မဲ့ကောင်မှန်း ကျွန်တော်လည်း မသိခဲ့ပါဘူး။”

“ဒါပေမဲ့ တော်တော်လေး တန်ဖိုးထားရတဲ့ တပည့်ဆိုပြီး ကြားထားလို့လေ။”

“အရေးမကြီးပါဘူး။ တစ်ချိန်ချိန်မှာ အသုံးဝင်လာမလားလို့ ကျွန်တော်လည်း ဒီဘက် နယ်ပယ်မှာ နည်းနည်း ပျိုးထောင်ကြည့်နေရုံပါပဲ။”

ဘွဲ့ကြိုကျောင်းသားဘဝတွင် ဟွမ်ဂျိုယွန်း တိုးတိုးတိတ်တိတ် မူးယစ်ဆေး ခိုးစိုက်ရင်း ဖမ်းမိခဲ့စဉ်က ဂျိုဂယောင်းချွန်းတစ်ယောက် ဤကောင်ကို စိတ်ထဲ၌ မှတ်ထားခဲ့သည်။

ရာဇဝတ်ဒဏ် မသင့်အောင်အထိ တားဆီးပေးပြီး အမြတ်တနိုး ပျိုးထောင်ကာ ဟွာအီဒိုသို့ ခေါ်လာရသည့် အကြောင်းရင်းမှာလည်း မူးယစ်ဆေးခင်းကို တာဝန်ပေးရန်အတွက်ပင် ဖြစ်သော်လည်း......

သူ၏ မဆင်မခြင်လုပ်ရပ်ကြောင့် အားလုံး ရေစုန်မျောခဲ့ရပေပြီ။ ဒါရိုက်တာဂွမ်၏ လူကိုမှ သွားထိရသတဲ့လား။ ဂျိုဂယောင်းချွန်းတစ်ယောက် ထိုသတင်း ကြားသည်နှင့် ချက်ချင်းပင် သူ့ကို အဆက်အသွယ်ဖြတ်ပစ်လိုက်၏။

“အဲ့ဒီအလုပ်ရော အဆင်ပြေရဲ့လားဗျ။”

ဂွမ်ဂီဆော့ စကားစလိုက်သည်။

ဥက္ကဋ္ဌဂွမ် သေဆုံးပြီးနောက်တွင် ဂွမ် အိမ်တော်ကို ဆက်ခံခဲ့သော ဂွမ်ဂီဆော့၏ ဖခင်က ကာလရှည်ကြာ ကျင့်သုံးခဲ့သော အိမ်တွင်းထုံးစံကို ဖောက်ဖျက်ကာ အပြင်လောကသို့ ခြေဆန့်ခဲ့၏။ ထို့နောက် ထိုအချိန်က ယိုင်နဲ့နေသော ဆူဂုဆေးဝါးလုပ်ငန်းကို အရင်ဆုံး သိမ်းပိုက်လိုက်သည်။

“ဟုတ်ကဲ့၊ အခက်အခဲမရှိ တိုးတက်နေပါတယ်။”

“အဲ့ဒီ ရှားပါးပင်အကြောင်း သိတဲ့သူ တစ်ယောက်မှ ရှိလို့မဖြစ်ဘူးနော်။”

“......မှတ်သားထားပါ့မယ်။”

ဂျိုဂယောင်းချွန်းက လက်ဖက်ရည်ခွက်ကို ကိုင်ရင်း ခေါင်းကို ပို၍ငုံ့လိုက်သည်။ သူ၏ခေါင်းထဲတွင် ဖျတ်ခနဲ ဖြတ်ပြေးသွားသည့် လူတစ်ယောက်ရှိသော်လည်း အတင်းပင် အတွေးကို ဖျောက်ဖျက်လိုက်၏။

သုတေသန တိုးတက်လာလေ၊ နဂိုရှိရင်းစွဲ သုတေသီများ ပျောက်ကွယ်သွားလေပင်။ အမှားအယွင်းမရှိ နှုတ်ပိတ်လိုသည့် ဂွမ်ဂီဆော့၏ စေ့စပ်သေချာမှုကြောင့်ဖြစ်သည်။ ဂျိုဂယောင်းချွန်း၏ ကျောပြင်တွင် ချွေးစေးများ ထွက်လာတော့၏။

“ဟွာအီဒိုက အရမ်းအရေးကြီးတဲ့ မြေပါ။”

