အပိုင်း ၄၃
“ကိုယ် ဘယ်လိုလုပ်ပေးရင် ဖြစ်မလဲဟင်။”
သူက နဖူးချင်းခွာလိုက်ပြီး တိုးညင်းသော အသံဖြင့် ပြောခဲ့သည်။ ဆုံသွားသော မျက်ဝန်းအိမ်ထဲတွင် နက်ရှိုင်းပြီး ပြင်းထန်သော ခံစားချက်များ လှိုင်းထနေ၏။
“ကိုယ်ဘာလုပ်ပေးမှ အီယွန်းအတွက် အစားထိုးပေးရာ ရောက်မှာလဲ။”
အီယွန်း မျက်လုံးကိုမှိတ်ကာ အသက်ကို ပြင်းပြင်းရှူသွင်းလိုက်သည်။
ဂွမ်ချယ်ဝူက အီယွန်း တစ်ခါမှ မရရှိခဲ့ဖူးသော အရာများကို အလွန်လွယ်ကူစွာ ကမ်းလှမ်းတတ်သူပင်။ သူ၏ စကားလုံးတိုင်းနှင့် အပြုအမူတိုင်းတွင် အီယွန်း၏ အတိတ်ကို ကုစားပေးနိုင်သည့် စွမ်းအားများ ကိန်းအောင်းနေသည်။
“ဒီအတိုင်း……”
အီယွန်း လှုပ်ခတ်နေသော စိတ်ကို အတတ်နိုင်ဆုံး ထိန်းချုပ်လိုက်၏။
“အရာရာကို တည်တည်ငြိမ်ငြိမ်နဲ့၊ အစွန်းမရောက်စေဘဲ……”
“……”
“ရှေ့လျှောက် အကြမ်းမဖက်တော့ဘဲ၊ တ...တင်းမာမှုတွေလည်း မရှိစေဘဲနဲ့။ အဓိကတော့ ဂွမ်ချယ်ဝူရဲ့ ရောဂါလက္ခဏာတွေ အမြန်ဆုံး သက်သာသွားစေချင်တာပါ။”
နူးညံ့တည်ငြိမ်နေသော အီယွန်း၏ မျက်နှာထားက အနည်းငယ် ပျက်ယွင်းသွားသည်။
သောက်ကျိုးနည်း ဆိုအီယွန်းရဲ့ ဒီခေါင်းမာမှုကတော့။
ဤအခိုက်အတန့်တွင် ဂွမ်ချယ်ဝူက အီယွန်း အသုံးချနေသည့် ထိုအကာအကွယ်တံတိုင်းကို အမြစ်ကပါပြတ်အောင် ဖြိုချပစ်မည်ဟု စိတ်ပိုင်းဖြတ်လိုက်တော့၏။
~~~~
“အပိုပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အဖိုသတ္တဝါကတော့ အငြင်းခံရမှာပါ။”
ဂယူဘဲ့က မြန်သော်လည်း ပုံမှန်အရှိန်တစ်ခုဖြင့် စွယ်စုံကျမ်းကို အလျင်အမြန် ဖတ်ရှုနေပြီး ဂွမ်ချယ်ဝူကမူ မျက်နှာသေနှင့် မေးထောက်နေခဲ့သည်။
ပျင်းရိဖွယ်ကောင်းသော နေ့လယ်ခင်းတစ်ခုတွင် အမျိုးသားနှစ်ယောက်က နေရောင်ကောင်းကောင်းရသည့် စားပွဲတွင်ထိုင်ကာ ထူးဆန်းသော စိတ်ဓာတ်စစ်ဆင်ရေးတစ်ခု လုပ်နေကြခြင်းပင်။
“မျောက်ငယ်လေးမှ မဟုတ်ရင် မျှော်လင့်ချက် မရှိပါဘူး။”
“ပါရဂူ အသေးလေး၊ မျောက်နဲ့ လူနဲ့က မတူဘူးလေ။”
“သတ္တဝါဖြစ်တာချင်းတော့ တူပါတယ်။ အလေ့အကျင့်တွေလည်း ဆင်တူပါတယ်။”
အရှုံးမပေးသော ဂယူဘဲ့၏ ဇွဲကြောင့် ထိုလူလည်း တစ်ချက်ရယ်မိသွားသည်။ ကလေးငယ်က ကြည်လင်သော အသံလေးဖြင့် တစ်ဖက်လူကို ထပ်မံ ဖိအားပေးလာပြန်၏။
“မျောက်ငယ်လေးတွေက အနံ့ကောင်းပါတယ်။”
တောက်လျှောက် မျောက်ငယ်လေးအကြောင်းပြောပြီး အထင်ကြီးခံရအောင် ပခုံးတွန့်ပြနေသည့်ပုံစံက ရယ်ချင်စရာပင်။
ငယ်တယ်ဆိုတာလည်း အတိုင်းအတာရှိဦးမှပေါ့၊ ဘယ်က မျောက်ပေါက်စနဲ့ လာယှဉ်နေတာလဲ။
သူက အထင်သေးသည့်အလား နှုတ်ခမ်းကို တစ်ချက်တွန့်လိုက်သည်။
“သူများကြားရင် ငါ့ဆီက ညစ်ပတ်တဲ့အနံ့ထွက်နေတယ် ထင်ကုန်ဦးမယ်။ ငါလည်း ရေသေချာချိုးပါတယ်၊ ပါရဂူကြီးရဲ့။”
ထို့နောက် ဂွမ်ချယ်ဝူက ကိုယ်ကိုအရှေ့သို့ကိုင်းကာ အသံကို နှိမ့်လိုက်၏။
“လူ့အဖွဲ့အစည်းမှာ အသက်ငယ်တဲ့ ယောက်ျားတွေက လူကြိုက်မများဘူး။”
သူက 'ဒီမှာကြည့်' ဟု လက်ချောင်းများကို တစ်ချောင်းချင်း စတင်ချိုးပြတော့သည်။
“ရှာဖွေစုဆောင်းထားတဲ့ ပိုက်ဆံမရှိ၊ ကိုယ့်တစ်ကိုယ်စာတောင် မနည်းဂရုစိုက်နေရ၊ ကဏ္ဍစုံမှာ အတွေ့အကြုံမရှိ၊ ကလေးလည်းဆန်၊ တာဝန်ယူမှုမရှိ....”
“ဒါပေမဲ့ အဖိုသတ္တဝါမှာလည်း ပိုက်ဆံမရှိပါဘူး။”
“……ဘာ။”
ထိုလူက လှုပ်ရှားမှုများကိုရပ်ကာ ကလေးငယ်ကို စိုက်ကြည့်လိုက်သည်။
“အလုပ်မရှိပါဘူး။ အလုပ်လက်မဲ့ပါ။ အိပ်ပဲအိပ်နေတာပါ။ အားကို ဟန်ရေးပြဖို့ပဲ ထားတာပါ။ အလုပ်မှန်သမျှ အမသတ္တဝါကပဲ အကုန်လုပ်ရပါတယ်။”
“…….”
“မျောက်အိုကြီးတွေဆိုရင် အရည်အချင်းပါ မရှိတော့တာက အဆိုးဆုံးပါပဲ။”
မျက်ခုံးများ ကျုံ့သွားတော့သည်။ ဂွမ်ချယ်ဝူတစ်ယောက် ရုတ်တရက် ဖြတ်ရိုက်ခံလိုက်ရသလို ခေါင်းထဲတွင် မူးရိပ်ရိပ်ဖြစ်သွားရ၏။
“အဖိုသတ္တဝါက အခုအချိန်မှာ အင်းဆက်စားသတ္တဝါပါ။”
ဂယူဘဲ့က ဘာကြောင့်မှန်းမသိ စာအုပ်ထဲမှ အကြည့်ကိုခွာကာ ဂွမ်ချယ်ဝူကို ခိုးကြည့်ပြီးမှ အကြည့်ကို ချက်ချင်းပြန်လွှဲသွားသည်။
“အင်းဆက်စားသတ္တဝါတွေရဲ့ ဝိသေသလက္ခဏာက ပေါက်ဖက်တွေလို စား၊ အိပ်၊ အညစ်အကြေးစွန့်၊ ပြီးရင် စား၊ အိပ်၊ အညစ်အကြေးစွန့်ပါပဲ။”
“…….”
“Shutter Man ပါ။ Shutter Man”
[TL/N : Shutter man - ဇနီးလောက် ဝင်ငွေမရှာနိုင်တဲ့သူ
ကလေးက ဂွမ်ချယ်ဝူကို မိန်းမလုပ်စာထိုင်စားတယ်ဆိုပြီး ပညာသားပါပါဖဲ့နေတာ^^]
စားပွဲပေါ် တင်ထားသော ထိုလူ၏ တံတောင်ဆစ်က ချော်ကျသွားသည်။
နှုတ်ခမ်းကို မသိမသာပင့်ကာ ပြုံးလိုက်သော ဂယူဘဲ့က စာအုပ်ထဲသို့ မျက်နှာပြန်အပ်သွားတော့၏။
~~~~
ဒုတိယအဆင့် ပြိုင်ပွဲကြေညာချက် ထွက်လာပေပြီ။
အီယွန်းက တောက်ပနေသော မျက်လုံးများဖြင့် အီးမေးလ်ကို အမြန်ဖတ်ကြည့်လိုက်သော်လည်း အောက်သို့ ဆွဲချလေလေ သူ့မျက်နှာထားက ပို၍ တင်းမာလာလေပင်။
မနှစ်က ငါးရက်ဆက်တိုက် ရွာသွန်းခဲ့သော မိုးသည်းထန်မှုကြောင့် မြေထု ၅ သောင်း ကုဗမီတာခန့် ပြိုကျခဲ့၏။ လှိုင်းလုံးကြီးများကဲ့သို့ ကျဆင်းလာသော မြေပုံကြီးက ငြိမ်းချမ်းသော လူနေရပ်ကွက်နှင့် ကားများကို တစ်ခဏချင်းအတွင်း ဖုံးလွှမ်းသွားခဲ့ကာ လူအများအပြား ဒဏ်ရာရခြင်း၊ သေဆုံးခြင်းများ ဖြစ်ပေါ်ခဲ့သည်။
ပြန်တွေးကြည့်ရုံဖြင့် ထိတ်လန့်ဖွယ်ရာ ဘေးအန္တရာယ်ကြီးပင်။
ထိုမြေပြိုမှုကြောင့် အိမ်ခြေ ၃၀ ခန့် သဲသဲမဲမဲ ရေစီးကြောင်းထဲတွင် သဲလွန်စမရှိ ပျောက်ကွယ်သွားခဲ့ကာ၊ အိမ်ထောင်စုပေါင်း ၁၅၀၀ တွင် လျှပ်စစ်မီးများ ပြတ်တောက်သွားခဲ့သည်။ ထိုအချိန်က အီယွန်းမှာ မတော်တဆဖြစ်ပွားရာနေရာနှင့် ဝေးကွာသော်လည်း ဂွမ်ချယ်ဝူနှင့် ဆက်သွယ်ထားသော ဆေးဘက်ဆိုင်ရာ စက်ပစ္စည်းများကို အရေးပေါ်လျှပ်စစ်မီးသို့ ပြောင်းလဲရန် ဆရာဝန်ကို အပြေးအလွှား ခေါ်ခဲ့ရသေး၏။
“……ထင်တဲ့အတိုင်း လွယ်မှာမဟုတ်ဘူးပဲ။”
မော်နီတာကို ကြည့်နေသော သူ၏ အကြည့်တို့က စိတ်မသက်မသာ ဖြစ်နေသည်။
ယခု ဒုတိယအဆင့်ပြိုင်ပွဲတွင် မြေပြိုမှုဖြစ်ပွားခဲ့သော ထိုဒေသရှိ သစ်ပင်များကို ပြုပြင်ထိန်းသိမ်းရပေမည်။
ကျေးရွာ ပြန်လည်ထူထောင်ရေးအတွက် ခေတ္တပိတ်ထားသော နေရာကို ယာယီဖွင့်ပေးကာ သစ်ပင်ဆရာဝန်များ၏ လုပ်အားကို ‘အလကား’ အသုံးချမည်ဟူသော သစ်တောဦးစီးဌာန၏ အတွင်းစိတ်ကို မြင်တွေ့နေရ၏။
ရည်ရွယ်ချက်က သစ်တောပြန်လည်ထူထောင်ရေး။ သတ်မှတ်ထားသော အချိန်အတွင်း အတတ်နိုင်ဆုံး သစ်ပင်အများဆုံးရအောင် ကုသပေးရန်ဖြစ်သည်။
ပေးထားသောအချိန်က ၂၄ နာရီ၊ ဆိုလိုသည်က တစ်ရက်တိတိဖြစ်ပြီး အတူလိုက်ပါသူ တစ်ဦးသာ ခွင့်ပြုထား၏။ ကြေညာချက်စာတမ်းကို ဖတ်ရုံနှင့်ပင် လူပင်ပန်းမည့်ပုံက အတိုင်းသားပေါ်လွင်နေသည်။
နဂိုအတိုင်းဆိုလျှင် သစ်ပင်ကုသရေးပညာရှင်တစ်ဦးနှင့် အဖွဲ့ဖွဲ့၍ လိုက်ပါရမည်ဖြစ်သော်လည်း၊ အနားယူချိန်မရှိသည့် ဤအစီအစဉ်ကို ချူဂျာက ခံနိုင်ရည်ရှိပါ့မည်လားဆိုသည်မှာ မသေချာပေ။
“အီယွန်း၊ ၅ နာရီကျရင် လူနာသွားကြည့်ရမယ်လို့ ပြောထားတယ်မဟုတ်ဘူးလား။”
ထိုစဉ် ယောက်မကို ကိုင်ထားသော ဂွမ်ချယ်ဝူက အီယွန်း၏ ရုံးခန်းထဲသို့ ဝင်လာသည်။ အီယွန်းက အေပရွန် ဝတ်ထားသော ထိုလူ၏ပုံစံကို ခေတ္တ ငေးကြည့်နေမိရာမှ ထိုင်ခုံပေါ်မှ ကမန်းကတန်း ဆင်းလိုက်၏။
“အာ……အချိန်က အဲ့ဒီလောက်တောင် ရှိသွားပြီလား။”
“ထမင်းကရော ဘယ်လိုလုပ်မလဲ။”
“ကျွန်မ ပြန်လာမှပဲ တစ်ခုခုစားလိုက်တော့မယ်၊ ဂွမ်ချယ်ဝူ အရင်စားနှင့်ပါ။ စောင့်မနေနဲ့တော့နော်။”
“…….”
ထိုစကားကြောင့် မျက်မှောင်ကြုတ်သွားသော ဂွမ်ချယ်ဝူက ရုတ်တရက် တံခါးဘောင်တွင် ယောက်မကို ကန့်လန့်ဖြတ်ကာ လမ်းကို ပိတ်လိုက်သည်။
အရေးပေါ်ဆေးအိတ်ကို ကိုင်ပြီး အပြင်သို့ ပြေးထွက်ရန် ပြင်နေသော အီယွန်းတစ်ယောက် လမ်းကို ပိတ်ထားသော သူ၏ ကိုယ်လုံးကြီးကြောင့် တွန့်ဆုတ်သွားရ၏။
“ဟင်……. နည်းနည်းလောက် ဖယ်ပေးလို့ ရမလား……”
“ဖြစ်ချင်ဖြစ် ကိုယ့်ကိုသာ ခေါ်သွားလိုက်ပါ။”
“……ရှင်။”
“အိမ်မှာ လည်ပင်းရှည်အောင် စောင့်နေတဲ့သူနဲ့ ထမင်းတစ်နပ်တောင် အတူမစားပေးနိုင်ဘူးဆိုရင် ဖြစ်ချင်ဖြစ် ခေါ်သွားပြီး ခိုင်းစားချင်သလိုသာ ခိုင်းစားလိုက်ပါလို့။”
အီယွန်းကို ငုံ့မိုးကြည့်နေသော အကြည့်တို့က အတော်လေး ခေါင်းမာမည့်ပုံပင်။
“ပေါက်ပြားဖြစ်ဖြစ်၊ ပုဆိန်ဖြစ်ဖြစ် လုပ်ပေးပါ့မယ်။”
မိမိကိုယ်ကိုယ် ကိရိယာတစ်ခုအဖြစ် တင်စားပြောဆိုလာသော အသံက အတော်လေး ချောမွတ်လှသည်။
သို့သော် အီယွန်းက သူနှင့်အတူ တောင်တက်ချင်စိတ် တစ်စက်ကလေးမျှ မရှိပေ။ ပုဆိန်ကိုကိုင်ပြီး ဓားခုတ်သလို လုပ်ဆောင်နေမည့် ပုံရိပ်ကို နောက်တစ်ကြိမ် မမြင်ချင်တော့။
လူကို အရှင်လတ်လတ် မြေမြှုပ်နေခဲ့သည့် ပထမဆုံး တွေ့ဆုံမှုကဲ့သို့ပင် ဂွမ်ချယ်ဝူနှင့် တောင်တက်သည့်ကိစ္စက ဆက်စပ်သွားလျှင် ကောင်းကျိုးမရှိပေ။
“ကျွန်မ၊ ကျွန်မက ဂွမ်ချယ်ဝူကို အိမ်မှာ ထမင်းဟင်းလေးချက်၊ သန့်ရှင်းရေးလုပ်၊ ပြီးတော့…… ပန်းအလှပြင်ရင်း စိတ်ကို အေးအေးချမ်းချမ်းလေး နေစေချင်တာပါ။”
“…….”
“အဲ့ဒီလိုပုံစံကို မြင်ရမှ စိတ်အေးနိုင်ပါတယ်။”
ဂွမ်ချယ်ဝူ၏ မျက်မှောင်က အနည်းငယ် ကြုတ်သွားပြီးမှ ပြန်ပြေသွားသည်။ သို့သော် နားထဲတွင်မူ 'Shutter Man ပါ၊ Shutter Man' ဟူသော ဂယူဘဲ့၏ အသံက ဥဩငှက်သံပမာ မြည်ဟည်းနေသလိုပင်။
“အီယွန်းက ကိုယ့်ကို ပန်းအိုးထဲက ပန်းလိုပဲ ဖြစ်စေချင်တာလား။”
“……ရှင်။”
သူ့ကို အိမ်ထဲ၌သာ ပိတ်လှောင်ထားချင်သည့် မိမိ၏ ပညာသားပါပါ အချိုသပ်နားချမှုကို သိသွားသလို ခံစားရသဖြင့် အီယွန်း အမှတ်တမဲ့ လန့်သွားရသည်။
“အဲ့ဒီလို အိမ်ထောင်ဖက်မျိုးဖြစ်မှ အီယွန်းအတွက် စိတ်ချမ်းသာမှာလားလို့ သိချင်လို့ပါ။”
အတွင်းစိတ်ကို ခန့်မှန်းရခက်သော အကြည့်တို့က အေးစက်ငြိမ်သက်နေသည်။ အီယွန်းအနေနှင့် သူ၏ စိတ်ရင်းကို တစ်စက်ကလေးပင် မသိနိုင်သော်လည်း ဤအရာကိုတော့ အရှိအတိုင်း ပြောလိုက်နိုင်၏။
“ဟုတ်ပါတယ်၊ ဘယ်လိုပဲဖြစ်ဖြစ်ပါ။”
“…….”
“ကျွန်မက ဂွမ်ချယ်ဝူကို အဲ့ဒီလိုမျိုး အန္တရာယ်ကင်းကင်းလေးပဲ ရှိနေစေချင်ပါတယ်။”
သူ့ထံမှ ထူးခြားသော တုံ့ပြန်မှုမရှိခဲ့ပေ။ သို့သော် အမူအရာကင်းမဲ့သော မျက်နှာသေက အီယွန်းကို အရိပ်တစ်ခုပမာ ဖုံးလွှမ်းသွားသည်။ အတွင်းစိတ်ကို ဖုံးကွယ်ထားကြသော လူနှစ်ဦး၏ အကြည့်တို့ တဒင်္ဂ ဆုံသွားတော့၏။
အီယွန်းက အမြဲတစေ ဤလူ၏ ဗီဇကို သတိထားရမည်ဟု သတိပေးနေခြင်းသာဖြစ်ပြီး ဂွမ်ချယ်ဝူကမူ ပထမဆုံးအကြိမ်အဖြစ်...
“အဲ့ဒီလိုလုပ်ပါ့မယ်။”
ပုန်ကန်ဆန့်ကျင်လိုစိတ်က ငေါက်ခနဲ ခေါင်းထောင်လာ၏။
ဆိုအီယွန်းက သူ့ကို ပိတ်လှောင်ထားချင်ရုံသက်သက်သာ။ ထိုကဲ့သို့ သိသာထင်ရှားသည့် ရည်ရွယ်ချက်ကို ကြင်နာမှုနှင့် စိုးရိမ်မှုဟူသော ထုပ်ပိုးမှုတို့ဖြင့် ဖုံးကွယ်ကာ ကမ်းလှမ်းတတ်သည်။
အလုပ်ရှာမည်ဟုဆိုကာ မှတ်ပုံတင်တောင်းခဲ့စဉ်က စကားကိုလည်း တစ်ချိန်တွင် မေ့မေ့ကျောက်ပျောက်ထားခဲ့၏။ မိမိ၏အစ်ကိုဆိုသူက အီယွန်းကို လှုပ်မရအောင် ချုပ်ကိုင်ထားသည့် အခြေအနေမျိုးတွင်ပင် အီယွန်းက ဂွမ်ချယ်ဝူနှင့် ထိုဝန်ထုပ်ဝန်ပိုးကို မျှဝေခြင်းမရှိပေ။
အလွန်ဆုံးရှိလှမှ ‘ရန်လိုမှုကို လျှော့ချရန်’ သာ မျှော်လင့်ရင်း သူ့ကို အလှပြပန်းအိုးအဖြစ်သာ ထားချင်နေကြသည် မဟုတ်ပါလား။
နဂိုကပင် ခွေးကောင်အဖြစ် မွေးဖွားလာသည့် သားရဲကို ဟိုဖြတ်ဒီတောက်လုပ်ပြီး အပင်အဖြစ် ပြောင်းလဲရန် ကြိုးစားနေခြင်းက ဘာမှအဓိပ္ပာယ်မရှိသော်လည်း၊ ဂွမ်ချယ်ဝူက ထိုအရာကိုပင် ဇနီးဖြစ်သူ၏ စကားအတိုင်း လိုက်နာရန် ဆုံးဖြတ်ခဲ့သည်။
သူ၏ ဖြူဖျော့ဖျော့ မျက်နှာထက်တွင် အပြုံးတစ်ခု ခပ်ရေးရေးပေါ်လာ၏။
“အဲ့ဒီအစား ဒီနေ့တစ်ရက်ပဲ အပြင်ထွက်ပြီး အတူတူ ထမင်းစားရအောင်။”
“……ရှင်။”
“ကိုယ် ထမင်းချိုင့် ပြင်လိုက်ပါ့မယ်။”
နူးညံ့သော မျက်ဝန်းများဖြင့် ခေါင်းလေးကိုပင် စောင်းငဲ့ကာ တောင်းဆိုနေသော ပုံစံကြောင့် အီယွန်းတစ်ယောက် ညှို့ယူပြုစားခြင်းခံထားရသူလို ခေါင်းညိတ်လိုက်မိတော့သည်။
~~~~
အီယွန်းက ပျပိုးများကြောင့် ရုပ်ပျက်ဆင်းပျက် ဖြစ်နေသော သစ်ပင်ရှေ့တွင် ဒူးထောက်ထိုင်လိုက်သည်။ ပျပိုးများ၏ စားသောက်ပွဲကြောင့် သစ်ခေါက်များက အဝတ်မပါသလို ကွာကျနေပေပြီ။
သူက ပိုးသတ်ဆေးဖြန်းပြီး လာတက်စ်လက်အိတ်ကို ချွတ်လိုက်သည်။ ထိုအခါ ဘေးတွင်ရပ်နေသော အုပ်ထိန်းသူက အနောက်တိုင်းဝတ်စုံဂျာကင်ကို ဖြစ်သလို လုံးထွေးကိုင်ထားရင်း တင်းမာသော မျက်နှာဖြင့် အနားသို့ တိုးလာ၏။
“ဟို၊ ဆရာမ။ သိချင်တာလေး ရှိလို့ပါ။”
“သစ်ပင်ကိုတော့ မခုတ်ပါဘူး။”
“ဗျာ။”
အီယွန်း၏ ထင်မှတ်မထားသော ငြင်းပယ်မှုကြောင့် အုပ်ထိန်းသူလည်း ဆတ်ခနဲတွန့်သွားသည်။
“အများကြီး လာမေးတတ်ကြလို့ပါ။ မတော်လို့ အမြစ်တွေက သင်္ချိုင်းထဲအထိ ဝင်သွားပြီး အလောင်းကို သွားပတ်မိရင် သားစဉ်မြေးဆက်တွေဆီ ကံဆိုးမှုတွေ ရောက်လာတတ်တယ်ဆိုပြီးတော့လေ။”
အီယွန်းက သစ်ပင်ဘေးရှိ ကုန်းမို့မို့လေးဖြစ်နေသော သင်္ချိုင်းဘက်သို့ အကြည့်လွှဲလိုက်သည်။ ပိုင်ရှင်ဖြစ်သူက သူ၏စိတ်ကို အဖတ်ခံလိုက်ရသလို မျက်လုံးအဝိုင်းသား ဖြစ်သွား၏။ ခြောက်ကပ်ကပ် အသံက ဆက်လက် ထွက်ပေါ်လာသည်။
“အဲ့ဒါကြောင့် နှစ်ပေါင်း ရာချီသက်တမ်းရှိတဲ့ ထင်းရှူးပင်တွေတောင် ချက်ချင်း အခုတ်ခံကြရတာပါ။ အခုအထိ သစ်ပင်တစ်ပင်ရဲ့ တန်ဖိုးကို မသိကြသေးတဲ့ ကမ္ဘာကြီးလေ။”
အီယွန်းက ကောက်ရိုးဦးထုပ်ကို ပြင်ဆောင်းလိုက်ရင်း ဆေးအိတ်ကို ပိတ်လိုက်သည်။
“အုပ်ထိန်းသူရှင့်။”
“ဟုတ်၊ ဟုတ်ကဲ့။”
သူက ခန္ဓာကိုယ်အပေါ်ပိုင်း တုန်ယင်လျက် ပင်ပန်းနွမ်းနယ်နေသော မျက်နှာကို မော့ကြည့်လာသည်။
“ဒီသစ်ပင်ကို ခုတ်လိုက်ရင် သင်္ချိုင်းပတ်ဝန်းကျင်မှာ ဘာမှကျန်တော့မှာ မဟုတ်ပါဘူး။”
“……”
“ဘိုးဘွားတွေက အဲ့ဒီလောက်တောင် အရေးကြီးတယ်ဆိုရင် မကြာခဏ လာကြည့်ပေးမှပေါ့၊ မဟုတ်ဘူးလား။”
အုပ်ထိန်းသူလည်း အဆုံးအထိ ဘာမှ ပြန်မပြောနိုင်တော့ဘဲ ရှိနေစဉ်၊ အီယွန်းက ပုခုံးကို အသာအယာ တွန့်လိုက်ရင်း ကျောခိုင်းထွက်ခွာလာခဲ့တော့သည်။
~~~~
Miel's Translations