no

Font
Theme

အပိုင်း ၄၁

ကမ္ဘာလောကကြီးနှင့် အဆက်အသွယ်ပြတ်နေခဲ့သော မိန်းကလေး တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာရခြင်းမှာ နယ်မြို့လေး၏ ရှုခင်းများကြောင့်ပင်။

လူသူထက် ထူထပ်သောချုံနွယ်ပိတ်ပေါင်းများ ပိုများသည့် ထိုနေရာက အီယွန်းကို ကျယ်ပြန့်စွာ ထွေးပွေ့ပေးခဲ့ကာ အရာများစွာ ပြန်ပေးခဲ့၏။

“အီယွန်း၊ ဘာတွေများ အဲ့ဒီလောက်တောင် တွေးနေတာလဲ။”

“သစ်ပင်တွေအကြောင်းပါ။”

ဂွမ်ချယ်ဝူက မျက်ခုံးနှစ်ဖက်ကို ထူးဆန်းစွာ ကျုံ့လိုက်၊ ပြန်ဖြေလိုက် လုပ်နေသည်။

သူတို့နှစ်ဦးက ပုံမှန်အတိုင်း တစ်နေ့တာကို ဖြတ်သန်းနေကြခြင်းပင်။ ဂုဏ်ပြုပွဲအတွင်း ပျောက်သွားသည့် ကိစ္စနှင့်ပတ်သက်ပြီး ချူဂျာထံမှ အပြောအဆိုခံခဲ့ရသော်လည်း ထိုအဖြစ်က လွန်ခဲ့သော ရက်ပိုင်းမှကိစ္စဖြစ်ပေသည်။

[မကြာသေးမီက မှို၊ ထင်းရှူးစေ့၊ တောတွင်းဆေးဖက်ဝင်အပင်များနှင့် တောတောင်ထွက်ပစ္စည်းများကို တရားမဝင် ခိုးယူတူးဖော်မှုများ အရှိန်အဟုန်ပြင်းစွာ ဖြစ်ပွားလျက်ရှိပါတယ်။]

ဘာရည်ရွယ်ချက်မှမရှိဘဲ ဖွင့်ထားသည့် တီဗွီမှ သတင်းများ စီးဆင်းနေသည်။ သို့သော် အီယွန်း၏ အကြည့်က ဖန်သားပြင်ဆီသို့မဟုတ်ဘဲ အဝေးတစ်နေရာဆီသို့သာ ဦးတည်နေ၏။

ဂုဏ်ပြုပွဲပြီးကတည်းက အီယွန်းတစ်ယောက် ခဏခဏ ငေးငိုင်နေတတ်လာသည်။ တစ်ခုခုကို အထူးတလည်တွေးနေခြင်းမျိုး မဟုတ်သော်လည်း ထိုသို့ဖြစ်သည့်အကြိမ်ရေက တဖြည်းဖြည်း စိပ်လာ၏။ ခေါင်းထဲမှ အားလုံးရှင်းထုတ်ပြီး ဘာကိုမှမတွေးဘဲနေနေခြင်းပင်။

[မကြာသေးမီက ဖမ်းဆီးအရေးယူမှုများကို ရှောင်ရှားရန် စနစ်တကျ လှုပ်ရှားလာကြပြီး နည်းလမ်းများကလည်း ပိုမိုပါးနပ်လာ၍... သတင်းထောက် ဟွမ်ဂျီယွန်းက တင်ပြထားခြင်းဖြစ်ပါတယ်....]

ရုတ်တရက် တီဗွီပိတ်သွားသည်။

ဖျတ်ခနဲ အသံနှင့်အတူ တီဗွီဖန်သားပြင်မှ လျှပ်စစ်ငြိမ်များ ထွက်ပေါ်လာ၏။ အီယွန်းလည်း ထိုအခါမှသာ ပြုစားခံထားရသူတစ်ယောက် နိုးထလာသလို လက်တွေ့ဘဝထဲသို့ ပြန်လည်ရောက်ရှိလာတော့သည်။

ကြောင်တောင်တောင်နှင့် ခေါင်းလှည့်လိုက်သည့်ခဏတွင် ဂွမ်ချယ်ဝူနှင့် အကြည့်ချင်း ဆုံသွားလေ၏။ မေးထောက်ထားသော သူက သမ်းဝေတော့မည့်သူလို မျက်လုံးများဖြင့် အီယွန်းကို စိုက်ကြည့်နေခဲ့သည်။

“ဟင်... တီဗွီကို ဘာလို့ ပိတ်လိုက်တာလဲ။”

“မပြောတတ်ဘူး။”

သို့သော်လည်း မသိမသာ တွန့်ကွေးနေသော နှုတ်ခမ်းအစုံက ပုံမှန်မဟုတ်ပေ။ မျက်လုံးများက ပျင်းတိပျင်းတွဲ အရောင်အဝါရှိသော်လည်း နှုတ်ခမ်းပုံစံကမူ လုံးဝ တစ်မူကွဲပြားနေ၏။ ဘာကြောင့်မှန်းမသိ လက်မောင်းတစ်လျှောက် ကြက်သီးထသွားသလိုပင်။

“ဒါဆို ဖိနပ်ကနေ စကိုက်ပြီး ခွေးရူးလို ဟောင်ပြရမှာလား။”

သူက ခန္ဓာကိုယ်အပေါ်ပိုင်းကို အရှေ့သို့ ကိုင်းညွှတ်ကာ အနားသို့ တိုးကပ်လာသည်။ တွန့်တက်သွားသော မျက်ခုံးတစ်ဖက်၏အောက်တွင် မျက်လုံးက တုန်ယင်နေ၏။

“ဘာလို့ လူကို တောက်လျှောက် ပစ်ထားရတာလဲ။”

မကြာမီ အီယွန်းတစ်ယောက် ပါးစပ်အဟောင်းသား ဖြစ်သွားရတော့သည်။

“အခုတလော အီယွန်း အရမ်းတရားလွန်နေတာ သိရဲ့လား။ ကိုယ်ကို ဖယ်ထားပြီး ဘာတွေများ အဲ့ဒီလောက်တောင် ကြိုးကြိုးစားစား တွေးနေရတာလဲ။”

“……သစ်ပင်တွေအကြောင်းလို့ ပြောလိုက်တယ်လေ။”

အီယွန်းက နှာတံကိုကုတ်ရင်း မျက်လုံးကို ဟိုဟိုဒီဒီ ကစားလိုက်သည်။

အတိအကျပြောရလျှင် မှားသည့်စကားတော့ မဟုတ်ပေ။

‘သီချင်းဆိုတဲ့ သစ်ပင်... ဟုတ်တယ်မဟုတ်လား။’

အီယွန်း မေ့လျော့နေခဲ့သော အဖိုးတန်သည့် အမှတ်တရများကို ချူဂျာက ရုတ်တရက် အစဖော်ပေးခဲ့သည်။ ထိုအကြောင်းအရာမှာ အမှန်တကယ်ပင် ထင်မှတ်မထားသော စကားဖြစ်၍ ထိုစဉ်က ခေါင်းကို အားနှင့် အထုခံလိုက်ရသလို ခံစားခဲ့ရ၏။

“သစ်ပင်တဲ့လား……”

သူက မျက်မှောင်ကြုတ်ကာ ပါးစပ်အတွင်းသားကို လျှာဖြင့် ထိုးဆွနေသည်။

“ယောက်ျားရဲ့ဟာကိုတော့ လှည့်တောင်မကြည့်ဘဲနဲ့ တခြား အချောင်းတုတ်တုတ်တွေကိုတော့ တောက်လျှောက်တွေးနေတဲ့ပုံပဲနော်။”

“အဲ့၊ အဲ့ဒါက အဲ့ဒီလိုမဟုတ်ပါဘူး။”

အီယွန်းတစ်ယောက် ပူနွေးလာသော ပင့်သက်များကို မှုတ်ထုတ်ရင်း ဆတ်ခနဲ ကိုယ်ကိုမတ်လိုက်သည်။

သို့သော် ဂွမ်ချယ်ဝူကမူ အေးစက်နေသော မျက်လုံးများဖြင့် မလှုပ်မယှက် ရှိနေဆဲပင်။ စိတ်ကောက်နေသည်ကလည်း အတော်လေး အသည်းအသန်ဖြစ်နေပုံရသည်။

စိတ်ကောက်နေသော သူက မည်မျှအထိ စိတ်ရှုပ်အောင်လုပ်တတ်မှန်း အီယွန်းသိ၏။ ထို့အပြင် သွေးများစီးဆင်းစုဝေးသွားတတ်သော နေရာအထိ ကိုယ်တိုင်တွေ့ကြုံဖူးထားသဖြင့် စကားကို အမြန်ပင် ထပ်ဖြည့်လိုက်ရသည်။

“တခြားမဟုတ်ဘဲ ကျွန်မတို့ ဆေးရုံနာမည်အကြောင်းပါ……။ ငယ်ငယ်တုန်းက ကြိုက်ခဲ့တဲ့ သစ်ပင်ဆီကနေ ယူထားတာမို့လို့လေ။ ဒီနေ့ ရုတ်တရက် အဲ့ဒီတုန်းကအကြောင်းကို သတိရသွားတာ။”

ဆယ့်ခုနစ်နှစ်အရွယ်၊ ဆွေမျိုးအိမ်များတွင် လှည့်လည်နေထိုင်ရင်း နှလုံးသားကို တင်းတင်းပိတ်ထားခဲ့သော အီယွန်းကို ပြန်လည်ရှင်သန်စေခဲ့သည်မှာ သစ်ပင်တစ်ပင်ဖြစ်သည်။

သစ်ရွက်များကြားမှ နေရောင်ခြည်က နူးညံ့စွာ တိုးဝင်လာပြီး အရပ်မျက်နှာအနှံ့တွင် လတ်ဆတ်သော မြက်သင်းနံ့များဖြင့် ပြည့်နှက်နေသည့် တောအုပ်။ ထိုနေရာတွင် အီယွန်းတစ်ယောက် သီချင်းဆိုသော သစ်ပင်နှင့် တွေ့ဆုံခဲ့၏။

ယခုမူ မှေးမှိန်သွားသော အမှတ်တရတစ်ခု ဖြစ်သွားခဲ့ပြီဖြစ်သော်လည်း အီယွန်း ပိုင်ဆိုင်ခဲ့သည့် ကလေးဘဝထဲတွင် အလှပဆုံးနှင့် အနွေးထွေးဆုံး အချိန်လေးပင်။

“လဲစားလို့မရတော့ အခု စိတ်ကူးနဲ့ဖောက်ပြန်နေပြီပေါ့။”

“……”

ဂွမ်ချယ်ဝူက အီယွန်း၏ မေးစေ့လေးကို ဆွဲပင့်ခဲ့သည်။ ကိုယ်တိုင်ပင်မသိလိုက်ဘဲ စိတ်လွတ်နေပုံပင်။ အကြည့်ချင်း ပြန်ဆုံသွားချိန်တွင် တည်ငြိမ်နေသော ပယင်းရောင် မျက်ဝန်းများက တဖြည်းဖြည်း အပူချိန်မြင့်တက်လာ၏။

“အီယွန်းရဲ့ အတွေးတွေက မျက်နှာမှာ အကုန်ပေါ်နေပါတယ်။”

ဟုတ်……ပါ့မလား။

အီယွန်း အိုးတိုးအမ်းတမ်းနှင့် နှုတ်ခမ်းကို ကွေးလိုက်မိသည်။

“အီယွန်းက ရှေးရိုးစွဲတယ်ဆို။”

“အဲ့ဒါကတော့ မှန်ပေမဲ့……”

“ဒါဆို ကိုယ်နဲ့ပတ်သက်လာရင်ပဲ ရှေးရိုးစွဲနေတာပေါ့။”

သူက တစ်စုံတစ်ရာကို နားလည်သွားသလို ခေါင်းကို ဖြည်းဖြည်းချင်း ညိတ်ခဲ့သည်။

“ကိုယ်က ငြီးငွေ့စရာကောင်းလို့လား။”

“……ရှင်။”

“ကိုယ်က စိတ်ဝင်စားစရာမကောင်းမှန်း သိလိုက်ပါပြီ။ အီယွန်းရဲ့ စိတ်ဝင်စားမှုက သနားစရာကောင်းတဲ့ သစ်ပင်တွေဆီမှာပဲ ရှိနေသလို ကိုယ်က မိန်းမရဲ့ အတွေးထဲမှာ သေသေချာချာ နေရာတောင်မယူနိုင်တဲ့ အသုံးမကျတဲ့ကောင်မို့လို့။”

ညှို့ယူလိုဟန်ဖြင့် စူးစူးရှရှ အပေါ်သို့ တက်နေသော မျက်လုံးထောင့်စွန်းများက ယနေ့မှ ကျောက်ဆူးတစ်ခုလို စိုက်ဝင်လာ၏။ သူက အီယွန်း၏ ခေါင်းကို ထူးဆန်းသော မျက်နှာထားဖြင့် စိုက်ကြည့်နေရာမှ ဆိုဖာနောက်မှီကိုမှီကာ မျက်လုံးမှိတ်လိုက်သည်။

“အရင်အတိုင်း အပင်လို ငြိမ်နေရတဲ့ လူနာပဲပြန်ဖြစ်ချင်တော့တယ်။ ကိုယ်သာ နေမကောင်းတဲ့ အပင်လေးဖြစ်သွားရင် အီယွန်းက ကျိန်းသေပေါက် ကိုယ့်အကြောင်းပဲ တွေးပေးမှာမို့လို့။”

အီယွန်းတစ်ယောက် ဘာကြောင့်မှန်းမသိ စကားလုံးများ ထွက်မလာခဲ့ပေ။

“တကယ်ပဲ ဘယ်တော့များမှ ကိုယ့်တစ်ယောက်တည်းကိုပဲ ချစ်ပေးမှာလဲ။”

“……”

စိတ်ပျက်အားငယ်နေသော အသံက ခဲတစ်လုံးလို လွင့်စဉ်လာသည်။ တိုတောင်းသော ထိုစကားလုံးက ရင်ထဲတွင် မျှော်လင့်မထားသော လှိုင်းတံပိုးများကို ချန်ရစ်ခဲ့၏။ အချိန်အတော်ကြာမှ မျက်လုံးပြန်ဖွင့်လာသော ဂွမ်ချယ်ဝူက အီယွန်းကို စူးစူးစိုက်စိုက် ကြည့်နေလေသည်။

ခြေဖဝါးအောက်မှ နူးညံ့သော ကော်ဇော။ နွေးထွေးသော ပိတ်သားဖြင့် ပြုလုပ်ထားသည့် ဆိုဖာ။ ဧည့်ခန်းအတွင်း ပြည့်နှက်နေသော ပန်းအိုးကြီးငယ်များ။

နှစ်ယောက်သား အကြည့်ချင်းဆုံမှုတွင် ဖြည်းညင်းစွာ စီးဆင်းသွားသည်။

— ဂျီးးး ဂျီးးးး

ထိုစဉ် တင်းမာနေသော အနေအထားကို ဖြိုခွဲကာ ဖုန်းမြည်လာ၏။

စားပွဲကို တုန်ခါစေသောအသံက ထူးဆန်းစွာ စူးရှနေသည်ဟု တွေးမိချိန်တွင် ဖုန်းမျက်နှာပြင်ကို စစ်ဆေးလိုက်သော အီယွန်း၏ ပါးစပ်မှ ဟော့ခနဲ ညည်းသံထွက်သွားတော့သည်။

မျက်နှာက တင်းခနဲဖြစ်သွားပြီး သူငယ်အိမ်များလည်း ထိန်းမနိုင်သိမ်းမရ ကျယ်လာ၏။ အီယွန်း ဖုန်းမကိုင်နိုင်ဘဲ နေရာမှ ဝုန်းခနဲ ထရပ်လိုက်သည်။

“ဘယ်သူလဲ။”

“မ၊ မ၊ မဟုတ်ပါဘူး။ ဘယ်သူမှ မဟုတ်ပါဘူး။”

အီယွန်းက တုန်ယင်နေသော လက်များဖြင့် ဖုန်းကို ချပစ်ကာ မှောက်ထားလိုက်သည်။ ဘယ်သူကြည့်ကြည့် ဟန်ဆောင်နေမှန်း သိသာလှသဖြင့် ဂွမ်ချယ်ဝူ၏ အကြည့်က စူးရှသွား၏။

သို့သော်....

“……”

“……”

ဖုန်းက ထပ်မံ၍ မြည်လာပြန်သည်။

တိတ်ဆိတ်မှုက သားရေကွင်းတစ်ခုအလား ဆွဲဆန့်ခံလိုက်ရ၏။ အီယွန်းတစ်ယောက် ဒူးကို ပွတ်သပ်ရင်း ဖုန်းနှင့် ဂွမ်ချယ်ဝူကို တစ်လှည့်စီ ကြည့်နေစဉ် ဆိုဖာကျောမှီကို မှီထားသောလူက ရုတ်တရက် ဖုန်းကို လှမ်းဆွဲယူလိုက်လေသည်။

“……ဂွမ်ချယ်ဝူ။ မဖြစ်ပါဘူး။”

ဖုန်းမျက်နှာပြင်ပေါ်တွင် ပေါ်နေသော နာမည်ကို မြင်သည်နှင့်တစ်ပြိုင်နက် ထိုလူ မျက်နှာပျက်သွားတော့၏။

ဂွမ်ဂီဆော့။

အီယွန်း အတင်းဝင်လုသော်လည်း ဖုန်းမျက်နှာပြင်ကို ဆွဲလိုက်သော သူ၏လက်လှုပ်ရှားမှုက ပို၍ မြန်ဆန်နေခဲ့သည်။

“ဟယ်လို။”

—…….

ဂွမ်ချယ်ဝူက ဖုန်းကို စပီကာ ဖွင့်လိုက်ပြီးနောက် ဆိုဖာပေါ်သို့ ပစ်တင်လိုက်သည်။ အီယွန်းလည်း ရုတ်တရက် ဆိုက်ရောက်လာသော ဤအခြေအနေကြောင့် ကျောက်ရုပ်ပမာ တောင့်တင်းသွားရတော့၏။ ဘာအတွေးမှလည်း ထွက်မလာတော့ပေ။

“ဘယ်သူပါလဲ။”

အံကြိတ်ပြီး ပြောလိုက်သော အသံကြောင့် ဖုန်းတစ်ဖက်မှ တိတ်ဆိတ်သွားသည်။

တကယ်ပဲ ဘယ်လိုကောင်မို့လို့ ဆိုအီယွန်းက အဲ့ဒီလောက်တောင် တောင့်သွားရတာလဲ။

ထိုစဉ် ဖစ်ခနဲ ရယ်သံတစ်ခု ကြားလိုက်ရ၏။

—မင်းအစ်ကိုပဲ။

အီယွန်း၏ လက်ချောင်းများ ဆတ်ခနဲတွန့်သွားသည်။

ဂွမ်ချယ်ဝူက မျက်ခုံးပင့်ကာ အီယွန်းကို ကြည့်လိုက်၏။ ထိုစကားက အမှန်ပဲလားဟု မေးနေသလိုပင်။ အီယွန်းလည်း တံတွေးမျိုချရင်း ခေါင်းကို အသည်းအသန် ညိတ်ပြလိုက်ရသည်။

—ဆိုအီယွန်းခင်ဗျ။

ဩရှရှနှင့် ချောမွေ့သော မြွေလိုအသံပင်။

—နေကောင်းပါရဲ့လား။

“……ဟုတ်၊ ဟုတ်ကဲ့။”

—အလုပ်တွေများနေလို့ အဆက်အသွယ် ပြတ်သွားတာပါ။

အီယွန်းတစ်ယောက် သစ်တုံးတစ်တုံးလို မတ်တပ်ရပ်နေရင်း မျက်တောင်လေးများ တုန်ရီနေခဲ့သည်။

‘ဘာလို့ တိုက်တိုက်ဆိုင်ဆိုင် သုံးယောက်ထိပ်တိုက်တွေ့ရတာလဲ……’

ဂွမ်ဂီဆော့ဖြစ်စေ၊ ဂွမ်ချယ်ဝူဖြစ်စေ၊ မိမိကိုယ်တိုင်ဖြစ်စေ။

မည်သူဖြစ်ဖြစ် စကားတစ်ခွန်း မှားပြောလိုက်သည်နဲ့ အားလုံး ပြီးဆုံးသွားပေမည်။

ယခုအချိန်အထိ အီယွန်း တည်ဆောက်ခဲ့သမျှ အလိမ်အညာများ အကုန်ပေါ်သွားနိုင်သည်ဟူသော အဓိပ္ပာယ်ပင်။ အီယွန်းတစ်ယောက် ခြောက်သွေ့နေသော နှုတ်ခမ်းကို ခဏခဏ ပြန်ကိုက်နေမိ၏။

—သတင်းတော့ ကြားပြီးပါပြီ။

“……”

—သတိရလာပြီဆိုတာကနေ ပုံမှန်မဟုတ်ဘူးဆိုတာအထိ။

အစ်ကိုဖြစ်သူပြောသည့် စကားအသုံးအနှုန်းက ရက်စက်လွန်းလှသဖြင့် ဂွမ်ချယ်ဝူကို ခိုးကြည့်လိုက်ရာ အသက်ရှူနှုန်းကိုပင် ထိန်းချုပ်ထားသော သူ၏ အရှိန်အဝါက သရဲလို ထိတ်လန့်စရာ ကောင်းနေလေသည်။

—ဒါနဲ့ စိတ်ဝင်စားစရာကိစ္စတစ်ခု လုပ်ထားတယ်ဆို။

“……ရှင်။”

—ဘယ်လိုများ အဲ့ဒီလို တွေးနိုင်ရတာလဲ၊ အကြောက်အလန့်မရှိဘူးလားဗျ။

“……ဟို၊ အဲ့၊ အဲ့ဒါက။”

အသားကို ဖောက်ထွက်လာမတတ် နှလုံးခုန်သံများ မြန်ဆန်နေသည်။

သွေးညှီနံ့များ နံဟောင်နေသော ထိုနေ့က သားသတ်ရုံ။ ဘဝ၏ ချောက်ကမ်းပါးတွင် ဆုပ်ကိုင်ခဲ့သော စာချုပ်ရှင်၏လက်။ ယင်းကလည်း ပတ်သက်မှုတစ်ခုဖြစ်နေသဖြင့် သူပြောသော စကား၏ ဆိုလိုရင်းကို အီယွန်း နားလည်နေသည်။

ထိုလူက ယခု မိမိ မည်သို့သော အလိမ်အညာများနှင့် သူ၏ညီကို ကစားနေမှန်း သိနေ၏။ အားလုံးကို သိနှင့်နေပြီးသားပင်။

—ကျိန်းသေပေါက် တစ်ဖက်လူအကြောင်း ကောင်းကောင်းမသိလို့ အဲ့ဒီလိုလုပ်တာဖြစ်နိုင်ပေမဲ့……

ဂွမ်ဂီဆော့က အသက်ပြင်းပြင်းရှူသွင်းသလို စကားကို ခေတ္တရပ်လိုက်သည်။

—အမှားကြီး မှားလိုက်တာပါ။

တစ်ဖန်ထပ်ပြီး အသက်ရှူကျပ်လာပြန်သည်။

အီယွန်းက လက်နှစ်ဖက်ဖြင့် မျက်နှာကို အုပ်မည်အပြုတွင် ရုတ်တရက် ဂွမ်ချယ်ဝူက လက်ချင်း ယှက်ကိုင်လာသည်။ ထိုအခါ ထိုနေ့က ဥယျာဉ်ထဲမှ မြင်ကွင်းက ကြိုတင်အသိပေးခြင်းမရှိဘဲ ဝင်ရောက်လာ၏။

လရောင်အောက်မှ သစ်ပင်ကြီး။

မီးရှူးမီးပန်းများ။

ပြီးတော့……

“……ခင်ဗျာဘာသာ အစ်ကိုပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်။ အဲ့ဒီမျက်နှာကို မှတ်လည်း မမှတ်မိဘူး၊ မိသားစုအကြောင်းလည်း စိတ်မဝင်စားဘူး....”

သူက မျက်မှောင်ကြုတ်လျက် အီယွန်းကို စစ်မေးလေသည်။

“တကယ်ပဲ ဘာတွေပြောနေကြတာလဲ။”

“……”

ဒီအတိုင်းသာ အကုန်ပေါ်သွားရင် ဘယ်လိုဖြစ်သွားမှာလဲ။

အီယွန်းတစ်ယောက် ရင်ဝကို သေနတ်ဖြင့် အချိန်ခံထားရသည့် ခံစားချက်ဖြင့် မျက်လုံးကို တင်းတင်းမှိတ်လိုက်သည်။ တစ်စုံတစ်ခုကို ကျိန်းသေပေါက် ဆုံးရှုံးရတော့မည်ဟူသော ကြိုတင်ယူဆချက်ပင်။

—ဆိုအီယွန်းက လေလံပွဲမှာ ပါဝင်မယ်လို့ ကြားပါတယ်။

ထိုစဉ် ဂွမ်ဂီဆော့က အေးအေးလူလူ ပြန်ပြောလာသည်။ ကုလားထိုင်နောက်မှီကို မှီလိုက်ပုံရပြီး ကျွီခနဲ သတ္တုချင်းပွတ်တိုက်သံ ကြားလိုက်ရ၏။

—ဒါကြောင့် စိစစ်တဲ့လုပ်ငန်းစဉ်က မလွယ်ဘူးဆိုတာကို သတိပေးမလို့ပါ။ အမျိုးသမီးဆေးရုံအုပ်က တစ်ယောက်တည်းဖြစ်နေတဲ့အပြင်၊ လက်ညှိုးထိုးမလွဲလောက်အောင် ကြီးမားတဲ့ အစိုးရပရောဂျက်ဖြစ်နေတာမို့လို့ ကုမ္ပဏီကို ဒီအတိုင်း သာမန်ကာလျှံကာ ရွေးချယ်မှာ မဟုတ်ဘူးလေ။

အီယွန်းတစ်ယောက် အူကြောင်ကြောင် ဖြစ်နေမည်မှာ သေချာသော မိမိ၏မျက်နှာကို ငုံ့ထားလိုက်၏။ တုန်လှုပ်နေသော မျက်လုံးတို့က ဟိုရောက်ဒီရောက်ဖြစ်လျက်။

မှတ်ဉာဏ်ပျောက်နေသော ညီအရင်းကိုမှ ဗြောင်ကျကျ လိမ်လည်နေသည့် မိန်းမကို၊ အခြားသူလည်းမဟုတ်သည့် ဂွမ်ဂီဆော့က မသိချင်ယောင်ဆောင်ပေးနေခြင်းပင်။

ဒါ၊ ဒါကရော ထပ်ပြီး ဘယ်လို အကြံအစည်မျိုးလဲ……

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment