အပိုင်း ၅၂
“မှတ်ပုံတင်လေး ပေးလို့ရမလားရှင့်။”
တစ်နေ့လျှင် အကြိမ်ပေါင်းများစွာ ပြောနေကျစကားဖြစ်သော်လည်း ဝန်ထမ်းက ယနေ့မှ ဘာကြောင့်မှန်းမသိ တွန့်ဆုတ်နေမိသည်။
“မှတ်ပုံတင် လိုလို့လား။”
“ဟုတ်ကဲ့၊ အဲ့ဒါက……”
ထိုလူက သူ့ကို စိုက်ကြည့်ကာ ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည့်အခါ ဝန်ထမ်းလည်း လက်ချောင်းများပင် တောင့်တင်းသွားရ၏။
အပေါ်သို့ အနည်းငယ် ပင့်တက်နေသော မျက်လုံးထောင့်စွန်းက မထီတရီနှင့် လွှမ်းမိုးနိုင်လှသည်။ သာမန်သတ္တိမျိုးနှင့်ဆိုလျှင် ထိုကဲ့သို့သော အကြည့်မျိုးကို တည့်တည့်ရင်ဆိုင်ရန် မလွယ်ကူလှပေ။ ဝန်ထမ်းလည်း ဟန်မပျက် ရေဘူးကိုမကာ အာစွတ်လိုက်ရ၏။
ထိုလူက ခေတ္တမျှ အတွေးထဲမျောနေရာမှ နှုတ်ခမ်းထောင့်စွန်းများ ဖြည်းဖြည်းချင်းကွေးညွှတ်သွားသည်။
“ပျောက်သွားလို့ ဘယ်လိုလုပ်ရမလဲ။”
“အာ……”
ရုတ်တရက် ပြောင်းလဲသွားသော အနေအထားကြောင့် ဝန်ထမ်းလည်း ဘာလုပ်လို့လုပ်ရမှန်းမသိ ဖြစ်သွားရ၏။
“အဲ့၊ အဲ့ဒါဆို မှတ်ပုံတင်အသစ် လျှောက်လွှာလေး အရင် ဖြည့်ပေးပါရှင့်။”
သူက ကပျာကယာဖြင့် စာရွက်စာတမ်းများကို ကမ်းပေးခဲ့သည်။
စာရွက်ပေါ်မှ စာသားများကို ဖတ်ရှုနေသော ဂွမ်ချယ်ဝူတစ်ယောက် ရုတ်တရက် တုံ့ခနဲ ဖြစ်သွား၏။ ပြဿနာက မှတ်ပုံတင်အသစ် လျှောက်လွှာတွင်လည်း မှတ်ပုံတင်နံပါတ် ဖြည့်စွက်ရမည့်အကွက်ပါနေခြင်းပင်။ သူ၏ မျက်ခုံးနှစ်ဖက်က အနည်းငယ် ကျုံ့သွားရာမှ ပြန်ပြေလျော့သွားသည်။
ဝန်ထမ်းက ဘောပင်ကို ကိုင်ထားသော်လည်း အကွက်ထဲတွင် ဘာမှမဖြည့်နိုင်ဘဲ ဖြစ်နေသည့် ထိုလူကို ထူးဆန်းသလို ကြည့်နေမိ၏။ ခေတ္တအကြာတွင် ဂွမ်ချယ်ဝူက ဘောပင်ကို ချပြီး ကုပ်ပိုးကို တစ်ချက် ပွတ်သပ်ခဲ့သည်။
“ဖုန်းတစ်ကောလ်လောက် ခေါ်လို့ရမလားဗျ။”
“……ဖုန်းလားရှင့်။”
ရွာငယ်လေးတစ်ခုမှ အစိုးရဝန်ထမ်းဆိုသည်မှာ အောက်ခြေသိမ်း တောက်တိုမည်ရလုပ်ပေးရသည်က များသော်လည်း ဤတောင်းဆိုချက်မျိုးကမူ ယခုနောက်ပိုင်း လုံးဝမကြားဖူးသည့် ကိစ္စပင်။ ဤခေတ်ကြီးထဲတွင် ဆက်သွယ်ရေးကိရိယာ မရှိသူဟူသည်မှာ အလွန်ပင် ရှားပါးလှသည်မဟုတ်ပါလား။
ဝန်ထမ်းက ကြောင်သွားသော်လည်း ထိုလူ၏မျက်လုံးထဲမှ ထူးဆန်းသော ဖိအားတစ်ခုကြောင့် အလျှော့ပေးကာ လက်ကိုလှုပ်ရှားလိုက်ရသည်။ ဖုန်းကြိုးများကိုပါ အရှည်ကြီး ဆွဲထုတ်ပေးကာ သူ့ရှေ့သို့ ရိုရိုသေသေ ချပေးခဲ့၏။
ဂွမ်ချယ်ဝူက လေးလံသော မျက်နှာထားဖြင့် ဖုန်းကို ကောက်ကိုင်ကာ နံပါတ်တစ်ခုကို စတင်နှိပ်လေသည်။ နံပါတ်တစ်ခုချင်းစီကို နှိပ်နေသော သူ၏လက်ချောင်းများက အလွန်ပင် နှေးကွေးနေ၏။ နံပါတ်တစ်ခု နှိပ်လိုက်တိုင်း ဘာကြောင့်မှန်းမသိ သူ၏ မေးရိုးကြွက်သားများက တင်းမာလာတော့သည်။
တူ... တူ... ဟူသော ဖုန်းဝင်သံက ရုတ်တရက် ပြတ်တောက်သွားပြီး ပြန်ကြားရရုံနှင့် စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသော အသံတစ်ခု ထွက်ပေါ်လာ၏။
— ဘယ်သူပါလဲ။
“ငါပဲ။”
— ……ချယ်ဝူ။
တစ်ဖက်လူက အနည်းငယ် နောက်ကျမှ တုံ့ပြန်လာသည်။
ဂွမ်ချယ်ဝူက ထိန်းချုပ်မရဘဲ ပြင်းထန်နေသော ဝင်သက်ထွက်သက်ကို အသာအယာ ပြန်မျိုသိပ်လိုက်၏။ သွားကို တင်းတင်းစေ့ကာ ဤမနှစ်မြို့ဖွယ် အခိုက်အတန့်ကို သည်းခံနေရုံအပြင်မရှိခဲ့။
— ……မင်းက ငါ့နံပါတ်ကို ဘယ်လိုသိတာလဲ။
အေးစက်လှသော ထိုအသံထဲတွင် ဝမ်းသာရိပ် စိုးစဉ်းမျှပင် မပါပေ။ ဂွမ်ချယ်ဝူကလည်း ထိုနည်းတူပင်။ အစ်ကိုဆိုသူအပေါ် မည်သည့်ခံစားချက်မှ ရှိမနေခဲ့။ မှတ်ဉာဏ်ပျောက်ဆုံးနေသည်ဟုဆိုသော်လည်း ဆိုအီယွန်းကို ဇနီးအဖြစ် ချက်ချင်းလက်ခံခဲ့ခြင်းနှင့်မူ လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေသော သဘောထားပင်။
“အီယွန်းဆီကနေ အဲ့ဒီဘက်ရဲ့နံပါတ်ကို ခိုးဖျက်ဖို့ ကြိုးစားရင်းနဲ့လေ။”
— ……
ဂွမ်ချယ်ဝူက မထီတရီပြုံးရင်း လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။
“ကျက်သရေတုံးအောင် မေ့ပစ်လို့မရဘူး ဖြစ်နေလို့။”
အသက်ရှူကျပ်စရာ တိတ်ဆိတ်မှုက ဆက်ရှိနေခဲ့သည်။ စားပွဲခုံကို ‘တောက်တောက်’ ဟု ခေါက်နေသည့် အသံကိုသာ ကြားနေရ၏။
— ဒီတော့ လိုရင်းကိစ္စက။
“ငါ့မှတ်ပုံတင်နံပါတ်။”
ထိုအခါ ဂွမ်ဂီဆော့က ရှီးခနဲ ခြောက်ကပ်စွာ ရယ်ခဲ့သည်။
— မှတ်ဉာဏ်ပြန်ရလာတာတော့ မဟုတ်ဘူးပဲ။
သူ့အသံက ထူးဆန်းလှ၏။ စိတ်အေးသွားသလိုလို၊ နှမြောတသဖြစ်နေသလိုလိုနှင့် ထိုနှစ်ခုကြားတွင် ဝေဝါးနေသည်။
“မှတ်ပုံတင်နံပါတ်။”
ဂွမ်ချယ်ဝူက မည်သည့် ခံစားချက်မျှမပါဘဲ ထပ်မံ တောင်းဆိုလိုက်သည်။ တစ်ဖက်လူနှင့် စကားအရှည်ကြီး ပြောလိုစိတ် လုံးဝမရှိပေ။
— ဆိုအီယွန်းကိုပဲ မေးကြည့်ပါလား။
ဂွမ်ချယ်ဝူက တစ်ဖက်လူ၏ လှောင်ပြောင်မှုကို ချက်ချင်း ရိပ်မိလိုက်၏။
“အဲ့ဒီနာမည်ကို လက်လွတ်စပယ် ပါးစပ်ထဲမထည့်နဲ့။”
— မင်းက ကြယ်စင်ကို ဆွတ်ပေးပါလို့ ပြောရင်တောင် အဲ့ဒီမိန်းမက ရရာနည်းနဲ့ လုပ်ပေးမှာပဲကို။
ဆက်လက်ထွက်ပေါ်လာသော အသံတိုးတိုးက ရုတ်တရက် လျှို့ဝှက်နက်နဲလာသည်။
— ဆိုအီယွန်းက အင်မတန် သစ္စာရှိတာပါဆို။
ဂွမ်ချယ်ဝူက ဖုန်းကို နားမှ ခေတ္တခွာလိုက်သည်။ တောက်လောင်နေသော ဒေါသကို ထိန်းချုပ်နေသည့်အလား တဆတ်ဆတ် တုန်ယင်နေသော မျက်ခွံများကို တင်းတင်းပိတ်လိုက်၏။ ထူးဆန်းစွာပင် ပါးစပ်ထဲတွင် ဆဲဆိုသံများက ရစ်ဝဲနေသည်။ အတွင်းထဲတွင် ပေါက်ကွဲသံများက ပွက်လောရိုက်ကာ ဆူညံနေသော်လည်း သူ့အသံက ပို၍ အေးစက်တည်ငြိမ်လာ၏။
“သုံးခါအထိ မပြောဘူး။”
— အတိအကျ လိုချင်တဲ့ စာရွက်စာတမ်းက ဘာလဲ၊ ချယ်ဝူ။
“မိသားစုဆက်နွှယ်မှု သက်သေခံလက်မှတ်။”
ထိုအခါ ဂွမ်ဂီဆော့က အကျယ်ကြီး ထရယ်တော့သည်။ သူက တကယ် သဘောတွေ့နေခြင်းပင်။ ဖုန်းကို ကိုင်ထားသော ဂွမ်ချယ်ဝူ၏ လက်ကောက်ဝတ်တွင် အကြောများ အပြိုင်းပြိုင်းထလာရသည်။
— မှတ်ပုံတင် ပြန်ရဖို့က အကြာကြီး စောင့်ရမှာကို။
“ကိုယ့်ဘာသာ ကြည့်ကြပ်လုပ်မယ်။”
— အဲ့ဒီလိုတော့ ဘယ်ဖြစ်မလဲ။ မင်းက အစ်ကိုကို အရင် လန့်အောင်လုပ်ထားတာဆိုတော့ ငါက လက်ဆောင်ပြန်ပေးရမှာပေါ့။
ထူးဆန်းသော ထိုအဓိပ္ပာယ်ကြောင့် ဂွမ်ချယ်ဝူ၏ မျက်ခုံးများ ဆတ်ခနဲတွန့်သွားသည်။
— အဲ့ဒီမှာ ခဏလေး စောင့်နေလိုက်။
ဖုန်းက ထိုနေရာတွင်ပင် ပြတ်တောက်သွား၏။
ဂွမ်ချယ်ဝူက စိတ်ထဲတွင် တနုံ့နုံ့ ကျန်ရစ်နေသော အငြိုးကြောင့် ဖုန်းကို အလွယ်တကူ ပြန်မချနိုင်ခဲ့။ ပါးစပ်ထဲတွင်လည်း ခါးသက်သက် ခံစားချက်က စွဲကျန်နေခဲ့သည်။
ပျင်းရိဖွယ်ကောင်းသော အချိန်အနည်းငယ် ကုန်ဆုံးသွားပြီးနောက် ရုတ်တရက် အတွင်းပိုင်းမှ ဝုန်းဒိုင်းကြဲသံနှင့်အတူ တစ်စုံတစ်ယောက်က ကပျာကယာ တံခါးကို ဖွင့်ဝင်လာသည်။ ထိပ်ပြောင်နေသော ရုံးအုပ်ကြီးက တစ်စုံတစ်ယောက်ကို ရှာဖွေနေသလို ရုံးခန်းအတွင်းသို့ ဝေ့ဝဲကြည့်နေ၏။
ဂွမ်ချယ်ဝူနှင့် မျက်လုံးချင်း တည့်တည့်ဆုံသွားတော့ သူက ဘာကြောင့်မှန်းမသိ မျက်နှာပျက်သွားကာ အနားသို့ ချဉ်းကပ်လာသည်။
“……မှတ်ပုံတင်ကို ဒီနေ့အတွင်း ပြန်ရနိုင်အောင် အမြန်ဆုံး စီစဉ်ပေးပါ့မယ်။ ပြီးတော့……”
ရုံးအုပ်ကြီးက တုန်ယင်နေသော လက်များဖြင့် စာရွက်တစ်ရွက်ကို ကမ်းပေးလာ၏။
မိသားစုဆက်နွှယ်မှု သက်သေခံလက်မှတ်။
ဂွမ်ချယ်ဝူက စာရွက်၏ ချွန်ထက်သော ထောင့်စွန်းမှကိုင်ကာ စာရွက်ပေါ်မှ အကြောင်းအရာများကို လျင်မြန်စွာ စစ်ဆေးခဲ့သည်။
~~~~
“အိမ်ထောင်ရေးကို ဘယ်လိုထင်လဲဗျ။”
ဒုတိယမြောက် တွေ့ဆုံရသော အမျိုးသားက လက်မောင်းကြွက်သားများ အချိုးကျလှသော သက်တူရွယ်တူ လက်သမားတစ်ဦးပင်။
နေလောင်ထားသော အသားအရေ၊ အသက်ဝင်တက်ကြွသော အပြုအမူနှင့် ကျယ်လောင်သော အသံတို့ကြောင့် အီယွန်း ခဏခဏ ပခုံးတွန့်သွားရသော်လည်း သူက ပျော်ပျော်နေတတ်သူဖြစ်၏။ ထိုအမျိုးသားက သူ၏ ဝါသနာများကို အဆုံးမရှိ ပြောပြနေရာမှ ရုတ်တရက် အကြောင်းအရာခေါင်းစဉ် ပြောင်းလိုက်ခြင်းပင်။
“အဲ……”
အိမ်ထောင်ပြုတာက……. သင်္ချိုင်းလို့ပဲပြောရမလား……
အီယွန်း အဖြေမထုတ်နိုင်ဘဲ ဝေခွဲမရဖြစ်နေစဉ် သူက ပခုံးတွန့်ကာ စားပွဲပေါ်သို့ လက်တင်ခဲ့သည်။
“အိမ်ထောင်ပြုတယ်ဆိုတာက လူတစ်ယောက်ရဲ့ ဘဝမှာ အရေးကြီးဆုံး ကိစ္စတစ်ခုပဲပေါ့။”
အီယွန်းက အထူးတလည် အဓိပ္ပာယ်ကောက်မနေဘဲ ခေါင်းညိတ်ပြလိုက်သည်။ ကော်ဖီကို မွှေနေသော လက်လှုပ်ရှားမှုတွင် ပျင်းရိငြီးငွေ့သည့် အရိပ်အယောင်က ပေါ်လွင်နေ၏။
“အီယွန်းက အသက် ၃၂ နှစ်လို့ ပြောတယ်မဟုတ်လား။”
“ဟုတ်ကဲ့။”
“ဒါဆို ကျွန်တော့်စကားကို ပိုပြီး သဘောတူလိမ့်မယ်လို့ ထင်ပါတယ်။”
“အတိအကျ ဘယ်လိုအချက်ကို……”
အီယွန်း ခေါင်းလေးငဲ့စောင်းပြီး မေးလိုက်တော့ တစ်ဖက်လူက တက်ကြွသောအသံဖြင့် ဆက်ပြောလာသည်။
“မိဘတွေကို ကျွန်တော်တို့ ကောင်းကောင်းမွန်မွန် နေထိုင်နေတဲ့အကြောင်း ပြဖို့ပေါ့။”
“……”
“အခုခေတ်က အရင်လိုမဟုတ်တော့ဘူးဆိုတော့ ကျွန်တော်ကလည်း ဇနီးသည် တစ်ယောက်တည်းရဲ့ အနစ်နာခံမှုကိုပဲ မျှော်လင့်မှာမဟုတ်ပါဘူး။ ယောက္ခမတွေကိုခေါ်ပြီး စခန်းချ ခရီးထွက်တာမျိုး၊ နှစ်ဖက်မိဘတွေနဲ့အတူ နိုင်ငံခြားမှာ တစ်လလောက် သွားနေတာမျိုးတွေ လုပ်ချင်ပါတယ်။”
သူ့မျက်လုံးများက တောက်ပနေ၏။
“အီယွန်းကရော ဘယ်လိုသဘောရလဲဟင်။”
“အာ……”
ကျိန်းသေပေါက် သူ၏ စိတ်နေစိတ်ထားနှင့် ရည်ရွယ်ချက်က ကောင်းမွန်လှသော်လည်း အီယွန်းတစ်ယောက် ထူးဆန်းစွာ အသက်ရှူကျပ်လာရသည်။
တကယ်တော့ အီယွန်းက ‘အိမ်ထောင်ပြုခြင်း’ ဟူသော စကားလုံးကို ကြားလိုက်ကတည်းက ဂွမ်ချယ်ဝူ၏ မျက်နှာကိုသာ ထူးဆန်းစွာ ပြေးမြင်ယောင်မိခဲ့၏။
အိပ်ရာတစ်ခုတည်း အတူအိပ်စက်ခြင်း၊ အတူတူ နိုးထခြင်းနှင့် နေရာတစ်ခုကို မျှဝေသုံးစွဲခြင်း စသည့်နေ့စဉ်ဘဝများက အသစ်အဆန်းအဖြစ် နေရာယူလာသည်။ သူက ကိုယ်ကို တင်းထားပြီး ခေါင်းကို ခါယမ်းလိုက်၏။
“……အံ့ဩစရာကောင်းတဲ့ အစီအစဉ်တွေ ရှိတာပဲ။ အားပေးပါတယ်။ ဒါပေမဲ့ ကျွန်မကတော့……”
အီယွန်းက ဟန်မပျက်ပြုံးရင်း အသက်ကို ပြင်းပြင်းရှူလိုက်သည်။
“မိသားစုအပေါ် သံယောဇဉ် သိပ်မရှိလို့ပါ။”
“ဗျာ။”
သူက ထင်မှတ်မထားသော စကားကို ကြားလိုက်ရသည့်အလား မျက်လုံးအပြူးသား ဖြစ်သွား၏။ ထို့နောက် ရုတ်ခြည်းပင် မျက်မှောင်ကြုတ်သွားသည်။
ထိုမျက်နှာထားနှင့် ထိပ်တိုက်တိုးလိုက်ရတော့ အီယွန်း၏ စိတ်က ရီဝေဝေဖြစ်လာ၏။
‘ငါက သာမန်လူတစ်ယောက် ရှာဖို့အတွက် အရည်အချင်းမပြည့်မီတာများလား’ ဟူသော အသိက ပြင်းထန်သော လေလှိုင်းလို ရိုက်ခတ်လာသောကြောင့်ပင်။ ရုတ်တရက် အီယွန်းတစ်ယောက် မိမိကိုယ်ကိုယ် ရှက်ရွံ့မိသွားသည်။
ဂွမ်ချယ်ဝူနှင့် နီးနီးကပ်ကပ် နေထိုင်ခဲ့ရသည်မှာ ကြာပြီဖြစ်၍ မိမိကိုယ်ကိုယ် သာမန်လူဟု အထင်မှားခဲ့ပုံပင်။
အခြားသူများ၏ ကဲ့ရဲ့ပြစ်တင်မှုကို ခံခဲ့ရသော အတိတ်ကို မေ့လျော့ကာ ကိုယ့်ကိုယ်ကိုယ် အဟုတ်မှတ်ပြီး သာမန်ယောက်ျားတစ်ယောက်ကို ရှာဖွေရန် ကြိုးစားခဲ့မိ၏။
သို့သော် လက်တွေ့တွင် ထိုလူများနှင့် ဆုံတွေ့လိုက်ရသည့်အခါ အီယွန်း သူတို့ကို လုံးဝ နားမလည်နိုင်ခဲ့ပေ။
တစ်ယောက်က အချစ်ဦးကို သိမ်းဆည်းထားပြီး၊ တစ်ယောက်က မိဘအပေါ် သိတတ်လှ၏။ သူတို့ဘဝက ပြည့်စုံလွန်းလှသည်။ အဖိုးတန်သော တစ်စုံတစ်ယောက်ကို ဆုပ်ကိုင်ကာ အတူတူ ရှင်သန်ရန် အဆင်သင့်ဖြစ်နေသော အံ့ဩစရာကောင်းသည့်လူများပင်။
သို့သော် အီယွန်း၏ ကမ္ဘာလေးထဲတွင်မူ လူဟူ၍ မရှိခဲ့ပေ။ သူ တစ်သက်လုံး ပျိုးထောင်လာခဲ့သော သစ်ပင်များသာရှိကာ လူဟူ၍ မရှိခဲ့။ နောင်တွင်လည်း ထိုသူတို့၏ ကမ္ဘာထဲသို့ ခြေစုံပစ်ဝင်ရန်မှာ အလှမ်းဝေးနေဦးမည်သာ။
‘ကိုယ်တို့က တစ်ယောက်အတွက်တစ်ယောက်ပဲရှိတာလို့ ထင်ထားတာကို။’
အကယ်၍ ထိုစကားကိုသာ တစ်ခါထပ်ကြားရမည်ဆိုလျှင်။
ရုတ်တရက် ပြတင်းပေါက်အပြင်ဘက်ကို ကြည့်လိုက်တော့ မည်းမှောင်နေသော မိုးတိမ်များ လိပ်တက်လာနေသည်။ ထိုအခါ အကျိုးမရှိသော အလုပ်များကို ရပ်တန့်ကာ အိမ်သို့သာ ချက်ချင်း ပြေးသွားချင်စိတ် ပေါက်လာတော့၏။
ထိုသို့ဖြင့် နံပါတ် ၃၊ ၄၊ ၅ အမျိုးသားများနှင့် တွေ့ဆုံခဲ့သော်လည်း အီယွန်းတစ်ယောက် ထုံးစံအတိုင်း ဝိရောဓိများကိုသာ ခံစားခဲ့ရသည်။
ကလေးယူမည့် အစီအစဉ်၊ ရှယ်ယာအကြောင်း၊ ကျောင်းတုန်းကအကြောင်း၊ အချစ်ရေး အတွေ့အကြုံ၊ ရယ်စရာ ဖြစ်ရပ်များစသည်ဖြင့် တစ်ဖက်အမျိုးသားများက သူတို့၏ အကြောင်းကို အဆုံးမရှိ ပြောပြနေကြသော်လည်း အီယွန်းတွင် ထုတ်ပြစရာ အကြောင်းအရာ တစ်ခုမှ မရှိခဲ့ပေ။ ချို့တဲ့လှသော ဘဝလေးပင်။
“.... အီယွန်း၊ ဘာတွေ အဲ့လောက်တောင် တွေးနေတာလဲဗျ။”
အီယွန်း လန့်ဖျပ်သွားကာ ခေါင်းထောင်ကြည့်လိုက်သည်။
အရှေ့တွင်မူ တည်ငြိမ်လှသော မေးရိုးကို ပိုင်ဆိုင်ထားသည့် ရပ်ကွက်ရုံး ဝန်ထမ်းဆိုသူက အီယွန်းကို စိုက်ကြည့်နေ၏။ အနည်းငယ်ဝဖြိုးသည့် ကိုယ်လုံးကိုယ်ထည်ရှိသော်လည်း ယုံကြည်စိတ်ချရသည့် ပုံစံရှိသူပင်။
“အာ…… ဘာမှမဟုတ်ပါဘူး။”
တကယ်က လွန်ခဲ့သော လပိုင်းအတွင်း ဂွမ်ချယ်ဝူနှင့်အတူ ကြုံတွေ့ခဲ့ရသော ထူးဆန်းပြီး ကြောက်စရာကောင်းသည့် ကိစ္စများကို ပြန်လည်မြင်ယောင်နေခြင်းပင်။
‘ငါ့မှာ တစ်ခုခု ပြဿနာရှိနေတာများလား……’
ရုတ်တရက် ထိုအမျိုးသားက ပူနွေးသော အမေရိကာနိုကို တစ်ကျိုက်တည်း သောက်လိုက်ပြီးမှ မေးလာသည်။
“အီယွန်းရဲ့ စံပြအမျိုးသားက ဘယ်လိုမျိုးလဲဟင်။”
“……မရှိဘူးထင်တယ်ရှင့်။”
အီယွန်းက စားပွဲပေါ်မှ အရသာရှိပုံရသော အချိုပွဲကို ကြည့်နေရုံသာရှိကာ ဤတစ်ကြိမ်တွင်လည်း လက်မတို့မိပေ။
“တစ်ယောက်လေးတောင် မရှိဘူးလား။”
အီယွန်း၏ မျက်နှာပေါ်တွင် ရှည်လျားသော အရိပ်တစ်ခု ကျရောက်လာသည်။
ဟွမ်ဂျိုယွန်း၏ စကားကြောင့် ယိမ်းယိုင်မိခြင်းမဟုတ်သော်လည်း ငြင်းမရသော စကားတစ်ခွန်းရှိ၏။
‘နင်က ယောက်ျားနဲ့ ပတ်သက်နိုင်တဲ့သူ မဟုတ်ဘူးလေ…… ဟင့်အင်း၊ အစကတည်းက လူတွေနဲ့ ပတ်သက်ရတာကို မုန်းခဲ့တာမဟုတ်လား။ အီယွန်း၊ ငါ့ကို နင့်အကြောင်း မသိဘူးများ မှတ်နေလား။’
‘ညတိုင်း သစ်ပင်တွေသွားကြည့်ပြီး ပိတ်ရက်တွေမှာလည်း အိမ်မှာ မြေသြဇာပဲ လုပ်နေတဲ့သူကို ဘယ်သူက နားလည်ပေးမှာလဲ။’
ပါးစပ်ထဲတွင် ခါးသက်သွားသဖြင့် ပြတင်းပေါက်အပြင်ဘက်သို့ မျက်နှာလွှဲလိုက်သည့် အခိုက်အတန့်တွင်။ မိုးက သည်းထန်စွာ စတင် ရွာသွန်းလာတော့သည်။
“ကျွန်မ ဘယ်လောက်ပဲ မျှော်လင့်ပါစေ၊ လောကမှာ အဲ့ဒီလောက်အထိ ပြီးပြည့်စုံတဲ့လူတော့ ရှိမှာမဟုတ်ပါဘူး။”
ထိုအချိန်တွင်။ တစ်ချိန်လုံး ငြိမ်သက်နေသော နှလုံးသားက ရုတ်တရက် ဆေးထိုးခံလိုက်ရသလို ပြင်းထန်စွာ တုန်ခါလာတော့သည်။ သွေးခုန်နှုန်းက တူနှင့်ထုသလို သွေးကြောများကို ရိုက်ခတ်နေပြီး ရင်ထဲတွင်လည်း ပျို့တက်လာ၏။ သွေးများ မည်မျှအထိ လျင်မြန်စွာ လည်ပတ်နေသလဲဆိုလျှင် မျက်နှာတစ်ခုလုံး နီမြန်းလာသည်အထိပင်။
‘ငါ အခု မျက်စိမှားနေတာလား။’
အီယွန်း ကြောင်တောင်တောင်ဖြင့် မျက်လုံးကို ပွတ်လိုက်မိ၏။
အကြည့်မလွှဲတမ်း ကြည့်နေသော ပြတင်းပေါက် အပြင်ဘက်တွင် သဲကြီးမဲကြီး ရွာနေသော မိုးရေထဲ၌ စိုရွှဲလျက် ရပ်နေသော လူတစ်ယောက် ရှိနေသည်။
အခြားသူများထက် ခေါင်းတစ်လုံးစာ ပိုမြင့်သော အရပ်နှင့် ထင်ရှားသော မျက်နှာအစိတ်အပိုင်းတို့က တစ်ချက်ကြည့်ရုံနှင့် သိသာလှ၏။ လူတိုင်းက မိုးခိုရန် ပြေးလွှားနေကြသော်လည်း ဂွမ်ချယ်ဝူ တစ်ဦးတည်းသာ လမ်းမအလယ်တွင် ကျောက်ရုပ်တစ်ရုပ်လို မတ်တတ်ရပ်နေလေသည်။
ယနေ့တစ်နေ့လုံး သူ့ကို မစဉ်းစားမိစေရန် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း ထိုဆုံးဖြတ်ချက်ကို တစ်စုံတစ်ယောက်က လှောင်ပြောင်နေသည့်အလား။
သူက ကြိုတင်အသိပေးခြင်းမရှိဘဲ ရုတ်တရက် ရွာချလိုက်သော မိုးကို တရစပ် ခံယူရင်း ဤဘက်သို့ စူးစူးစိုက်စိုက် ကြည့်နေလေသည်။
သွေးဆုတ်နေသော မျက်နှာက အလွန်ပင် ဖြူဖျော့လျက်။
~~~~
Miel’s Translations