အပိုင်း ၄၀
သစ်ပင်တွင် ကြယ်လေးများပမာ ချိတ်ဆွဲထားသော ဖန်မီးအိမ်လေးများထက် ဂွမ်ချယ်ဝူ၏ စူးရှသော မျက်ဝန်းအစုံက ညတာကို ပို၍လင်းလက်တောက်ပစေခဲ့သည်။
အီယွန်း၏ ညအမှောင်ထုကို သူက လင်းလက်စေခဲ့ခြင်းပင်။
အီယွန်း ကြောင်အမ်းအမ်းဖြစ်သွားရာမှ မျက်နှာလေး နီရဲလာပြီးနောက် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်မိသည်။ အနှစ်သာရမရှိသော စကားလေးတစ်ခွန်းကြောင့် တင်းကျပ်နေသည့် စိတ်က ရုတ်တရက် ပြေလျော့သွားရသောကြောင့်ပင်။
“ကျွန်မက သိုက်တူးမ မဟုတ်ပါဘူး……”
“နှမြောစရာပဲ၊ အဲ့ဒီအစား ခပ်ကြမ်းကြမ်းလေးသာ အတူးခံရရင် ကောင်းမှာကို။”
“ဂွမ်ချယ်ဝူက တစ်ပြားမှမရှိတဲ့ လူမွဲလေးပါနော်……”
“ယောက္ခမအိမ်မှာ ပိုက်ဆံအများကြီးရှိတယ်ဆို။”
“……အဲ့ဒီနေရာက ကြောက်၊ ကြောက်စရာကောင်းပါတယ်။”
အီယွန်းက တုန်လှုပ်ချောက်ချားစွာဖြင့် ခေါင်းခါလိုက်သည်။
“ကျွန်မက တကယ်ပဲ အဖတ်ဆယ်မရတဲ့ မိသားစုကနေ လာခဲ့တာပါ……”
လူတို့နှင့် အတတ်နိုင်ဆုံး မပတ်သက်ခြင်းက အကောင်းဆုံးသာ။ မည်သို့ပင်ဖြစ်စေ ဝမ်းကွဲမောင်နှမများ တစ်ခါလောက် လာသောင်းကျန်းပြီးသည်နှင့် လူတိုင်းက သူအနားမှ ထွက်သွားကြမည်ဖြစ်သောကြောင့်ပင်။ နဂိုကတည်းက တစ်ယောက်တည်း သီးသန့်နေခဲ့သလို တံတိုင်းများ အခိုင်အမာ ကာရံထားသည်မှာလည်း ကြာခဲ့ပေပြီ။
သို့ဖြစ်၍လားမသိ၊ ယခုကဲ့သို့ အားကိုးရာမဲ့စွာ ပြိုလဲသွားသော ခံစားချက်က ချောက်ထဲ ပြုတ်ကျသွားခြင်းနှင့်ပင် ဆင်တူနေ၏။
“ကျိန်းသေပေါက် သွေးသားတော်စပ်တဲ့ မိသားစုဆိုပေမဲ့ ကျွန်မတို့ကတော့ အဆုံးအထိ မိသားစုဆိုတဲ့အဓိပ္ပာယ်ကို မဖော်ဆောင်နိုင်ခဲ့ကြပါဘူး။”
“……”
“အိမ်မှာဆိုရင် ကျွန်မကို ‘ဆုန်းယွန်း’ လို့ ခေါ်ကြတယ်ရှင့်။”
“ဆုန်းယွန်းတဲ့လား။”
“ဒီအတိုင်း နာမည်ပြောင်လိုမျိုးပါပဲ။”
‘ဆိုအီယွန်း’ ဆိုသည့် နာမည်ကို ဒေါင်လိုက်ရေးလိုက်လျှင် ‘ဆုန်းယွန်း’ ဟု အဓိပ္ပာယ်ထွက်သည်။
“ဆုန်းယွန်းဆိုတာ ထင်းရှူးသားကို မီးရှို့ရာကနေ ထွက်လာတဲ့ မီးခိုးမှိုင်းကို ပြောတာပါ။”
“……”
“မိသားစုအတွက်တော့ ကျွန်မက ညစ်ပတ်တဲ့ အစွန်းအထင်းတစ်ခုပေါ့။”
ထိုစဉ် ဖောင်းခနဲ အသံနှင့်အတူ ကောင်းကင်ယံထက်တွင် မီးရှူးမီးပန်းများက ပန်းချီကားတစ်ချပ်သဖွယ် ဝေဆာသွားတော့သည်။ အဝေးမှ လူများ၏ လက်ခုပ်သံများကိုလည်း ကြားနေရ၏။ အီယွန်းလည်း ဗလာကျင်းနေသော မျက်ဝန်းအစုံဖြင့် တောက်ပစွာ ကြွေကျလာသော အလင်းတန်းများထံ အာရုံရောက်သွားမိသည်။
‘အဲ့ဒီအလင်းတန်းတွေသာ ငါ့ရဲ့ လွတ်နေတဲ့ ဟာကွက်တွေထဲကို ကြွေကျလာပေးမယ်ဆိုရင်……’
ထိုအခါ ရရာနည်းဖြင့် လက်လွှတ်မခံဘဲ ဆုပ်ကိုင်ထားမိမည်ပင်။
“အခုအထိ အဲ့ဒီလိုပဲ တွေးနေခဲ့တာလား။”
ရုတ်တရက် တည်ငြိမ်အေးစက်သွားသော မျက်ဝန်းများက အီယွန်းထံသို့ ဦးတည်လာသည်။
“မီးခိုးမှိုင်းလို အစွန်းအထင်းတစ်ခုဆိုပြီးတော့လေ၊ ဆိုအီယွန်းက။”
အေးစက်နေသော အကြည့်များက ဘာကြောင့်မှန်းမသိ ရင်ထဲသို့ ထိုးစိုက်သွားသလိုပင်။ တစ်ချိန်တည်းမှာပင် ငြိမ်သက်စွာဖြင့် မိမိကို အားပေးနေသလို အကြည့်များက ရန်စနေသလို ခံစားရသဖြင့် ထူးဆန်းသော မခံချင်စိတ်တို့ နိုးကြွလာ၏။ အီယွန်းကိုယ်တိုင် ရှင်းပြ၍မရသော ခံစားချက်မျိုးပင်။
မှန်တစ်ချပ်အလား ကြည်လင်နေသော ဂွမ်ချယ်ဝူ၏ မျက်ဝန်းများ။
ထိုမျက်ဝန်းထဲ၌ ပေါ်လာသည့်ပုံရိပ်က ‘ဆုန်းယွန်း’ မဟုတ်ပေ။
အေးစက်လှသော မိဘများ၊ ဝမ်းကွဲများ၏ နှောင့်ယှက်မှုများနှင့် လုပ်ငန်းခွင်ထဲမှ စီနီယာ၏ တရစပ် နှိပ်စက်မှုများကြားမှ နောက်ဆုံးတွင် ကိုယ့်နည်းကိုယ့်ဟန်နှင့် ရှင်သန်လာခဲ့သည့် မိန်မက ‘ဆိုအီယွန်း’ ပင်။
အီယွန်း လက်နှစ်ဖက်ကို တင်းတင်းဆုပ်လိုက်မိသည်။
“……ဂွမ်ချယ်ဝူရှင့်၊ အဲ့ဒါသိလားဟင်။ တောမီးလောင်ပြီးတဲ့နောက်မှာတောင် သစ်ပင်တွေကပဲ အရင်ဆုံး တောအုပ်တစ်ခုဖြစ်အောင် ပြန်ဖန်တီးကြတာ။”
“အဲ့ဒီတော့ရော။”
“ကျွန်မက မီးခိုးမှိုင်းဖြစ်ခဲ့ဖူးပေမဲ့ အခုတော့ သစ်ပင်ဆရာဝန်ပါ။”
“……”
“အခု ကျွန်မမှာ ကိုယ်ပိုင် ရှုခင်းတွေ ရှိနေပါပြီ။”
နှာခေါင်းထဲ ဆစ်ခနဲကျဉ်သွားကာ ငိုချင်စိတ်ကြောင့် မဲ့သွားသော နှုတ်ခမ်းထောင့်စွန်းလေးများကို အတင်းထိန်းချုပ်လိုက်ရသည်။ မျက်ရည်တို့ကြောင့် ဝေဝါးစပြုလာသော မျက်ဝန်းများကိုပင် ယခုအချိန်တွင် ဂရုမစိုက်နိုင်တော့။
