no

Font
Theme

အပိုင်း ၄၆

“တောင်းပန်ပါတယ်။ ကိုယ် အီယွန်းကို လွတ်သွားလို့။”

ကိုယ်တိုင်ပင် မသိလိုက်ဘဲ နှလုံးက ဒိန်းခနဲ တုန်လှုပ်သွားရသည်။

အနီးကပ် မြင်တွေ့လိုက်ရသော သူ၏မျက်နှာက ပို၍ပင် ကြည့်မကောင်းအောင်ဖြစ်နေ၏။

ခေါင်းကွဲပြီး မလှုပ်မယှက် သေသွားပြီဟု ထင်မှတ်ခဲ့စဉ်ကပင် ဤမျှအထိ ရင်တလှပ်လှပ် မဖြစ်ဖူးခဲ့သော်လည်း......

မည်သည့်အချိန်ကတည်းက စုရုံးရောက်ရှိလာသည်မသိသော သံပိုက်လုံးကိုင်ထားသည့် လူအုပ်ကြီးက သူတို့နှစ်ဦးကို ဝိုင်းရံထားလိုက်ကြသည်။ ထိုသို့သော အခြေအနေမျိုးတွင်ပင် ဂွမ်ချယ်ဝူက အေးအေးလူလူနှင့် အီယွန်း၏ ပေါင်ပေါ်သို့ မေးလေးတင်ကာ မေးလာ၏။

“အီယွန်း၊ ဗိုက်မဆာဘူးလားဟင်။”

“……”

“ဒီမှာပဲ ထမင်းဘူးလေးဖြစ်ဖြစ် ဖွင့်စားကြမလား။”

အခြေအနေကိုသာ ကြည့်မည်ဆိုလျှင် အလွန်ပင် ငြိမ်းချမ်းလှ၏။ နွေးထွေးသော ကော်ဇောခင်းထားပြီး မီးပုံလေး ထွန်းထားသည့် သစ်လုံးအိမ်လေးနှင့် တူနေသောကြောင့်ပင်။ သို့သော် ဤနေရာက မူးယစ်ဆေးခင်းဖြစ်ကာ သူတို့က ယခုအခါ ထောင်​ချောက်မိနေသည့် ကြွက်များနှင့် မခြားပေ။

“ဂွမ်ချယ်ဝူရှင့်……”

“ဗျာ။”

“ကျွန်မတို့က အခု တော်တော်လေး အကျပ်ရိုက်နေတဲ့ အခြေအနေပါ။”

သူက ‘အာ’ ဟု အသံပြုကာ ခေါင်းကို အသာအယာ ညိတ်ပြခဲ့သည်။ ဂွမ်ချယ်ဝူက မျက်မှောင်ကြုတ်ကာ ကြည့်နေသည့် ဦးလေးကြီးဆီသို့ ပါးစပ်ထဲတွင် ရှိနေသော သွေးများကို စုထွေးထုတ်ပစ်ရင်း ပြုံးလိုက်၏။

“ခင်ဗျားတို့က မူးယစ်ဆေး စိုက်နေတာလား။”

“……အငယ်ဆုံးလေး၊ တကယ်ပဲ ဒီအရူးကောင်က ဘယ်သူလဲ။”

ထိုလူငယ်က ပုခုံးများ အတုန်တုန်အယင်ယင်ဖြင့် ပါးစပ်ကို အစီအစဉ်မကျဘဲ လှုပ်ရှားခဲ့သည်။

“အီယွန်း၊ ကိုယ်တို့ မနက်ဖြန်ပဲဖြစ်ဖြစ် ချက်ချင်း အိမ်ပြောင်းကြရအောင်လေ။”

“……ဒီလောက်တောင် ရုတ်တရက်ကြီးလား။”

“အီယွန်းက တောင်ပေါ်မှာ အလုပ်လုပ်ရတဲ့သူကို ကိုယ်က ဒီမြင်ကွင်းကို မြင်ပြီးတာတောင် မနက်တိုင်း အီယွန်းကို စိတ်အေးလက်အေးနဲ့ အလုပ်သွားဖို့ လွှတ်နိုင်လိမ့်မယ်များမှတ်နေတာလား။”

“အာ……”

“ကိုယ့်ကိုလည်း ခေါ်မသွားပေးဘဲနဲ့လေ။”

“……”

“ဒီလိုဖန်လုံအိမ်တွေတောင် ရှိနေတဲ့နေရာဆိုတော့ ရှေ့လျှောက် တောင်ထဲမှာ လူသတ်သမားနဲ့ တိုးဦးမလားဆိုတာ ဘယ်သူသိမှာလဲ။”

အီယွန်းတစ်ယောက် ပြုံးမိတော့မည့် ပါးပြင်ကို အတင်းဖိထိန်းထားလိုက်ရသည်။

‘မဟုတ်မှ ထပ်တိုးပါ့ဦးမလား…’

သို့သော် ဤကဲ့သို့သော အချိန်မျိုးမှာပင် ဂွမ်ဂီဆော့၏ စိတ်ပျက်စရာကောင်းသော မှာကြားချက်က အရင်ဆုံး ခေါင်းထဲ ရောက်လာသည်။ ဟွာအီဒိုကျွန်း အပြင်ဘက်ကို လုံးဝထွက်မလာစေနဲ့ဟူသော စကား။ ထို့ကြောင့် ကိုယ်တိုင်ပင် မသိလိုက်ဘဲ ငြင်းဆန်မိသွား၏။

“ကျွန်မ၊ ကျွန်မက ဟွာအီဒိုကို သဘောကျတာရှင့်။”

“ဒီလောက်အထိ စုတ်ပြတ်နေတာတောင်မှလား။”

အီယွန်း ပြန်ပြောစရာ စကားမရှိတော့ဘဲ မျက်လုံးကိုသာ အောက်ချထားလိုက်မိသည်။

တကယ်ပဲ ဘယ်လိုကနေဘယ်လို ဒီလိုတွေဖြစ်ကုန်တာပါလိမ့်။

လှပသော ဟွာအီဒို။ လက်တွေ့ကွင်းဆင်းရန်အတွက် အမှတ်မထင် ရောက်ရှိလာခဲ့စဉ်က ဤကျွန်း၏ ဆောင်ပုဒ်ကို မြင်မြင်ချင်းပင် သဘောကျသွားခဲ့သည်။ ပင်လယ်နှင့် တောတောင်များ ဝိုင်းရံထားသည့် သန့်ရှင်းသော ဤနေရာတွင် ပုန်းကွယ်နေရင်း မိမိကိုယ်ကိုယ် ဝှက်ထားချင်လောက်သည်အထိပင်။

“ဒီဟာတွေကတော့ တကယ့် ရယ်စရာကောင်းတဲ့ စကားတွေ ပြောနေကြတာပဲ။ အခုအထိ အိမ်ပြန်နိုင်မယ်လို့ ထင်နေကြတုန်းလား။”

ထိုအချိန်တွင် ကြိုတင်အသိပေးခြင်းမရှိဘဲ တူကြီးကို မြှောက်လိုက်သည့် ဦးလေးကြီးက ဂွမ်ချယ်ဝူ၏ ခြေဖမိုးကို ထုရိုက်ခဲ့သည်။

“အစ်……”

ပထမဆုံးအကြိမ်အဖြစ် သူ၏မျက်နှာတွင် နာကျင်မှုအရိပ်အယောင်များ ဖြတ်ပြေးသွားပြီး ညည်းတွားသံ ထွက်ပေါ်လာ၏။ အီယွန်းက အက်ရှရှအသံဖြင့် အော်ဟစ်မိတော့သည်။

“ဘာမှ မမြင်ခဲ့သလို နေပေးပါ့မယ်။”

ဂွမ်ချယ်ဝူက ဖြူဖျော့သွားသည့်တိုင် အောက်နှုတ်ခမ်းကို တင်းတင်းစေ့ထား၏။ သူက ခံနိုင်ရည်ရှိသော နာကျင်မှုအတိုင်းအတာကို ကျော်လွန်သွားသည့်အလား အီယွန်း၏ ပေါင်ပေါ်သို့ မျက်နှာအပ်ကာ ညည်းတွားနေလေသည်။

“ကျွန်မတို့က သာမန်လူတွေပါ……”

“ဟေ့၊ ခေါင်းပါရင် စဉ်းစားကြည့်စမ်း။ မင်းတို့ကို အရှင်ထားတာက အမြတ်လား၊ သတ်ပစ်လိုက်တာ အမြတ်လားဆိုတာ။”

“……”

“သင်္ဘောပေါ် တင်ပို့လို့ရအောင် ယောက်ျားဖြစ်တဲ့သူကို အရင် နှိပ်စက်ထားလိုက်။”

ထိုခဏတွင် လူမိုက်များ ဝိုင်းအုံလာတော့သည်။

အီယွန်းအနားတွင် ကပ်နေသော သူ့ကို အတင်းဆွဲထုတ်ပြီးနောက် ခြေထောက်များဖြင့် ဝိုင်းကန်ကြလေ၏။ ခန္ဓာကိုယ်ပေါ်သို့ သံပိုက်လုံးများ ဆက်တိုက် ကျရောက်လာသည်။ ဂွမ်ချယ်ဝူက တစ်ချက်ကလေးမှ ပြန်မခုခံဘဲ ထိုအကြမ်းဖက်မှုအားလုံးကို ကြိတ်ခံနေ၏။

“ဂွမ်ချယ်ဝူ……”

အီယွန်း၏ မျက်လုံးများက လမ်းစပျောက်နေသလို တုန်ယင်နေတော့သည်။

“တော်၊ တော်ပါတော့။ တော်ကြပါတော့…”

အဆက်မပြတ် ကျရောက်လာသော ရိုက်နှက်မှုများကြောင့် ဂွမ်ချယ်ဝူ၏ ခန္ဓာကိုယ်က ဆက်တိုက် တုန်ယင်နေသည်။ မျက်ခုံးများ ပေါက်ပြဲကာ သွေးများစီးကျလာပြီး အဝတ်အစား အပြင်ဘက်သို့ ပေါ်နေသော လက်မောင်းတွင်လည်း ချက်ချင်းပင် သွေးခြေဥနေသည့်ဒဏ်ရာအကွက်များ ဖြစ်ပေါ်လာ၏။

သွားကို တင်းတင်းကြိတ်ကာ တောင့်ခံရန်ကြိုးစားနေသဖြင့် မျက်လုံးထဲတွင် သွေးကြောမျှင်လေးများ ပေါက်ထွက်နေသည့်တိုင် အီယွန်းက ဘာမှမလုပ်ပေးနိုင်ခဲ့ပေ။

“ဘာလုပ်နေတာလဲ……။ ဘာလို့ ဒီအတိုင်း အရိုက်ခံနေရတာလဲ……”

အသံက လှိုင်းလေးများအလား တုန်ရီနေသည်။ မကြာခင်မှာပင် မျက်ဝန်းအိမ်များက ပူနွေးလာကာ မျက်ရည်များ ဝဲလာတော့၏။

ထိုစဉ် သံပိုက်လုံးတစ်ခုက ဂွမ်ချယ်ဝူ၏ဦးခေါင်းကို ချိန်ရွယ်ကာ မြောက်တက်သွားသည်။ အီယွန်းလည်း ထိုင်ခုံနှင့်တကွ ဝုန်းခနဲ ထရပ်လိုက်ရာမှ ကြမ်းပြင်ပေါ်သို့ လဲကျသွား၏။

“မဖြစ်ပါဘူး…… ကျေးဇူးပြုပြီး ခေါင်းတော့မဖြစ်ပါဘူး။ ခေါင်းကိုတော့ မထိခိုက်အောင်လုပ်ပေးပါ။ တခြားနေရာတွေ အကုန်ရိုက်ရင်တောင် ကျေးဇူးပြုပြီး ခေါင်းကိုတော့……”

“……”

“ကျေး၊ ကျေးဇူးပြုပြီး……အဲ့ဒီလူက ခေါင်း အားနည်းလို့ပါ။”

တဒင်္ဂ ထူးဆန်းသော တိတ်ဆိတ်မှု လွှမ်းမိုးသွားသလို ခံစားလိုက်ရသော်လည်း အီယွန်းကမူ လည်ပင်းပါ နီမြန်းလာသည်အထိ စိတ်ရင်းဖြင့် အော်ဟစ်ခဲ့သည်။

“မဟုတ်တောင် နဂိုကတည်းက နေမကောင်းတဲ့သူပါ။ ဒီလိုမျိုး မလုပ်ကြပါနဲ့။ ခေါင်း တစ်ခုခုဖြစ်သွားရင် တကယ် ဒုက္ခရောက်မဲ့လူမို့လို့ပါ။ ကျေးဇူးပြုပြီး အဲ့ဒီလို မလုပ်ပါနဲ့။”

အီယွန်းက ကြမ်းပြင်ပေါ်တွင် တရွတ်တိုက်လုနီးပါး တွားသွားနေခဲ့သည်။

သို့သော်လည်း သံပိုက်လုံး ဝှေ့ယမ်းကာ ကျလာသည့် အခိုက်အတန့်တွင်။

“ရှောင်လိုက်ပါ။”

လည်ချောင်းကွဲမတတ် အော်ဟစ်လိုက်သော အီယွန်း၏ စကားကြောင့် တစ်ချိန်လုံး ခွေကျနေသည့် ဂွမ်ချယ်ဝူက ရုတ်တရက် လျင်မြန်စွာ ကိုယ်ကို လွှဲလိုက်သည်။ သံပိုက်လုံးက ဗလာဖြစ်သွားသော ကြမ်းပြင်ကို ဒေါင်ခနဲ ရိုက်မိသွား၏။

သို့သော် ယင်းက ခဏတာမျှသာ။ ဂွမ်ချယ်ဝူက အရပ်မျက်နှာ အနှံ့အပြားမှ ကျလာသော ပိုက်လုံးများဖြင့် အညှာအတာမဲ့စွာ ထပ်မံ အရိုက်ခံရပြန်သည်။

“တ၊ တကယ်ပဲ ဘာလို့……”

သူက တောဝက်ကို မည်မျှအထိ ကျွမ်းကျင်စွာ ဖမ်းခဲ့ကြောင်း၊ ဟွမ်ဂျိုယွန်းကို မည်မျှအထိ တည်တည်ငြိမ်ငြိမ် နှိမ်နင်းခဲ့ကြောင်းနှင့် လူတစ်ယောက်ကို မည်မျှအထိ ရက်ရက်စက်စက် မြေမြှုပ်ခဲ့ကြောင်း အီယွန်း သိထားပြီးသားပင်။

ထို့ကြောင့်….

“ဂွမ်ချယ်ဝူ၊ အခု ဘာလုပ်နေတာလဲ။”

“……”

“ဘာလို့ ဒီအတိုင်း အရိုက်ချည်းခံနေရတာလဲ။ အဲ့ဒီလိုလူမျိုး မဟုတ်ဘူးလေ။ ရိုက်စမ်းပါ၊ ပြန်ရိုက်လို့။ လုံလုံလောက်လောက်ကို လုပ်နိုင်တာပဲမဟုတ်လား။”

ထိုအခါ သူက စောင့်နေခဲ့သည့်အလား အီယွန်းနှင့် အကြည့်ချင်းဆုံအောင် ကြည့်လာသည်။

“……ကိုယ် အဲ့ဒီလိုလုပ်ရင်၊ အစ်၊ မဖြစ်ဘူးမဟုတ်လား။”

