အပိုင်း ၃၈
“ငါ့ပုံစံကို ကြည့်ပါဦး။”
“ကျွန်မယောက်ျားက တော်တော်လေး သက်ညှာပေးခဲ့တဲ့ပုံပဲ။”
အီယွန်းက နှုတ်ခမ်းကိုမဲ့ကာ ပခုံးတွန့်ပြလိုက်သည်။
“အဲ့ဒီလူက အခုတလောမှပဲ ပုံမှန်အတိုင်းဖြစ်နေတာလေ။ အဲ့ဒါကြောင့် စီနီယာလည်း အခုအချိန်အထိ သာသာယာယာနဲ့ အသက်ရှူနိုင်နေတာပါ။”
အီယွန်းက တကယ် စိတ်ကုန်နေသည့် ပုံစံမျိုးပင်။
ဟွမ်ဂျိုယွန်းကို ကိုယ်တိုင်ဖမ်းဆီးခဲ့သည့်နောက်တွင် မရေမရာဖြစ်ခဲ့သော ကြောက်ရွံ့မှုများက ပုစဉ်းရင်ကွဲကို ယင်ရိုက်တံနှင့် ရိုက်သတ်လိုက်သကဲ့သို့ ပျောက်ကွယ်သွားသည်မှာ ကြာလှပေပြီ။ ထိုကဲ့သို့ အသက်မပါသောအကြည့်များဖြင့် ဟွမ်ဂျိုယွန်းကို ကျော်ဖြတ်သွားရန် ပြင်လိုက်စဉ်မှာပင်...
“နင့်ယောက်ျားဆိုတဲ့ကောင်က ငါ့ထက် နင့်အကြောင်းကို ကောင်းကောင်းပိုသိလို့လား။”
သူက ရုတ်တရက် ဒေါသတကြီး အော်ဟစ်ခဲ့သည်။
“အဲ့ဒီကောင်က နင့်ရဲ့ မိသားစုနောက်ခံအကြောင်းကိုရော သိရဲ့လား။”
အီယွန်း၏ မျက်နှာက ချက်ချင်းဆိုသလို ကျောက်ရုပ်သဖွယ် အေးခဲသွားတော့သည်။
“မသိဘူးဆိုရင် အဲ့ဒါက လိမ်လည်ပြီး လက်ထပ်တာပဲပေါ့။”
“……”
“ဘယ်လိုယောက်ျားမျိုးက၊ ဘယ်လိုယောက္ခမမျိုးက နင့်လိုကလေးမျိုးကို ကြည်ကြည်ဖြူဖြူ လက်ခံပေးမှာလဲ။ အသိတရားရှိတဲ့ လူတွေဆိုရင် မိသားစုနောက်ခံကို ဘယ်လောက်တောင် အသေအချာ စိစစ်ကြသလဲဆိုတာ သိလား။”
“……”
“အဲ့ဒါက လူတစ်ယောက်ကို အကဲဖြတ်ဖို့ အပိုင်နိုင်ဆုံး အချက်အလက်နဲ့ စံနှုန်းဖြစ်လို့ပဲ။”
အီယွန်းတစ်ယောက် ငိုက်ကျသွားတော့မည့် ခေါင်းကို အားတင်းကာ ထိန်းထားလိုက်သည်။ အားရှိသမျှ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိ၏။ တိုတိုလေးရှိသော လက်သည်းများက လက်ဖဝါးထဲသို့ နက်နက်ရှိုင်းရှိုင်း၊ ပို၍ နာကျင်စွာ စူးဝင်သွားသည်။
“နင်က ဒါကို ဖုံးကွယ်ပြီး လက်ထပ်ခဲ့တာဆိုရင် အိမ်ထောင်ရေးပျက်ပြယ်ကြောင်း တရားစွဲတာမျိုးအထိတောင် ဖြစ်သွားနိုင်တယ်။”
“……”
“နင့်ရဲ့ မူလဇာစ်မြစ်ကို ကြိုသိခဲ့မယ်ဆိုရင် နင့်ယောက်ျားဆိုတဲ့လူက အခုလို ရွေးချယ်မှုမျိုး လုပ်မှာမဟုတ်ဘူး။ နင်က ပုံမှန်မိသားစုဘဝကို တည်ဆောက်နိုင်မဲ့မိန်းမမျိုး ဟုတ်၊ မဟုတ် အရင်ဆုံး သံသယဝင်မှာပဲ။”
ယခုအချိန်တွင် အီယွန်းအတွက် တစ်ကိုယ်လုံးကို ကွယ်ဝှက်ပေးထားနိုင်မည့် ကြီးမားသော သစ်ပင်တစ်ပင် လိုအပ်နေသည်။ ထိုသစ်ပင်ရိပ်အောက်တွင် မည်သည့်အညစ်အကြေးမှမရှိသော သန့်စင်သည့်လေကို အငမ်းမရ ရှူသွင်းလို၏။
“ဖောက်ပြန်ခဲ့တဲ့ ကောင်နဲ့ကောင်မရဲ့ ကလေးနဲ့ ဘယ်လိုလုပ်ပြီး အတူတူ နေနိုင်မှာလဲ၊ ရွံစရာကောင်းအောင်လို့။”
ဟွမ်ဂျိုယွန်းက စုတ်တစ်ချက်သပ်လိုက်သည်။
“နင်က သာမန် တိတ်တိတ်ပုန်းကလေးလည်း မဟုတ်တာကို။”
“……”
“နင့်အဖေဆိုတာက နဂိုအတိုင်းဆို အဒေါ်ရဲ့ယောက်ျား မဟုတ်လား။”
အီယွန်း ပျို့တက်လာသဖြင့် ပါးစပ်ကို အုပ်လိုက်မိသည်။
“အစကတည်းက အလွဲလွဲအချော်ချော် မွေးလာတာကို ကိုယ့်ကိုယ်ကိုယ် လှတယ်၊ လှတယ်နဲ့ လိုက်ပြနေတယ်။ အဲ့ဒါကြောင့် မျိုးမစစ်တွေကတော့လေ...”
နောက်ဆုံးတွင် အီယွန်းတစ်ယောက် ထိုနေရာမှာပင် ကိုယ်ကိုကိုင်းကာ အရည်ကြည်များကို အန်ထုတ်ပစ်လိုက်ရာ ဟွမ်ဂျိုယွန်းက မျက်မှောင်ကြုတ်လျက် ခြေထောက်ကို ရှောင်ဖယ်ခဲ့သည်။
အီယွန်း၏ မိခင်တွင် အထက်တန်းကျောင်းတက်ရန်ပင် လက်လျှော့ပြီး ကိုယ်တိုင်ကျောပိုးကာ ပြုစုပျိုးထောင်ခဲ့ရသည့် ၁၅ နှစ်ငယ်သော ညီမတစ်ယောက်ရှိ၏။
ရာသီအလီလီကုန်လွန်ပြီး အသီးသီး အိမ်ထောင်ကျကာ ကလေးနှစ်ယောက်စီနှင့် ပျော်ပျော်ရွှင်ရွှင် နေထိုင်လာခဲ့ကြသော ညီအစ်မနှစ်ဦးမှာ အစ်မဖြစ်သူက ရုတ်တရက် နောက်ကျမှရလာသော ကလေးကို မွေးဖွားလိုက်ချိန်တွင် ပျက်စီးခြင်းသို့ ဦးတည်သွားတော့သည်။
အိမ်ထောင်ရေးဖောက်ပြန်မှု။ ယင်းကလည်း သမီးအရင်းသဖွယ် ပြုစုပျိုးထောင်ခဲ့ရသည့် ညီမဖြစ်သူ၏ ခင်ပွန်းနှင့်မှ။
အသက်အရွယ် အများကြီးကွာသော ခဲအိုဖြစ်သူနှင့်...
အချစ်။
ထိုအမှန်တရား ပေါ်ပေါက်သွားပြီးနောက် ကာယကံရှင်နှစ်ဦးစလုံးက ညတွင်းချင်း ထွက်ပြေးသွားခဲ့ကြကာ တစ်နှစ်သားသာ ရှိသေးသော ကလေးငယ်တစ်ဦးတည်းသာ အစိတ်စိတ်အမြွှာမြွှာ ပျက်စီးသွားသည့် အိမ်ကြီးထဲတွင် ကျန်ရစ်ခဲ့လေသည်။
တစ်သက်လုံး အမေလို ယုံကြည်အားကိုးခဲ့သည့် အစ်မဖြစ်သူ၏ အငယ်ဆုံးသမီး။
အချစ်ဦးဖြစ်ခဲ့သည့် ခင်ပွန်းသည် ဖောက်ပြန်ရာမှ ရခဲ့သောကလေး။
ဤသည်က မှားယွင်းသော ရလဒ်တစ်ခုပင်။
ဆိုအီယွန်းက ထိုသို့ ကြီးပြင်းလာခဲ့ရသည်။ မိခင်အရင်း၏ ခင်ပွန်း၊ ဖခင်အရင်း၏ ဇနီးတို့ လက်ထဲ၌။ အပြစ်သားများက အလွယ်တကူ စွန့်ပစ်ပြီး ထွက်ပြေးသွားခဲ့သော ကွက်လပ်ကို ငယ်ရွယ်သော ခန္ဓာကိုယ်လေးနှင့် ဖြည့်ဆည်းရင်း။
အိမ်နှစ်လုံးစလုံးတွင် ကျန်ရစ်ခဲ့သည်မှာ ချစ်ရသူကို ဆုံးရှုံးပြီး သစ္စာဖောက်ခံရမှုကြောင့် နာကျင်ခံစားနေရသော ဇနီးသည်၊ ခင်ပွန်းနှင့် သားသမီးများသာ ရှိတော့သည်။ ပျက်စီးနေသော ကွက်လပ်တွင် ဆိုအီယွန်းက အသက် ၁၇ နှစ်အထိ ကြီးပြင်းလာခဲ့၏။
ဒေါသပုံချပေါက်ကွဲစရာ အရာဝတ္ထုအဖြစ်။
နုနယ်ပြီး ခံနိုင်ရည်ရှိသည့် အရသာရှိလှသော သားကောင်အဖြစ်။
စောင့်ရှောက်ပေးလိုက် မုန်းတီးလိုက်၊ ထမင်းကျွေးလိုက် ကြိမ်လုံးနှင့်ရိုက်လိုက်၊ ပွေ့ဖက်သိိပ်လိုက်၊ အိမ်ရှေ့မှ မောင်းထုတ်လိုက်နှင့် စိတ်ကူးပေါက်သလို လုပ်တတ်သော ဒေါ်လေးကမှ တော်သေးသည်။
မတော်တဆ 'အမေ' ဟု ခေါ်မိသောနေ့များတွင် မကျက်သေးသော ဒဏ်ရာများနှင့် သတ်ဖြတ်လိုစိတ် အပြည့်ရှိနေသော မျက်ဝန်းများအောက်၌ နာရီပေါင်းများစွာ နောင်တရကြောင်း စာရေးရသော်လည်း၊ အီယွန်း နားလည်ပေးနိုင်ခဲ့၏။
'ငါက မှားယွင်းပြီး မွေးလာတဲ့ ကလေးမို့လို့။'
သို့သော် အမေတူ အဖေကွဲ၊ အဖေတူ အမေကွဲ မောင်နှမများကမူ အီယွန်း အနည်းငယ်လေး ပြုံးနေသည်ကိုပင် မကြည့်ရက်နိုင်ကြပေ။
တူညီသော ပူလောင်သောကကို မျှဝေခံစားရင်း ပိုမိုသွေးစည်းလာကြသည့် ဝမ်းကွဲမောင်နှမများက အီယွန်းကို ထိုအပြစ်များအတွက် အမြဲတမ်း ပြန်လည်တောင်းဆိုလေ့ရှိ၏။
သူတို့က နှစ်စဉ် အီယွန်း အတန်းသစ်တက်သည့်အခါတိုင်း မသိမသာ ထွက်ပေါ်နေသော ကောလာဟလများကို နောက်ကွယ်မှ မီးလောင်ရာလေပင့်ကာ ရှေ့တန်းမှ ဖြန့်ဝေကြသည်။
“သိလား၊ ဟိုတစ်ယောက်လေ။ ငါတို့အမေပြောတာ သူ့မိဘတွေက ဖောက်ပြန်ပြီးတော့ ကလေးပဲမွေးထားခဲ့ပြီး ထွက်ပြေးသွားကြတာဆိုပဲ။”
“ဒါပေမဲ့ သာမန် တိတ်တိတ်ပုန်းကလေးတွေထက် ပိုကြောက်ဖို့ကောင်းတယ်တဲ့။ ဘယ်သူနဲ့ ဘယ်သူနဲ့ ငြိခဲ့တာလဲဆိုရင်……”
“အီး... ညစ်ပတ်တဲ့သွေး။”
“ဟဲ့...သူနဲ့ မျက်လုံးချင်းဆုံရင် မတော်တဆဖြစ်ပြီး သေတတ်တယ်တဲ့။”
“စောက်ရမ်းကို ကံဆိုးမှုရဲ့ မျိုးစေ့ပဲ။”
“သူနဲ့ စကားပြောရင် ငါတို့ အဖေနဲ့အမေလည်း ဖောက်ပြန်ကြမှာတဲ့။”
မူလတန်းကျောင်း စတက်ချိန်ကတည်းက စတင်ခဲ့သော ကောလာဟလများမှာ အီယွန်း အရွယ်ရောက်ပြီး အလုပ်သုံးကြိမ် ပြောင်းရသည်အထိ ဆက်တိုက် လိုက်ပါလာခဲ့သည်။
ဤကံကြမ္မာဆိုးမှ ထာဝရ လွတ်မြောက်နိုင်မည်မဟုတ်ပေ။
သူ မည်သည့်နေရာမှာပင် ပုန်းနေပါစေ၊ မည်သို့ပင် အဆက်အသွယ်ဖြတ်ထားပါစေ၊ မျှော့လို ဝမ်းကွဲမောင်နှမများက သူ့ဘဝကို အမြစ်က ဆွဲနှုတ်နိုင်မှသာ ခြေဆန့်လက်ဆန့် အိပ်နိုင်ကြ၏။
ထိုကြောင့် အီယွန်းက အမြဲတမ်း အရှုပ်တော်ပုံများကို သတိထားခဲ့သည်၊ ယောက်ျားများကို ဆင်ခြင်ခဲ့သည်၊ လူတို့နှင့် အလှမ်းဝေးရာ၌နေကာ တစ်ယောက်တည်း နေထိုင်ရန် ကြိုးစားခဲ့သည်။
မိမိကို ကယ်တင်နိုင်သည်က စိတ်ကုန်စရာလူသားများမဟုတ်ဘဲ တစ်ကိုယ်တည်းနေခြင်းသာ။
တိတ်ဆိတ်သောဘဝကို ဆက်လက်ရှင်သန်ခြင်း။ သူ ခဲရာခဲဆစ် တည်ဆောက်ထားသော နေ့စဉ်ဘဝကို ထိန်းသိမ်းခြင်း။ သစ်ပင်တစ်ပင်ပမာ တစ်ယောက်တည်းနှင့် ပြည့်စုံသောဘဝကို ရှင်သန်ခြင်း။
ထို့ကြောင့် သဘာဝတရား၏ လက်ခံမှုကို ပို၍ပင် လိုလားခဲ့၏။ သူ၏ ညစ်ပတ်သောသွေးများ အနည်းငယ်လောက်ဖြစ်ဖြစ် သန့်စင်သွားသည့် အချိန်က သစ်ပင်ရိပ်အောက်၌ ရှိနေချိန်သာ ဖြစ်သောကြောင့်ပင်။
မွေးဖွားလာမှုမှစကာ သဘာဝမကျခဲ့သဖြင့် သစ်ပင်နှင့် အနီးစပ်ဆုံးသော ဖြစ်တည်မှု ဖြစ်လာခြင်းသည်သာ အီယွန်း၏ တစ်ခုတည်းသော စိတ်အေးချမ်းမှုနှင့် အပြစ်ပေးဆပ်ခြင်း ဖြစ်ပေသည်။
“အစပိုင်းတော့ ငါ့ကို မုန်းနေနိုင်ပေမဲ့ အချိန်ကြာလာရင် နင့်ယောက်ျားလည်း ငါ့ကို ကျေးဇူးတင်လာမှာ။”
ဟွမ်ဂျိုယွန်းက အောင်နိုင်သူတစ်ယောက်လိုပြုံးခဲ့သည်။
တစ်ဖန်ထပ်ပြီး ခြေဖဝါးအောက်မှ မြေပြင်က တုန်ခါသွားပြန်၏။
~~~~
ဂွမ်ချယ်ဝူတစ်ယောက် ရုတ်တရက် မိုးကြိုးပစ်ချသလို ပြင်းထန်လှသော ခေါင်းကိုက်ဝေဒနာကြောင့် မျက်ခုံးတစ်ဖက်ကို ကျုံ့လိုက်မိသည်။ အီယွန်းကို ဖမ်းဆီးရန် ဆန့်တန်းခဲ့သော လက်အစုံကလည်း တုန်ယင်နေ၏။
လှုပ်မရအောင် ဖြစ်နေရသည်မှာ စိတ်ကုန်စရာကောင်းလောက်အောင် ကပ်တွယ်နေသည့် ဂျူဒုံမီ၏ လက်များကြောင့် မဟုတ်ပေ။
ရုတ်တရက် နားစည်ထဲသို့ စူးရှစွာ တိုးဝင်လာသော...
“.....ရှင့်။ ကူညီပေးနိုင်မလားဟင်။”
“Bach”
“ရှင်။”
ဂျူဒုံမီက မိမိစကားကို နားမထောင်ဘဲ တခြားစီဖြစ်နေသည့် အဖြေကို ပေးလာသော ထိုလူကို ကြည့်လိုက်မိသည်။
ဂွမ်ချယ်ဝူက အသံထွက်ပေါ်ရာအရပ်ကို ရှာဖွေရင်း ခေါင်းကို ဆတ်ခနဲ လှည့်လိုက်၏။ လှုပ်ရှားနေသော သူ၏ မျက်ခုံးအစုံက ကြောက်စရာကောင်းလောက်အောင် ခက်ထန်နေသည်။
ဂျူဒုံမီလည်း လိုက်ကြည့်လိုက်ရာ ထိုနေရာတွင် ကြိုးတပ်တူရိယာသုံးမျိုးဖြင့် တီးခတ်ဖျော်ဖြေနေ၏။ ဂွမ်ချယ်ဝူက အသက်ပင်မရှူဘဲ ထိုဘက်ကို အေးစက်စွာ စိုက်ကြည့်နေသည်။
ဂျူဒုံမီက အကျပ်အတည်းနှင့် ကြုံတိုင်း လက်သည်းထုတ်ပြတတ်သော တောရိုင်းတိရစ္ဆာန်မျိုးနှင့် အတော်လေး ရင်းနှီးကျွမ်းဝင်သူပင်။
သို့သော်လည်း မျက်ခုံးတစ်ဖက်ကိုပင့်ကာ တစ်ဖက်လူ၏ ခန္ဓာကိုယ်ကို အစိတ်အပိုင်းအလိုက် ခွဲစိတ်ကြည့်နေသည့်အလား စူးရှလှသော ထိုလူ၏ အကြည့်ရှေ့တွင်မူ သူ၏ နှလုံးကလည်း အလိုလို တုန်လှုပ်သွားရသည်။
“Cello Solo No.1 Prelude.”
ဂွမ်ချယ်ဝူက ပီသသော လေယူလေသိမ်းဖြင့် ခပ်တိုးတိုး ရေရွတ်လိုက်သဖြင့် ဂျူဒုံမီလည်း မျက်လုံးအဝိုင်းသား ဖြစ်သွားတော့သည်။
“ဒီတေးသွားကို ကြိုက်လို့လားဟင်။”
“……”
မှတ်ဉာဏ်ဆုံးရှုံးထားသော ဂွမ်ချယ်ဝူက မြူခိုးများကြားမှ ရုတ်တရက် ပေါ်ထွက်လာသော တေးသွားခေါင်းစဉ်ကိုသာ ဖမ်းဆုပ်လိုက်နိုင်ခြင်းဖြစ်ကာ နှစ်သက်ခြင်း၊ မနှစ်သက်ခြင်းဟူသော ခံစားချက်ကိုမူ မသိနိုင်ခဲ့ပေ။
သတိမေ့မြောရာမှ နိုးလာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ချွေးစေးများ ထွက်လာကာ နှလုံးခုန်နှုန်းကလည်း စည်းချက်ပျက်ယွင်းလာသည်။
ဘာမှမရှိသော စိတ်အခြေအနေတွင် ဇနီးဖြစ်သူကို မြင်ခဲ့ရစဉ်က စက်သွားစိပ်များ အံဝင်ခွင်ကျဖြစ်သွားသကဲ့သို့ ခံစားခဲ့ရသော်လည်း...
ယခု ကြားနေရသော ဤအသံကမူ...
ပြတ်တောက်မတတ် တုန်ခါနေသော ထိုပါးလွှာသည့် ကြိုးများ၏ ပေါင်းစပ်မှုက သူ့ကို ပျို့အန်ချင်လာစေကာ အသက်ရှူလမ်းကြောင်း ရောင်ရမ်းသလို အသက်ရှူရ ကျပ်လာစေသည်။ သူက နက်ခ်တိုင်ကို ဆွဲဖွင့်ကာ အင်္ကျီကြယ်သီးများကို ဖြုတ်ပစ်လိုက်၏။
“ဟိုလေ၊ ဒီလိုစကားက နည်းနည်းတော့ ရိုးအီနေလောက်မှန်း သိပေမဲ့။ ကျွန်မတို့ တစ်နေရာရာမှာ ဆုံဖူးလားဟင်။ သာမန်မျက်နှာမျိုးတော့ မဟုတ်ပေမဲ့ ထူးထူးဆန်းဆန်း ရှင့်မျက်နှာကို တစ်နေရာရာမှာ မြင်ဖူးသလို တော်တော်လေး ရင်းနှီးနေလို့ပါ။”
“……”
“……ဪ၊ အဆင်ပြေရဲ့လားရှင့်။ အခု ချွေးတွေ……”
ဂွမ်ချယ်ဝူက တုန်လှုပ်နေသော မျက်လုံးကို ဖုံးကွယ်ရန်ပင် အချိန်မရဘဲ အလိုအလျောက် ဆိုအီယွန်းကို ရှာဖွေရန် ခေါင်းကို လျင်မြန်စွာ လှည့်လိုက်သည်။ ယခုချက်ချင်း အီယွန်းကို မြင်လိုက်ရမှသာ ဂယက်ထနေသောစိတ်များ ငြိမ်သက်သွားမည်ဟု ထင်မိသောကြောင့်ပင်။
မျက်နှာကြက်အထိ မှန်သားဖြင့် ပြုလုပ်ထားသော နံရံတစ်ဖက်မှ သာယာလှပသော ဥယျာဉ်။ ထိုနေရာတွင် ပါးစပ်ကိုအုပ်ကာ ယိုင်တိယိုင်တိုင် လျှောက်သွားနေသော အီယွန်းကို တွေ့လိုက်ရသည်။
“……”
ပြီးတော့ အီယွန်း၏ အနောက်တွင်...
ကြားသမျှအသံများ အကုန် ဆိတ်သုဉ်းသွားကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။ ပြန့်ကြဲနေသော စိတ်က တစ်ခဏအတွင်း စုစည်းသွားတော့၏။
သူက ချက်ချင်း ကျောခိုင်းလှည့်ထွက်ကာ ခြေတံရှည်ကြီးများဖြင့် အမြန်လျှောက်သွားလေရာ ဂျူဒုံမီခမျာ လက်လေးသာ လှမ်းရင်း ကျန်ရစ်ခဲ့လေသည်။
“နောက်တစ်ခါကျရင်တော့ ဆက်ဆက် နာမည်လေး……”
သို့သော်လည်း သူက ခေါင်းကို ငဲ့စောင်းကာ စဉ်းစားနေမိဆဲပင်။
ထူးဆန်းလိုက်တာ။ တကယ် တစ်နေရာရာမှာ တွေ့ဖူးသလိုမျိုးပဲကို။
~~~~
အီယွန်းက ပန်းခြံအလယ်ရှိ ရေပန်းစင်မှ စီးကျလာသောရေကို လက်နှစ်ဖက်ဖြင့် ခံယူလိုက်သည်။ ထို့နောက် ပါးစပ်ကို အကြိမ်ကြိမ် ဆေးကြောပြီးနောက် တစ်ဖန် ထွက်ပြေးသလို ထိုနေရာမှ ခွာခဲ့ပြန်၏။
မိမိ၏ အားနည်းချက်များကို ဖုံးကွယ်ပေးနိုင်မည့် ကြီးမားသော သစ်ပင်တစ်ပင်ကို မသိစိတ်ဖြင့် လိုက်ရှာကာ ထိုသစ်ပင်နောက်ကွယ်တွင် ထိုင်ချလိုက်မိသည်။
မတည်ငြိမ်သော အသက်ရှူသံများကို ပြန်လည်ထိန်းညှိချင်သော်လည်း ကြိုးစားသမျှ အရာမထင်ဘဲ အသက်ရှူနှုန်းက ပို၍သာ မြန်ဆန်လာ၏။
အီယွန်းတစ်ယောက် မိမိ၏ လည်တိုင်သွယ်သွယ်လေးကို အားစိုက်ပွတ်သပ်ရင်း အသက်ကို အတင်းအကျပ် အပြင်သို့ တွန်းထုတ်နေမိသည်။ အတော်ကြာမှ အသက်ရှူကျပ်ခြင်းဝေဒနာ တစ်ဖန် ပြန်ပေါ်လာခြင်းပင်။
‘နင့်အဖေဆိုတာက နဂိုအတိုင်းဆို အဒေါ်ရဲ့ယောက်ျားမဟုတ်လား။’
“ဟားးး... ဟားးး... ဟားးး...”
ရင်ဘတ်ထဲမှ စူးခနဲ အောင့်လာသည်။ ရုတ်တရက် အဆက်မပြတ်ဖြစ်ပေါ်လာသော အသက်ရှူနှုန်းကို မထိန်းချုပ်နိုင်တော့ဘဲ လက်နှစ်ဖက်ဖြင့် မြေကြီးကို ထောက်ထားလိုက်မိ၏။
“အင်း...”
မြက်ခင်းပြင်ကို အားစိုက်နင်းထားသော ချိုင်းထောက်၏ ရာဘာဖနောင့်က သူ၏ မြင်ကွင်းထဲသို့ တိုးဝင်လာသည်။ ပိတ်ဆို့နေသော နှာခေါင်းပေါက်များမှတစ်ဆင့် လေကို ခဲရာခဲဆစ် ရှူသွင်းလိုက်ချိန်တွင် ဟွမ်ဂျိုယွန်းက ကျေနပ်အားရသော မျက်နှာဖြင့် ပြုံးကြည့်နေသည်ကို တွေ့လိုက်ရ၏။
“အေးလေ၊ ဒီလိုမှ ငါသိတဲ့ ဆိုအီယွန်းပေါ့။”
“ဟား... ဟား...”
“တွေ့ချင်နေခဲ့တာ၊ အီယွန်းရဲ့။ ဒီလိုပုံစံလေးကို တကယ်ပဲ လွမ်းနေခဲ့တာ။”
သူက ဒူးတစ်ဖက်ကိုကွေးကာ အီယွန်းနှင့် မျက်လုံးချင်းတန်းအောင် နှိမ့်လိုက်သည်။
“ပညာရှင်တွေက အပင်တွေမှာလည်း အာရုံခံစားနိုင်စွမ်းရှိတယ်၊ ခံစားချက်ရှိတယ်လို့ ဘယ်လောက်ပဲ လျှောက်ပြောနေပါစေ ငါ့အတွက်တော့ အဲ့ဒါက တကယ့်ကို ရယ်စရာပဲ။”
“အစ်... ဟားးးး...”
“ဒီအတိုင်း မြက်ပင်၊ သစ်ပင်တွေပဲမဟုတ်လား။ ငါသတ်ရင် သေနိုင်တဲ့ဟာတွေ။”
ဟွမ်ဂျိုယွန်း အီယွန်းဆီသို့ လက်လှမ်းလိုက်စဉ်မှာပင်...
~~~~
Miel's Translations