အပိုင်း ၅၉
“မဖြစ်ပါဘူး။”
စိတ်လှုပ်ရှားနေသဖြင့် မတွေးမဆဘဲ စကားများက လွှတ်ခနဲ ထွက်လာသည်။
ထိုစဉ် အိမ်ရှေ့တံခါး ပွင့်လာပြီး သပ်သပ်ရပ်ရပ် အဝတ်အစားနှင့်ရှိနေသော ဂွမ်ချယ်ဝူက အီယွန်းကို ချက်ချင်း လှမ်းရှာကာ အကြည့်ချင်း ဆုံအောင်ကြည့်လာ၏။
မကောင်းမှုတစ်ခုခု လုပ်နေစဉ် မိသွားခြင်းမျိုး မဟုတ်ပါဘဲနှင့် ထူးဆန်းစွာပင် ရင်ခုန်သံများ မြန်လာရသည်။ အီယွန်းတစ်ယောက် ကြိတ်ပြီး ဂနာမငြိမ် ဖြစ်နေစဉ်အတွင်း ထိုလူက ဤဘက်သို့ အေးအေးလူလူ လျှောက်လာ၏။
တစ်ဖက်တွင် ဂျူဒုံမီ၏ မျက်နှာထက်၌ နောက်ဆုံးတော့ သားကောင်ကို ရှာတွေ့ပြီဟူသော အသွင်ဖြင့် ဝမ်းသာအားရဖြစ်သွားသည်။
“မင်္ဂလာပါရှင့်။ အဲ့ဒီဘက်နဲ့ ပြောစရာကိစ္စရှိလို့ လာခဲ့တာပါ။”
ဂျူဒုံမီ၏ မျက်ဝန်းထဲတွင် ပြင်းပြသော လောဘနှင့် အမည်မဖော်နိုင်သော ပင်ပန်းနွမ်းနယ်မှုတို့ ကိန်းအောင်းနေ၏။
သို့သော်လည်း ဂွမ်ချယ်ဝူကမူ မျက်နှာသေဖြင့် တစ်ချက်မျှသာ ခပ်စောင်းစောင်း ကြည့်လိုက်ကာ ဘာမှ ပြန်မပြောခဲ့ပေ။ ထိုသို့ အတိအလင်း လျစ်လျူရှုခြင်းခံလိုက်ရသဖြင့် အားနာမိသွားသူက အီယွန်းသာ။
အီယွန်း လက်ဖဝါးကို ဆုပ်လိုက်၊ ဖြန့်လိုက်လုပ်ရင်း ပါးစပ်ဟကာ စကားပြောရန် ပြင်လိုက်သည့် ခဏမှာပင် ထိုလူ၏ ကိုယ်သင်းနံ့က ရုတ်တရက် နီးကပ်လာသည်။
“နေမကောင်းဘဲနဲ့ ဘာလို့ အပြင်ထွက်နေရတာလဲ။”
သူက အိမ်ထဲမှ ယူလာသော ကာဒီဂန်ကို အီယွန်း၏ ပုခုံးပေါ်သို့ ခြုံပေးကာ ကြမ်းတမ်းပူနွေးသော လက်ဖဝါးဖြင့် အီယွန်း၏ လည်တိုင်ကို အသာလေး ပွတ်သပ်ခဲ့သည်။ ဤသည်မှာ ထိုထက်ပိုသော ကိစ္စများအထိ လုပ်ဖူးသူများသာ သိရှိနိုင်သော အကျွမ်းတဝင်ရှိသည့် ထိတွေ့မှုမျိုးပင်။ ထိုသို့ သေးငယ်သော်လည်း နက်ရှိုင်းသော ထိတွေ့မှုကြောင့် အီယွန်း၏ ခါးလေး ဆတ်ခနဲ မတ်သွားရ၏။
“ဆေးရုံအုပ်ကြီး၊ ဘယ်နားက နေမကောင်းလို့လဲဟင်။”
“မ၊ မဟုတ်ပါဘူး။ အဲ့ဒါထက် ပြောစရာကိစ္စ ဆိုတာက……”
အီယွန်း အိုးတိုးအမ်းတမ်းနှင့် ပြုံးလိုက်ရာ ဂျူဒုံမီက သတိရသွားဟန်ဖြင့် လိပ်စာကတ်ကို ကမ်းပေးလာသည်။
“ပြန်မိတ်ဆက်ပါရစေ။ ကျွန်မက တောရိုင်းတိရစ္ဆာန် ကယ်ဆယ်ရေးစင်တာရဲ့ နို့တိုက်သတ္တဝါအဖွဲ့မှာ အလုပ်လုပ်နေတဲ့ ဂျူဒုံမီပါရှင့်။”
သူ၏ မွတ်သိပ်နေသော အကြည့်တို့က ဂွမ်ချယ်ဝူထံသို့ စူးစိုက်ကျရောက်သွားသည်။
“Scout လုပ်ချင်လို့ လာရှာတာပါ။”
ထင်မှတ်မထားသော စကားကြောင့် အီယွန်း၏ မျက်လုံးများ ဝိုင်းစက်သွားတော့သည်။ တံတောင်ဖြင့် ဂွမ်ချယ်ဝူ၏ နံဘေးကို မသိမသာ တွတ်လိုက်တော့မှ သူက မတတ်သာဘဲ လိပ်စာကတ်ကို လက်ခံခဲ့၏။ သို့သော်လည်း ထိုလူ၏ အကြည့်က မြေပြင်ပေါ်မှ သစ်ရွက်ခြောက်ကို ကြည့်နေသကဲ့သို့ အေးစက်လျက်။
“ပြီးခဲ့တဲ့ ဂုဏ်ပြုပွဲတုန်းက ပြောမလို့ကို။ အဲ့ဒီတုန်းကတော့ နားမထောင်ခဲ့ဘူးဆိုပေမဲ့။”
မိမိက အရန်လူတစ်ယောက်လို ဆက်ဆံခံခဲ့ရသည့် ထိုစဉ်ကအကြောင်းကို ပြန်တွေးမိပြီး ဂျူဒုံမီက မေးစေ့အောက်တစ်နေရာကို ကုတ်နေသည်။
“ကျွန်မတို့နဲ့ အလုပ်လုပ်ဖို့ စိတ်မဝင်စားဘူးလားရှင့်။”
ဂျူဒုံမီတစ်ယောက် သူ့စကားကို တစ်စက်ကလေးမျှ နားမယောင်သော ထိုလူကိုကြည့်ရင်း စိတ်မရှည်ဖြစ်လာသည်။ သူ၏ အကြည့်များက နူးညံ့အေးချမ်းပြီး လှပသော ဆေးရုံအုပ် ဆိုအီယွန်းထံသို့သာ အလုံးအရင်း ကျရောက်နေ၏။ မျက်တောင်လေးများကို တစ်ပင်ချင်းစီ ရေတွက်တော့မည့်အလား မလှုပ်မယှက် စိုက်ကြည့်နေသည်မှာ ကြောက်စရာပင်ကောင်းလှသည်။
တစ်ချက် မျက်မှောင်ကြုတ်လိုက်သော ဂျူဒုံမီက ထူးဆန်းသော ထိုအာရုံစိုက်မှုကိုကြည့်ရင်း သတ္တိမွေးကာ ဆက်ပြောလိုက်၏။
“အဲ့ဒီ ခွန်အား၊ လျင်မြန်မှု၊ ဖြတ်ထိုးဉာဏ်၊ အကုန်လုံးကို သဘောကျမိလို့ပါ။”
တကယ် မြင်မြင်ချင်း လောဘတက်မိသွားခြင်းပင်။ အစပိုင်းတွင် ပုဂ္ဂိုလ်ရေးအရ စိတ်ဝင်စားမှု ပါနိုင်သော်လည်း သူ့တွင် မပတ်သက်သင့်သော လူအပေါ် စွဲလမ်းတတ်သည့် အကျင့် မရှိပေ။
ထိုလူက သေးငယ်သော အမျိုးသမီးလေးထံတွင် စိတ်ဝိညာဉ်ပါ လွင့်ထွက်နေသည်မှာ တွေ့တိုင်း သက်သေပြနေသလို ဖြစ်နေသောကြောင့်ပင်။
‘နောက်ပြီး အဲ့ဒါကလည်း……’
ဂျူဒုံမီ စိတ်ထဲမှ စုတ်တစ်ချက်သပ်လိုက်သည်။
အသားကို ကိုက်ဖဲ့ရလျှင်ပင် တစ်ကြိမ်ကိုက်ပြီးပါက ဘယ်တော့မှ ပြန်မလွှတ်တတ်သော ‘ဒိုဆာ’ ခွေးမျိုးစိတ်၏ ဗီဇမျိုးပင်။ စူးစိုက်နေသည့် ထိုအကြည့်ကိုသာ ကြည့်ပေတော့။ အရောင်တလက်လက်နှင့် သတ်ဖြတ်လိုစိတ်များ စိမ့်ထွက်နေသည်မှာ တစ်ခုခုမှားသွားလျှင် အကုန်ဇာတ်သိမ်းသွားနိုင်သည်။
ကွင်းဆင်း အလုပ် လုပ်ကိုင်ရင်း တိရစ္ဆာန်ပေါင်းစုံ အကိုက်ခံခဲ့ရဖူးသော ဂျူဒုံမီအတွက်မူ ဦးနှောက်ထက် အလိုအလျောက်သိစိတ်က အရင်ဦးဆောင်နေ၏။
သို့သော်လည်း….
အသက် ၂၄ နှစ်ကတည်းက စင်တာ၌ အလုပ်ဝင်ခဲ့ကာ ၈ နှစ်ကြာသည်အထိ အငယ်ဆုံးအဆင့်တွင်သာ ရှိနေသော မိမိ၏နေရာကို ထိုလူအား လွှဲပေးလိုသည်။
တောင်ကုန်း များပြားပြီး တောရိုင်းတိရစ္ဆာန် ပေါများလှသော ဟွာအီဒိုကျွန်းအတွက် လူအင်အားက အလွန်အမင်း နည်းပါးလှသောကြောင့်ပင်။ ဟွာအီဒိုကျွန်းတွင် နေထိုင်သောလူ။ ဟင့်အင်း၊ အတိအကျပြောရလျှင် ကျွန်းပေါ်တွင်နေပြီး လောလောဆယ် အလုပ်မရှိသေးသော၊ ခွန်အားဗလကောင်းသော၊ လူငယ်တစ်ယောက်……
ဒါက ဘယ်လောက် အဖိုးတန်တဲ့ လူသားအရင်းအမြစ်လဲ။
တစ်ချိန်အရောက်တွင် စင်တာမှလူများက မိမိ၏ ဂျူနီယာကို ရှာဖွေရန် အပတ်တကုတ် ကြိုးစားကြပြီး ယင်းတို့အနက်တွင် ဂျူဒုံမီက အသည်းအသန် အဖြစ်ဆုံးပင်။
“အခြေခံ သင်တန်းတက်တာတို့၊ လက်မှတ်ယူတာတို့ လုပ်ရမှာဆိုပေမဲ့ အဲ့ဒါတွေကို ကျွန်မ အကုန်ကူညီပေးပါ့မယ်။ ပြီးခဲ့တဲ့တစ်ခေါက်လို ပုဆိန်ဖြစ်ဖြစ်၊ တိုင်လေးတွေပဲဖြစ်ဖြစ် ကိုင်ပြီး လိုက်လာပေးရင်တောင် အဆင်ပြေပါတယ်။ အဲ့ဒီ လက်မောင်းကြီးတွေကိုပဲ ယူလာပေးရင် ရပါပြီ။ အဲ့ဒီလိုဆို ဒီစီနီယာက အကုန်စီစဉ်ပေးမှာပါ။ အဲ့ဒါကြောင့် ဒီတိုင်းပဲ……”
သိက္ခာကျမတတ် တောင်းပန်အံ့ဆဲဆဲတွင် ဂျူဒုံမီ၏ မြင်ကွင်းထဲသို့ အီယွန်း ဝင်လာသည်။ နွားပေါက်လေးလို ယဉ်ပါးသော မျက်လုံးဝိုင်းလေးများဖြင့် သူ့စကားကို အာရုံစိုက်နားထောင်ပေးနေသည့် တစ်ဦးတည်းသောသူ။
ဂျူဒုံမီ၏ လျှာက အေးခဲသွားတော့သည်။
နှစ်ယောက်သားကြားက မသင်္ကာဖွယ် အငွေ့အသက်ကို ပြန်လည်သုံးသပ်ကြည့်ပြီးနောက် သူက သွားစွယ်လေးပေါ်အောင် ပြုံးလိုက်၏။
“ဆေးရုံအုပ်ကြီး၊ ယောက်ျားတစ်ယောက်က ဘယ်လိုအချိန်မှာ အမိမိုက်ဆုံးလို့ထင်လဲဟင်။”
“……ကျွန်မကလား။”
ရုတ်တရက် အမေးခံလိုက်ရသဖြင့် ကြောင်သွားသော အီယွန်းက လက်ညှိုးလေးဖြင့် မိမိကိုယ်ကိုယ် ပြန်ညွှန်လိုက်သည်။
“ဟုတ်ကဲ့၊ အခုခေတ်မှာ မိသားစုကို အလေးထားတဲ့ ယောက်ျားတွေ ခေတ်စားနေတာမှန်ပေမဲ့ အဲ့ဒါက အလုပ်လက်မဲ့ဖြစ်နေတာကို ဆိုလိုတာမဟုတ်ဘူးလေ။”
“ဒါပေါ့ရှင့်။”
အီယွန်း ခေါင်းညိတ်လိုက်သည်။
“ပြီးတော့ ပိုက်ဆံ အများကြီး ရှာနိုင်ရင်တောင် အဲ့ဒါက တရားမဝင်တဲ့ အလုပ်မျိုးဆိုရင်လည်း ခက်တယ်မဟုတ်လား။”
အီယွန်းက နောက်တစ်ကြိမ် ခေါင်းကို အားရပါးရ ညိတ်လိုက်ပြန်သည်။
“ဖြစ်နိုင်ရင် ကောင်းရာကောင်းကြောင်းအလုပ်ကို တာဝန်သိစိတ်နဲ့ လုပ်နေတဲ့ လူဆိုရင် ဘာမဆို ပေးချင်စရာဖြစ်နေမှာ မဟုတ်ဘူးလား။”
“အိုး……”
အီယွန်း တစ်ခုခုကို နားလည်သွားသည့်အလား အလေးအနက် အံ့ဩမှင်တက်သွားချိန်တွင် ဂွမ်ချယ်ဝူ၏ မျက်နှာထားက ပြောင်းလဲသွားသည်။ အီယွန်းထံ၌သာ ရှိနေသော အကြည့်ကိုခွာကာ ဂျူဒုံမီကို စူးစူးရှရှ စိုက်ကြည့်လာ၏။ ထိုမျှလောက်သော အပြောင်းအလဲလေးတစ်ခုတည်းနှင့်ပင် ပတ်ဝန်းကျင်အငွေ့အသက်က ရေခဲပြင်လို အေးစက်မာကျောသွားလေသည်။
‘ငါ အဲ့ဒီဟာလေးကို ဂျူနီယာအဖြစ် ခိုင်းစားလို့ရလောက်ပါ့မလား။’
ခေတ္တ ထိုသို့သော နောင်တစိတ် ဝင်လာသော်လည်း ဂျူဒုံမီက စိန်ခေါ်သလို နောက်ဆုံးလက်ကျန် သပ်ကို ထပ်မံရိုက်သွင်းလိုက်သည်။
“အဲ့ဒါက အချစ်ခံရတဲ့ ယောက်ျားတစ်ယောက်ရဲ့ အခြေခံပဲမဟုတ်လား။ ညဘက်မှာပဲ သန်စွမ်းတဲ့ ယောက်ျားက အကြည့်ခံရုံလောက်ပဲရှိပေမဲ့ နေ့ဘက်မှာပါ တော်တဲ့ယောက်ျားကတော့ ဇနီးသည်ရဲ့ လေးစားမှုကို ခံရမှာပါ။”
သို့သော်လည်း ချက်ချင်း တုံ့ပြန်လာသူက မျှော်လင့်ထားသည့်လူမဟုတ်ဘဲ အီယွန်း ဖြစ်နေသည်။
“ဒါပေမဲ့ ဂွမ်ချယ်ဝူကလေ။ ခေါင်းက၊ အဲလေ၊ ကျန်းမာရေးက တော်တော်မကောင်းလို့ပါ။”
ဂျူဒုံမီက သူသိချင်နေသော ထိုလူ၏အမည်ကို သိလိုက်ရသော်လည်း ထူးထူးခြားခြား ခံစားချက်မရှိပေ။
“တအား ပြေးလွှားရတာတို့၊ အလေးအပင်တွေ မရတာတို့၊ ဒါမှမဟုတ် အန္တရာယ်ရှိတာတွေ လုပ်ရင်……”
အီယွန်းက ခေါင်းလှည့်ကာ ဂွမ်ချယ်ဝူ၏ မျက်နှာကို ခပ်မြန်မြန် ခိုးကြည့်လိုက်သည်။
“ကျန်းမာရေး ပိုဆိုးသွားမှာ စိုးလို့ပါ။”
ဘဝသစ် စတင်တော့မည့် လူကို ပုဆိန်တို့ ဘာတို့ ပြန်ကိုင်ခိုင်း၍ မဖြစ်ပေ။ မူးယစ်ဆေးခင်း၌ ဂွမ်ချယ်ဝူ၏ ဗီဇကို ထပ်မံမငြင်းပယ်ရန် ဆုံးဖြတ်ခဲ့သော်လည်း ထိုကဲ့သို့သော အရာမျိုးက အရေးပေါ်အခြေအနေများ၌သာ ရှိသင့်ကာ နေ့စဉ်ဘဝကိုပါ ဝါးမျိုသွားမည်ဆိုလျှင် ခက်ပေလိမ့်မည်။
“ပြီးတော့ အဖွဲ့အစည်းနဲ့ နေထိုင်ရတာလည်း ကျွမ်းကျင်မှာမဟုတ်သလို…… လောလောဆယ် ကျွန်မကပဲ အိမ်မှာ အနီးကပ် စောင့်ရှောက်ရမှာကို အားနာလို့ ဘယ်လိုလုပ်မလဲရှင်။”
စိတ်မရှည်တတ်ခြင်း၊ အစွန်းရောက်ခြင်း၊ သူတစ်ပါးစကားကို နားမဝင်ခြင်း စသည့် အားနည်းချက်ဖြစ်စေမည့် စကားလုံးများကိုမူ တတ်နိုင်သမျှ ရှောင်ကြဉ်ပြီး ပြောလိုက်သည်။
သို့သော်လည်း မျက်မှောင်ကြုတ်နေသော ဂွမ်ချယ်ဝူက အီယွန်း၏ ကြင်နာထောက်ထားသော ကာကွယ်ပေးမှုအောက်တွင် မျက်နှာက ပို၍ပင် တင်းမာလာ၏။ တစ်ခုခုကို မကျေနပ်သည့်အလား လက်ပိုက်လိုက်ရင်း ခေါင်းကို ငဲ့စောင်းခဲ့သည်။
တင်းမာနေသော လက်မောင်းကြွက်သားများနှင့် စူးရှသော အကြည့်များက အီယွန်းကို ဖိအားပေးလာ၏။ အီယွန်းလည်း အကြောင်းမဲ့ မိမိ၏ ပါးတစ်ဖက်ကို ပွတ်သပ်နေမိသည်။
“ဘာ၊ ဘာလို့လဲဟင်။”
“ခဏလောက် ဝေခွဲမရဖြစ်သွားလို့ပါ။ အီယွန်းရဲ့ စကပ်နားကို ခိုပြီးနေရတာက တအားကောင်းပေမဲ့….”
အီယွန်း နှုတ်ခမ်းကို တင်းတင်းစေ့ထားရင်း တံတွေးကို ခဲရာခဲဆစ် မျိုချလိုက်သည်။
“ကိုယ့်အပေါ် ဘာမျှော်လင့်ချက်မှ မထားဘူးဆိုတာကတော့ တကယ် စိတ်ပျက်စရာကောင်းလို့။”
“အဲ့ဒါက……”
ရုတ်တရက် သူက အီယွန်း၏ နောက်စေ့ကို ဆွဲယူခဲ့သည်။ အရှေ့တည့်တည့်မှ ဆုံလိုက်ရသော မျက်ဝန်းများတွင် မီးစများ တောက်လောင်နေ၏။
“ကိုယ်က အီယွန်းရဲ့ အာရုံစိုက်မှုကို ရချင်တာ၊ အုပ်ထိန်းစောင့်ရှောက်မှုကို ခံချင်တာ မဟုတ်ဘူးထင်တယ်။”
“……”
တစ်ချက် အသက်ရှူဖို့ပင် မေ့သွားလောက်အောင် ပြင်းထန်သော ဖိအားပေးမှုက လေးနက်လှသည်။ ဂွမ်ချယ်ဝူက ထိုအနေအထားအတိုင်းပင် ဂျူဒုံမီကို အသိပေးလိုက်၏။
“ဇနီးသည်နဲ့ တိုင်ပင်ကြည့်ပြီးမှ ပြန်ဆက်သွယ်လိုက်ပါ့မယ်။”
တစ်ဖန် ဤအိမ်မှ အမြန်ထွက်သွားပေးရန် နှင်ထုတ်လိုက်ခြင်းလည်း ဖြစ်ပေသည်။
ဂယူဘဲ့ထံမှ ‘အလကားစား’ ဟူသည့်စကား ကြားရ၊ ဂွမ်ကီဆော့ထံမှ စီးပွားရေးအရ အနှိမ်ခံရ၊ ယခုလည်း မသိသော မိန်းမတစ်ယောက်ကပါ လာပြီး ရန်စနေ၏။ ထို့အပြင် တစ်ဦးတည်းသော ဇနီးသည်ကလည်း ယခင်ကရော ယခုပါ……
ထိုစဉ် ဂျူဒုံမီက မှင်တက်နေသော မျက်လုံးများဖြင့် နှစ်ယောက်လုံးကို တစ်လှည့်စီ ကြည့်ခဲ့သည်။
“……ဇနီးသည်တဲ့လား။ ဘယ်သူ့ကို ပြောတာလဲဟင်။ မဟုတ်မှ……ဆေးရုံအုပ်ကြီးကိုလား။”
အီယွန်းက ခေါင်းကို တကျွီကျီမြည်မတတ် တောင့်တောင့်ကြီးလှည့်ကာ ဖျစ်ညှစ်ပြုံးပြလိုက်တော့ ဂျူဒုံမီတစ်ယောက် ပါးစပ်အဟောင်းသား ဖြစ်သွားတော့၏။
“အမျိုးသားလားရှင့်။”
ယောက်ျားတန်ဆာအကြောင်း ပြောစဉ်က သဘောကျခဲ့ပြီး ‘လင်မယား’ ဟူသည့် စကားလုံးအောက်တွင်မူ လန့်ဖျပ်ကာ ထခုန်တော့မလိုပင်။ ဂျူဒုံမီ၏ မျက်နှာက တဖြည်းဖြည်း ဖြူဖျော့ကာ တောင့်တင်းသွားသည်ကို အတိုင်းသား မြင်နေရသည်။ အီယွန်းကမူ မဆီမဆိုင် အားနာစိတ်နှင့် မြေပြင်ကိုသာ ခြေထောက်ဖြင့် တတောက်တောက်ပုတ်နေမိ၏။
‘ဆေးရုံအုပ်ကြီးရယ်၊ တကယ်ပဲ ဘာလို့ ဒီလိုလုပ်ရတာလဲ။’
အဲ့၊ အဲ့၊ အဲ့ဒီဟာရဲ့ အကြည့်နဲ့ အပြုအမူတွေက ကြည့်ရုံနဲ့တင် လွယ်တဲ့ကောင် မဟုတ်မှန်း သိသာနေတာကို……
‘နူးညံ့တဲ့သူက နူးညံ့တဲ့သူနဲ့ပဲ တွေ့ရမှာမဟုတ်ဘူးလား။’
သို့သော် ဂျူဒုံမီတွင် လင်မယားကြားထဲဝင်ပြီး သွေးခွဲတတ်သော အကျင့်မရှိသဖြင့် ပုခုံးလေးများ ကိုင်းကျကာ နောက်လှည့် ထွက်ခွာသွားရုံသာ ရှိတော့သည်။
မကြာမီ ခြံတံခါးကြီး ဝေါခနဲ ပိတ်သွားတော့ ခြံထဲတွင် တိတ်ဆိတ်မှုက လွှမ်းမိုးသွား၏။
“အီယွန်း၊ ကိုယ်က အရှက်ရစရာလားဟင်။”
“ရှင်။”
ဧည့်သည် ပျောက်ကွယ်သွားသည်နှင့် ဂွမ်ချယ်ဝူက ပို၍ အတိအလင်း မေးလာသည်။
“ဖြစ်ချင်ဖြစ် အရည်အချင်းလည်းမရှိ၊ အလုပ်လည်းမရှိတဲ့ ကိုယ်က အရှက်ရစရာလို့ပဲ ပြောပေးပါ။ အဲ့ဒါမှမဟုတ်ရင်…”
တစ်နေရာရာက နေမကောင်းဖြစ်နေသည့်အလား မျက်နှာကို ရှုံ့မဲ့ကာ ပြောလာသော သူ၏ ခြိမ်းခြောက်မှုကြောင့် ပါးစပ်ထဲတွင် ခြောက်ကပ်သွားရသည်။
“တခြားအကြောင်းရင်းကို ရိပ်မိသွားရင် ရင်ထဲမှာ အကုန်လုံးထွေးကုန်တော့မှာမို့လို့။”
ဂွမ်ချယ်ဝူက တုန်လှုပ်နေသော အီယွန်း၏ မျက်ဝန်းများကို တစ်စက္ကန့်မျှ အလွတ်မပေးဘဲ အကုန်ဝါးမျိုခဲ့သည်။
အမှန်တရားက တစ်ခုတည်းသာ။ ဆိုအီယွန်းက ယခင်ကရော ယခုပါ သူ့ကို မယုံကြည်ဘူးဟူသည့်အချက်။
“ကိုယ့်ကို ဖုံးကွယ်ထားတာရော၊ ဒီမှာပဲ ပိတ်လှောင်ထားချင်တာရော အကုန်အဆင်ပြေပါတယ်။ ဘာမှ မကန့်ကွက်ဘူး။”
သူက ကျန်နေသော လက်တစ်ဖက်ဖြင့် အီယွန်း၏ နောက်စေ့ကိုဆွဲယူကာ ဆုံးမသလို ခပ်တင်းတင်း ဆုပ်ကိုင်ခဲ့သည်။
“အဲ့ဒီအစား အဲ့ဒီအကြောင်းရင်းက သံယောဇဉ်ကြောင့်ပဲ ဖြစ်သင့်တာပေါ့။ အနည်းဆုံးတော့ ကိုယ့်ကို ယုံကြည်ပေးရမှာပေါ့။ အီယွန်းက ကိုယ့်ကို ရေစပ်နား လွှတ်လိုက်ရင် မကောင်းတဲ့ မိကျောင်းအကြေးခွံတွေ ပေါက်လာမယ် မှတ်နေတာလား။”
“……!”
“မနေ့က ကတိပေးခဲ့တယ်မဟုတ်လား။ ကြိုးစားကြည့်ပါ့မယ်ဆိုပြီး။ ကိုယ့်ဘာသာ စွန့်ပစ်ပြီး၊ ကိုယ့်ဘာသာ မြှုပ်နှံပစ်ပါ့မယ်ဆိုပြီး။ အဲ့ဒီစကားကို အလွယ်ပြောလိုက်တယ်မှတ်နေတာလား။ ဟန်ဆောင်စကားလို့ ထင်နေတာလား။”
အီယွန်းလည်း ယခု ဂွမ်ချယ်ဝူ ဘာကို ထောက်ပြနေကြောင်း သိလိုက်သည်။ မှတ်ဉာဏ်များ ပြန်ရလာမည်ကို၊ အတိတ်ကို ပြန်ရှာတွေ့သွားမည်ကို ကြိုတင်စိုးရိမ်ပြီး ထိုနောက်ပိုင်းကို မယုံကြည်နိုင်ဖြစ်နေသော အီယွန်းကို ဆုံးမနေခြင်းပင်။ သို့သော်လည်း….
‘ဟင့်အင်း၊ အဲ့ဒါမဟုတ်ဘဲ……သဝန်တိုနေတာပါ။’
အီယွန်း နီမြန်းနေသော မျက်နှာလေးဖြင့် ဘောင်းဘီကို ဆုပ်ခြေထားမိသည်။
“ဒီလိုနဲ့ တစ်သက်လုံး စိုးရိမ်စိတ်တွေနဲ့ပဲ ရှင်သန်သွားတော့မှာလား။ အဲ့ဒါကို အချိန်တိုင်း မြင်နေရတဲ့ ခင်ပွန်းဖြစ်သူရဲ့ ရင်ထဲကိုရော။ အီယွန်းက ကိုယ့်စကားရဲ့ အတိမ်အနက်ကို လုံးဝ မသိဘူးထင်တယ်။”
သူက အေးစက်သော မျက်လုံးများဖြင့် အီယွန်းကို အပြစ်တင်ရင်း မျက်မှောင်ကြုတ်လိုက်သည်။
“တကယ်လို့ အတိတ်က ကိုယ် ပြန်လာတယ်ဆိုရင်တောင် ကိုယ်တို့က ဘာလို့ ပြောင်းလဲသွားရမှာလဲ။ ကိုယ်က အီယွန်းအပေါ် ဒီလောက်တောင် စွဲလမ်းပြီး တွယ်ကပ်နေတာကို။ အီယွန်းက ဘာကို ဒီလောက်တောင် ကြောက်နေတာလဲ။”
အောင့်အည်းထားသော ဒေါသများကို ပေါက်ကွဲနေသည့် လူက တစ်ချိန်တည်းမှာပင် ဝမ်းနည်းမှုကိုပါ ပြသလိုက်သည့် အခိုက်အတန့်တွင်။ နှလုံးသားက နင့်ခနဲပြုတ်ကျသွားရသည်။ ထိုသို့သော မျက်နှာကို အရှေ့တည့်တည့်မှ ပြသလာခြင်းမှာ မတရားဘူးဟုပင် တွေးမိသွား၏။
“တောင်းပန်ပါတယ်……”
ပါးပြင်တွင် ရှက်သွေးရိပ်လေးများ ယှက်သန်းနေသော အီယွန်းတစ်ယောက် ချက်ချင်းပင် အော်ပြောလိုက်မိသည်။
“ကျွန်မက သဘောထားသေးသိမ်လို့ပါ……သဘောထားက ပဲငပိအိုးလေးလောက်ပဲရှိလို့ ကျွန်မက သေးသေးသိမ်သိမ် ပြုမူမိတာပါ။”
~~~~
Miel’s Translations
Morning Star website နဲ့ telegram paid group မှာ အပိုင်း ၁၅၃ အထိ ဖတ်လို့ရပါပြီ။
Telegram paid group အတွက် Miel's Translations telegram channel ကနေ ဆက်သွယ်နိုင်ပါတယ်။