အမြစ်တွယ်ပြီးလူလားမြောက်ရန်ပင် မလွယ်ကူခဲ့သော ခက်ခဲသည့် ငယ်ဘဝ။ ဖွံ့ဖြိုးစည်ပင်ရမည့် အချိန်မှာပင် အီယွန်းက ပုပ်ရိ၊ ခြောက်သွေ့ကာ အမြစ်မှ နုတ်ယူခံခဲ့ရသည်။
သူ့ကို ထိုးဆွနေသော ဆူးခက်များကြားတွင် အလိုလို ခပ်ခွာခွာနေတတ်ရန်သာ သင်ယူခဲ့ရပြီး၊ တစ်စုံတစ်ရာထဲသို့ နက်နက်ရှိုင်းရှိုင်း တိုးဝင်သွားရန်ဆိုသည်မှာ မိမိကိုယ်ကိုယ် အဆုံးစီရင်ခြင်းနှင့် မခြားပေ။
ချက်ချင်း တွေးမိရုံဖြင့်ပင် နာကျင်စရာ၊ ဝမ်းနည်းစရာ ကောင်းလှသည့် အမှတ်တရများသာ ဖြစ်နေသော်လည်း အီယွန်းကမူ ထိုသို့သော အပိုင်းအစလေးများကိုပင် မိမိ၏ အတွင်းစိတ်ထဲသို့ ဆွဲသွင်းကာ ဖုံးကွယ်ထားခဲ့၏။
ဒီလိုမြေမှာ ပန်းတော့ မပွင့်နိုင်ဘူးပေါ့။
ဒါပေမဲ့ တစ်စုံတစ်ယောက်ကတော့……
မြှုပ်နှံပြီး စောင့်ဆိုင်းနေရုံမှလွဲ၍ ဘာမှမတတ်နိုင်ခဲ့သော အီယွန်း၏ အစီအစဉ်မကျသည့် လက်ရာလေးကိုလည်း ‘ပင်ပန်းသွားပါပြီ’ ဟု ပြောကောင်းပြောပေးပေလိမ့်မည်။
“လှတော့မလှပေမဲ့ အဲ့ဒီလိုဆိုရင်တောင် ကျွန်မကိုယ်တိုင် ဖန်တီးခဲ့တာပါ။”
ဖောင်းခနဲ မီးရှူးမီးပန်းများ တစ်ခါထပ်၍ ပေါက်ကွဲသွားပြန်သည်။ ထိုအခါမှသာ ဆီးနှင်းဖုံးသည့်တောင်တန်းကိုပင် တစ်ခဏချင်း အရည်ပျော်စေနိုင်လောက်မည့် တောက်ပသော အပြုံးမျိုးဖြင့် ဂွမ်ချယ်ဝူက ပြုံးပြကာ အီယွန်း၏ခေါင်းလေးကို ဆွဲယူပြီး နဖူးချင်းဆိုင်ခဲ့၏။
“အဲ့ဒီလိုဖြစ်မယ်မှန်း သိပါတယ်။”
“……ရှင်။”
“ကြွေကျနေတဲ့ ပွင့်ချပ်လေးတွေကိုတောင် အမြတ်တနိုး ကောက်တတ်တဲ့လူက ကိုယ့်ကိုယ်ကိုယ် ညစ်ပတ်တယ်လို့ တွေးမှာ မဟုတ်ပါဘူး။”
“……”
မီးရှူးမီးပန်းများ တရစပ် ပေါက်ကွဲနေကာ လူတို့၏ ဟစ်ကြွေးသံများကို ကြားနေရသော်လည်း အီယွန်း၏ နားထဲ၌မူ အရာအားလုံး တိတ်ဆိတ်သွားခဲ့သည်။ ရုတ်တရက် အရာအားလုံးနှင့် အဆက်အသွယ်ပြတ်တောက်သွားသော လေဟာနယ်တစ်ခုထဲ၌ သူတို့နှစ်ယောက်တည်း ရှိနေသလိုပင်။
ထုရိုက်နေသလို တဒိတ်ဒိတ် ခုန်နေသည့် နှလုံးခုန်သံက ကြောက်စရာကောင်းလှ၏။
ဂွမ်ချယ်ဝူနှင့် တွေ့သည့်အခါတိုင်း လန့်ပြီးခုန်တတ်သော နှလုံးခုန်နှုန်းမျိုးနှင့် အသံရော၊ အဓိပ္ပာယ်ပါ လုံးဝကွဲပြားနေသောကြောင့်ပင်။
အီယွန်းက ချွေးစို့နေသော လက်ဖဝါးများကို တင်းတင်းဆုပ်လိုက်မိသည်။ ထူးဆန်းစွာ အသက်ရှူရကျပ်လာကာ ဤနေရာမှ ထွက်ပြေးရမည်ဟူသော အတွေးတစ်ခုတည်းကသာ သူ၏ခေါင်းထဲတွင် ကြီးစိုးလာတော့၏။
“……ကျွန်မ၊ ကျွန်မက သိက္ခာရှိရှိ ရှင်သန်ချင်တာပါ။ လူတွေက ကြောက်ဖို့ကောင်းပြီး၊ စည်းကမ်းတွေပဲဖြစ်ဖြစ်၊ ကိုယ်ကျင့်တရားစံနှုန်းပဲဖြစ်ဖြစ် ကျွန်မရဲ့ မွေးဖွားလာမှုကို လက်ခံပေးမဲ့အရာဆိုတာ သေပြီးလို့ တစ်ခါပြန်ရှင်လာရင်တောင် ရှိလာမှာမဟုတ်လို့။ အဲ့ဒါကြောင့် ကျွန်မက လူတွေကို လက်လျှော့ပြီး သစ်ပင်တွေကို ရွေးချယ်ခဲ့တာ။”
“……”
“ဘာစကားမှမပြောဘဲ၊ ဘာအစွဲမှမရှိဘဲ ကျွန်မကို လက်ခံပေးခဲ့ကြတာလေ။ နှင်မထုတ်ဘဲ၊ ဒဏ်ရာမပေးဘဲ ထားပေးတာဆိုလို့ တကယ် သစ်တောတစ်ခုပဲ ရှိတာပါ။ ဒါပေမဲ့....”
အသံက တဖြည်းဖြည်း တုန်ယင်လာသည်။ ဂွမ်ချယ်ဝူက မှီထားသောခေါင်းကို ခွာလိုက်ကာ လက်များကို တစ်ချက်ကလေးမျှ အငြိမ်မထားနိုင်ဘဲ ဖြစ်နေသည့် အီယွန်းကို စိုက်ကြည့်လိုက်၏။
“ဒါပေမဲ့ ခဏခဏပဲ ဂွမ်ချယ်ဝူက……”
“……”
“ဂွမ်ချယ်ဝူက ခဏခဏပဲ ကျွန်မကို……”
“ဟုတ်ကဲ့၊ ကိုယ်က အီယွန်းကို ဘာဖြစ်လို့လဲ။”
“……အဆိပ်ပါ။ ဒါမျိုးကို အဆိပ်လို့ တွေးပါတယ်။”
ရုတ်တရက် ဝှစ်ခနဲ ခုန်ကျော်သွားသော စကားကြောင့် ဂွမ်ချယ်ဝူက မျက်ခုံးကို အနည်းငယ်ကျုံ့လိုက်မိသည်။ သို့သော်လည်း သူက အခြေအနေကို လျင်မြန်စွာ ရိပ်မိလိုက်၏။
ဆိုအီယွန်းက တစ်ခါထပ်ပြီး သူ့စိတ်ကို ကမောက်ကမဖြစ်အောင် လုပ်ဦးမည်ဟူ၍။ ဂွမ်ချယ်ဝူက ရောက်လာမည့် အမဲလိုက်ပွဲအတွက် ပြင်ဆင်နေသည့်အလား အသက်ကို ခပ်မှန်မှန် ရှူသွင်းလိုက်သည်။
“ဒီတော့ ပြောချင်တဲ့ စကားက ဘာလဲ။”
တည်ငြိမ်စွာ မေးလိုက်သော စကားကြောင့် အီယွန်း တံတွေးကို ခဲရာခဲဆစ် မျိုချလိုက်ရသည်။
“အဲ့ဒီတော့လေ……။ ကျွန်မက……”
မီးရှူးမီးပန်းများက ညကောင်းကင်ယံကို တရစပ် ဖုံးလွှမ်းနေဆဲပင်။
“……တကယ် နောက်ယောက်ျား ခေါ်သွင်းခဲ့မိတာပဲ။”
“ဗျာ။”
သူ၏ မျက်နှာထားက အနည်းငယ် တုန်လှုပ်သွားခဲ့သည်။
“ကျွန်မ သိခဲ့တဲ့ အဲ့ဒီဂွမ်ချယ်ဝူကို ဘယ်မှာမှ ရှာမတွေ့တော့လို့ပါ။”
အီယွန်းက နောက်စေ့ အရိုက်ခံလိုက်ရသည့် ကလေးတစ်ယောက်လို ငိုရမလို၊ ရယ်ရမလို ဖြစ်နေသော ထူးဆန်းသည့် မျက်နှာထားမျိုးရှိနေ၏။
~~~~
“နင်တို့နှစ်ယောက်ကြားမှာ တစ်ခုခုရှိနေတယ်မဟုတ်လား။”
ကော်ဖီသောက်ရန် ပြင်နေသော အီယွန်း၏လက်များ တုံ့ခနဲ ဖြစ်သွားသည်။
ချူဂျာတစ်ယောက် ယခုတလော ခဏခဏ အတွေးလွန်နေတတ်သည့် အီယွန်းနှင့် ယခင်ကထက်စာလျှင် ပို၍ စူးရှစွာစိုက်ကြည့်လာတတ်သည့် ဂွမ်ချယ်ဝူရဲ့ အကြည့်များကို စောင့်ကြည့်နေရင်းမှ အတပ်သိလိုက်ခြင်းပင်။
“ဘာ၊ ဘာကိုလဲ။”
လက်ဖက်ရည်ခွက် ကိုင်ထားသည့် လက်က ဆတ်ခနဲတုန်သွား၏။ ချူဂျာကမူ ပျင်းတိပျင်းတွဲ မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်နေဆဲပင်။
“ဟိုကောင်နဲ့ လုပ်ပြီးပြီလား။”
“ရှင်။”
“သင်္ဘောစီးပြီး ဟောင်ကောင်အထိ ရောက်သွားပြီလားလို့။”
“……ချူဂျာရှင့်။”
“ငါ့စကားက ဘာကိုပြောချင်မှန်း နားလည်နေတာပဲ။”
ချူဂျာက စနောက်သလို တဟားဟား ရယ်ခဲ့သည်။ သူက နီရဲတက်လာသော ပါးပြင်လေးများကို ဖုံးကွယ်ရန် အသည်းအသန် ပွတ်သပ်နေသည့် အီယွန်းကို ပြုံးလျက် ကြည့်နေ၏။
ခိုးရာလိုက်ပြေးသွားကြသည်ဆိုသော မိဘအရင်းများ တစ်နေ့တည်း၊ တစ်ချိန်တည်းတွင် သေဆုံးသွားခဲ့စဉ်က အီယွန်း၏ အသက်မှာ တစ်ဆယ့်ခုနစ်နှစ်သာ။ ပိန်ကပ်ပြီး သရဲမလေးလို ဆံပင်ဘုတ်သိုက် အရှည်ကြီး ထားထားသည့် မိန်းကလေးငယ်ကို ချူဂျာ ထိုဈာပနအိမ်၌ ပထမဆုံးအကြိမ် တွေ့ခဲ့ရခြင်းပင်။
ဘယ်ဘက်အခန်းတွင် ဖခင်ဖြစ်သူ၊ ညာဘက်အခန်းတွင် မိခင်ဖြစ်သူ။
သို့သော် မိန်းကလေးငယ်ခမျာ ဘယ်အခန်းကိုမှ မဝင်နိုင်ဘဲ ခေါင်းလေးငုံ့ကာ ရပ်နေခဲ့ရှာသည်။ ရပ်ကွက်သူ ရပ်ကွက်သားများက ထိုမိန်းကလေးကိုမြင်တိုင်း တစ်ချက်စီ မျက်နှာပျက်သွားကြ၏။
ထိုစဉ်က ချူဂျာက အနှစ်နှစ်ဆယ်ကြာမှ ပြန်ဆုံရသော အချစ်ဦးနဲ့ အတူတူနေရန် ပြင်ဆင်နေချိန်ဖြစ်ကာ သွေးဝေးသော ဆွေမျိုးတော်စပ်သူ အမျိုးသားဘက်မှ ဝမ်းနည်းခြင်း အထိမ်းအမှတ်လက်ဆောင် လာပေးရင်းရောက်လာခြင်းပင်။
ချူဂျာက ဝိုင်းကူလုပ်ကိုင်ရင်း အမဲသားစွပ်ပြုတ်များ လိုက်ချပေးနေလျက်မှပင် မိန်းကလေးကို မကြာခဏ လှမ်းကြည့်နေမိသည်။ အီယွန်းက ခြေထောက်နာမည်ကိုပင် ဂရုမစိုက်ဘဲ ထိုအတိုင်း နာရီပေါင်းများစွာ ရပ်နေခဲ့၏။
သေနေသည့် သစ်ပင်ပမာ။
မည်သူမျှ ထိုမိန်းကလေးကို ဂရုတစိုက် ကြည့်မပေးခဲ့ကြပေ။ အနက်ရောင် ဝမ်းနည်းခြင်းအထိမ်းအမှတ် အဝတ်အစားများ ဝတ်ထားကြသော မိသားစုဝင်များကသာ သူ့ကို သတ်တော့မလို အကြိမ်ကြိမ် စိုက်ကြည့်သွားကြ၏။
ယခု တကယ် ခုတ်လှဲပစ်ရန်သာ ကျန်တော့သလိုဖြစ်နေသည့် မိန်းကလေးငယ်ကို ဝန်းရံထားသော အငွေ့အသက်က ထူးဆန်းနေခဲ့သည်။
သို့သော် လူပေါင်းစုံနှင့် ကြုံဆုံလာခဲ့ရသည့် ချူဂျာကမူ တစ်ချက်ကြည့်ရုံနှင့် သိလိုက်၏။
ဤမိန်းကလေးငယ်က ပြိုကွဲနေသော မိသားစုကို ထောက်ပံ့ပေးထားသည့် ပုပ်ဆွေးနေသောအမြစ်ဟူ၍။
အချစ်မဟုတ်ဘဲ အမုန်းတရား။
ကြမ်းတမ်းသည့် ဤသို့သောပတ်ဝန်းကျင်တွင် ကြီးပြင်းလာရသည့် မိန်းကလေးအဖို့ လူသားတစ်ယောက်တွင် ရှိသင့်သော ရှင်သန်လိုစိတ် မရှိခဲ့ပေ။
အချို့က အချစ်ရေး ကံကောင်းလွန်းခြင်းကို ထိန်းချုပ်ရန် ‘ချူ' (醜) အကျည်းတန်ခြင်းဟူသော အက္ခရာကိုသုံးပြီး ညှို့အားများကို ဖိနှိပ်ထားရသော်လည်း တကယ်တမ်း စိမ်းလန်းစိုပြည်ရမည့် မိန်းကလေးငယ်ကမူ သေလုမြောပါးဖြစ်နေသော သစ်ပင်အိုလို ဖြစ်နေခဲ့သည်။
ထိုဆန့်ကျင်ဘက် အင်အားစုများက ချူဂျာကို ဆွဲဆောင်လိုက်ခြင်းဖြစ်လေမလား။ သူ၏ အကြည့်က ထိုမိန်းကလေးငယ်ဆီသို့သာ ခဏခဏ ရောက်သွားမိသည်။ ခဏတာ ဆုံတွေ့ရုံပဲဟု ထင်ခဲ့သော်လည်း။
နောက်ဆုံးတွင် အိမ်မှနှင်ထုတ်ခံလိုက်ရသည့် မိန်းကလေးငယ်က မျက်နှာပင်မမြင်ဖူးသော ဆွေနီးမျိုးစပ်များအိမ်တွင် လှည့်ပတ်နေထိုင်ခဲ့ရာမှ နောက်ဆုံးတော့ ချူဂျာနှင့် သူ့ချစ်သူ၏ အိမ်အထိ ရောက်လာတော့သည်။
ဆင်းရဲချို့တဲ့သော ကဗျာဆရာဖြစ်သူ အမျိုးသား ကင်ဆာရောဂါနှင့် ရုတ်တရက် ကွယ်လွန်မသွားခင်အထိ သူတို့သုံးယောက် အတူတူ နေခဲ့ကြ၏။
ချူဂျာ စိတ်ရင်းဖြင့် နှလုံးသားတစ်ခုလုံး ပုံပေးခဲ့သူမှာ ထိုအမျိုးသားက ပထမဆုံးနှင့် နောက်ဆုံးဖြစ်ခဲ့သည့်အတိုင်း။ တိုတောင်းသော်လည်း ပျော်ရွှင်ခဲ့ရသည့် အခိုက်အတန့်များကို အစအဆုံး စောင့်ကြည့်ပေးခဲ့သည့် မိန်းကလေးငယ်ကို။ သူ့ဘဝ၏ အလှပဆုံး အချိန်များကို သက်သေအဖြစ် ရှိပေးခဲ့သည့် အီယွန်းကို။
“အီယွန်း။”
“ရှင်။”
ယခုတစ်ခါတွင် ချူဂျာက ထိုသို့ ပြန်လုပ်ပေးချင်မိသည်။ မိမိ၏ နောက်ဆုံးအချစ်ကို မိန်းကလေးငယ်က အတူရှိပေးခဲ့သလို၊ ယခုတစ်ဖန် မိမိက စောင့်ကြည့်ပေးချင်၏။
အီယွန်း၏ ပထမဆုံး အချစ်ဦး ဖူးပွင့်လာမည့် အချိန်လေးကို။
“ကြောက်မနေနဲ့။”
“……”
အီယွန်းက ကြောင်အမ်းအမ်းဖြစ်သွားကာ ချူဂျာကို လှမ်းကြည့်လာသည်။
“ရေလည်းမရှိ၊ နေရောင်လည်းမရှိတဲ့ နေရာမှာ ပင်ပင်ပန်းပန်း ရုန်းကန်ခဲ့ရတာတောင် နင်က စိတ်ဒဏ်ရာ သိပ်မရှိတဲ့ပုံစံမျိုးပဲ။”
နဂိုကတည်းက လူတို့အပေါ် မည်သည့်မျှော်လင့်ချက်မှ မရှိခဲ့၍လည်း ဖြစ်နိုင်သည့်တိုင်။
တစ်ခါတလေ ချူဂျာက အီယွန်းကို တကယ် ကြံ့ကြံ့ခံခြင်းလား သို့မဟုတ် နုံအခြင်းလားဟု ဝေခွဲမရဖြစ်မိသည်။ အေးအေးဆေးဆေး အသက်ရှူနေရလျှင်ပင် ကျေနပ်ပြီဟူသော အီယွန်းက ရိုးသားဖြူစင်ခြင်းလား၊ သို့မဟုတ် လက်လျှော့လိုက်ခြင်းလားဆိုသည်ကိုပါ။
သို့သော် ချူဂျာက အီယွန်းကို ထိုထက်မကသော အရာများကိုပါ လောဘတက်စေချင်မိ၏။ တစ်ယောက်တည်း သီးသန့်နေပြီး အသက်ရှူနေရုံတင် မဟုတ်ဘဲ၊ လှိုင်းလုံးများလို တိုးဝင်လာမည့် ပွင့်ချပ်များကို အန်တုပြီး ထိုအပြင်ဘက်ရှိ ကမ္ဘာကိုပါ မြင်တွေ့စေချင်လိုသည်။
ဟွာအီဒိုလည်း မဟုတ်၊ ဤဆေးရုံလည်း မဟုတ်သော အခြားတစ်နေရာ။
တွေးလိုက်ရုံဖြင့် လွမ်းဆွတ်ရသည့် ဒြပ်မဲ့ မွေးရပ်မြေကို ရှာတွေ့စေချင်မိ၏။
“အချစ်က သဘာဝဘေးအန္တရာယ်လိုပဲဆိုတာ မှန်ပေမဲ့ အမြဲတမ်း နင့်မိဘတွေလိုမျိုးချည်း အဆုံးသတ်ရမှာတော့မဟုတ်ဘူးလေ။”
မိဘဟူသော စကားကြောင့် အီယွန်း၏မျက်နှာက ရုတ်တရက် မှောင်ကျသွားသည်။
“ချစ်နေရတဲ့ ပီတိကို နင်လည်း သိပြီးသားပဲမဟုတ်လား။”
“……ရှင်။”
“သီချင်းဆိုတဲ့ သစ်ပင်လေ၊ ဟုတ်တယ်မဟုတ်လား။”
“……”
အီယွန်း၏ မျက်လုံးများ ချက်ချင်း ဝိုင်းစက်သွားတော့သည်။
~~~~
Miel's Translations