အပိုင်း ၄၅
သူက သေအောင်ကြိုးစားလျှင်ပင် သူတော်စင် ဖြစ်လာနိုင်မည်မဟုတ်ပေ။
‘ဂွမ်ချယ်ဝူ’ အဖြစ် ရှင်သန်လာခဲ့သည့် တစ်လျှောက်တွင် ဤခန္ဓာကိုယ်က မွေးရာပါ ရက်စက်ကြမ်းကြုတ်လှကြောင်း သူ ကောင်းကောင်းသိသည်။ ရုတ်တရက် ထွက်ပေါ်လာတတ်သော ရက်စက်သည့် အတွေးစများနှင့် အကြမ်းဖက်မှုတို့က သူ့အဖို့ ထမင်းစာရေးသောက်ရသလို သဘာဝကျလွန်းလှ၏။
ကြောက်တတ်သော ဇနီးသည်ကို ထောက်ထားလျှင် ဤသည်က အလွန်နှမြောစရာပင်။
‘အီယွန်း၊ ဒါပေမဲ့လည်း...’
ချစ်မြတ်နိုးသည့် စိတ်တစ်ခုတည်းဖြင့် အီယွန်းကို ပိုင်ဆိုင်နိုင်မည်မဟုတ်ပေ။
ဆက်ဆံရေးတစ်ခုကို ဆက်လက်ထိန်းသိမ်းခြင်းဆိုသည်မှာ တစ်ဖက်က ပိုချစ်သည်ဟူသော အပေါ်ယံ အကြောင်းပြရင်းမျိုးမဟုတ်ဘဲ အချင်းချင်း၏ ကမ္ဘာနှစ်ခုက ထပ်တူကျနေမှသာ ဖြစ်နိုင်ပေမည်။
ခံစားချက်ထက် ပိုလွန်သည့် အရာတစ်ခုလိုအပ်၏။
သို့သော်လည်း ခင်ပွန်းဖြစ်သူကို သစ်ပင်ပန်းမန်များကဲ့သို့ အန္တရာယ်ကင်းစေချင်သော ဆိုအီယွန်းနှင့် ပုဆိန်ကို ကိုင်ကာ တောဝက်ကို အပိုင်းပိုင်းခုတ်ထစ်နေသည့် ဂွမ်ချယ်ဝူတို့ကြားတွင် မည်သို့မျှ မစေ့စပ်နိုင်သော ကြီးမားသည့် ကွာဟချက်တစ်ခု ရှိနေသည်။
ခြေချရပ်တည်နေသော ကမ္ဘာနှစ်ခုမှာ ကွာခြားလွန်းလှ၏။
‘ကိုယ်က အီယွန်းရှိတဲ့ဘက်ကို လာခဲ့ပါ့မယ်။’
သူက အေးစက်နေသော မျက်လုံးများဖြင့် လူဆိုးများနောက်သို့ ခြေရာခံလိုက်သွားသည်။
‘အဲ့ဒီအစား အီယွန်းကလည်း ကိုယ့်ဘက်ကို သက်ဆင်းပေးရမယ်နော်။’
ဝင်ခွင့်ပိတ်ပင်ထားသော နယ်မြေ။
သို့သော်လည်း ဝင်ခွင့်မပြု တိပ်အစင်းကို ကျော်ဖြတ်ကာ ထူထပ်သော ချုံနွယ်ပိတ်ပေါင်းများကို တိုးဝှေ့သွားသည့်အခါ တောင်စောင်းထက်တွင် မှောင်မှောင်မည်းမည်း ကွန်တိန်နာဂိုဒေါင်တစ်ခုက ထီးထီးကြီး ရှိနေလေသည်။
ဂွမ်ချယ်ဝူလည်း ကိုယ်ကိုနှိမ့်ကာ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်၏။ ထူးဆန်းသော အနံ့အသက်များ ထွက်ပေါ်နေသည့် တစ်ပိုင်းတစ်စ ပွင့်နေသော ပလတ်စတစ် ဖန်လုံအိမ်နှစ်ခုက တစ်ခုနှင့်တစ်ခု မျက်နှာချင်းဆိုင် တည်ရှိနေသည်။ သူ၏ မျက်ခုံးများ ဆတ်ခနဲ ကျုံ့သွားတော့၏။
“မင်းက ဘယ်သူလဲ။”
လေးလံသော တုတ်တစ်ချောင်းက သူ၏ ကျောပြင်ကို ဖိနှိပ်လာသည်။
“…….”
သူက အသာလေး ပြုံးလိုက်ရင်း လက်နက်ချသည့်ဟန်ဖြင့် လက်မြှောက်လိုက်၏။
ပြောဆိုပုံကို ကြည့်ရုံဖြင့် မည်သည့်အရပ်ကလာမှန်း သိလိုက်ပေပြီ။
ထိုအခိုက်အတန့်တွင် သူက တုတ်ကို ဖမ်းဆွဲကာ တစ်ဖက်လူကို ဆတ်ခနဲ ဆွဲယူလိုက်သည်။ မျက်တောင်တစ်ခတ်အတွင်း နေရာချင်းလဲသွားကာ သူက ထိုလူ၏ လည်ပင်းကို တံတောင်ဆစ်အတွင်းပိုင်းဖြင့် အားကုန် ညှစ်လိုက်တော့၏။
“အူး……”
ခဏချင်းမှာပင် နှိမ်နင်းခံလိုက်ရသဖြင့် ထိုလူလည်း မျက်နှာတစ်ခုလုံး ပြာနှမ်းသွားကာ ပါးစပ်ကို အဟောင်းသား ဖွင့်လိုက်ရသည်။ ဂွမ်ချယ်ဝူက ထိုအခြေအနေကို စောင့်နေသည့်အလား သူ၏ နားရွက်အောက်ခြေတွင် ဓားမြှောင်ကို တေ့လိုက်၏။
“ရှူး…”
သူက လက်မောင်းဖြင့် လည်ပင်းကို ပြင်းပြင်းထန်ထန် ဖိညှစ်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် ထိုလူ၏ ဦးရေခွံကို ဆွဲခွာတော့မတတ် ဆွဲထားလိုက်သည်။ ခန္ဓာကိုယ် အနည်းငယ်သေးသော ထိုလူ၏ မျက်နှာက တဖြည်းဖြည်းနှင့် နီမြန်းညိုမည်းလာတော့၏။
“မကောင်းတာလုပ်တဲ့ကောင်တွေက ဘာလို့ ဒီလောက်တောင် နှေးကွေးနေရတာလဲ။”
“အူး…”
“တခြားတော့မဟုတ်ပါဘူး၊ အကူအညီတောင်းစရာလေးရှိလို့ စောင့်နေတာ။”
“……”
ထိုလူက တုန်တုန်ရီရီဖြင့် မျက်လုံးပြူးကြည့်လိုက်သည့်အခါ ငုံ့မိုးကြည့်နေသော ဂွမ်ချယ်ဝူနှင့် အကြည့်ချင်း တည့်တည့်ဆုံသွားတော့၏။
“ဆူဆူညံညံမလုပ်ဘဲ ငါ့ကို တစ်ချက်လောက် ရိုက်ပေးစမ်းပါ။”
သူက ခြောက်ကပ်ကပ်နှုတ်ခမ်းကို လျှာဖြင့်သပ်ရင်း ကလေးတစ်ယောက်လို ဖြူစင်ရိုးသားစွာ ပြုံးပြခဲ့သည်။
~~~~
ပြင်းထန်လှသော ဆေးနံ့များ နှာခေါင်းထဲသို့ တိုးဝင်လာသည်။
သတိရလာတော့ အီယွန်းတစ်ယောက် ကုလားထိုင်တွင် တစ်ကိုယ်လုံး အချည်ခံထားရသည့် အခြေအနေသို့ ရောက်နေပေပြီ။ အရိုက်ခံထားရသော ကုပ်ပိုးမှာလည်း ကိုက်ခဲနေ၏။
ထို့အပြင် ကြမ်းတမ်းသော ကြိုးများက နုနယ်သော အသားလေးကို ဖိညှစ်ထားသဖြင့် တစ်ကိုယ်လုံး ညှစ်ထုတ်ခံထားရသလို နာကျင်နေရသည်။
“အာ၊ နိုးလာပြီလား။”
ထိုစဉ် ဦးလေးကြီးက အဖြူရောင် နှာခေါင်းစည်းကို ချွတ်လိုက်ရင်း ချဉ်းကပ်လာ၏။
အခြားသူများကလည်း အလားတူ နှာခေါင်းစည်းများ တပ်ဆင်ထားကာ တစ်စုံတစ်ရာကို အသည်းအသန် ထည့်နေကြသည်။ သွေးကဲ့သို့ နီရဲသော ပန်းများ။ အီယွန်းလည်း ယင်းတို့ကို တစ်ချက်ကြည့်ရုံဖြင့် ဘာမှန်းသိသွား၏။
ဘိန်းပန်းများပင်။
အေးချမ်းလှသော ကျွန်းပေါ်မှ လူနေမှုဘဝက မည်သည့်အချိန်မှစ၍ ဤမျှအထိ ခန့်မှန်းရခက်လာသနည်း။ ဘာကြောင့်များ မကောင်းသောကိစ္စများတွင် အမြဲတမ်း ပါဝင်ပတ်သက်နေရသနည်းဟုတွေးရင်း အီယွန်းတစ်ယောက် ရယ်ချင်စိတ်ပင် ပေါက်လာတော့သည်။
‘ဂွမ်ချယ်ဝူရော အဆင်ပြေပါ့မလား။’
နေဝင်သွားသော တောတောင်ထဲက နေ့ခင်းဘက်ထက် အဆပေါင်းများစွာ ပို၍ အန္တရာယ်များပေသည်။ အကယ်၍ သူသာ လမ်းပျောက်နေခဲ့လျှင် မည်သူက သူ့ကို ရှာပေးနိုင်မည်နည်း။ စိတ်ထဲတွင် အလိုလို စိုးရိမ်ပူပန်လာမိတော့သည်။
“...ဟေ့၊ လူက စကားပြောနေတာကို ဘယ်ကို ကြည့်နေတာလဲ။”
အီယွန်း၏ အရှေ့ဆံပင်က အတင်းအဓမ္မ ဆွဲယူခြင်း ခံလိုက်ရသည်။
“အား…”
“မင်းက မကြောက်ဘူးလား။”
အကျည်းတန်လှသော မျက်နှာကြီးက ကြိုတင်သတိပေးခြင်းမရှိဘဲ တိုးကပ်လာသဖြင့် အီယွန်း မျက်လုံးကို တင်းတင်းမှိတ်ထားလိုက်မိ၏။
ဂွမ်ချယ်ဝူနှင့် ကိုယ်တိုင်ပင်မသိလိုက်မီ စိတ်ကသိကအောက်ဖြစ်ခြင်းမရှိဘဲ ရင်းနှီးလာသဖြင့် သတိမထားမိခဲ့ပေ။ သူမဟုတ်သော အခြားယောက်ျားများက ဤမျှအထိ စက်ဆုပ်ဖွယ်ကောင်းသည်ဟူသော အချက်အား။
“မင်းတို့လို ကောင်တွေလည်း နောက်ဆုံးတော့ ဒီမှာ သေကြရတာကို။”
“……”
“ခိုးကြောင်ခိုးဝှက် ဝင်လာပြီး တစ်ခုခုလုပ်ဖို့ ကြိုးစားတဲ့ကောင်တွေက တစ်ယောက်နှစ်ယောက်တည်း မဟုတ်ဘူး။”
အာခြောက်နေသော်လည်း သေလောက်အောင်တော့ မကြောက်ပေ။
ဂုဏ်ယူစရာမဟုတ်သော်လည်း အလားတူအခြေအနေမျိုးကို တစ်ကြိမ် ကြုံတွေ့ဖူးထားသဖြင့် အထိုက်အလျောက် ခံနိုင်ရည်ရှိနေပေပြီ။ ထိုသားသတ်ရုံနှင့်ယှဉ်လျှင် ဤနေရာက သာယာသည်ဟုပင် ပြော၍ရ၏။
သို့သော်လည်း လမ်းပျောက်နေသော ကလေးတစ်ယောက်လို တောထဲတွင် တစ်ယောက်တည်း ကျန်ခဲ့မည့် ဂွမ်ချယ်ဝူကို တွေးရင်း အီယွန်း အသာမနေနိုင်ခဲ့ပေ။ ခြေထောက်များ တုန်ရီလာကာ တင်ပါးကလည်း လှုပ်လှုပ်ရွရွ ဖြစ်လာသည်။
လက်ကိုင်ဖုန်းလည်း ရှိမှာမဟုတ်တာကို……
ဦးလေးကြီးက အီယွန်း၏ ထိုအမူအရာကို မည်သို့ နားလည်သွားသည်မသိ၊ ချက်ချင်းပင် မျက်နှာက တင်းမာသွားသည်။ ထို့နောက် အီယွန်း၏ ခေါင်းကို ဘယ်ညာလှည့်ကာ နားပေါက်များကို စစ်ဆေးလေ၏။
“မင်း တစ်ခုခု ကပ်လာတာလား။”
“……ရှင်။”
“နားကြပ်မိုက်တော့ မရှိဘူး။ အင်္ကျီလှန်ကြည့်ရအောင်။”
ထိုအခါမှ အီယွန်းလည်း ထိုလူကို စိုက်ကြည့်လိုက်တော့သည်။
သို့သော်လည်း ကြိုးများကြောင့် အင်္ကျီထဲ စစ်ဆေးရန် မလွယ်ကူသဖြင့် ဦးလေးကြီးက ထွက်ပေါ်နေသည့် မိုက်ကဲ့သို့သော အရာများကို လိုက်လံ စမ်းသပ်ရှာဖွေလေ၏။
ချိုင်းကြား၊ ခါး၊ ဒူးခေါက်ကွေးနှင့် ခြေချင်းဝတ်တို့ကို ကြမ်းတမ်းစွာ ထိပုတ်ပြီးစစ်ဆေးနေသော ထိတွေ့မှုများက စက်ဆုပ်ဖွယ်အတိပင်။
အီယွန်းက အရေးမပါသည့် မာနကြောင့် မျက်နှာတစ်ချက်ပင် မပျက်စေဘဲ တောင့်ခံထားသည်။ တုန်လှုပ်နေကြောင်း မပြလိုသဖြင့် အသက်ပါ အောင့်ထားစဉ်မှာပင် ရုတ်တရက် တံခါးက ဒုန်းဟူသော အသံကြီးနှင့်အတူ ပွင့်ထွက်သွားတော့သည်။
“…”
“…”
လူတိုင်း လုပ်လက်စအလုပ်ကို ရပ်ကာ လှည့်ကြည့်လိုက်ကြ၏။
တံခါးရှေ့တွင် အရပ်ပုပုနှင့် ငယ်ရွယ်ပုံရသော လူတစ်ယောက်က လက်များ တုန်ယင်နေလျက် ဓားမြှောင်ကို ကိုင်ထားပြီး….
တည်ငြိမ်အောင် အစွမ်းကုန် ကြိုးစားနေသော အီယွန်း၏ မျက်နှာကလည်း ခဏချင်းမှာပင် ပျက်ယွင်းသွားတော့သည်။ သူက တုန်ရီနေသော နှုတ်ခမ်းကို တင်းတင်းကိုက်ထားလိုက်၏။
ထိုလူငယ်က ဂွမ်ချယ်ဝူကို ဓားစာခံအဖြစ် ဖမ်းထားခြင်းပင်။
မည်မျှအထိုးခံထားရသည်မသိ၊ နှာခေါင်းနှင့် ပါးစပ်မှ သွေးများ စီးကျနေကာ ပါးပြင်ကလည်း နီရဲဖူးရောင်နေပြီး ကြည့်ရသည်မှာ အလွန်ပင် ဆိုးဝါးလှသည်။ ယိုင်တိယိုင်တိုင် ဖြစ်နေသော ဂွမ်ချယ်ဝူက မတ်မတ်ရပ်ရန်ပင် ခက်ခဲနေပုံရ၏။
မယုံနိုင်စရာပင်။
“အစ်……”
ရင်ထဲတွင် ဆို့တက်လာသည်။ သူ ဤမျှအထိ ရက်ရက်စက်စက် အနှိပ်စက်ခံရလိမ့်မည်ဟု အီယွန်း တစ်ခါမှ မတွေးဖူးခဲ့ပေ။ ထို့ကြောင့်ပဲလားမသိ၊ အစအနလေး ကျန်နေသေးသော လူသတ်သမား၏ ပုံရိပ်က ဤအခိုက်အတန့်တွင် အပိုင်းပိုင်းအစစ ကွဲကြေသွားတော့သည်။
အမည်တပ်၍မရသော ခံစားချက်တစ်ခု ပေါက်ကွဲထွက်လာ၏။ စိတ်သက်သာရာရမှု၊ ဒေါသနှင့် စိုးရိမ်မှုတို့ ရောပြွမ်းနေခြင်းပင်။ မည်သည့်ခံစားချက်နှင့်ပင် နှိုင်းယှဉ်ပါစေ အဓိပ္ပာယ်ရှိနေသည်။
“အီယွန်း။”
ဂွမ်ချယ်ဝူက တစ်ချက်ကြည့်ရုံဖြင့် အရာအားလုံးကို နားလည်လိုက်တော့သည်။
တင်းတင်းကျပ်ကျပ် အချည်ခံထားရသော အီယွန်း၏ ခန္ဓာကိုယ်၊ သူ့ကို စမ်းသပ်နေသောလူ၊ ထူးဆန်းသော အနံ့ကို ထုတ်လွှတ်နေသည့် ပန်းများနှင့် ယင်းတို့ကို သယ်ယူနေသော အုပ်စု။
သူက ခေါင်းကို ဒုတ်ခနဲ စောင်းလိုက်သည်။ ဒဏ်ရာရထားသော မျက်နှာတွင် အေးစက်သော အလင်းတန်းတစ်ခု တဒင်္ဂဖြတ်ပြေးသွား၏။ မသိသာသော ထိုအပြောင်းအလဲကို ဘေးနားရှိ လူငယ်တစ်ဦးသာ သတိထားမိလိုက်ကာ မဟုတ်တောင် တုန်နေပြီးသား လက်များက ပို၍ပင် တုန်ယင်လာတော့သည်။
ဂွမ်ချယ်ဝူက ဖြည်းဖြည်းချင်း လျှောက်လာ၏။
အနေအထားက ရုတ်တရက် ပြောင်းလဲသွားကာ လူငယ်၏ တွဲကူမှုကို ယူထားသည့်ဟန်ဖြင့် သူက လျှောက်လာနေသည်။
“ဒီကျွန်းလေးမှာ ထူးထူးဆန်းဆန်းတွေ အများကြီး ရှိနေတာပဲ။”
“……”
“အခုဆို စိုးရိမ်လို့ အီယွန်းနဲ့အတူတူ ပျော်ပွဲစားတောင် ထွက်ရဲတော့မှာမဟုတ်ဘူး။”
ဂွမ်ချယ်ဝူက နှာခေါင်းရှုံ့လိုက်သည်။
“ကြင်စဦး လင်မယားတွေ ဒီလိုနေရာမျိုးမှာ ကလေးမွေးပြီး နေဖို့ဆိုတာ အရမ်း အန္တရာယ်များတယ် မထင်ဘူးလားဟင်။”
ဂွမ်ချယ်ဝူ၏ လက်မောင်းကို ပုခုံးဖြင့် ထမ်းထားရသော လူငယ်၏ မျက်နှာက ဖြူဖျော့သွားသည်။
မှန်လိုက်လေခြင်း…… တကယ့် အန္တရာယ်က ဘယ်သူများလဲလို့……
‘ဒါက လုံးဝ ရူးနေတဲ့ကောင် မဟုတ်ဘူးလား…’
ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်ဖူးသော သူက ဆေးစွဲနေသောကောင်များကို ထမင်းစားရေသောက်သလို ရင်းနှီးပြီးသားပင်။
ဆေးဝါးများက အသိတရားကို ထုံထိုင်းစေကာ လူ့ဗီဇကို စက္ကန့်ပိုင်းအတွင်း ဖော်ထုတ်ပေးတတ်သဖြင့် မလိုလားအပ်ဘဲ လူတို့၏ အောက်ခြေကို အတိုင်းသား မြင်တွေ့ရတတ်သည်။
ထိုသို့သောအရာများကို အနီးကပ် မြင်တွေ့ရဖန်များသည့်အခါ မည်သည့်အရာကိုမဆို သိပ်ပြီး အံ့သြခြင်းမရှိတော့သော်လည်း…
‘ဒါပေမဲ့ ဒီအရူးကတော့……’
သူ့ကိုယ်သူ ရိုက်ခိုင်းနေသော ဤလူက ကယ်တင်၍မရသော ဆေးသမားများနှင့် အဆင့်အတန်းချင်း ကွဲပြားလှသည်။
ဉာဏ်ရည်ဉာဏ်သွေး ပျက်ယွင်းသွားခြင်းမျိုးမဟုတ်ဘဲ မည်သူ့ထက်မဆို ပို၍ သတိရှိပြီး စိတ်ကြည်လင်နေသော အခြေအနေဖြင့် ခြိမ်းခြောက်လာခြင်းပင်။
လူငယ်က မတတ်သာ၍ လက်သီးနှင့် ထိုးလိုက်သော်လည်း ထိုလူက အားမရသည့်ဟန်ဖြင့် သူ့ပါးသူ အကြိမ်ကြိမ် ပြန်၍ထိုးနှက်ခဲ့သည်။
“အဲ့ဒီလိုမဟုတ်ဘူး၊ ဒီလိုမျိုး။”
ကိုယ်တိုင်မတွေ့မြင်ရလျှင် ယုံကြည်ရန်ခက်ခဲလှသော ထူးဆန်းသည့် မြင်ကွင်းပင်။
ထိုလူက ပြုံးရွှင်စွာဖြင့် လူငယ်ကို တိုက်တွန်းနေခဲ့ပြီး ထိုသို့လုပ်တိုင်း ပျော်ပွဲစားထွက်မည့် ကလေးတစ်ယောက်လို စိတ်လှုပ်ရှားနေသည့် မျက်နှာမျိုး ရှိနေခဲ့၏။
“ငါ သနားစရာကောင်းတဲ့ပုံပေါက်ရဲ့လား။”
—ဟုပင် မေးလာသေးသည်။
“ငါ့မိန်းမက နေမကောင်းဘဲ သနားစရာကောင်းတဲ့အရာတွေကို ကောင်းကောင်း ဂရုစိုက်ပေးတတ်လို့လေ။”
ဒီကောင်ရော တကယ် ဆေးသမားပဲလား။ ဆေးမရလို့ ဒီအထိ လိုက်လာတဲ့သူလား။
အမျိုးမျိုး တွေးနေမိသည်။
မေးစေ့ကို ပွတ်သပ်နေသောလူက ရုတ်တရက် အားမရဟန်ဖြင့် ချွန်ထက်သော ကျောက်ခဲတစ်လုံးကို ကောက်ကိုင်လိုက်၏။
သူက မည်သည့်ခံစားချက်မျှ မရှိသော မျက်နှာဖြင့် မိမိ၏ နှာတံနှင့် ပါးစပ်ကို ထုနှက်ခဲ့သည်။ ထိုလုပ်ရပ်တွင် တွန့်ဆုတ်မှု အနည်းငယ်မျှပင် မရှိခဲ့ပေ။
ထိုအစား အံ့အားသင့်သွားသော လူငယ်က ကိုယ်တိုင်ပင်မသိလိုက်ဘဲ သူ၏ လက်မောင်းကို ဖမ်းဆွဲကာ တားလိုက်ရသည်။
မျက်နှာတစ်ချက် မပျက်ဘဲ ညည်းတွားသံပင် မထွက်သောလူက လူသားမဟုတ်သည့်အလား ကြောက်စရာကောင်းလှ၏။
နောက်ဆုံး အဖြူရောင် တီရှပ်ပေါ်တွင် မြေကြီးများ ပေကျံပြီး သပ်ရပ်သော ဆံပင်ကလည်း ဖရိုဖရဲ ဖြစ်သွားပြီးမှသာ ထိုလူက ဓားကို ကိုယ်တိုင် လက်ထဲထည့်ပေးကာ အမိန့်ပေးခဲ့သည်။
“ခေါ်သွားပေးပါ။”
“အဲ့၊ အဲ့ဒီလိုကြီး ဆက်ဆက် မလုပ်လို့လည်း……”
“ချောင်းနေတဲ့ကောင်ကို ဘယ်လို ကိုင်တွယ်ရမလဲမသိဘူးလား။”
ခင်ဗျားက တကယ်ပဲ ဘာများသိနေလို့လဲ……
ထိုသို့ဖြင့် ဤနေရာသို့ ရောက်လာသော လူငယ်ခမျာ အန္တရာယ်ကို သတိမထားမိကြသော အစ်ကိုကြီးများကို အော်ဟစ်ပြောပြချင်စိတ်ပေါက်နေတော့သည်။
သို့သော်လည်း တရုတ်ပြည် ဟာဘင်းတွင် လူသတ်ဖူးသည်ဆိုသော အစ်ကိုကြီးများက အရူးတစ်ယောက်လောက်ကို မကိုင်တွယ်နိုင်စရာအကြောင်းမရှိဟု တွေးကာ အခြေအနေကိုသာ စောင့်ကြည့်နေ၏။
“ဘယ်နား ဒဏ်ရာရထားသေးလဲဟင်။”
တစ်ဖက်တွင် ဂွမ်ချယ်ဝူက အီယွန်း အချည်ခံထားရသော ကုလားထိုင်ရှေ့သို့ ရောက်လာကာ ခွေးကြီးတစ်ကောင်အလား ဒူးတစ်ဖက်ထောက်ပြီး ထိုင်ချခဲ့လေသည်။
~~~~
Miel’s Translations