အပိုင်း ၄၄
“သစ်ပင်တွေကို မြင်လိုက်တာနဲ့ မျက်နှာထားက ပြောင်းသွားတာ သိရဲ့လား။”
ခြေလှမ်းအနည်းငယ်အကွာမှ အီယွန်း၏ အလုပ်လုပ်ပုံကို စောင့်ကြည့်နေသော ဂွမ်ချယ်ဝူက အီယွန်း၏ ဆေးအိတ်ကို ကိုယ်ပိုင်ပစ္စည်းတစ်ခုအလား လုယူသယ်ဆောင်လိုက်သည်။ ထိုအခါ အီယွန်း၏ လက်နှစ်ဖက်လည်း ချက်ချင်းပင် ပေါ့ပါးသွား၏။
“ဒီအတိုင်း အေးချမ်းလို့ပါ။”
အီယွန်းက ခပ်အေးအေးပင် ပြုံးလိုက်သည်။
နေဝင်ရိုးရီ အချိန်၏ အလင်းရောင်များ လွှမ်းခြုံထားသော ညနေခင်းတွင် ဂွမ်ချယ်ဝူတစ်ယောက် လှပစွာ ကွေးညွှတ်သွားသော ဇနီးဖြစ်သူ၏ နှုတ်ခမ်းအစုံထံမှ အကြည့်မခွာနိုင်ဘဲရှိနေ၏။
“အေးချမ်းလို့တဲ့လား။”
“ဟုတ်ကဲ့။ ကဗျာဆရာ ရေလ်ကယ်က လမ်းဘေးသစ်ပင်တန်းအောက်မှာ ကဗျာရေးခဲ့ပြီး၊ ရှူးဘတ်ကတော့ သံပုရာပင်အောက်မှာ နှစ်သိမ့်မှုရခဲ့တာတဲ့လေ။”
ညင်သာအေးဆေးသော အီယွန်း၏အသံလေးက ကြည်လင်လှ၏။
“ဗုဒ္ဓမြတ်စွာဘုရားဆိုရင်လည်း အင်ကြင်းပင်အောက်မှာ ဖွားမြင်ပြီး ဗောဓိညောင်ပင်အောက်မှာ သဗ္ဗညုတဉာဏ်ကို ရခဲ့တာပဲမဟုတ်လား။”
အရှေ့မှ လျှောက်သွားနေသော အီယွန်းက ရုတ်တရက် အနောက်သို့ လှည့်ကြည့်လာသည်။ လေတိုက်၍ လွင့်ချင်နေသော ကောက်ရိုးဦးထုပ်လေးကို ဖိကိုင်ရင်း လှမ်းကြည့်နေသည့် သူ၏ မျက်ဝန်းအစုံက ချစ်စရာကောင်းလှ၏။
“လူသားတွေက အချစ်မရှိဘဲ ရှင်သန်ဖို့ ဘာအခက်အခဲမှ မရှိပေမဲ့ သစ်ပင်တွေသာ မရှိဘူးဆိုရင်တော့ အားလုံး ညစ်ညမ်းသွားကြမှာပါ။”
နောက်ပြန်လျှောက်နေသော အီယွန်း ချော်လဲသွားမည်ကို စိုးရိမ်သဖြင့် ဂွမ်ချယ်ဝူ၏ အာရုံအားလုံးက အီယွန်းထံ၌သာ စူးစိုက်နေခဲ့သည်။
“ဒါနဲ့... အီယွန်းကရော သစ်ပင်အောက်မှာ ဘာလုပ်ခဲ့လို့လဲ။”
“ဘာလုပ်ခဲ့လဲဆိုတော့……”
အီယွန်း၏ စိတ်ထဲတွင် မြင်ကွင်းတစ်ခု ချက်ချင်း ပေါ်လာသော်လည်း ဘာကြောင့်မှန်းမသိ ထုတ်ပြောရန် ဝေခွဲမရဖြစ်နေမိသည်။
“ဘာဖြစ်လို့လဲ။ ပထမဆုံးအနမ်းများ ပေးခဲ့လို့လား။
“မဟုတ်ပါဘူး။”
“ဒါဆိုရင် ဘာလဲ။”
ဂွမ်ချယ်ဝူက ခေါင်းငုံ့ကြည့်လာသော်လည်း သူ၏ စိတ်လောနေသော အသံကိုမူ ဖုံးကွယ်မထားနိုင်ခဲ့ပေ။ ဇနီးဖြစ်သူ၏ အရာရာကို အလုံးစုံသိရှိလိုစိတ်ဖြင့် စိတ်ရှည်နိုင်စွမ်းက တဖြည်းဖြည်း ကုန်ဆုံးလာသည်။
“……ကျွန်မက သစ်ပင်တွေအောက်ကို မကြာမကြာ ထွက်ပြေးတတ်လို့ပါ။”
အီယွန်းက အကြည့်ကို အနည်းငယ်လွှဲရင်း ပြန်ဖြေခဲ့သည်။
“ပြီးတော့ အဲ့ဒီမှာ ဂီတ နားထောင်ခဲ့တာလေ။”
အတိတ်ကို ပြန်ပြောင်းအမှတ်ရနေသော အီယွန်း၏ အပြုံးက နူးညံ့နေ၏။
ဂွမ်ချယ်ဝူလည်း အီယွန်း၏ အမှတ်တရများထဲတွင် မိမိ ရှိမနေကြောင်း သိလိုက်ရသည်။ ရုတ်တရက် ဘေးဖယ်ခံလိုက်ရသလို ခံစားချက်မျိုးက မရင်းနှီးသော်လည်း ရင်ထဲတိုးဝင်လာ၏။
“ဘယ်လို ဂီတမျိုးလဲ။”
“ကြိုးတပ်တူရိယာဂီတပါ။”
ဂွမ်ချယ်ဝူက ဘာစကားမှမဆိုဘဲ မျက်ခုံးကိုသာ တွန့်လိုက်၊ ပြန်ဖြေလိုက် လုပ်နေသည်။
ဂုဏ်ပြုပွဲတွင် ကြားခဲ့ရသည့် ဂီတသံစဉ်ကို ရုတ်တရက် သတိရသွားသောကြောင့်ပင်။
ခေါင်းကိုက်ခြင်းနှင့် ပျို့အန်ချင်စိတ်။ ကြိုးတပ်တူရိယာ၏ ထူးခြားသော စူးရှသည့်အသံက အာရုံကြောများကို လှီးဖြတ်နေသလို ခံစားချက်က ဆိုးဝါးလှ၏။ ပြန်စဉ်းစားကြည့်လျှင်ပင် ပုံမှန်မဟုတ်သော တုံ့ပြန်မှုမျိုး ဖြစ်နေသည်။
“ဂျာမန် စပရူးစ် ထင်းရှူးကို တူရိယာလုပ်ဖို့ ကုန်ကြမ်းအဖြစ် သုံးကြတယ်လေ။”
အီယွန်း၏ ရေရွတ်ပြောဆိုသံကြောင့် သူက မကောင်းသော အတွေးများကို ဖျစ်ညှစ်ဖယ်ထုတ်လိုက်သည်။
“ကျွန်မက နာကျင်နေတဲ့ သစ်ပင်တွေကို ကုသပေးပေမဲ့၊ တစ်စုံတစ်ယောက်ကတော့ သစ်ပင်ကို ခုတ်လှဲပြီး တီးခတ်ကြတယ်ဆိုတာ ထူးဆန်းတယ်နော်။”
အီယွန်းက ‘ခုတ်လှဲသည်’ ဟူသော စကားလုံးကို အင်တင်တင်ဖြင့် အသားပေး ပြောခဲ့သည်။
နှုတ်ခမ်းလေး စူထွက်လာပုံက ချစ်စရာအတိပင်။ ဂွမ်ချယ်ဝူလည်း သွားရည်ကျမတတ် အီယွန်းကို ကြည့်နေမိ၏။
“တစ်စုံတစ်ယောက်က သေအောင် သစ်ပင်ကို ကုပေးနေရချိန်မှာ၊ တစ်စုံတစ်ယောက်ကတော့ သေအောင် ခြစ်ပြီး အသံထွက်အောင် လုပ်နေတယ်ဆိုတော့……”
အီယွန်း ညည်းတွားနေစဉ်အတွင်း၊ ကျောက်စိမ်းကဲ့သို့ ချောမွတ်နေသော သစ်ကိုင်းခြောက်တစ်ခုက ထိုလူ၏ ခြေထောက်အောက်တွင် အနင်းခံလိုက်ရသည်။ ဂွမ်ချယ်ဝူ ထိုအရာကို ကောက်ယူရန် ခါးကို ကိုင်းလိုက်ချိန်တွင်။
‘……ဟင်။’
အီယွန်း၏ မျက်လုံးထဲတွင် သစ်ပင်အချို့က ထူးဆန်းနေသည်ကို မြင်လိုက်ရသည်။ ၅၀ စင်တီမီတာခန့်ရှိသော ရှည်လျားသည့် ဒဏ်ရာများ။ ဓားထက်ထက်ဖြင့် မွှန်းထားသလို ဒဏ်ရာမျိုးကို သစ်ပင်အချို့တွင် တူညီစွာ တွေ့ရှိလိုက်ရခြင်းပင်။
“…….”
အီယွန်း၏ မျက်နှာက ချက်ချင်းဆိုသလို တည်တင်းသွားတော့သည်။
ဒီအတိုင်း ထားလိုက်မည်ဆိုလျှင် အစာကြောများ ပျက်စီးသွားကာ အမြစ်များထံ အာဟာရ ရောက်နိုင်တော့မည်မဟုတ်ပေ။ သစ်ခေါက်များ ပြင်းပြင်းထန်ထန် ကွာကျသွားလျှင် နောက်ဆုံးတွင် အစာငတ်ပြီး သေသွားနိုင်သည်ဟု ဆိုလိုခြင်းပင်။
ဘယ်လို စိတ်ရူးပေါက်တဲ့ကောင်က ဒီလိုမျိုး လုပ်ရတာလဲ။
အီယွန်း သွားကိုကြိတ်ရင်း ခြေလှမ်းများကို မြန်မြန်ပြင်လိုက်သည်။ ပတ်ဝန်းကျင်ကို ပို၍ ဂရုတစိုက် ကြည့်လိုက်တော့ သစ်ပင် ခုနစ်ပင်၊ ရှစ်ပင်တွင် တစ်ပင်နှုန်းခန့်က တမင်လုပ်ထားသော ဒဏ်ရာများဖြင့် စနစ်တကျ ရှိနေသည်ကို တွေ့လိုက်ရ၏။
“ဒါက ဘာလဲ……”
သံသယများ ပြည့်နှက်နေသော အီယွန်း၏ မျက်ဝန်းအစုံက တုန်လှုပ်လျက်။
အဲ့ဒါက…….
လမ်းညွှန်ဆိုင်းဘုတ်တစ်ခုလိုပင်။ လမ်းညွှန်ပေးနေသည့်အလား။
အီယွန်းက ဝေခွဲမရဖြစ်နေသည့်တိုင် သစ်ပင်ရှိ ဒဏ်ရာများအတိုင်း လိုက်ပါလာခဲ့သည်။ လမ်းကြောင်းများက ခဏခဏ ပြောင်းလဲနေသဖြင့် ဝင်္ကပါထဲ ရောက်နေသလို မူးနောက်လာရ၏။ ထို့အပြင် ထိုလမ်းကြောင်းက သူ တစ်ခါမှ မသွားဖူးသောလမ်း ဖြစ်နေသည်။
[ မတော်တဆမှု အဖြစ်များသောနေရာ ]
နောက်ဆုံးတွင် ဝေခွဲမရဖြစ်နေသော ခြေလှမ်းများ ရပ်တန့်သွားသည်။
ဟောင်းနွမ်းနေသော ဆိုင်းဘုတ်က သတိပေးချက်နှင့် မလိုက်ဖက်စွာပင် အင်အားမဲ့စွာ တွဲလောင်းကျနေ၏။ ထောင့်စွန်းတိုင်း မည်းနက်ပြီး ဆွေးမြည့်နေသည်မှာ နှစ်ပေါင်းများစွာ ပစ်ထားသော မှိုစွဲနေသည့် ကူရှင်တစ်ခုလိုပင်။
တိပ်များဖြင့် ပတ်ထားသော 'ဝင်ခွင့်မပြု' ဟူသည့် ကန့်သတ်နယ်မြေ။
ထူထပ်စွာ ပေါက်နေသော ချုံနွယ်များကြောင့် အခြားတစ်ဖက်ကို ကောင်းကောင်းမမြင်ရသော်လည်း၊ ပုံမှန်အားဖြင့် ဤသို့သောနေရာမျိုးတွင် ချောက်ကမ်းပါး ရှိတတ်သည်။
အီယွန်းတစ်ယောက် အကြောင်းမဲ့ ခန္ဓာကိုယ်ထဲမှ အားအင်များ ကုန်ခမ်းသွားသလိုပင်။
“ဂွမ်ချယ်……ဟင်……”
အနောက်သို့ လှည့်ကြည့်လိုက်သော အီယွန်း၏ မျက်နှာက ခဏချင်းမှာပင် တင်းမာသွားတော့သည်။ တစ်ချက်၊ နှစ်ချက် ဖြည်းဖြည်းချင်း ခတ်သွားသော မျက်တောင်များက ကျောက်မှုန်များအလား အက်ကွဲပြိုကျသွားသလိုပင်။
သူ မရှိဘူး။
“ဟား……”
ပြင်းထန်သော သက်ပြင်းတစ်ချက် နှုတ်ဖျားမှ ထွက်လာသည်။ သစ်ပင်ပေါ်မှ ဒဏ်ရာများကို လိုက်ကြည့်ရင်း မည်သည့်ရှင်းပြချက်မှမရှိဘဲ ပြေးထွက်လာခဲ့မိသည်ကို ယခုမှ သတိရသွားခြင်းပင်။ အီယွန်းလည်း ဦးထုပ်ကို ချွတ်ကာ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။
မည်သို့ပင်ဖြစ်စေ ဂွမ်ချယ်ဝူကို ထားခဲ့မိသည့်ပုံပင်။
“အား……”
သူက ပါးနှစ်ဖက်ကို ပူထူသွားသည်အထိ လက်ဖဝါးဖြင့် ပြင်းပြင်းထန်ထန် ပွတ်သပ်လိုက်မိ၏။
ပိုဆိုးသည်မှာ ဂွမ်ချယ်ဝူက ဤတောင်ပေါ်သို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းပင်။
နေကလည်း ဝင်တော့မည်ဖြစ်ရာ သူသာ လမ်းပျောက်သွားမည်ဆိုလျှင်……. အီယွန်း၏ တစ်ကိုယ်လုံး တုန်ယင်လာတော့သည်။
ဂွမ်ချယ်ဝူကို အမြန်ဆုံး ရှာရပေမည်။
ခြေလှမ်းများကို မြန်မြန်ပြင်လိုက်စဉ်မှာပင်။
ကျောပိုးအိတ်ကိုယ်စီဖြင့် နေကာမျက်မှန်တပ်ထားသော တောင်တက်သမား ငါးဦး၊ ခြောက်ဦးခန့် အီယွန်းရှိရာသို့ လျှောက်လာနေသည်။ အီယွန်းက ခေါင်းငုံ့ပြီး မမြင်ချင်ယောင်ဆောင်ကာ ကျော်သွားရန် ကြိုးစားခဲ့သော်လည်း....
“ဒီမှာရှင့်……”
မြေပြင်ပေါ်မှ တစ်စုံတစ်ရာကို အမှိုက်အိတ်ထဲသို့ တစ်ခုပြီးတစ်ခု ကောက်ထည့်နေသော သူတို့၏ စိတ်ရင်းစေတနာကို တွေ့လိုက်ရသဖြင့် ဒီအတိုင်း ကျော်မသွားနိုင်တော့ပေ။
“ဒီထဲကို ဝင်လို့မရဘူးရှင့်။”
သတိထားပြီး စကားစလိုက်တော့ လူများက ခေါင်းကိုစောင်းကာ ကြည့်လာကြသည်။ ဘာဖြစ်လို့လဲဟု ပြောနေသယောင် မျက်နှာထားများက ရိုးသားပုံပေါ်သဖြင့် အီယွန်းလည်း သတ္တိမွေးလိုက်၏။
“ဟိုဘက်က လမ်းဆုံးသွားပြီဆိုတော့ အန္တရာယ်ရှိလို့ပါ။”
ထိုစဉ် လူအုပ်ထဲမှ တစ်ယောက်က မျက်မှောင်ကြုတ်သွားသည်။
“စည်ပင်က ဝန်ထမ်းလား။”
“ရှင်။”
ထိုလူက အီယွန်း၏ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ခဲ့သည်။
“တစ်ယောက်တည်း လာတာလား။”
ဒေသိယစကားသံ မဟုတ်ပေ။ အီယွန်း ခြေလှမ်းကို အသာအယာ နောက်ဆုတ်လိုက်စဉ် ခြေဖနောင့်က ကျောက်တုံးတစ်ခုနှင့် တိုက်မိသွားသည်။
“မ၊ မဟုတ်ပါဘူး။ အမျိုးသားက အနောက်မှာ လိုက်လာနေပါတယ်……”
ထိုအခါ ထိုဦးလေးကြီးက စိတ်ပျက်လက်ပျက် သက်ပြင်းချရင်း မျက်နှာကို အနီးကပ် တိုးလာ၏။
“စကားက ပြတ်သွားပြီလို့ ထင်တာပဲ။ သပ်သပ် ထပ်လိုချင်သေးတာလား။”
“ဘာ၊ ဘာကို ပြောတာလဲရှင့်။”
ဘာကြောင့်မှန်းမသိ ကျောချမ်းလာသည်။ နေရာမှ အမြန်ဖယ်ပေးရန် ကြိုးစားသော်လည်း ဦးလေးကြီးများက အီယွန်းကို ဝိုင်းထားလိုက်ကြ၏။
“မင်းက ဘယ်ကလဲ။”
“……ဘယ်ကလဲဆိုတာ ဘာစကားပါလဲ။”
“စည်ပင်က မဟုတ်ရင် ရဲလား။”
အီယွန်းက လန့်သွားကာ လက်ခါပြလိုက်သည်။
“ကျွန်မက သစ်ပင်ဆရာဝန်ပါ……”
ထိုစကားကြောင့် ဦးလေးကြီးများက ကြောက်စရာကောင်းအောင် တဟားဟား ရယ်မောကြကုန်၏။ အီယွန်း၏ စကားကို ယုံကြည်ပုံမရပေ။
ရုတ်တရက် အီယွန်းလည်း တောင်တက်လမ်းထက် ဘိုးဘွားပိုင်မြေအဖြစ် ပို၍အသုံးပြုကြသော ဤနေရာသို့ သူတို့ ဘာကြောင့် ခေါင်းအစ ခြေအဆုံး လုံအောင်ဝတ်ဆင်ပြီး တက်လာကြသနည်းဟု သံသယဝင်လာမိသည်။
ဆက်ဆက် ဘယ်သူကြည့်ကြည့် တောင်တက်သမားဟု ထင်ရန်မှာ…….
『လတ်တလောတွင် မှို၊ သစ်စေ့၊ တောဆေးမြစ်စသည့် သစ်တောထွက် ပစ္စည်းများကို တရားမဝင် ခိုးယူထုတ်ဖော်မှုများ များပြားလာပါနေသည်။』
ထိုစဉ် သတင်းတစ်ပုဒ် ခေါင်းထဲသို့ ဖြတ်ပြေးသွားလေ၏။
အီယွန်းတစ်ယောက် သူတို့၏ မျက်နှာကို အကဲခတ်ရင်း အိတ်ကပ်ထဲသို့ လက်နှိုက်လိုက်သည်။ ချွေးစိုနေသော လက်ဖဝါးထဲသို့ ဖုန်းက အပြည့်အဝ ရောက်ရှိနေချေပြီ။
“ငါက မိန်းကလေးလို အနှောင့်အယှက်ဖြစ်ရအောင် လိမ်ညာတတ်တဲ့ လူမျိုးတွေနဲ့ ဒီမှာ ခဏခဏ တွေ့ရတတ်ပေမဲ့….”
စတွေ့စဉ်က အမူအရာကောင်းပုံရသော ဦးလေးကြီးပင်။ သို့သော် စကားပြောရင်းနှင့် သူ၏ မျက်နှာထားက တဖြည်းဖြည်း ပြောင်းလဲလာပြီး နောက်ဆုံးတွင် သူ၏ သဘောထားအမှန်ကို ဖော်ပြနေသော မျက်ဝန်းအစုံ ပေါ်ထွက်လာတော့သည်။
“အဲ့ဒီနောက်မှာ ဘာဖြစ်သွားလဲ သိလား။”
~~~~
―ဂွမ်ချယ်ဝူ……
ဂွမ်ချယ်ဝူ၏ ခေါင်းက လေထဲမှ တစ်နေရာရာသို့ ချက်ချင်းပင် လှည့်သွားခဲ့သည်။
လေနှင့်အတူ လွင့်ပါလာသော အားနည်းသည့် အသံလေးပင်။ အနီးအနားတွင် လမ်းရှာနေသော သူ၏ မျက်ခုံးများ ကျုံ့သွား၏။
ဂွမ်ချယ်ဝူက ထိုအသံကို ကြားသည်နှင့် ချက်ချင်းပင် လမ်းကြောင်းပြောင်းကာ အရူးတစ်ယောက်လို အမြန်ပြေးတော့သည်။
လမ်းပင် ကောင်းကောင်းမရှိသော တောင်ထဲတွင်။
မညီညာသော မြေပြင်က ခရုပတ်သဖွယ်ဖြစ်နေပြီး မှော်တက်နေသော ကျောက်တုံးကြီးများက မြင်ကွင်းကို ပိတ်ဆို့ထားလျက်ရှိသည်။ သို့သော် ဂွမ်ချယ်ဝူက ထိုအရာများကို တစ်ချက်တည်းနှင့် ကျော်ဖြတ်ကာ ချုံနွယ်များကို ဖယ်ရှားရင်း ပြေးလွှားနေ၏။
‘ဆိုအီယွန်း……’
မြေပေါ်မှ သစ်ကိုင်းလေးကို ထုဆစ်ပုံသွင်းပြီး လက်ဆောင်ပေးရန် အာရုံစိုက်နေစဉ် တောင်အလယ်၌ တစ်ယောက်တည်း ကျန်ခဲ့ရခြင်းပင်။
သို့သော်လည်း ထိတ်လန့်ခြင်းမရှိခဲ့ပေ။
သေးငယ်ပြီး မရေရာသော အသံများကိုပင် အလွယ်တကူ ဖမ်းယူနိုင်စွမ်းရှိသောကြောင့် တစ်စုံတစ်ယောက်၏ ခြေသံနောက်ကိုလိုက်ရင်း အီယွန်းကို ရှာဖွေနေခဲ့ခြင်းဖြစ်သည်။
ထို့နောက်….
မှောင်ရီပျိုးစအချိန်၊ လူသူအရောက်အပေါက်နည်းသည့် ဤသို့သော တောင်ထဲတွင်၊ ယောက်ျားအုပ်ကြီးက မိန်းမတစ်ယောက်ကို ဆွဲခေါ်သွားခြင်းမှာ မည်သို့သော အခြေအနေမျိုးနည်း။
“ဒီငါ ိုးကောင်တွေကတော့။”
ဂွမ်ချယ်ဝူက ဒေါသတကြီး ဆဲဆိုလိုက်သည်။ ထို့အပြင် အီယွန်းက အရိုက်ခံရ၍လားမသိ သတိလစ်နေပုံရ၏။
သူတို့က 'ဝင်ခွင့်မပြု' တိပ်ကို အလွယ်တကူ မကာ ဝင်သွားကြခြင်းပင်။ ဂွမ်ချယ်ဝူလည်း ပြင်းထန်သော သတ်ဖြတ်လိုစိတ်ကို မထိန်းနိုင်ဘဲ အီယွန်း၏ ဆေးအိတ်ကို ဖွင့်လိုက်တော့သည်။ ချွန်ထက်ပုံရသော အရာမှန်သမျှကို အိတ်ကပ်ထဲသို့ အကုန်ထည့်လိုက်၏။
မည်သို့ပင်ဖြစ်စေ နှိမ်နင်းရန်က ခဏလေးသာ။ ရာရာစစ အီယွန်းကို ထိရဲသော လက်ချောင်းများကို အကုန် ဖြတ်ပစ်မည်။ လိုအပ်လာလျှင် လည်ပင်းကိုပင် ထိုးစိုက်ပစ်ရန် စဉ်းစားထား၏။
ထိုကဲ့သို့ ရက်စက်သော အဆုံးသတ်ကို တွေးနေစဉ်မှာပင်…
‘အရာရာကို တည်တည်ငြိမ်ငြိမ်နဲ့၊ အစွန်းမရောက်စေဘဲ……’
အီယွန်း၏ အသံကို ရုတ်တရက် ကြားယောင်လာသည်။
‘ထပ်ပြီး တိုက်ခိုက်တာမျိုး မလုပ်ဘဲ၊ စိတ်လည်းမကြွစေဘဲ။ အရင်ဆုံး ဂွမ်ချယ်ဝူရဲ့ ရောဂါလက္ခဏာတွေကိုပဲ မြန်မြန်သက်သာသွားစေချင်တာပါ။’
ဆူပွက်နေသော ရင်ထဲမှ ဒေါသများက အံ့ဩစရာကောင်းလောက်အောင် တဖြည်းဖြည်း ပြန်လည်အေးငြိမ်းသွား၏။
ရှီးခနဲ ရယ်သံသဲ့သဲ့ ထွက်ပေါ်လာသည်။ ယင်းမှာ မူမမှန်သော ရယ်သံပင်။
~~~~
Miel’s Translations