သူက ညည်းသံကို မနည်းမျိုသိပ်ရင်း တစ်လုံးချင်းစီ ပြောခဲ့သည်။

“ကိုယ့်ရောဂါကြောင့်၊ အီယွန်းက၊ မုန်းတာမဟုတ်လား။”

“……”

“ကိုယ် အကြမ်းဖက်မှာကို။”

အီယွန်း၏ နားထဲတွင် အူသွားသလိုပင်။ မည်သည့်အတွေးမှ ဝင်မလာတော့ဘဲ မြင်ကွင်းများ ဝေဝါးသွားတော့သည်။

“……တကယ့်အရူးပဲ မဟုတ်ဘူးလား။ အခြေအနေကို ဒီလောက်တောင် မသိတာလား။ ဘာလို့ ဒီလိုအချိန်မျိုးမှာမှ တကယ့် လူအလို လုပ်နေရတာလဲ။”

တစ်ကိုယ်တည်း ရေရွတ်နေသော အသံလေးတွင် ရှိုက်သံများ ရောစွက်နေသည်။

“ရောဂါလက္ခဏာဖြစ်တော့ရော ဘာအရေးလဲ……”

ယင်းက မည်မျှပင် ဆင်ခြေကောင်း ဖြစ်ခဲ့ပါစေ၊ ဂွမ်ချယ်ဝူကို ထိခိုက်ဒဏ်ရာရစေသည်အထိတော့ ရှေ့တန်းမတင်လိုပေ။

ဝေခွဲရချိန်က မကြာလိုက်ပေ။ အီယွန်းတစ်ယောက် စိတ်နှလုံး၏ ထောင့်တစ်နေရာတွင် ပိတ်ထားသော အကာအကွယ်တံတိုင်းကို အလျှော့မပေးဘဲ ဆွဲဖွင့်ပစ်လိုက်တော့သည်။

လောလောဆယ် ဒီနေရာကနေ လွတ်မြောက်ဖို့ကိုပဲ စဉ်းစားရအောင်။

မကြာခင်မှာပင် သူက မျက်လုံးကို တင်းတင်းမှိတ်ကာ အော်ဟစ်လိုက်၏။

“အားလုံးကို ဖျက်ဆီးပစ်လိုက်ပါ။”

ဂွမ်ချယ်ဝူ၏ နှုတ်ခမ်းအစုံက ကျေနပ်အားရမှုများဖြင့် ပင့်တက်သွားသည်။ အား၊ ချိုမြိန်သော ညည်းတွားသံက လည်ချောင်းထဲတွင် ဆူပွက်လာ၏။

တောအုပ်လေးလို သန့်စင်သော အီယွန်းအား သူ၏ အညစ်အကြေးများဖြင့် ပေးကျံစွန်းထင်းစေလိုသည်။ ခိုင်မာသော အီယွန်း၏ ကမ္ဘာလေးကို ညစ်ညမ်းစေပြီး သူ အခြေချနေထိုင်မည့်နေရာကို ကိုယ်တိုင် ဖန်တီးခဲ့၏။

‘အဲ့ဒီအစား အီယွန်းကလည်း ကိုယ့်ဘက်ကို သက်ဆင်းပေးရမယ်နော်။’

ရီဝေမိန်းမောနေသော မျက်လုံးများက နောက်ဆုံးတွင် သတိပြန်ဝင်လာသည်။

ရှင်းလင်းရေးက စက္ကန့်ပိုင်းသာ ကြာလိုက်၏။

“အားးးး။ ဒီ၊ ဒီကောင်က ဘာလဲ။”

အီယွန်း၏ ခွင့်ပြုချက်ရသည်နှင့်တစ်ပြိုင်နက် သူက ဝှက်ထားသော ဓားမြှောင်ကို ထုတ်ယူကာ လူမိုက်များ၏ အကြောအားလုံးကို ဖြတ်တောက်ပစ်ခဲ့သည်။

ကြွက်သားများကို လှီးဖြတ်ကာ အသားထဲသို့ စိုက်ဝင်သွားသော အသံများ မပြတ်တမ်း ထွက်ပေါ်နေတော့၏။

ဂွမ်ချယ်ဝူ၏ လှုပ်ရှားမှုများက သိပ်မကြီးပေ။ သို့သော် ရိုးရှင်းသော လှုပ်ရှားမှုများဖြင့်ပင် လှပသော မျဉ်းတစ်ကြောင်းအလား လျင်မြန်စွာ ရွေ့လျားသွားခဲ့သည်။ သူ၏ ကိုယ်ဟန်က အလွန်ပင် သက်ရောက်မှုရှိလှ၏။

“အားးးး”

အရွယ်ရောက်ပြီးသား ယောက်ျားကြီးများက မည်မျှအထိ ကျယ်လောင်စွာ အော်ဟစ်နေကြသနည်း။ အီယွန်းတစ်ယောက် ကောက်ရိုးရုပ်များပမာ လဲကျသွားသော လူအုပ်ကြီးကိုကြည့်ရင်း ကိုယ်လေး အတုန်တုန်အရီရီ ဖြစ်နေခဲ့ရသည်။

အသားကိုထိမှန်ပြီး အဆစ်များ ကျိုးသွားသောအသံက အညှာအတာမဲ့လှ၏။ ဂွမ်ချယ်ဝူက သူတို့၏ မျက်နှာများကို နင်းခြေပစ်ကာ ခေါင်းများကို စားပွဲဖြင့် အဆက်မပြတ် ဆောင့်ပစ်ရင်း ဂိုဒေါင်တစ်ခုလုံးကို ခွေးရူးတစ်ကောင်အလား မွှေနှောက်နေတော့သည်။

လူတို့၏ လက်၊ ခြေထောက်နှင့် ကြမ်းပြင်ပေါ်၌ သွေးများ အိုင်ထွန်းနေချိန်တွင် ခေတ္တမျှ နောင်တရသောစိတ် ဝင်လာခဲ့သော်လည်း အီယွန်း ခေါင်းခါပစ်လိုက်၏။

‘အချိန်နောက်ပြန်ရောက်သွားရင်တောင် ဒီအတိုင်း လုပ်မိမှာပဲ။’

လှပသော ဟွာအီဒိုတွင် မူးယစ်ဆေးခင်း ရှိနေသည်။ ကြည့်ရသည်မှာ တောင်တစ်တောင်တည်း မဟုတ်လောက်ပေ။

ဟွာအီဒို၏ တောင်တကာအနှံ့ သွားလာနေသည့် သစ်ပင်ဆရာဝန်တစ်ဦးအနေဖြင့် ဤကဲ့သို့သော ဖန်လုံအိမ်များ နေရာအနှံ့ ပုန်းကွယ်နေသည်ဟု တွေးလိုက်မိရုံနှင့် ရုတ်တရက် ကြက်သီးထသွားရသည်။

ဤအချက်ကိုသာ ဖွင့်ချလိုက်မည်ဆိုလျှင် ဟွာအီဒိုသာမက တစ်နိုင်ငံလုံးပါ ပွက်လောရိုက်သွားပေလိမ့်မည်။ ထို့ကြောင့် ဤနေရာမှ ဘေးကင်းစွာ ထွက်ခွာသွားရန်က ပထမဦးစားပေးပင်။

“မင်း ဘယ်သူလဲ။”

ထိုစဉ် တူကြီးကို ကိုင်ထားသည့် ဦးလေးကြီးက အော်ဟစ်ခဲ့သည်။

ဂွမ်ချယ်ဝူက သွေးများ စိုရွှဲနေသောဓားသွားကို အဝတ်ဖြင့် ပွတ်သုတ်လိုက်ရုံသာရှိကာ ပြန်ပင်မဖြေခဲ့။

တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း သတိထားမိလိုက်ချိန်တွင် နောက်ကျသွားပေပြီ။ ဂွမ်ချယ်ဝူက လေးလံစွာ ဝှေ့ယမ်းလာသော တူကြီးကို ရှောင်တိမ်းရင်း အကွာအဝေးကို တဖြည်းဖြည်း ကျဉ်းအောင်လုပ်လိုက်သည်။

သူက မျက်စိတစ်မှိတ်အတွင်း တစ်ဖက်လူ၏ ဟာကွက်ကို အခွင့်ကောင်းယူကာ တစ်ပတ်လှည့်ပြီး ကိုင်ပေါက်လေ၏။ ခါးမှအရင်ပြုတ်ကျသွားသော ဦးလေးကြီးဆီမှ တအစ်အစ်နှင့်ညည်းသံများ ထွက်လာသည်။

ဂွမ်ချယ်ဝူက ပြုတ်ကျနေသောတူကို ကောက်ယူကာ သူ၏ ခြေဖမိုးကို ထပ်တူထပ်မျှ ပြန်လည်ထုရိုက်ပစ်ခဲ့၏။ ဆက်လက်၍ အီယွန်းကို ထိတွေ့ခဲ့သော လက်နှစ်ဖက်ကိုပါ အရည်ပျော်သွားမတတ် ရိုက်နှက်ပြန်လေသည်။

လက်စားချေနေစဉ်မှာပင် သူ၏အမူအရာက တစ်ချက်ကလေးမှ မတုန်လှုပ်ဘဲ အေးစက်လှ၏။

“အားးးးး”

တုံ့ပြန်တိုက်ခိုက်နေသော ဂွမ်ချယ်ဝူက လျင်မြန်ကာ သေသပ်လှသည်။

‘ဒီလောက်တောင် အခြေအနေကို မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်တဲ့သူက အလကားနေရင်း ခန္ဓာကိုယ်ကိုပဲ အထိအခိုက်ခံနေခဲ့တာလား……’

သူက လူကောင်ကြီးသော အချို့ကို ကြိုးဖြင့် တုပ်နှောင်လိုက်ကာ သူတို့၏ ဘောင်းဘီအိတ်ထဲမှ ဖုန်းများကို အကုန်သိမ်းဆည်းပြီးမှသာ အေးအေးလူလူ လမ်းလျှောက်လာခဲ့သည်။

“အဆင်ပြေရဲ့လား။”

သူက မှောက်လျက်လဲနေသော အီယွန်းကို ထိုင်ခုံနှင့်တကွ ပြန်ထူပေးပြီးနောက် ကြိုးများကို ဓားဖြင့် ဖြတ်ပေးခဲ့သည်။ တရွှပ်ရွှပ်နှင့် နောက်စေ့ဘက်မှ ဓားနှင့်ဖြတ်နေသောအသံကြောင့် အီယွန်းလည်း ကြက်သီးမွေးညင်းများ ထသွားရ၏။

“……ဟုတ်၊ ဟုတ်ကဲ့။”

အီယွန်းတစ်ယောက် ကြမ်းပြင်ပေါ်တွင် ခြေကားရားလက်ကားရားနှင့် ဆတ်ခနဲဆတ်ခနဲတွန့်နေသော သေခါနီးတစ်ဝက်ဖြစ်နေသည့် ခန္ဓာကိုယ်များကိုကြည့်ရင်း ရင်ထဲမှ ပျို့တက်လာသည်ကို အတင်းမျိုသိပ်ထားလိုက်ရသည်။ ထိုအခါ သူ၏ မျက်နှာရိပ်မျက်နှာကဲကို ကြည့်နေသော ဂွမ်ချယ်ဝူက ရုတ်တရက် အားငယ်သွားသည့်အလား မျက်လုံးကို အောက်ချထားလိုက်တော့၏။

~~~~

Miel’s Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment