အပိုင်း ၃၉
—ခွပ်
သူ့မျက်နှာက မြေပြင်နှင့် ဆောင့်မိကာ မှောက်လျက် လဲကျသွားသည်။
ထိုနေရာတွင် စိတ်ပျက်လက်ပျက် ဖြစ်နေသော မျက်နှာထားဖြင့် ဟွမ်ဂျိုယွန်းကို ပြန်ထူပေးနေသည့် ဂွမ်ချယ်ဝူ ရှိနေ၏။
“ဂွမ်... ဂွမ်ချယ်... ဟား... အစ်...”
“တော်ပြီ။ ဘာမှမပြောဘဲ အသက်သာရှူနေ။”
သူက နက်ခ်တိုင်ကို ပါးစပ်ဖြင့် ကိုက်ထားပြီး ဟွမ်ဂျိုယွန်း၏ လည်ပင်းကို ချုပ်ကိုင်လိုက်သည်။ ဟွမ်ဂျိုယွန်းက အသက်ရှူကျပ်သွားသဖြင့် နီရဲနေသော မျက်နှာနှင့် ဂွမ်ချယ်ဝူ၏ လက်မောင်းကို အသည်းအသန် ပုတ်ထုတ်နေ၏။
မီးပုံထဲ ကျသွားသည့်အလား ရဲတောက်နေသော မျက်နှာအသွေးအရောင်နှင့် အေးစက်ခက်ထန်နေသော ဂွမ်ချယ်ဝူ၏ မျက်နှာတို့မှာ အလွန်ပင် ဆန့်ကျင်ဘက်ဖြစ်နေတော့သည်။
အီယွန်းတစ်ယောက် ထိုပုံစံကို ငေးကြည့်နေရုံဖြင့် မမှန်မကန်ဖြစ်နေသော အသက်ရှူသံများက ပုံမှန်အတိုင်း ပြန်ဖြစ်လာသလို ခံစားလိုက်ရ၏။
ထိုလူက ဟွမ်ဂျိုယွန်းကို အတင်းဆွဲထူပြီးနောက် သစ်ကိုင်းတစ်ခုတွင် လက်ကောက်ဝတ်နှစ်ဖက်ကို ချည်နှောင်လိုက်သည်။ ပါးစပ်ဖြင့် ကိုက်ထားသော နက်ခ်တိုင်ဖြင့် မြန်ဆန်ကျွမ်းကျင်စွာ ရစ်ပတ်ချည်နှောင်လိုက်ခြင်းပင်။
“လွှတ်စမ်း၊ ဒီလူမိုက်ကောင်...”
“လက်မဟုတ်ဘဲ လည်ပင်းကို အချည်ခံချင်လို့လား။”
ဟွမ်ဂျိုယွန်းတစ်ယောက်တည်း ကြားနိုင်အောင် တိုးတိုးလေး ကပ်ပြောလိုက်တော့မှ သူက ဆတ်ခနဲ တုန်သွားကာ ငြိမ်ကျသွားတော့သည်။ ဟွမ်ဂျိုယွန်း မည်သို့ပင် ခြေဖျားထောက်ပြီး ဟန်ချက်ညီအောင် ကြိုးစားပါစေ မလွယ်ကူခဲ့ပေ။
“ငါ အရင်တစ်ခေါက်က နားလည်အောင် ရှင်းပြခဲ့ပြီးသား ထင်တာပဲ။”
“အူး...”
“မင်း ဒီလိုလုပ်လေ ငါပဲ ပိုပျော်လေဆိုတာ မသိဘူးလား။ ငါက မင်းလို ကြောင်တောင်တောင်နဲ့ ဇွဲကောင်းတဲ့ကောင်တွေကို သဘောကျတယ်။”
ကျဉ်းမြောင်းသွားသော မျက်လုံးများက ထူးဆန်းနေ၏။ ဘာမှန်းမသိရသော ကြောက်စရာ ခံစားချက်က နက်မှောင်သော ရွှံ့နွံအိုင်ပမာ ဟွမ်ဂျိုယွန်းကို ဝါးမျိုသွားတော့သည်။
ဂွမ်ချယ်ဝူထံမှ ရစရာမရှိအောင် အရိုက်ခံရသည့် ထိုနေ့ နောက်ပိုင်းတွင် ဟွမ်ဂျိုယွန်းက ဆိုအီယွန်း၏ ခင်ပွန်းကို ထောင်ထဲ မရောက်ရောက်အောင်ပို့မည်ဟု ကြုံးဝါးကာ ဆေးလက်မှတ် သွားယူခဲ့၏။
ထို့နောက် အရုဏ်တက်ချိန်ခန့်တွင်။
ရုတ်တရက်ဆိုသလို ဆေးရုံအုပ် ဂျိုဂယောင်းချွန်းထံမှ ဖုန်းလာခဲ့သည်။
—မင်းကို တွေ့ချင်နေတဲ့သူ ရှိတယ်။ ဒါနဲ့ မင်းက ဒီပုဂ္ဂိုလ်ကို ဘယ်လိုလုပ်ပြီး သိနေတာလဲ။
ဂျိုဂယောင်းချွန်းက “ငါတောင် ခက်ခက်ခဲခဲ ဆက်ဆံရတဲ့ပုဂ္ဂိုလ်မို့လို့ အမှားအယွင်း မရှိစေနဲ့” ဟူသော စကားကို နားပူအောင် တဖွဖွ မှာကြားနေခဲ့၏။
ချီးပဲ၊ မနက်အစောကြီး ဘာတွေလဲ... ဘယ်သူမို့လို့ ဒီလောက်တောင် ဖြစ်နေရတာလဲ။
ထိုသို့နှင့် သွားတွေ့ခဲ့သည့် အရက်ဝိုင်းတွင် ဟွမ်ဂျိုယွန်းတစ်ယောက် မိမိနှင့် ရွယ်တူခန့်သာရှိမည့် အမျိုးသားတစ်ဦးကို တွေ့ခဲ့ရသည်။
နေရာနှင့် မလိုက်ဖက်စွာ အရက်ပုလင်း တစ်ပုလင်းမှ ရှိမနေပေ။ စစ်သားတစ်ယောက်လို ဆံပင်အတိုညှပ်ထားပြီး အပြုံးအရယ်မရှိသော မျက်နှာ...ဟင်။
“မင်း...”
ဘေးအိမ်က လူပဲ။
ဟွမ်ဂျိုယွန်း အတင်းဆွဲခေါ်သွားခြင်းခံရစဉ်က အကူအညီတောင်းသံကို မျက်နှာချင်းဆိုင်တွင် ကြားပါလျက်နှင့် လျစ်လျူရှုခဲ့သည့်ကောင်။
ထိုစဉ် ဝါကျင်ကျင် စာအိတ်တစ်အိတ်က ခြေရင်းသို့ ဖတ်ခနဲ ကျလာသည်။
“ဒါက ဒါရိုက်တာကြီးရဲ့ မှာကြားချက်ပါ။”
ဒါရိုက်တာကြီး။ ဒါရိုက်တာက ဘယ်သူလဲ။
ဟွမ်ဂျိုယွန်းက ပတ်ဝန်းကျင်ကို အဓိပ္ပာယ်မရှိသလို လှည့်ပတ်ကြည့်လိုက်မိသည်။ နားမလည်နိုင်သော အခြေအနေကြောင့် မျက်လုံးအပြူးသားဖြင့် ကြည့်နေပြီးမှ စာအိတ်ကို ကောက်ယူလိုက်၏။ ထို့နောက် အတွင်းမှ အကြောင်းအရာကို စစ်ဆေးလိုက်သည့်အခါ သူ၏မျက်နှာက ဖြူရော်သွားတော့သည်။
ထိုအမျိုးသားက တောင့်တင်းသွားသော ဟွမ်ဂျိုယွန်းကို အကဲခတ်ပြီးနောက်မှ ထပ်ပြီး ပြောစရာမရှိတော့သည့်အလား နေရာမှ ထလိုက်၏။
“ပေါက်ကရတွေမလုပ်ဘဲ အသာလေးနေပါ။”
“မင်း... မင်းတို့က ဘယ်သူမို့လို့ ဒီလိုမျိုး...”
ဟွမ်ဂျိုယွန်းက ကျောင်းသားဘဝတွင် ဆေးခြောက်ပင်များကို ခိုးစိုက်ကာ ဆယ်ကျော်သက်လေးများကို ရောင်းခဲ့ဖူးသည်။ အချုပ်ထဲ ရောက်ခါနီးဖြစ်ခဲ့သော်လည်း ပါမောက္ခ ဂျိုဂယောင်းချွန်း၏ အကူအညီဖြင့် မှတ်တမ်းကို ဖျောက်ဖျက်နိုင်ခဲ့သည်ဟုဆို၏။
ဒါတွေက ဘာလို့ ဒီနေရာမှာ ပေါ်လာရတာလဲ...
“ဂျိုဂယောင်းချွန်းက တော်ပေမဲ့ မင်းကတော့ လုံးဝမဟုတ်ဘူးပဲ။”
“...”
“ဘယ်ဘက်ကို ဦးညွှတ်ရမလဲဆိုတာကိုပါ ငါက တစ်ခုချင်း သင်ပေးနေရဦးမှာလား။ ငါတို့ သခင်လေးနဲ့ ပျော်ပျော်ပါးပါး ကစားပြီးရင် အိမ်ပြန်ပြီးတော့ ခြေလက်ဆေးပြီး အိပ်မှပေါ့၊ ဆေးမှတ်တမ်းကို ဘာလို့ သွားယူရတာလဲ။”
“သခင်လေးဆိုတာက ဘာကို....”
ထိုလူက မေးစေ့ဖြင့် သူ၏ ပျက်စီးနေသော မျက်နှာကို ညွှန်ပြခဲ့သည်။
“ဒါရိုက်တာကြီးက ဟွမ်ဂျိုယွန်းကို စောင့်ကြည့်နေပါတယ်။”
ဆူဂု ဆေးဝါးထုတ်လုပ်ရေး၊ ဒါရိုက်တာ ဂွမ်ဂီဆော့။
ဂျိုဂယောင်းချွန်းထံမှ ကြားရသလောက်ဆိုလျှင် လွန်ခဲ့သော အချိန်အတော်ကြာကတည်းက ဂွမ် မိသားစု၏ ပံ့ပိုးမှုဖြင့် ပါမောက္ခဖြစ်လာခဲ့ခြင်းဖြစ်ပြီး ယခုထက်တိုင် ပံ့ပိုးကူညီသူဟူသော အမည်ဖြင့် ကျောထောက်နောက်ခံပေးထားခြင်း ဖြစ်သည်။
သို့သော် ယင်းက စကားလှအောင်ပြောရလျှင်သာ ကျောထောက်နောက်ခံပေးခြင်းဖြစ်သော်လည်း တကယ်တမ်းတွင် ဆက်ကြေးတောင်းသည့် လူမိုက်နှင့် မခြားပေ။
အသက်က လေးဆယ်လောက် ရှိမလား။
ဆေးဝါးကုမ္ပဏီ နာမည်ကောင်းရရှိမှု အဆင့် ၁ နေရာတွင် ရှိနေသည့် ဆူဂု ဆေးဝါးက နုပျိုပြီး ချောမောသော ဒါရိုက်တာကြောင့် ပို၍ပင် နာမည်ကြီးလာသည့် လုပ်ငန်းပင်။
သို့သော် ထိုအရာက လုံးဝ နှစ်သိမ့်မှု မဖြစ်ခဲ့ပေ။ ဟွမ်ဂျိုယွန်းက အထိုးခံထားရသည့် အမှတ်အသားများကို ကြည့်မိတိုင်း ရှုံးနိမ့်မှု ဝေဒနာကို ခံစားခဲ့ရသည်။
ဒါရိုက်တာဆိုတဲ့ကောင်နဲ့ 'သခင်လေး' ဆိုတဲ့ကောင်က မိသားစုတွေလို့ ပြောချင်တာလား။ သခင်လေးဆိုပဲ၊ လူမိုက်စုတ်ကများ...
ကစားရမည့်ဘက်က အမြဲတမ်း သူသာ ဖြစ်ရပေမည်။ ဟွမ်ဂျိုယွန်းက သွားကြိတ်ကာ နှုတ်ခမ်းကို တွန့်လိုက်၏။
“မင်း အခု မှားတော့မှာ။ ငါက မဟုတ်တောင် ယောကျ်ားချင်းမို့လို့ မင်းကို ကူညီပေးမလို့ကို။”
ဂွမ်ချယ်ဝူက ရယ်စရာပင်မကောင်းသည့်အလား ကျောခိုင်းလိုက်သည်။ ဟွမ်ဂျိုယွန်းခမျာ ငါးမျှားချိတ်တွင် မိနေသော ငါးတစ်ကောင်ပမာ အစွမ်းကုန် ရုန်းကန်နေတော့၏။
“သိုက်တူးမဆီမှာ အလိမ်မခံရအောင် ကူညီပေးတာကို၊ ချီးပဲ၊ ဆိုအီယွန်းက ဘယ်လိုမိန်းမမျိုးမှန်း သိရဲ့လား။”
ဂွမ်ချယ်ဝူက မြေကြီးပေါ်တွင် ထိုင်နေသည့် အီယွန်းကို ဘာတစ်ခွန်းမှမပြောဘဲ ပွေ့ချီလိုက်သည်။ ခါးနှင့် ဒူးအောက်မှ အကြမ်းပတမ်း ပွေ့ချီလိုက်ခြင်းဖြစ်သော်လည်း အီယွန်းက လုံးဝ စိတ်မဆိုးခဲ့ပေ။
“အဲ့ဒီဟာက လုံးဝ အရှက်မရှိတဲ့ မိသားစုကနေ ဆင်းသက်လာတာ။ အဲ့ဒါတင်မကဘူး၊ ကိုယ့်အိမ်သားချင်းတောင် မျက်လုံးချင်းဆုံတာနဲ့...”
“သိတယ်။”
“...သိတယ်ပေါ့လေ။”
ဟွမ်ဂျိုယွန်း၏ မျက်လုံးများ တုန်လှုပ်သွားသည်။
“ခင်ပွန်းမို့လို့ ကျိန်းသေပေါက် သိတာပေါ့။ ငါမသိတာ ဘာမှမရှိဘူး။”
ဂွမ်ချယ်ဝူက မျက်နှာကို တင်းထားလျက် ပြတ်သားစွာ ပြောလိုက်သည်။ သူက မေ့ဆေးမိနေသော သမင်လေးလို မျက်တောင်တခတ်ခတ် လုပ်နေသည့် အီယွန်းကို ရင်ခွင်ထဲသို့ ပိုတိုး၍ထွေးပွေ့ထားရင်း လျှောက်သွားလေ၏။ အနောက်မှ ဟွမ်ဂျိုယွန်းက အော်ဟစ်နေသော်လည်း သူတို့နှစ်ယောက်အတွက် ဘာအသံမှ မကြားရတော့ပေ။
“...ဂွမ်ချယ်ဝူရှင့်။”
“ဟုတ်ကဲ့။”
“...သစ်ပင်လေ။ လူကို အဲ့ဒီလို ချိတ်ထားရင် သစ်ကိုင်းလေးတွေ နာကုန်ပါလိမ့်မယ်။”
သူက ရှီးခနဲ ရယ်လိုက်ကာ အီယွန်း၏ နဖူးလေးကို နမ်းပြီး ပြန်ခွာသွားသည်။ အရိုက်ခံထားရသလိုမျက်နှာနှင့် ရှိနေသည့်တိုင် လုပ်စရာရှိသည်ကို လုပ်နေသည့် အီယွန်းက ချစ်စရာကောင်းလှသောကြောင့်ပင်။
“မကြာခင် ဝန်ထမ်းတွေတွေ့ပြီး လွှတ်ပေးကြမှာပေါ့။ ဒါပေမဲ့ အီယွန်း၊ အခုက သစ်ပင်အတွက် စိတ်ပူနေရမဲ့အချိန် မဟုတ်ဘူးထင်တာပဲ။”
“ရှင်။”
“ကိုယ်က ညှာမှာမဟုတ်ဘူးလို့ ပြောခဲ့တယ်မဟုတ်လား။”
“...”
“ထွက်ပြေးရင်လည်း အမိမခံရအောင် ပြေးမှပေါ့။”
သူက ဥယျာဉ်အတွင်းပိုင်းဆီသို့ တဖြည်းဖြည်း တိုးဝင်သွားခဲ့သည်။ ဂွမ်ချယ်ဝူကို ထိုးနှက်နေသည့် ခေါင်းကိုက်ဝေဒနာကလည်း ယခုမူ မရှိတော့သည့်အလား မသိလိုက်ခင်မှာပင် ပျောက်ကွယ်သွားခဲ့လေပြီ။
“မင်း... မင်း... မင်း...”
ဟွမ်ဂျိုယွန်းက ရုတ်တရက် ပေါ်လာသော လူကိုမြင်ပြီး မျက်လုံးအပြူးသား ဖြစ်သွားသည်။ နဖူးပေါ်မှ အရေးအကြောင်းများလည်း တဆတ်ဆတ် တုန်ယင်နေ၏။
“အသာလေးနေဖို့ ပြောခဲ့တယ်မဟုတ်လား။”
သခင်လေးအကြောင်း ပြောပြီး ဟွမ်ဂျိုယွန်းကို ခြိမ်းခြောက်ခဲ့သည့် ဘေးအိမ်မှ လူ။
သူက ပါတီခန်းမထဲမှ ထွက်လာပုံရကာ စားပွဲထိုးဝတ်စုံဖြင့် ဟွမ်ဂျိုယွန်းအား ငုံ့ကြည့်နေခဲ့သည်။
“ချီး၊ ချီးပဲ။ ဘာကို ဒါရိုက်တာဂွမ်လဲ။”
“...”
ဘေးအိမ်ကလူ ဂျန်ဘုမ်ဟီးက စမတ်ဖုန်းဖြင့် စာပို့နေသည်။
“မင်းတို့က လူမိုက်တွေမဟုတ်လား။ ပါးစပ်ဖွင့်လိုက်တာနဲ့ ခြိမ်းခြောက်နေတာဆိုတော့ အသိသာကြီး။ မင်းတို့ရဲ့ ဇာစ်မြစ်အနံ့ကို ဒီလောက်နဲ့ ဖုံးလို့ရမယ်များ မှတ်နေလား။”
“...”
“ဒါဆို ဆိုအီယွန်းယောက်ျားကရော ဘာလဲ။ အဲ့ဒီကောင်ကရော လူသတ်နေတဲ့ကောင်လား။”
စာရိုက်နေသည့် ဂျန်ဘုမ်ဟီးက ရုတ်တရက် ခေါင်းမော့လာသည်။ စစ်ပြန်တစ်ယောက်လို တည်ငြိမ်နေပုံရသော်လည်း ခဏချင်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာ၏။
“သခင်လေးက ငါတို့နဲ့ မတူဘူး။”
'ပီပါ ပြင်ထား။'
သူက 'ပို့ရန်' ခလုတ်ကို နှိပ်လိုက်တော့သည်။
မကြာမီတွင် သစ်ကိုင်းထက်၌ ပိုင်ရှင်မဲ့ နက်ခ်တိုင်လေး တစ်ခုတည်းသာ လေထဲတွင် လွင့်နေတော့၏။
~~~~
“တောင်းပန်ပါတယ်။ ကိုယ်က နားလည်အောင် သေသေချာချာ ရှင်းပြခဲ့ပေမဲ့ အဲ့ဒီကောင်က အီယွန်းရှေ့မှာ ထပ်ပေါ်လာလိမ့်မယ်လို့ ထင်မထားဘူး။”
ဟွာအီဒို ဂရန်းဟိုတယ်၏ ဂုဏ်ပုဒ်တစ်ခုဖြစ်သော ဤ 'ဗီးနပ်စ်ဥယျာဉ်' က ဥရောပမှ ဘုရားကျောင်းတစ်ခုအလား လျှို့ဝှက်ဆန်းကြယ်လှသည်။
အီယွန်း ဘာမှမပြောရသေးသော်လည်း ထိုလူက သစ်ပင်များ အထူထပ်ဆုံးရှိရာဘက်သို့ လျှောက်သွားခဲ့၏။ မကြာမီတွင် နှစ်ဦးသား အကြီးဆုံး သစ်ပင်ကြီးအောက်၌ မှီထိုင်လိုက်ကြသည်။
“......ဧကန္တ ဟွမ်ဂျိုယွန်း ပြောခဲ့တဲ့ စကားတွေကို ကြားသွားလားဟင်။”
“ဘာစကားလဲ။”
“ကျွန်မရဲ့...... မိသားစုအကြောင်းတွေလေ။”
အီယွန်း မျက်လုံးချင်း မဆုံဝံ့ခဲ့။ သို့သော် ဂွမ်ချယ်ဝူအတွက်မူ ထိုအရာက အရေးမကြီးပေ။ အီယွန်း၏ လည်တိုင်ကို ဖုံးကွယ်ထားသော ဆံနွယ်လေးများကို ဖယ်ရှားပစ်ချင်စိတ်ကသာ သူ့အား အသည်းယားစေခဲ့သည်။
“လင်မယားတွေပဲ၊ ကျိန်းသေပေါက် သိထားရမှာပေါ့။ ခင်ပွန်းဖြစ်တဲ့ ကိုယ်က ဇနီးရဲ့ မိသားစုအရှုပ်အထွေးကို မသိဘူးဆိုတာ အဓိပ္ပာယ်မရှိဘူးလေ။”
ဒါဆိုရင်...... နောက်ဆုံးတော့ မသိဘူးလို့ ပြောနေတဲ့သဘောပဲ မဟုတ်ဘူးလား။
ကြားရလေလေ အဓိပ္ပာယ်မရှိလေဖြစ်သော ယုတ္တိပင်။ ဇနီးအကြောင်း တစ်ခုမှမသိဘူးဟု ကလေးလို ဂျီတိုက်ခဲ့စဉ်ကနှင့် ဆန့်ကျင်စွာ ယခုမူ မသိခြင်းများထဲတွင် ရစ်ပတ်လှောင်ပိတ်မိနေပုံပင်။
“......ကျွန်မ ပြောမပြထားဘူး။ လက်မထပ်ခင်ကရောပဲ။”
“.......”
“မပြောချင်လို့၊ ဂွမ်ချယ်ဝူကို ရည်ရွယ်ချက်ရှိရှိနဲ့ လိမ်ခဲ့တာပါ။”
လေးလံသော တိတ်ဆိတ်မှု လွှမ်းမိုးသွားတော့သည်။
အီယွန်းက မိမိကိုယ်တိုင် ဘာကို မျှော်လင့်နေမှန်းမသိဘဲ ရှုပ်ထွေးနေသော စိတ်အခြေအနေဖြင့် ဖွင့်ဟဝန်ခံလိုက်မိ၏။ မိမိ ဖန်တီးထားသော အလိမ်အညာများကို ပြောနေခြင်းလား၊ သို့မဟုတ် အမှန်တရားကို ပြောနေခြင်းလားဆိုသည်က ခဏတွင်းချင်းမှာပင် ဝေဝါးသွားခဲ့သည်။
ထိုစဉ် ဂွမ်ချယ်ဝူက ရယ်ခဲ့၏။
“...”
ဤအခြေအနေနှင့် လုံးဝမလိုက်ဖက်သော ကြည်လင်သည့် ရယ်သံပင်။ အီယွန်းလည်း ကြောင်အမ်းအမ်းဖြင့် သူ့ကို ငေးကြည့်နေမိသည်။
ဂွမ်ချယ်ဝူက လက်နှစ်ဖက်ကို အနောက်သို့ ထောက်ထားလျက် ခန္ဓာကိုယ်ကို သက်သောင့်သက်သာ ဖြေလျှော့ထား၏။ နူးညံ့စွာ ပြုံးယောင်သမ်းနေသော မျက်ဝန်းများနှင့် ဆုံလိုက်ရသည့်အခါ ရုတ်တရက် အီယွန်း၏ရင်ထဲ၌ ကလိကလိဖြစ်သွားရတော့သည်။
“အဲ့ဒါကို အခု ပြောပြရတဲ့ အကြောင်းရင်းက ဘာလဲ။”
“......ရှင်။”
“အရင်ယောက်ျားထက် ကိုယ်က ပိုပြီး ယုံကြည်အားကိုးထိုက်လို့လား။”
“.......”
“ဖွင့်ပြောလိုက်တာလား။”
ဒါက ဘယ်လိုလုပ်ပြီး အဲ့ဒီလိုအဓိပ္ပာယ် ဖြစ်သွားရတာလဲ.....
သူက နေရောင်ခြည်နှင့် ထိတွေ့လိုက်ရသူအလား မျက်ဝန်းအစုံကို ချိုမြိန်စွာ မှေးစင်းလိုက်သည်။ တဖြည်းဖြည်း နက်ရှိုင်းလာသော အကြည့်များက အီယွန်း၏ မျက်နှာတစ်ခုလုံးကို ဝါးမျိုမတတ် စိုက်ကြည့်နေတော့၏။
“အီယွန်းက ရုတ်တရက်ကြီး ဒီလိုလုပ်တော့ ကိုယ် စိတ်တွေကြွလာပြီ။”
“......အဲ့ဒီ၊ အဲ့ဒီလိုကတော့ မဟုတ်သေးပါဘူး။ ဂွမ်ချယ်ဝူက ဘာမှမသိဘဲ မိသားစုကိစ္စ ရှုပ်ထွေးတဲ့ မိန်းမတစ်ယောက်ရဲ့ အကွက်ထဲမှာ မိသွားတယ်လို့ ပြောနေတာလေ......။ အခြေအနေကိုလည်း နည်းနည်းလောက် သဘောပေါက်ပါဦး။”
“လူအမို့လို့ အဲ့ဒါတွေတော့ မသိဘူး...”
သူက ခြောက်နေသော နှုတ်ခမ်းအစုံကို လျှာဖြင့် သပ်လိုက်သည်။
“သဘောကျတယ်၊ အကွက်ထဲမှာ မိနေရတာကို။”
~~~~
Miel's Translations