မျိုးရိုးစဉ်ဆက် ဟွာအီဒိုကျွန်း၏ မြေအများစုက ဂွမ် အိမ်တော် ပိုင်ဆိုင်သည့် မြေများဖြစ်ရာ သူတို့၏ အာဏာမသက်ရောက်သည့်နေရာဟူ၍ ထိုကျွန်း၏ မည်သည့်နေရာတွင်မှ မရှိပေ။

ဟွာအီဒိုကျွန်းတစ်ခုလုံးက ဂွမ် အိမ်တော်၏ အသုံးဝင်သော အမှိုက်ဖျက်ဆီးရေးကွင်းနှင့် လျှို့ဝှက်ဖန်လုံအိမ်ကြီးလိုပင်။

“လောလောဆယ်တော့ ‘ဟွာအီဒုမ်း’ ပရောဂျက်ကို ရအောင်ယူထားလိုက်ပါ။”

ထိုစကားအပေါ် ဂျိုဂယောင်းချွန်း ဖြေရမည့် အဖြေမှာ သတ်မှတ်ပြီးသားဖြစ်သည်။

~~~~

“ဒီအတောအတွင်း အဲ့ဒီလို ပုံစံမျိုးပဲလား။ ထောက်ပံ့ပေးမှာမို့လို့ ဝတ္တရားကိုပဲ ကျေအောင်လုပ်ဆိုတာမျိုး။”

ဂွမ်ချယ်ဝူက တင်းမာနေသော မျက်နှာဖြင့် အီယွန်း၏ လက်ဖဝါးလေးကို ဆုပ်နယ်ပေးနေသည်။

တခြားကြောင့်မဟုတ်ဘဲ ယခု အီယွန်း၏ မျက်နှာက အစာမကြေဖြစ်နေသူလို ဖြူရော်နေသောကြောင့်ပင်။ ဂွမ်ချယ်ဝူက သူ့လက်ဖဝါးလေးကို ဖိပြီးနှိပ်နယ်ပေးနေ၏။

“အီယွန်းက အဲ့ဒီလို စကားမျိုးကို ဒီအတိုင်း ငြိမ်ခံနေခဲ့တာလား။”

ဖုန်းထဲမှ ကြားလိုက်ရသော အသံကို ပြန်တွေးလေလေ စိတ်ထဲတွင် ပို၍ ခံရခက်လာလေပင်။ ဂွမ်ဂီဆော့က အလုပ်ရှင်လည်း မဟုတ်ပါဘဲ အမိန့်နာခံနေသကဲ့သို့ ခေါင်းငုံ့ခံနေရှာသော အီယွန်း၏ ပုံစံလေးက သူ့ရင်ကို ဆစ်ခနဲ နာကျင်စေ၏။

“......ဒါပေမဲ့လည်း အတင်းအကျပ် ရောက်လာတာမျိုးတော့ မရှိဖူးပါဘူး။ ဖုန်းကလည်း သုံးလမှာ တစ်ခါလောက်ပါပဲ။ ဂွမ်ချယ်ဝူ စိုးရိမ်ရလောက်အောင် ပြင်းထန်တဲ့ ကိစ္စမျိုး မဟုတ်ပါဘူး။”

ထိုလူက မျက်နှာကို လက်ဖြင့်သပ်ရင်း သက်ပြင်းအရှည်ကြီး ချလိုက်သည်။

“ဒါတွေအားလုံး ကိုယ်က အသုံးမကျတဲ့ လူမမာအခြေအနေမို့လို့ ဖြစ်ရတာပဲပေါ့။”

“......ရှင်။”

“ယောက်ျားဖြစ်တဲ့ ကိုယ်က ဒီလိုပုံစံမို့လို့ မိန်းမပါ အထင်သေးခံရတာ။ ကိုယ့်အပြစ်တွေပါ။ ကိုယ်က လင်ယောက်ျားတစ်ယောက်ရဲ့ တာဝန်ကို ကောင်းကောင်း မထမ်းဆောင်နိုင်ခဲ့ဘူး။ တောင်းပန်ပါတယ် အီယွန်းရယ်။”

“......”

ထိုစကားကို ကြားရသည်တွင် ထူးဆန်းစွာပင် ရင်ထဲ၌ စူးခနဲ ဖြစ်သွား၏။ သူ၏ တောင်းပန်မှုကို ခံယူရသည်မှာ အလွန်ပင် မျက်နှာပူစရာကောင်းလှသည်။

“ဒီလိုအိမ်မျိုးမှန်း သိခဲ့ရဲ့လား။”

“......စကတည်းက သိခဲ့တာတော့ မဟုတ်ပါဘူး။”

အီယွန်းတစ်ယောက် အကြောင်းမဲ့ အကြည့်လွှဲရင်း လည်ပင်းကို ပွတ်သပ်နေမိသည်။

“ဒါဆို၊ အရင်ယောက်ျားက မိသားစုအကြောင်းတွေ ဖုံးကွယ်ပြီး ချဉ်းကပ်ခဲ့တာလား။ ငွေပေါပေမဲ့ ယဉ်ကျေးမှုမရှိတဲ့ အစ်ကိုအကြောင်းတို့ ဘာတို့လေ။ တစ်ခုကို ကြည့်ရင် အကုန်လုံးကို သိနိုင်တယ်ဆိုသလို အဲ့ဒီကောင်ရဲ့ စကားပြောပုံကို ကြည့်ရုံနဲ့ မိသားစုဝင်တွေက ဘယ်လိုလူတွေမှန်း အထင်သား မြင်နေရပြီ။”

“......”

“သာမန် ပြဿနာရှာတတ်တဲ့အိမ်မျိုး မဟုတ်တဲ့ပုံပဲ။”

ဂွမ်ချယ်ဝူက မျက်လုံးကိုကျုံ့ကာ သူ၏ အတိတ်ကို သံသယဝင်နေ၏။

“တကယ်ပဲ လှည့်စားခံရပြီး လက်ထပ်ခဲ့တာ မဟုတ်ပါဘူးနော်။”

“မ၊ မဟုတ်ပါဘူး......”

အီယွန်းက သူ၏ သံသယကို မြန်မြန်ဖုံးကွယ်လိုသည်။

“ကျွန်မတို့က မြန်မြန်အတူနေလိုက်ကြတာဆိုတော့ တစ်ယောက်မိသားစုအကြောင်းတစ်ယောက် သိပ်မသိခဲ့ကြဘူးရှင့်။ ကျွန်၊ ကျွန်မကလည်း မိသားစုအကြောင်းကို အရင် စကားမစမိခဲ့လို့ပါ......”

သူ့စကားကို ငြိမ်သက်စွာ နားထောင်နေသော လူက နီရဲနေပြီဖြစ်သော အီယွန်း၏ လက်ဖဝါးကို အသာအယာ ပွတ်သပ်ပေးနေသည်။

သူ ခေါင်းငုံ့လိုက်သောအခါ ပြောင်လက်နေသည့် ရှေ့ဆံပင်များက မျက်လုံးကို အနည်းငယ် ဖုံးအုပ်သွား၏။ ထိုမျက်နှာက ဘာကြောင့်မှန်းမသိ ညှိုးငယ်နေသလိုပင်။

“အီယွန်းအပေါ် အကြွေးအများကြီး တင်နေသလို ခံစားရတယ်။”

“......ဘာဖြစ်လို့လဲ။”

“ကိုယ့်ကြောင့် နဂိုကအတိုင်းဆိုရင် ခံစားစရာမလိုတဲ့ ဒုက္ခတွေကို တစ်ယောက်တည်း ရင်ဆိုင်နေရသလိုမျိုး ဖြစ်နေလို့။”

သူက အီယွန်း၏ လက်ဖမိုးလေးပေါ်သို့ သူ၏ နဖူးကို အသာတင်ခဲ့သည်။ လေးလံသော ဝင်သက်ထွက်သက်က အရေပြားပေါ်သို့ ပူနွေးစွာ စိမ့်ဝင်သွား၏။

သေချာစဉ်းစားကြည့်လျှင် ဂွမ်ချယ်ဝူ ပြောသည့်အတိုင်းပင်။ တရားခံအစစ်က ဘယ်ရောက်သွားမှန်းမသိဘဲ အပြစ်မဲ့သော အီယွန်းက အကုန်လုံးကို ခါစည်းခံထားရခြင်း ဖြစ်၍။ ကျိန်းသေပေါက် သူ ဆိုလိုသည့် အဓိပ္ပာယ်က အခြားတစ်ခု ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ရယ်စရာကောင်းစွာပင် အီယွန်း၏ မျက်တောင်များ တုန်ယင်သွားရသည်။ ရင်ထဲမှ ဝမ်းနည်းမှုက ဒီရေလို တက်လာတော့၏။

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment