အပိုင်း ၄၇
“သေတဲ့လူတော့ မရှိပါဘူး။”
“အာ၊ ဟုတ်ကဲ့……”
“အီယွန်း၊ ဘယ်နားက မသက်မသာဖြစ်နေသေးလဲ။”
အဝတ်အစားပေါ်မှတစ်ဆင့် ထိတွေ့လာသည့် လက်ဖဝါးက နွေးထွေးနေသည်။
ယခုအချိန်တွင် မည်သူထက်မဆို ဒဏ်ရာအပြင်းထန်ဆုံးရထားသည့်လူက ဂွမ်ချယ်ဝူပင်။ အဝတ်အစားများကိုသာ လှန်ကြည့်လိုက်မည်ဆိုလျှင် တစ်ကိုယ်လုံး သွေးခြေဥနေမည်ဖြစ်သော်လည်း သူက ဘာမှမဖြစ်သလို အီယွန်း၏ ခန္ဓာကိုယ်ကိုသာ အရင်စစ်ဆေးပေးနေ၏။
“ဂွမ်ချယ်ဝူရှင့်……”
“ဗျာ။”
“……အကောင်းဆုံး ခုခံကာကွယ်မှုက တိုက်စစ်ဆိုတာ တကယ်ဖြစ်နေတာပဲ။”
အီယွန်း ခေါင်းငုံ့ထားရင်း အသက်ကို ပြင်းပြင်းရှူနေမိသည်။
“ကျွန်မ……. ကျွန်မ……”
အမည်မဖော်နိုင်သည့် အပြစ်ရှိစိတ်ကြောင့် ရင်ထဲတွင် လေးလံနေခဲ့ရသည်။ မိမိစိတ်ကြိုက် သူ့ကို ဖြည်းဖြည်းချင်း ပြောင်းလဲပစ်ရန် ကြိုးစားနေရင်းမှ ဂွမ်ချယ်ဝူတစ်ယောက် ဝိုင်းဝန်းထိုးကြိတ်ခြင်းကို ခံလိုက်ရခြင်းပင်။
အီယွန်းပြောသမျှကို အဟုတ်မှတ်ပြီး နားထောင်တတ်သည့် ယောက်ျားဖြစ်သောကြောင့် ပြန်လည်ခုခံခြင်းပင်မပြုရှာဘဲ အရိုက်ခံနေခဲ့သည့် ထိုပုံရိပ်က အီယွန်း၏ရင်ထဲတွင် နက်နက်ရှိုင်းရှိုင်း ကျန်ရစ်နေခဲ့သည်။
“……ဘာမှမဖြစ်ပါဘူး၊ ဂွမ်ချယ်ဝူ။”
အီယွန်းက “ဟူး….” ဟူ၍ အားပါးတရ သက်ပြင်းချပြီး ခေါင်းမော့လာခဲ့သည်။
“လူဆိုတာ တစ်ခါတလေ တစ်ခုခုကို ရိုက်ခွဲပစ်ချင်တာမျိုးလည်း ရှိနိုင်သလို ဘယ်သူနဲ့ဖြစ်ဖြစ် အတူအိပ်ချင်တာမျိုးလည်း ရှိနိုင်တာပဲလေ။ မှန်ပါတယ်၊ အဲ့ဒီလိုလည်းဖြစ်နိုင်တာပေါ့။”
“……”
“အဲ့၊ အဲ့ဒါက နေမကောင်းတာမျိုးမဟုတ်ဘဲ သဘာဝကပေးထားတဲ့ မူလဗီဇအသိစိတ်လည်း ဖြစ်နေမလားမသိတာကို……. ကျွန်မက ဂွမ်ချယ်ဝူကို အရမ်းကြီး ဖိနှိပ်ထားမိသလားလို့ပါ။”
အီယွန်းက မည်သို့ပင်ဖြစ်စေ နားလည်ပေးနိုင်ရန် ကြိုးစားနေသည့်အလား ခေါင်းကို တရစပ် ညိတ်နေခဲ့သည်။
ဂွမ်ချယ်ဝူတစ်ယောက် ရိုးသားဖြောင့်မတ်သည့် ဤမိန်းမက သူ့ကို လက်ခံပေးရန်သာ ဤမျှအထိ အပင်ပန်းခံ စဉ်းစားပေးနေသည်ကို မြင်ရတိုင်း သူ၏ စေးကပ်ကပ် လောဘက ပို၍ပြင်းပြလာ၏။
“ဂွမ်ချယ်ဝူ၊ ရှေ့လျှောက် ကျွန်မအရိပ်အခြည်ကို မကြည့်ပါနဲ့။”
“……”
“ဒီခေတ်ကြီးမှာ အတိုက်အခိုက် ကျွမ်းကျင်တာကလည်း အရည်အချင်းတစ်ခုပဲလေ……ဒီလောက်အရည်အချင်းမျိုးဆိုရင် ဂယူဘဲ့လေး ပိုးကောင်ဖမ်းတဲ့အခါ တောင်ပံပါတဲ့အကောင်တွေပါ အကုန်ဖမ်းပေးနိုင်မှာဖြစ်သလို၊ ဒီနေ့လို လူဆိုးတွေကိုလည်း နှိမ်နင်းပေးနိုင်မယ်၊ မိသားစုကိုလည်း ကာကွယ်ပေးနိုင်မှာပဲ မဟုတ်လား။”
“……”
“ကျေးဇူးတင်ပါတယ်။”
အီယွန်းက အကြည့်ကို မသိမသာလွှဲထားရင်း သူ၏ စိတ်ရင်းကို ပြောပြလိုက်သည်။ ထိုစကားကြောင့် ဂွမ်ချယ်ဝူလည်း မျက်ခုံးများပင် တွန့်သွားသည်အထိ အလွန်သဘောကျစွာ ပြုံးလိုက်၏။ ကိုက်ခဲနေသည့် နာကျင်မှုများကိုပင် မေ့လျော့သွားပြီး ယခုအချိန်တွင် တစ်ကိုယ်လုံးက မရိုးမရွဖြစ်နေတော့သည်။
“ဘယ်သူနဲ့မဆိုတော့ မဟုတ်ပါဘူး။”
“ရှင်။”
“ကိုယ် အရမ်းအိပ်ချင်တဲ့သူက တစ်ယောက်တည်းရှိတာကို၊ 'ဘယ်သူနဲ့မဆို' လို့ အကုန်သိမ်းကျုံးပြောခံလိုက်ရတော့ နားထောင်နေတဲ့ ယောက်ျားက စိတ်ထိခိုက်ရတာပေါ့။”
“အာ……”
အီယွန်း၏ နားပန်လေးများ နီရဲသွားတော့သည်။
“မြန်မြန် အိမ်ပြန်ရအောင်ပါ။ ဒီ၊ ဒီကနေ ထွက်သွားရအောင်။”
အီယွန်းက 'အီး’ ဟု ညည်းသံပြုရင်း အားယူကာ ထရပ်လိုက်သည့်အချိန်တွင်။
“အဲ့ဒီမတိုင်ခင် ဒီနေရာကို ဓာတ်ပုံလေး တစ်ချက်လောက် ရိုက်ပေးလို့ရမလား။”
ထိုစကားကြောင့် အီယွန်း၏ မျက်နှာပေါ်တွင် အံ့အားသင့်သွားသည့် မျက်နှာထား ထင်ဟပ်လာသည်။
အီယွန်းလည်း ကမန်းကတန်း ကင်မရာဆော့ဖ်ဝဲကို ဖွင့်ပြီး သက်သေအထောက်အထားများကို စုဆောင်းတော့၏။ ဂွမ်ချယ်ဝူက သိမ်းဆည်းရမိသည့် ဖုန်းဟောင်းများကို လှန်လှောကြည့်နေသည်။ ဘယ်သူကြည့်ကြည့် တရားမဝင်ဖုန်းများဖြစ်ကြောင်း သိသာလှ၏။
ဖုန်းထဲမှ မက်ဆေ့ဂ်ျများကို အေးစက်စက် အကြည့်များနှင့် ဖတ်နေစဉ် သူ၏ နှုတ်ခမ်းထောင့်စွန်းများက တဖြည်းဖြည်း ကွေးညွှတ်တက်လာတော့သည်။
ကံဆိုးစွာ ထိုမျက်နှာကို အရှေ့တည့်တည့်မှ မြင်လိုက်ရသည့် ဂိုဏ်း၏ အငယ်ဆုံးလေးခမျာ တစ်ကိုယ်လုံး တွန့်လိမ်ပြီး တုန်ယင်နေရုံသာရှိတော့၏။
ဒီးးးးး
ညမှောင်ရီပျိုးစအချိန်။
ရုတ်တရက် အေးစက်စက်လေထုကို ဖြတ်ကျော်ပြီး ဖုန်းသံတစ်ခု မြည်လာသည်။
အနားတွင်ရှိနေသည့် အီယွန်းတစ်ယောက် ဖုန်းမျက်နှာပြင်ပေါ်တွင် ပေါ်လာသည့် အမည်ကို မြင်လိုက်ရသော တဒင်္ဂတွင် အသက်ရှူမှားသွားတော့၏။
「ဂျိုဂယောင်းချွန်း」
သူ့နှုတ်ခမ်းများက တင်းတင်းစေ့သွားကာ မျက်ခုံးများလည်း ကျုံ့သွားတော့သည်။ မသိမသာ လက်လှမ်းလိုက်စဉ်မှာပင် ဂွမ်ချယ်ဝူ၏ လက်ကြီးက စားပွဲခုံကို အရင်ဦးအောင် ထောက်လာ၏။
“အာ့……”
နှလုံးပါ ပြုတ်ကျမတတ် လန့်သွားရသည်။ ဂွမ်ချယ်ဝူက လူများကို ဖမ်းခေါ်သွားသည့်အခါမျိုးတွင်သာ သုံးလေ့ရှိသော အနက်ရောင်အဝတ်စကို ခေါင်းတွင်စွပ်ထားလျက် အီယွန်းကို ငုံ့မိုးကြည့်နေ၏။
“အဲ့၊ အဲ့ဒါက ဘာ……။ အခု ဘာလုပ်နေတာလဲ။”
“အီယွန်း၊ ကိုယ်နဲ့ လှေစီးထွက်မလား။”
“ရှင်။”
“ဒိတ်လည်း မလုပ်လိုက်ရတာကို၊ ရေထဲမှာ လည်ကြမယ်ဆိုရင်ရော ဘယ်လိုလဲ။”
မျက်နှာဖုံးအောက်မှ သီချင်းညည်းသံလေးပါ ထွက်လာသလိုပင်။
~~~~
ဟွာအီဒိုက ကျွန်းတစ်ကျွန်းဖြစ်သည်။
ထို့ကြောင့် တောင်ပေါ်မှဆင်းပြီး ဆိပ်ကမ်းဘက် အနည်းငယ်ထွက်ကြည့်မည်ဆိုလျှင် ငါးဖမ်းလှေများ စီတန်းနေသည်ကို အခက်အခဲမရှိ မြင်တွေ့နိုင်၏။
အီယွန်းက အရှိန်ဖြင့် မောင်းနှင်နေသည့် ကားပြတင်းအပြင်ဘက်မှ ရှုခင်းကိုကြည့်ရင်း လက်ဖဝါးများကို ဆုပ်ထားမိသည်။ ဟောင်းနွမ်းနေသည့် ဗန်ကားလေးက လမ်းပေါ်မှ အဖုအထစ်များကို ကျော်တိုင်း တဆတ်ဆတ် တုန်ခါနေ၏။
“ဂွမ်ချယ်ဝူရှင့်…… ရူးသွားတာလား။”
နောက်ဆုံးတွင် မအောင့်နိုင်တော့ဘဲ သွားကိုတင်းတင်းကြိတ်ကာ မေးလိုက်မိသည်။
“တကယ်ပဲ လူကို လန့်သေအောင် ဘာလို့ ဒီလိုလုပ်နေတာလဲ။”
လက်ရှိတွင် ဂွမ်ချယ်ဝူက အနက်ရောင်အဝတ်စကို စွပ်ထားသည့်အပြင် လက်နှစ်ဖက်ကိုပါ ကြိုးဖြင့် တုပ်နှောင်ထားခြင်း ခံထားရသည်။ ဘယ်သူကြည့်ကြည့် ဓားစာခံအဖြစ် ဖမ်းခေါ်ခံရသည့်ပုံစံမျိုး ဖြစ်နေသောကြောင့် အီယွန်း၏ အကြည့်ထဲတွင် မနှစ်မြို့မှုများ ပြည့်နှက်နေ၏။
“အီယွန်းပဲ အကုန်လုံးကို အပြတ်ရှင်းပစ်ပါဆို။”
“ရှင်။”
“လူဆိုတာ ကိုယ့်ထမင်းဖိုးကိုယ်တော့ ကျေအောင် လုပ်ရမှာပေါ့။”
အားတင်းထားသည့် မျက်ဝန်းများက အားမရှိသလို အရောင်မှိန်သွားတော့သည်။
“ဂုဏ်ပြုမှတ်တမ်းလွှာရတဲ့ ဂုဏ်ယူစရာ ခင်ပွန်းတစ်ယောက် ဖြစ်လာပေးပါ့မယ်။”
“……”
အဲ့ဒီလိုပုံစံနဲ့ ပြောနေလို့လည်း တစ်စက်ကလေးတောင် မိမိုက်မသွားပါဘူး……
လည်ပင်းတွင် ကြိုးသာစွပ်လိုက်လျှင် သေဒဏ်ပေးခံရတော့မည့်လူနှင့် အတိအကျတူနေသည်ကို ဂွမ်ချယ်ဝူက ဘာတွေများ ထိုမျှအထိ သဘောကျနေသည်မသိ၊ ပါးစပ်ကိုဖြဲကာ ပြုံးနေခဲ့သည်။ သူ၏ ဝင်သက်ထွက်သက်ကြောင့် ကပ်နေသည့် ပါးလွှာသော အဝတ်စပေါ်တွင် ပြုံးနေသည့် နှုတ်ခမ်းပုံစံက အတိုင်းသား ပေါ်လွင်နေ၏။
အီယွန်းတစ်ယောက် ယခုချက်ချင်းပင် ဂွမ်ချယ်ဝူ၏ အစ်ကိုထံ ဖုန်းဆက်ကာ အကူအညီတောင်းရမည်လား၊ သို့မဟုတ် ရဲကိုသာ အရင်တိုင်ရမည်လားဆိုသည်ကို ဝေခွဲမရဖြစ်နေတော့သည်။
“ဒါနဲ့၊ အီယွန်း။”
“ရှင်။”
“ကိုယ် မတော်တဆမဖြစ်ခင်က ပန်းအလှပြင်တာပဲ လုပ်ခဲ့တာ တကယ်သေချာရဲ့လား။”
“အဲ့……ဒါက ဘာလို့လဲ။”
မသိမသာ ခါးက ဆတ်ခနဲ မတ်သွားခဲ့သည်။
“ပန်းထက် ဓားကို ပိုအသားကျနေလို့ပါ။”
“……”
“ဘယ်နေရာကို ဘယ်လိုထိုးလိုက်ရင် တစ်ဖက်လူ ချက်ချင်းသေသွားမလဲဆိုတဲ့ အချက်အချာ နေရာတွေကို အကုန်မြင်နေရသလိုပါပဲ။ လူတစ်ယောက်ကို အနာကျင်ဆုံးဖြစ်အောင် ဘယ်လိုနှိပ်စက်ရမလဲဆိုတဲ့ နည်းလမ်းတွေလည်း အခုချက်ချင်း စဉ်းစားလိုက်တာနဲ့တင် ရာနဲ့ချီပြီး ပေါ်လာတယ်။”
သူ၏ အသံထဲတွင် ထူးခြားသည့် ခံစားချက်မျိုး ပါဝင်မနေပေ။
အီယွန်း လက်နှစ်ဖက်ကို ဆုပ်ကိုင်ထားရင်း တံတွေးကို မျိုချလိုက်မိသည်။
'ထင်တဲ့အတိုင်းပဲ…….။ ဂွမ်ချယ်ဝူက အိမ်ထဲမှာပဲ နေတာ……'
အီယွန်း၏ မျက်နှာက ငိုတော့မတတ် ပျက်ယွင်းသွားသော်လည်း တတ်နိုင်သမျှ တည်ငြိမ်အောင် ဟန်ဆောင်လိုက်ရသည်။
“ဂွမ်ချယ်ဝူရဲ့ ဝါသနာက…… ကိုယ်ခံပညာပါ။”
“ဟုတ်လား။”
သူက ထိုင်ခုံကို မှီလိုက်ရင်း အလိုက်သင့် ပြန်ဖြေခဲ့သည်။ ဂရုမစိုက်ဟန်ပေါက်သည့် အသံနေအသံထားတွင် ထူးခြားသည့် ရည်ရွယ်ချက်မျိုး ရှိမနေခဲ့။
အီယွန်းလည်း နှုတ်ခမ်းကို တင်းတင်းစေ့ပြီး ပြတင်းပေါက်အပြင်ဘက်ကိုသာ ကြည့်နေလိုက်သည်။ နှလုံးက တုန်ယင်နေ၏။ ဤသည်က သူ့ကို အသိအမှတ်ပြုပြီး စိတ်ပူခြင်းနှင့် သီးခြားစီဖြစ်နေသည့် ခံစားချက်ပင်။
လည်ပတ်ကြိုး လျော့သွားသလို ခံစားချက်မျိုးက အီယွန်းကို မတတ်သာဘဲ စိုးရိမ်ပူပန်စေသည်။ အီယွန်းက မှတ်ဉာဏ်ပျောက်နေသည့် ဂွမ်ချယ်ဝူကိုသာ လက်ခံထားခြင်း ဖြစ်သောကြောင့်ပင်။ နှုတ်ခမ်းထောင့်စွန်းများ တင်းမာနေသည့် အီယွန်း၏ မျက်နှာက မှန်ပြတင်းပေါ်တွင် ထင်ဟပ်နေ၏။
မကြာခင်မှာပင် ဗန်ကားလေး ရပ်တန့်သွားသည်။
“အီယွန်းက လိုက်မလာဘဲ ကားထဲမှာပဲ နေပါ။”
“ရှင်။”
“အန္တရာယ်များပါတယ်။”
“နေ၊ နေပါဦး အဲ့ဒီလိုဆိုပေမဲ့……”
“ထမင်းဘူး ယူလာပေးတယ်မဟုတ်လား၊ အဲ့ဒါလေး စားရင်းနဲ့ စောင့်နေပါ။”
အမျိုးသားက ထိုတစ်ခွန်တည်းကိုသာ ပြောခဲ့ကာ ကားပေါ်မှ ဆင်းသွားတော့သည်။
ဂွမ်ချယ်ဝူကို လူကောင်သေးသည့် အငယ်ဆုံးလေးနှင့် ဗန်ကားမောင်းပေးသည့် ဦးလေးကြီးတို့က လက်နှစ်ဖက်ကို ကိုင်ထားကာ ဆိပ်ကမ်းဆီသို့ ခေါ်ဆောင်သွားကြ၏။
“အားကို သေချာမစိုက်ဘူးလား။”
“……”
“……”
သို့သော် ဂွမ်ချယ်ဝူ၏ အပြစ်တင်စကားကြောင့် မျက်နှာမှလွဲ၍ တစ်ကိုယ်လုံး အထိုးခံထားရသည့် လူများလည်း ဆတ်ခနဲ တွန့်သွားကြသည်။
သူတို့က ဒဏ်ရာများကို စနစ်တကျ ကုသမှုမခံရသေးသည့် အခြေအနေပင်။ ပတ်ဝန်းကျင်က မှောင်နေ၍သာဖြစ်ကာ၊ ပေါက်ပြဲနေသည့် အရေပြားကြားမှ သွေးကမူ အဆက်မပြတ် စိမ့်ထွက်နေဆဲသာ။
“ဖန်လုံအိမ်ကို လူမိမှန်းသိတာနဲ့ လူကို အဓိပ္ပာယ်မရှိ ထိုးကြိတ်နေကတည်းက မှားနေပြီ။ မြင်မြင်ချင်း သေနတ်နဲ့ ပစ်သတ်မှပေါ့။ အလယ်က စီမံခန့်ခွဲသူက အဲ့ဒါတွေတောင် မသင်ပေးထားဘူးလား။”
“……”
“……”
သူ၏ ပြင်းထန်သော အပြစ်တင်စကားများကြောင့် ထိုလူတို့လည်း ဆွံ့အသွားကြတော့သည်။
“မျက်နှာထားကို သေချာပြင်ထားစမ်းပါ။ ပျော့တိပျော့ဖပ် မလျှောက်ကြနဲ့။ အခု သေဖို့သွားနေတဲ့လူက ငါကို၊ သူများမြင်ရင် မင်းတို့က အသတ်ခံရတော့မဲ့လူတွေကျနေတာပဲ။”
“……ဧ၊ ဧကန္တ။”
ထိုအချိန်တွင် လူငယ်က သွားချင်းရိုက်မတတ် တုန်ယင်လျက် ဂွမ်ချယ်ဝူကို လှမ်းကြည့်လာသည်။ အဝတ်စကြောင့် မျက်နှာကို မမြင်ရသော်လည်း သံသယဖြစ်နေသည့် အကြည့်များက ဝေ့ဝဲလျက်။
“စီမံကြီးကြပ်ရေးမှူးလားခင်ဗျ။”
ယဉ်ကျေးပျူငှာစွာ မေးလာသည့် စကားက ရယ်စရာပင်။
“ကျွန်တော်တို့ ဘယ်လိုလုပ်နေလဲဆိုတာကို လာစစ်ဆေးတာလားဟင်။”
ဂွမ်ချယ်ဝူလည်း အနက်ရောင်အဝတ်စအောက်တွင် နှုတ်ခမ်းထောင့်စွန်းများကိုသာ ကွေးညွှတ်ကာ ပြုံးလိုက်တော့သည်။
~~~~
လှေက ရေလှိုင်းလေးများဖြစ်ပေါ်စေရင်း ဝေးကွာသွားသည်။
ဟောင်းနွမ်းနေသည့် မော်တာသံ မှေးမှိန်သွားတော့မှ အီယွန်းလည်း ဗန်ကားတံခါးကိုဖွင့်ကာ အပြင်သို့ ထွက်လာခဲ့၏။ အမှောင်ထုထဲမှ ပင်လယ်ပြင်ကြီးက ဂွမ်ချယ်ဝူကို အရိပ်အယောင်မကျန်အောင် ဝါမျိုသွားပေပြီ။ ငါးဖမ်းလှေများ၏ မီးရောင်လေးများသာ မီးပြတိုက်လေးများပမာ လင်းလက်နေခဲ့သည်။ အီယွန်းတစ်ယောက် အေးစက်စက် ပင်လယ်လေကိုခံရင်း မှောင်မည်းနေသည့် လှေဆိပ်တွင် တောင်လျှောက်၊ မြောက်လျှောက် လုပ်နေမိ၏။
တောင်ပေါ်တွင် စိုက်ပျိုးကာ၊ ပင်လယ်ထဲတွင် ရောစပ်သည်။
ဂွမ်ချယ်ဝူ ဂိုဏ်းဝင်များ၏ ဖုန်းများကို မွှေနှောက်ကြည့်ပြီး သိရှိခဲ့သည့်အချက်။ သူတို့၏ တကယ့်အခြေစိုက်စခန်းက ‘သင်္ဘော’ ပင်။
ဂွမ်ချယ်ဝူက လူတစ်ယောက်ကို စံနမူနာအဖြစ် လူအများရှေ့၌ လက်ချောင်း ဆယ်ချောင်းလုံး ချိုးပြခဲ့သည်။ အနည်းဆုံး ထိုစဉ်ကမူ သူက အီယွန်းကို ကွန်တိန်နာအပြင်ဘက်သို့ အရင်ထွက်ခိုင်းခဲ့၏။
အီယွန်းက ဖန်လုံအိမ်ထဲသို့ဝင်ကာ သက်သေဓာတ်ပုံများကို ကြိုးကြိုးစားစား စုဆောင်းခဲ့သည်။ ချွေးများနှင့် စိုစွတ်နေသည့် လက်ဖဝါးကြောင့် ဖုန်းက ချော်ထွက်မတတ် ဖြစ်နေ၏။ နီရဲနေသည့် ဘိန်းပန်းများက ခေါင်းကိုမတ်ကာ သူ့ကို စိုက်ကြည့်နေ၍ပဲလား၊ သို့မဟုတ် တောင်ပေါ်တွင် ပဲ့တင်ထပ်နေသည့် အသည်းယားစရာ အော်ဟစ်သံများကြောင့်လားဆိုသည်ကိုမူ မသိနိုင်ပေ။
ယခု ဂွမ်ချယ်ဝူက လှေစီးကာ ထွက်သွားချေပြီ။
နဂိုအတိုင်းဆိုလျှင် ပင်လယ်ထဲတွင် လက်စဖျောက်ခံရမည့် သာမန်မျက်မြင်သက်သေတစ်ယောက်အဖြစ်။
သာမန်ထက်ထူးကဲလှသည့် သူ၏ ကိုယ်ခံပညာကို ထည့်စဉ်းစားကြည့်မည်ဆိုလျှင် ထိုသို့စိတ်ပူနေခြင်းက တကယ်ပင် အပိုအလုပ် ဖြစ်နေနိုင်သော်လည်း။
သို့ဆိုလျှင်ပင်….
'ဟိုက ပင်လယ်မဟုတ်လား…’
အီယွန်း ဖုန်းကို တင်းတင်းဆုပ်ထားရင်း လက်သည်းကို ကိုက်နေမိသည်။
ဒီအတိုင်း ပင်လယ်ထဲ တွန်းချလိုက်လျှင် ဘယ်လိုလုပ်မည်နည်း။
အီယွန်းက သူ ရေကူးတတ်သလား၊ မကူးတတ်သလားဆိုသည်ကိုလည်း မသိပေ။ ပြဿနာက မှတ်ဉာဏ်ပျောက်နေသော ဂွမ်ချယ်ဝူသည်လည်း ထိုအချက်ကို သိမည်မဟုတ်ဟူသော အချက်ပင်။ နှလုံးက စိုးရိမ်တကြီး ခုန်လှုပ်လာတော့သည်။
ထိုမှတစ်ဖန်…….
'နေပါဦး၊ အခု ဒါက။ ဟွာအီဒိုရဲ့ အပြင်ဘက်ကို ထွက်သွားတဲ့ အခြေအနေမျိုး ဖြစ်သွားတာလား……'
~~~~
Miel’s Translations