အပိုင်း ၄၉
ဂွမ်ချယ်ဝူ ပစ်မှတ်လွဲသွားခဲ့သည့် နောက်ဆုံးငါးဖမ်းလှေကို ဟောင်းနွမ်းတုန်ခါနေသော စက်လှေတစ်စီးက အရှိန်ပြင်းပြင်းဖြင့် ဝင်တိုက်ခဲ့သည်။ ထိုဒဏ်ကြောင့် ပင်လယ်ထဲသို့ လွင့်စဉ်ကျသွားသော စနိုက်ပါသမားခမျာ ရေမကူးတတ်ဘဲ ယက်ကန်ယက်ကန်ကူးနေရတော့၏။
ဘယ်ပျောက်သွားမှန်းမသိရသည့် ဘိန်းခင်းထဲမှ ဦးလေးကြီးက အခြားလှေတစ်စင်းသို့ ပြောင်းစီးခဲ့ခြင်းပင်။
ဤညစ်ညမ်းသော ညဉ့်ပင်လယ်ကို ထွန်းလင်းစေသည့် တစ်ခုတည်းသော အလင်းရောင်။
စူးရှသော မီးရောင်ကြောင့် မျက်လုံးကို အလိုအလျောက် ကျုံ့လိုက်မိသည်။ ကျဉ်းမြောင်းသွားသော သူ၏မျက်လုံးက မည်သည့်လှေမှန်း မသိရသည့် ထိုလှေကို အကဲခတ်လိုက်၏။
ယင်းမှာ သူ ပထမဆုံးမြင်ဖူးသည့် မျက်နှာပင်။
ပုံမှန်နှင့်မတူဘဲ ထူးဆန်းစွာ ရူးသွပ်နေသည့် အကြည့်များ။
“……အီယွန်း။”
မယုံနိုင်စရာ အခြေအနေကြောင့် မလှုပ်မယှက် တောင့်ခဲသွားရသည်။
သစ်ပင်နတ်သမီးလေးနှင့်တူသော မိမိ၏ဇနီးသည်က ငါးဖမ်းလှေကိုတိုက်မိအောင် မောင်းနှင်လာသည့် လှေ၏ပဲ့ကို ကိုင်ထားခြင်းပင်။
သူက ကျွမ်းကျင်စွာပင် နောက်ဆုတ်လိုက်ကာ ဂွမ်ချယ်ဝူရှိရာဘက်သို့ လှေကို မောင်းနှင်လာ၏။
ထို့နောက် ရေလှိုင်းများကြောင့် တလှုပ်လှုပ်ဖြစ်နေသော ကုန်းပတ်ပေါ်တွင် ရပ်နေသည့်လူထံသို့ လက်နှစ်ဖက်ကို ဆန့်တန်းပေးခဲ့သည်။ ဂွမ်ချယ်ဝူလည်း တွန့်ဆုတ်မနေဘဲ အီယွန်းကို ပွေ့ချီကာ မိမိရှိရာဘက်သို့ ခေါ်ဆောင်လာ၏။
သူက အီယွန်းကို လွှတ်မပေးခဲ့ပေ။ သေးသွယ်သော ခါးလေးကို ဟာကွက်မရှိအောင် တင်းတင်းကျပ်ကျပ် ဖက်ထားရင်း လည်တိုင်လေးကို နှုတ်ခမ်းများဖြင့် အတင်းအဓမ္မ ပွတ်သပ်နေမိသည်။
လူနှင့်မတူဘဲ အေးစက်နေသော သူ၏မျက်နှာတွင် သွေးရောင် ပြန်လည်လွှမ်းခြုံလာ၏။ ထိုသို့ဖြင့် ဂွမ်ချယ်ဝူလည်း မိန်းမတစ်ယောက်၏ ရင်ခွင်ထဲတွင် နစ်မြုပ်နေရင်း ငြိမ်သက်စွာ ရပ်နေမိတော့သည်။
အီယွန်းတစ်ယောက် မြေပြင်နှင့်လွတ်ကာ မြောက်တက်သွားသော ခြေထောက်များကြောင့် အနေခက်နေသော်လည်း ထင်မှတ်မထားလောက်အောင် နွေးထွေးမှုကို ခံစားနေရ၏။
“ဒီကို ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ။ အန္တရာယ်များတယ်လို့ ပြောထားတယ်မဟုတ်လား။”
သူက ကလေးတစ်ယောက်လို ချွဲနွဲ့ရင်း အီယွန်း၏လည်တိုင်ကို တရစပ် နမ်းရှိုက်နေသည်။
အီယွန်းလည်း တံတွေးမျိုချရခက်လောက်အောင် နှလုံးခုန်သံများ မြန်ဆန်နေ၏။ ထိုလူက တစ်ဖန် သွေးများဖြင့် စိုစွတ်နေပြန်သော်လည်း ထိုအနံ့က ရွံစရာမကောင်းခဲ့ပေ။ တစ်ဝက်ခန့် မှေးစင်းနေသော မျက်ခွံများနှင့် ညိုမည်းနေသည့် မျက်လုံးအောက်နားကို စိတ်ပူနေမိရုံသာ။
“အီယွန်း၊ ကိုယ် ခံစားချက်မကောင်းဘူး။”
တင်းကျပ်နေသော လည်ချောင်းမှတစ်ဆင့် သတ္တုသံကဲ့သို့ အက်ရှရှအသံလေး ထွက်ပေါ်လာသည်။
“အိမ်ပြန်ချင်တယ်။”
“……အဲ့ဒါကြောင့် လာကြိုတာပေါ့။ အတူတူ အိမ်ပြန်ရအောင်။”
သူ့မျက်နှာမှ အမူအရာများ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။ ဆတ်ခနဲ မျက်နှာခွာလိုက်သော ထိုလူက ထူးဆန်းသော အရာတစ်ခုကို ကြည့်နေသည့်အလား အီယွန်းကို စိုက်ကြည့်လာ၏။ ယနေ့ သတ်ဖြတ်မှုကြောင့် ငရဲနှင့်တစ်လှမ်း ပိုနီးသွားခဲ့သည့် သူ၏မျက်လုံးများတွင်သာ အရောင်တောက်နေခဲ့သည်။
တစ်ဖက်တွင်လည်း အီယွန်းက အသက်ကိုအောင့်ကာ ထိုလူ၏ တုံ့ပြန်မှုကို စောင့်ကြည့်နေမိ၏။ သို့သော်လည်း ယခင်ကလို ကြောက်လန့်ခြင်းသော်လည်းကောင်း ကြက်သီးထခြင်းသော်လည်းကောင်း မဖြစ်မိပေ။
အကြောင်းမူကား ထိုဗလာကျင်းနေသော မျက်လုံးများထဲတွင် ရှက်သွေးဖြာနေသည့် အရိပ်အယောင်များ ပေါ်နေသောကြောင့်ပင်။
~~~~
“ရဲတွေကို အီယွန်း ခေါ်လိုက်တာလားဟင်။”
“……မဟုတ်ပါဘူး။”
အီယွန်း၏ အသံက ထူးဆန်းစွာပင် မှိုင်တွေနေ၏။
အီယွန်းက ဂွမ်ချယ်ဝူ ဖျက်ဆီးထားခဲ့သော ဘိန်းလှေ၏ပဲ့ကို ကိုယ်တိုင်ကိုင်ကာ လှေဦးကို လှည့်လိုက်သည်။ သို့သော် ဆိပ်ကမ်းနှင့် နီးကပ်လာလေလေ လက်များ တုန်ယင်လာလေပင်။ ရဲကား၏ နီရဲသော မီးရောင်များက မင်္ဂလာမရှိစွာ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေပြီး ကမ်းခြေစောင့်တပ်၏ လှေကလည်း နီးကပ်လာနေသည်။
“တခြားကြောင့်မဟုတ်ဘဲ ကျွန်မကို ဖမ်းဖို့လာတာဖြစ်မှာပါ။”
“ကိုယ် နားကြားမှားတာလား။”
“မဟုတ်ပါဘူး၊ မှန်ပါတယ်။ ကျွန်မက လှေခိုးလာတာမို့လို့။”
“…….”
ဂွမ်ချယ်ဝူတစ်ယောက် ဖြစ်တောင့်ဖြစ်ခဲ စကားမပြောနိုင်ဘဲ ဆွံ့အသွားရ၏။
“ဘာမှမမေးပါနဲ့ဦး……”
အီယွန်း၏ မျက်နှာလေးက ဖောင်းနေသည်။
ထိုပုံစံကြောင့် ဂွမ်ချယ်ဝူလည်း အကြည့်လွှဲရန် ခက်ခဲနေ၏။
စူထွက်နေသော နှုတ်ခမ်းလေးများနှင့် ဖောင်းတက်နေသော ပါးပြင်နှစ်ဖက်ကို ကြည့်နေရင်းမှ ဖော်ပြမရသော ခံစားချက်တစ်ခု ရင်ထဲသို့ တိုးဝင်လာသောကြောင့်။
ဆိုးဝါးလှသည့် တစ်နေ့တာပင်။ မိမိအတွင်းစိတ်ထဲမှ ကြောက်စရာကောင်းသော အစိတ်အပိုင်းကို ကိုယ်တိုင် အတည်ပြုလိုက်ရသည့်နေ့။
စက်ရုပ်တစ်ရုပ်လို လူကို ဓားနှင့်ထိုးနေသော ခန္ဓာကိုယ်ကြောင့် မိမိကိုယ်ကိုယ်ပင် ကြောက်ရွံ့မိသည်။ မျက်စိရှေ့တွင် လူများ လဲကျကုန်သော်လည်း အပြစ်ရှိစိတ် မဝင်ခဲ့ပေ။
ယခုထက် ပို၍ထိရောက်ပြီး ချက်ချင်း မည်သို့ ကိုင်တွယ်ရမလဲဆိုသည်ကိုသာ ဦးနှောက်၏ တစ်ထောင့်တစ်နေရာက အဆက်မပြတ် တွက်ချက်နေခဲ့၏။
အီယွန်းကို မိမိ၏ကမ္ဘာထဲသို့ အနည်းငယ်လောက် သက်ဆင်းပေးစေလိုသော်လည်း။
သူ ကြုံတွေ့ခဲ့ရသော ‘ဂွမ်ချယ်ဝူအစစ်’ က ထင်ထားသည်ထက် အများကြီးပို၍……
“…….”
သူ၏ မျက်လုံးများ မှောင်မိုက်သွားရသည်။
“အီယွန်း။”
“ရှင်။”
“……အခု ကိုယ့်မျက်နှာက ဘယ်လိုလဲဟင်။ ပုံမှန်အတိုင်းပဲလား။”
သွေးဆုတ်နေသော မျက်နှာဖြင့် သူက ခဲရာခဲဆစ် လည်စေ့လှုပ်ရှားအောင် တံတွေးမျိုချခဲ့သည်။ အီယွန်းက ထိုစကား၏ အဓိပ္ပာယ်ကို နားမလည်သဖြင့် တစ်ချက်မျက်မှောင်ကြုတ်လိုက်မိ၏။
“လူနဲ့ တူရဲ့လား။”
“……”
သို့သော် ဆက်တိုက်ဆိုသလို မေးလာသည့် မေးခွန်းကြောင့် အီယွန်း၏အကြည့်များ တုန်လှုပ်သွားရတော့သည်။
“ကိုယ် အခုအထိ လူ ဖြစ်နေသေးရဲ့လား။”
“ဂွမ်ချယ်ဝူ၊ အခု ဘာတွေပြောနေတာလဲ…”
သူက ဘာမှမပြောဘဲ မျက်လုံးချင်းဆုံအောင် ကြည့်လာသည်။ အီယွန်းလည်း ပြောလက်စ စကားများကိုပင် မေ့သွားကာ သူ ခံစားနေရသည့် အပြစ်ရှိစိတ်ကို အတူတူ ဝေမျှခံစားမိလိုက်၏။ အထူးတလည် ပြောမနေသော်လည်း သိနေသည်။
အီယွန်းက အနီးအနားတွင်ရှိသော တဘတ်တစ်ထည်ကို ယူကာ သူ၏လက်များကို ဖြည်းဖြည်းချင်း သုတ်ပေးလိုက်၏။ ကွဲအက်နေသော မှန်ပြတင်းအပြင်ဘက်မှ ရဲကား၏ အနီရောင် သတိပေးမီးများက သူတို့အပေါ် တစ်ချက်တစ်ချက် ဖြတ်သန်းသွားသည်။
ဂွမ်ချယ်ဝူက ကြည့်ရမကောင်းလောက်အောင် ဖရိုဖရဲ ဖြစ်နေ၏။ တစ်နေရာရာက မိလ္လာကျင်းထဲမှ ဆယ်ယူထားသည့် ပုံစံမျိုးပင်။
ဆေးဝါးနံ့များက နှာခေါင်းကို ထိုးဆွနေကာ ဖိနပ်အောက်ခြေမှ စိမ့်ထွက်လာသော သွေးများက စိတ်အနှောင့်အယှက် ဖြစ်စရာပင်။ အရာအားလုံးက ပုံမှန်မဟုတ်ပေ။
သို့သော်လည်း…
“လူပေါ့ရှင်။”
အီယွန်း၏ အကြည့်က ထိုလူ၏ နောက်ကျောဘက်သို့ တစ်ချက် ဝေ့ဝဲသွားသည်။ ပွပွယောင်းယောင်း အဝတ်အစားများ ဝတ်ထားသော ကလေးလေးနှင့် မျက်လုံးချင်း ဆုံသွား၏။
“ဒါပေမဲ့ လူမဟုတ်တော့ရော ဘာဖြစ်သေးလဲ။”
“……”
“မေ့နေတဲ့ပုံဆိုပေမဲ့ ဂွမ်ချယ်ဝူက နဂိုက သစ်ပင်လူသား ဖြစ်ခဲ့တာလေ။ မလှုပ်ရှားနိုင်တာမို့လို့။”
အီယွန်းက ငိုက်စိုက်ကျနေသော သူ၏ခေါင်းကို မော့စေခဲ့သည်။ ပြင်းထန်စွာ တုန်လှုပ်နေသော မျက်ဝန်းတစ်စုံက အီယွန်း၏မျက်နှာကို အပြည့်အဝ သိမ်းပိုက်သွား၏။
“ပြီးတော့ ကျွန်မက လူမဟုတ်တာတွေကို ကုသပေးတဲ့ ဆရာဝန်လေ။”
အီယွန်း အားမပါဘဲ ပြုံးပြလိုက်သည်။
စိတ်ထဲတွင်မူ ဂွမ်ဂီဆော့နှင့် ဖုန်းပြောခဲ့သည်ကို ပြန်လည်အမှတ်ရနေမိ၏။
စာချုပ်က အန္တရာယ်ကင်းသွားလို့ တော်ပါသေးရဲ့ဟူ၍……
~~~~
ရဲများက လှေပေါ်မှ ဆင်းလာသော သူတို့နှစ်ဦးထံသို့ အတင်းပြေးဝင်လာကြသည်။
အရင်ဆုံး ဖမ်းရမည့်သူက အမျိုးသမီးပင်။
မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုရန် ငြင်းဆိုသည့်အပြင် မှောင်ခိုသမားဟု သံသယရှိသူက လှေကိုခိုးပြီး ပင်လယ်ထဲသို့ ထွက်ပြေးခဲ့သောကြောင့်ဖြစ်၏။ ရဲတပ်ဖွဲ့ဝင်များက ကင်းလှည့်အရာရှိ၏ အကူအညီတောင်းခံမှုကို လက်ခံရရှိပြီးနောက် လာရောက်ဖမ်းဆီးခြင်းပင်။
သို့သော်လည်း သူတို့ခမျာ ထိုအမျိုးသမီးကို ရဲကားပေါ်သို့ အလွယ်တကူ မတင်နိုင်ခဲ့။ ဟင့်အင်း၊ အဝတ်စလေးကိုပင် မထိနိုင်ခဲ့။
ကြောက်စရာကောင်းသော အကြည့်များဖြင့် သူ့အား ရင်ခွင်ထဲတွင် ဝှက်ထားကာ လုံးဝ လွှတ်မပေးသည့် လူကြောင့်ပင်။
“ဝတ္တရားနှောင့်ယှက်မှုနဲ့ အတူတူ အဖမ်းခံချင်တာလား။ လွှတ်လိုက်စမ်း။”
“ဟုတ်ကဲ့။”
“ဘာပြောတယ်။”
“ကောင်းပါပြီ၊ ကျွန်တော့်ကိုပါ အတူတူ ထည့်ပေးလိုက်ပါ။”
“…….”
“အဲ့ဒါ၊ လက်ထိပ်ခတ်မှာလား။”
ထိုလူက ရဲအရာရှိကိုင်ထားသည့် လက်ထိပ်ကို အေးစက်စက် အကြည့်ဖြင့် ညွှန်ပြခဲ့သည်။
“အဲ့ဒါ ခတ်မယ်ဆိုရင်၊ ဒီအမျိုးသမီးရဲ့ လက်ကောက်ဝတ်မှာ တစ်ခု၊ ကျွန်တော့်လက်ကောက်ဝတ်မှာ တစ်ခု ခတ်ပေးပါ။”
တကယ့် အရူးတစ်ယောက်ပင်။
သို့သော် သူတို့၏ အာရုံက အခြားတစ်နေရာသို့ ပြောင်းသွားရန်မှာ အချိန်အကြာကြီး မလိုခဲ့ပေ။
“အဖွဲ့မှူး….”
တစ်စုံတစ်ယောက် အော်ဟစ်လိုက်သံပင်။
သူတို့ ယူလာသော သာမန်ငါးဖမ်းလှေ။ သို့သော် သွေးညှီနံ့များ လှိုင်နေသော ကုန်းပတ်က တစ်မျိုးတစ်ဖုံ ချောက်ချားဖွယ်ကောင်းနေကာ မျိုးစေ့များကဲ့သို့ စိုက်ဝင်နေသော ကျည်ဆန်များက လက်တွေ့မဆန်လှပေ။
ထို့အပြင် ယခုအချိန်အထိ မနားတမ်း ဘိန်းများကို ထုပ်ပိုးနေသည့် အရိုးပေါ်အရေတင် လူအိုများနှင့် ကလေးငယ်များ။ ရဲများက အီယွန်းကို ချက်ချင်းမေ့သွားကာ လူမဆန်သည့် ဘိန်းလှေပေါ်သို့ စုပြုံတက်သွားကြတော့သည်။
တစ်ဖက်တွင်လည်း ရဲအများအပြားအနက်မှ တစ်ဦးအဖြစ် ရုပ်ဖျက်ထားသော ဂျန်ဘုမ်ဟီးက ဂွမ်မိသားစု၏ လှေကိုကြည့်ရင်း ညည်းတွားလိုက်မိ၏။
“သခင်လေး…… တကယ်ပဲ ဘာတွေလုပ်လိုက်တာပါလဲ……”
……ကိုယ့်လူအချင်းချင်း သတ်မည်ဆိုလျှင်ပင် တိုင်းအတာတစ်ခုတော့ ရှိသင့်ပေသည်။
~~~~
တစ်ခုခုတော့ မှားနေပေပြီ။
အီယွန်းတစ်ယောက် နှစ်ပတ်တိုင်တိုင် ထိုအတွေးကို ရပ်တန့်၍ မရနိုင်ခဲ့ပေ။
ပုံမှန်မိမိဆိုလျှင် ဘယ်တော့မှ မလုပ်မည့် လုပ်ရပ်များ။
ဥပမာအားဖြင့် ဂွမ်ချယ်ဝူ၏ အကြမ်းဖက်မှုကို အားပေးခြင်း၊ လှေကို ခိုးစီးခြင်း၊ အခြားလှေကို ဝင်တိုက်ခြင်း၊ ဂွမ်ချယ်ဝူထံသို့ အရင် လက်လှမ်းပေးခြင်း။ ထို့အပြင် ထိုရင်ခွင်ကို သက်သောင့်သက်သာရှိသည်ဟု ယူဆခြင်း။
ထိုအဖြစ်အပျက်က လွန်ခဲ့သော နှစ်ပတ်ကပင်။
သို့သော် အချိန်ကြာလာ၍ ထူပူနေသောခေါင်း တဖြည်းဖြည်း အေးလာသည်နှင့်အမျှ အီယွန်းတစ်ယောက် ဇဝေဇဝါ ဖြစ်လာရ၏။
‘ငါ…… ငါ ထူးဆန်းနေတယ်……’
ရေကြောက်တတ်သော လူတစ်ယောက်က ပင်လယ်ထဲတွင် ခြေမျက်စိအထိ နှစ်ထားရသလို ခံစားချက်မျိုးပင်။ လှိုင်းလုံးများ တိုးဝင်လာပြီး ပြန်ထွက်သွားသည့် အထိအတွေ့က တစ်နေ့လျှင် အကြိမ်ပေါင်းများစွာ လူကို တုန်လှုပ်စေသည်။
“ချူဂျာရှင့်၊ ကျွန်မ တစ်ခုကို…… အတည်ပြုကြည့်မှ ဖြစ်မယ်ထင်တယ်။”
“ဘာကိုလဲ။”
မှန်ဘီလူး တပ်ထားသော ချူဂျာက ပျင်းတိပျင်းတွဲ ခေါင်းမော့ကြည့်လာသည်။
“သာမန် ယောက်ျားတွေကိုပါ။”
“ဘာ။”
“ပတ်ဝန်းကျင်မှာ သာမန်ယောက်ျားတွေ မရှိဘူးလားဟင်။ နည်းနည်းလောက် မိတ်ဆက်ပေးပါဦး။”
“……မိတ်ဆက်၊ မိတ်ဆက်ပေးရမယ်။”
ချူဂျာ မျက်တောင်မြန်မြန်ခတ်လိုက်သည်။ အီယွန်း၏ ပါးစပ်မှ ထွက်လာလိမ့်မည်ဟု တစ်စက်ကလေးမှ မစဉ်းစားဖူးသည့် စကားဖြစ်နေသောကြောင့်ပင်။ ပါးစပ်က တဖြည်းဖြည်း ဟသွားရ၏။
“……ငါ အခု သေချာကြားလိုက်တာရောဟုတ်ရဲ့လား။”
“ဟုတ်ပါတယ်။”
အီယွန်းက ပင်ပန်းနွမ်းနယ်နေဟန်ဖြင့် မျက်နှာကို သပ်လိုက်သည်။
“အရင်တစ်ခါ ဟို……Solle ရဲ့သားက အိမ်ထောင်ဖက်တွေ့ဖို့ ပြောခဲ့တယ်မဟုတ်လား။”
“ဆေးရုံအုပ် ဆို၊ နင် ဘယ်နား နေမကောင်းဖြစ်နေတာလဲ။”
သူက စိုးရိမ်တကြီးဖြင့် အီယွန်း၏ နဖူးကို စမ်းကြည့်ခဲ့သည်။ သို့သော် ပူနေမည့်အစား အေးစက်နေ၏။
“အတည်ပြုရမှာလေး ရှိလို့ပါ။”
“စောစောကတည်းက ဘာတွေပြောနေတာလဲ။”
“……ချူဂျာ၊ ဧကန္တ Suspension Bridge Effect ဆိုတာ သိလား။”
“သိတာပေါ့။ သိတာတော့ သိပေမဲ့……”
ချူဂျာက မသင်္ကာသလို မျက်လုံးများဖြင့် အီယွန်းကို စိုက်ကြည့်ခဲ့သည်။
“လှုပ်ခါနေတဲ့ တံတားပေါ်မှာ လူတစ်ယောက်နဲ့တွေ့ရင်၊ မြေပြန့်မှာ တွေ့တာထက် ပိုပြီး စိတ်ဝင်စားမှု မြင့်တက်လာတယ်ဆိုတဲ့ သီအိုရီလေ။ တင်းမာနေတဲ့ အခြေအနေမှာ ဖြစ်ပေါ်လာတဲ့ စိတ်လှုပ်ရှားမှု ဒါမှမဟုတ် ကြောက်ရွံ့မှုကို အချစ်လို့ အလွယ်တကူ အထင်မှားတတ်ကြတာ။”
ဂွမ်ချယ်ဝူကြောင့် နှလုံးခုန်ခဲ့ခြင်းက များသောအားဖြင့် ကြောက်စရာကောင်းသည့် အချိန်များ၌ပင်။ ပုံမှန်မဟုတ်သော အခြေအနေမျိုးများ။ ကြီးကြီးမားမား တစ်စုံတစ်ရာဖြစ်လာသည့် အခြေအနေများ။ မသိလိုက်မသိဘာသာဖြင့် မိမိက ပုံမှန်မဟုတ်သော စိတ်လှုပ်ရှားမှုများထဲတွင် အလွန်အကျွံ နစ်မွန်းနေပေပြီ။
အီယွန်းတစ်ယောက် မျှော်လင့်တကြီးမျက်နှာထားဖြင့် ချူဂျာကို ဆွဲကိုင်လိုက်သည်။
“အဲ့ဒါကြောင့်၊ သာမန်ယောက်ျားပါ၊ တတ်နိုင်သလောက် များများလေး….”
~~~~
Miel’s Translations