no

Font
Theme

အပိုင်း ၅၀

​လွန်ခဲ့သော နှစ်ပတ်ခန့်၊ ပုံမှန်အတိုင်း လူနာကြည့်ရန် သွားခဲ့ရာမှ ဘိန်းခင်းကြီးကို ရှာဖွေတွေ့ရှိခဲ့သည့် ထိုနေ့။

​ရုန်းရင်းဆန်ခတ် တိုးဝှေ့ဝင်ရောက်လာကြသော ရဲများကြားတွင် အီယွန်းတစ်ယောက် စိုးရိမ်စိတ်တစ်ခု၏ လွှမ်းမိုးခြင်းကိုခံခဲ့ရသည်။

​‘ဒီအတိုင်း ရဲစခန်းကိုသွားရင် ဘယ်လိုဖြစ်မှာလဲ။’

​လက်ရှိတွင် ဂွမ်ချယ်ဝူ၌ မည်သည့်အထောက်အထားမှ မရှိပေ။ ထို့ကြောင့် မှတ်ပုံတင်နံပါတ်ကိုလည်း သိနိုင်မည်မဟုတ်။ သူ၏လက်ဗွေကို စစ်ဆေးကြည့်ရာမှ ကြောက်စရာကောင်းသော ရာဇဝင်တစ်ခုခု ထွက်လာလျှင် မည်သို့လုပ်မည်နည်း။ ထို့အပြင် သူတို့နှစ်ဦးစလုံးက စာရင်းဇယားအရ အပျို၊ လူပျို အသီးသီးဖြစ်နေသည်မှာလည်း ဘူးပေါ်သလို ပေါ်သွားနိုင်ပေသည်။

​ဂွမ်ချယ်ဝူက အီယွန်းကို ရင်ခွင်ထဲတွင်ထည့်ကာ လွှတ်မပေးဘဲရှိနေစဉ် အီယွန်းကမူ သူ၏ရင်ခွင်ထဲတွင် ထိုကဲ့သို့သော ဉာဏ်နီဉာဏ်နက်များကိုသာ ထုတ်နေမိ၏။

မည်သူကြည့်ကြည့် လှည့်စားသလိုဖြစ်နေမည့် လုပ်ရပ်ဖြစ်နေသောကြောင့် အီယွန်းလည်း မိမိကိုယ်ကိုယ်ပင် စိတ်ကုန်လာမိရသည်။

​‘ဒါပေမဲ့လည်း……’

​အသိမပေးချင်သေးပေ။

​ရဲများက သူတို့ကို အတင်းအဓမ္မ ဆွဲခွဲရန် ကြိုးစားကြသော်လည်း ဂွမ်ချယ်ဝူကမူ ခက်ထန်ပြတ်သားစွာပင် အီယွန်းကို ဖုံးကွယ်ထားရန်သာ အားထုတ်နေခဲ့သည်။

​မြဲမြံခိုင်မာသော အားများက အီယွန်း၏ ပုခုံးနှစ်ဖက်ကို တင်းကျပ်စွာ ထွေးပွေ့ကာ ပို၍ပင် ဆွဲယူခဲ့၏။ တောင့်တင်းသော ရင်ဘတ်နှင့် ပွတ်တိုက်မိနေသည့် ပါးပြင်ပင် ထုံလာရသည်။ အခြားကြောင့်မဟုတ်ဘဲ စိတ်လှုပ်ရှားနေသည့်အလား ခုန်ပေါက်နေသော ထိုလူ၏ နှလုံးခုန်သံကြောင့်ပင်။

​“ဂွမ်ချယ်ဝူရှင့်……”

​အီယွန်း အသံကို ခပ်အုပ်အုပ်လေးပြုကာ သူ၏ကျောကို ပုတ်ပေးလိုက်သည်။

​“ဒီလိုလုပ်နေမဲ့အစား ဂွမ်ချယ်ဝူရဲ့ အစ်ကိုကြီး၊ အဲ့ဒီတော့ကလေ အစ်ကိုကို ခေါ်လိုက်တာက…”

​ထိုစဉ်။ ရုတ်တရက် ထိုလူ၏ သွေးခုန်နှုန်းက သိသိသာသာ ကျဆင်းသွားသည်ဟု ခံစားလိုက်ရပြီးနောက် လေးလံသော ကိုယ်အလေးချိန်ကြီးက အီယွန်းအပေါ်သို့ ပြိုကျလာတော့သည်။

​“……”

​အီယွန်း၏ မျက်လုံးများ အထိန်းအကွပ်မဲ့စွာ ပြူးကျယ်သွားကာ နှလုံးက ဒိန်းခနဲ တုန်လှုပ်သွားရ၏။

​ဂွမ်ချယ်ဝူတစ်ယောက် အားပြတ်ကာ လဲကျသွားခြင်းပင်။ ထူးဆန်းလှစွာ ထိုအခိုက်အတန့်က အနှေးပြကွက်လို ဖြစ်သွားပြီး အီယွန်း၏ မြင်ကွင်းကို ကန့်လန့်ကာချသလို အလုံးစုံ သိမ်းပိုက်နေရာယူသွားခဲ့သည်။ အီယွန်းလည်း အလောတကြီးဖြင့် သူ၏ ခန္ဓာကိုယ်အပေါ်ပိုင်းကို ဖမ်းထိန်းကာ လက်နှစ်ဖက်တွင် အားစိုက်ထားလိုက်မိသည်။

​“ဂွမ်ချယ်ဝူ။”

​“အီ……ယွန်း……”

​သူက သတိမလွတ်စေရန် မျက်ခုံးနှစ်ဖက်ကို တင်းတင်းကျုံ့ထား၏။

​“အိမ်ကို…… အတူတူ……”

​“……”

​ထိုပုံစံက ပထမဆုံးတွေ့ခဲ့သည့် ထိုနေ့ညကို ပြန်လည်အမှတ်ရစေခဲ့သည်။ အီယွန်းတစ်ယောက် ဘာကြောင့်မှန်းမသိ တုန်ယင်နေသော လက်များဖြင့် သူ၏အင်္ကျီစကို တင်းတင်းဆုပ်ကိုင်ထားမိ၏။

​သို့သော် နောက်ဆုံးတွင် သူ၏ကိုယ်အလေးချိန်ကို တောင့်ခံနိုင်ခြင်းမရှိဘဲ ယိုင်လဲသွားစဉ် ဘေးနားရှိ ရဲများက ချဉ်းကပ်လာကာ ကူညီဖေးမပေးကြသည်။

​“တက်ပါ့မယ်၊ ရဲကားပေါ်ကို။ အဲ့ဒီအစား ဆေးရုံကို အရင်သွားပေးပါ။”

​ဒုတိယအကြိမ်မြောက် အရေးပေါ်ဌာနသို့ ရောက်ရှိခြင်းပင်။

​ကျည်ဆန် ရှပ်ထိသွားခြင်းမျှသာ ဖြစ်သော်လည်း အသားဟက်တက်ကွဲသွားသည့် ပေါင်မှ သွေးများက တရစပ် ထွက်နေသည်။ ထို့အပြင် အညိုအမည်းစွဲနေသည့် ဒဏ်ရာများမှာလည်း ပုပ်နေသည့် အသားများအလား အရည်ပျော်မတတ် ဖြစ်နေသဖြင့် ကြည့်ရသူအဖို့ ခက်ခဲလှ၏။

​“ခဏလောက် ဆေးရုံတက်နေတာ ပိုကောင်းပါလိမ့်မယ်။”

​တာဝန်ခံဆရာဝန်၏ လေးနက်သော မျက်နှာထားကြောင့် အီယွန်း ကြောင်သွားရသည်။

​“……ရှင်။”

​ကိုယ့်ကိုယ်ကိုယ် မည်သည့်အရာအတွက် တုန်လှုပ်နေမှန်း မသိဘဲ လက်နှစ်ဖက်ကို ဆုပ်ကိုင်ထားမိ၏။

​ကွဲအက်ကာ ပုံပျက်နေသော နှုတ်ခမ်းများ၊ ဟိုတစ်စ ဒီတစ်စ ပွန်းပဲ့နေသော ဒဏ်ရာများ၊ ဖူးရောင်နေသည့် ပါးရိုးနှင့် သွေးခြေဥကာ ထူအမ်းနေသည့် မျက်ခွံများ…….

​လင်းထိန်နေသော နေရာတွင် ပြန်လည်မြင်တွေ့လိုက်ရသည့် ဂွမ်ချယ်ဝူ၏ပုံစံက ရှုံးနိမ့်သွားသော လက်ဝှေ့သမားတစ်ဦးပမာ သနားဖွယ်အတိပင်။

​သားရဲတစ်ကောင်လို သောင်းကျန်းနေခဲ့စဉ်က မည်သို့ပင်ရှိခဲ့ပါစေ၊ ဖြူဖျော့ကာ လဲလျောင်းနေသော ထိုလူက အီယွန်း၏အကြည့်ကို အကြိမ်ကြိမ် ဆွဲယူနေ၏။

​“ခန္ဓာကိုယ်က အရမ်းပင်ပန်းနေတာပါ။ ကိုယ်အပူချိန်၊ သွေးခုန်နှုန်းနဲ့ သွေးဖိအားတွေက ယေဘုယျအားဖြင့် ကျနေပါတယ်။ လုံလောက်တဲ့ အိပ်စက်မှုနဲ့ ခန္ဓာကိုယ်ကို ပြန်ကျန်းမာလာအောင် အချိန်ပေးတာ အကောင်းဆုံးပါပဲ။”

​“……အဲ့ဒါဆို ဘယ်နှရက်လောက်လဲဟင်။”

​“သုံးလေးရက်ဆိုရင်တော့ အဆင်ပြေသွားမှာပါ။”

​“……”

​အီယွန်း နှုတ်ခမ်းကို တင်းတင်းစေ့ထားရင်း မလှုပ်ချင်သော ခေါင်းကို အတင်းဖျစ်ညှစ်ပြီး ညိတ်ပြလိုက်မိ၏။

​ထို့နောက် ရဲစခန်းသို့ တစ်ဦးတည်း သွားရောက်ခဲ့သော အီယွန်းတစ်ယောက် တရားမဝင် ခိုးဝင်မှုစွဲချက်မှ ကင်းလွတ်အောင် ဖြေရှင်းခြင်း၊ ပစ္စည်းပျက်စီးမှုအတွက် လျော်ကြေးပေးခြင်းနှင့် ဘိန်းခင်းအတွက် သက်သေဓာတ်ပုံများအားလုံးကို တင်ပြခြင်းဖြင့် စုံစမ်းစစ်ဆေးမှုများတွင် တက်ကြွစွာ ပါဝင်ခဲ့သည်။

​ဂွမ်ချယ်ဝူ ရဲစခန်းသို့ ခြေဖျားပင် မချနိုင်စေရန် မိမိ၏ အပိုင်းမှ အပြီးအပြတ် အဆုံးသတ်ပစ်ရန် ရည်ရွယ်ခဲ့ခြင်းဖြစ်၏။

​ထိုကဲ့သို့ တိုက်ပွဲဝင်သလို ကိစ္စများကို ဖြေရှင်းနေစဉ်အတွင်း အီယွန်းတစ်ယောက် ရယ်စရာကောင်းစွာပင် အိပ်မပျော်နိုင်ခဲ့။

​အသံတစ်ချက်မျှ မရှိသော အိမ်ကြီးက အလွန်ခြောက်ကပ်နေသောကြောင့်ပင်။

​နောင်တစ်ချိန် သူ ပြန်လည်ရရှိမည့် နေ့စဉ်ဘဝက ဤအတိုင်း ဖြစ်မည်ဆိုသော်လည်း မည်သည့်ခံစားချက်မျှ မရှိခဲ့ပေ။

​ဟင့်အင်း၊ ဖြစ်ချင်ဖြစ်…….

​‘……ဘာလို့မှန်းမသိ စိတ်က မငြိမ်ဘူး။ ထမင်းလည်း စားလို့မရဘူး။ စောင်တစ်ခုခု ထုတ်ယူရမယ်ထင်တယ်။’

​နွေဦးအစောပိုင်းတွင် သူက ဆန့်ကျင်ဘက် အအေးဒဏ်ကို ခံစားနေရသည်။ အီယွန်း ဆိုဖာပေါ်တွင်လည်း လှဲကြည့်သလို၊ အိပ်ရာပေါ်တွင်လည်း အိပ်ကြည့်ပြီး၊ နောက်ဆုံး ဒုတိယထပ်သို့ပင် သွားကြည့်ခဲ့သော်လည်း အိပ်မပျော်နိုင်သော ညများက ပို၍သာ နက်ရှိုင်းလာ၏။

​‘ဒါပေမဲ့ ဒါက နည်းနည်းတော့…… ထူးဆန်းတယ်။’

​မျက်စိရှေ့က အနှောင့်အယှက်ကို ဖယ်ရှားပြီးရင် စိတ်ထဲမှာ ပေါ့ပါးသွားရမှာ မဟုတ်ဘူးလား။

​သို့သော် တင်းကျပ်နေခဲ့သော အာရုံကြောများက ရုတ်တရက် ပြတ်တောက်သွားသည့်အခါ ထိုတုန်ခါမှုက အီယွန်းကို ပြင်းထန်စွာ ရိုက်ခတ်လိုက်သကဲ့သို့ပင်။

ထိုအကျိုးဆက်ကြောင့်လားမသိ၊ ဂနာမငြိမ်ဖြစ်နေသော မိမိကိုယ်ကိုယ်သာ တွေ့ရှိရ၏။

​“ချူဂျာရှင့်။”

​သည်းမခံနိုင်တော့သည့်အဆုံး အီယွန်းလည်း ဆိုဖာပေါ်တွင် ကွေးကွေးလေးထိုင်ရင်း ဖုန်းဆက်လိုက်တော့သည်။

​—အခုက ဘယ်နှနာရီလဲလို့……

​“မနက် သုံးနာရီပါ။”

​—အမလေးနော်၊ ငါတော့ မနေနိုင်တော့ဘူး။ မအိပ်နိုင်လို့ ဘယ်လိုလုပ်မလဲ……

​အိပ်ချင်မူးတူးဖြစ်နေသော ချူဂျာ၏ အသံကလည်း ဤနေရာ၏ ခြောက်ကပ်မှုကို ဖြည့်ဆည်းပေးရန် မလုံလောက်ခဲ့ပေ။

​အီယွန်းတစ်ယောက် လူနှစ်ဦး နေထိုင်ခဲ့သည့် အငွေ့အသက်များ ပြည့်နှက်နေသော ဧည့်ခန်းကို နားမလည်နိုင်သလိုအကြည့်ဖြင့် ဝေ့ဝဲကြည့်လိုက်သည်။ မသိလိုက်ခင်မှာပင် အိမ်အနှံ့တွင် ဂွမ်ချယ်ဝူ၏ ပစ္စည်းများဖြင့် ပြည့်နှက်နေပေပြီ။ ထို့ကြောင့်ပဲလားမသိ၊ အကြည့်ရောက်လေရာတိုင်း၌ ထိုလူ၏ အမှတ်အသားများကို တွေ့နေရ၏။ သူသောက်လက်စ ခွက်၊ သူအမြဲသုံးနေကျ အလေးတုံး၊ သူကျောမှီခဲ့သောကူရှင် အစရှိသည်တို့က အားလုံး စိတ်အနှောင့်အယှက်ဖြစ်စရာပင်။

​“ကျွန်မ မနက်ဖြန် ဂွမ်ချယ်ဝူကို နှိုးတော့မလို့ပါ။”

​အီယွန်းက လက်သည်းကိုကိုက်ရင်း ဒူးကို ပို၍တင်းကျပ်စွာ ပိုက်ထားမိသည်။

​“……ဒါပေမဲ့လေ၊ ချူဂျာ။”

​ရက်ပိုင်းအတွင်း ချောင်ကျသွားသော မျက်နှာကို လက်ဖြင့်သပ်လိုက်မိ၏။ အက်ရှရှအသံက လေးလံကာ ထိုင်းမှိုင်းနေသည်။

​“ဒီတစ်ခါတော့ အဲ့ဒီလူကို မဖြစ်မနေနှိုးရမဲ့ အကြောင်းရင်း မရှိဘဲနဲ့ ဘာလို့မှန်းမသိ မြန်မြန်နှိုးချင်နေမိတယ်……”

~~~~

​“အီယွန်း။”

​အရုဏ်တက်တွင်၊ လူမမာခန်းသို့ သွားကာ ပုစွန်တုပ်လေးလို ကွေးပြီး ဂွမ်ချယ်ဝူ၏ နံဘေးတွင် လဲလျောင်းခဲ့သည်က နောက်ဆုံးမှတ်ဉာဏ်ပင်။

​မျက်တောင်များကြားသို့ တိုးဝင်လာသော နေရောင်ခြည်ကြောင့် မျက်မှောင်ကျုံ့နေစဉ် မထင်မှတ်ဘဲ ရင်းနှီးသော လက်တစ်ဖက်က အရိပ်လုပ်ပေးလာသည်။

​“ဘယ်လိုလဲ၊ နည်းနည်း သက်သာရဲ့လား။”

​“……”

​နူးညံ့သော ဩရှရှအသံက နားစည်ကို ဝန်းရံလာသည့်အခိုက်အတန့်တွင် မျက်လုံးများ ဆတ်ခနဲ ပွင့်သွားရသည်။

​ဒဏ်ရာများ ပြည့်နှက်နေဆဲဖြစ်သော မျက်နှာဖြင့် သူက ခပ်ရေးရေး ပြုံးပြနေ၏။ မနက်ခင်းနေရောင်ခြည်က ပါးလွှာသော လိုက်ကာကို ထိုးဖောက်ကာ သူ၏ မျက်နှာပေါ်သို့ ကျရောက်နေသည်။

​“ဘာလို့ ဒီလောက်တောင် နောက်ကျမှ လာရတာလဲ၊ စောင့်နေတာကို။”

​“……အာ။”

​“အီယွန်း၊ ကိုယ် နေမကောင်းဘူး။”

​“……”

​ထိုအခါမှသာ ခြောက်ကပ်နေသော မျက်ရည်စများကို မြင်လိုက်ရသည်။

​အီယွန်းလည်း အထူးတလည် အကြောင်းရင်းမရှိဘဲ ဂွမ်ချယ်ဝူကို နှိုးချင်ခဲ့သည့်ဆန္ဒက ဘာကြောင့်မှန်း အနည်းငယ် သိလိုက်ရသလိုပင်။

​သူ အိပ်မက်ဆိုးများထဲတွင် တစ်ယောက်တည်း ကျန်ရစ်နေမည်ကို စိုးရိမ်ခဲ့ခြင်းဖြစ်၏။ အီယွန်းက အကျင့်ဖြစ်နေသည့်အလား ဘာမှမပြောဘဲ အင်္ကျီလက်ဖြင့် သူ၏ မျက်ဝန်းထောင့်များကို သုတ်ပေးလိုက်မိသည်။

​ဂွမ်ချယ်ဝူက အီယွန်း၏ အပြုအမူကို အသာလေး ခံယူရင်း မျက်ခွံများကို ညင်သာစွာ မှေးစင်းလိုက်၏။

​“ဒီအိပ်မက်ဆိုးရဲ့ အဆုံးသတ်က မင်းပဲပေါ့။”

​“……”

​လှပသော မျက်နှာကို ငေးကြည့်နေမိသည့် အီယွန်းတစ်ယောက် ရုတ်တရက် လျှပ်စီးလက်သလို တုန်လှုပ်သွားရသည်။

​“အဲ့ဒီအဆုံးသတ်မှာ အမြဲတမ်း အီယွန်းရှိနေတယ်။”

​သူက မျက်လုံးများကို ဖြည်းဖြည်းချင်းဖွင့်ကာ အီယွန်းကို အပြည့်အဝ စိုက်ကြည့်ခဲ့သည်။

​ထိုလူ၏ နာခံလိုသော အမူအရာကို ကြည့်မည်ဆိုလျှင် သူ၏အိပ်မက်ဆိုးကို နှိုးပေးနိုင်သည့် တစ်ဦးတည်းသော ဖြစ်တည်မှုအဖြစ် အီယွန်းကို သတ်မှတ်ထားသည့်ပုံပင်။ သို့သော် အပြစ်မကင်းသည့် အီယွန်းအတွက်မူ ထိုစကားက တစ်မျိုးတစ်ဖုံ ကျောချမ်းစရာကောင်းနေသဖြင့်……

​တစ်ခုခု မှားယွင်းနေပြီဟူသော စိုးရိမ်စိတ်က နှလုံးသားကို ရိုက်ခတ်သွားတော့သည်။

​ကြောက်လန့်လွန်း၍ အမည်ပင် မတပ်နိုင်ခဲ့သော စိုးရိမ်စိတ်က နှစ်ပတ်တိုင်တိုင် တည်ရှိနေခဲ့ကာ ဤအတောအတွင်း ဂွမ်ချယ်ဝူက သူ၏ခန္ဓာကိုယ်ပေါ်တွင် ကျန်ရှိနေသော ကြမ်းကြုတ်ဆိုးဝါးသည့် တိုက်ပွဲအမှတ်အသားများကို တစ်စတစ်စ ပျောက်ကွယ်စေခဲ့သည်။

​ပြဿနာက…… အီယွန်းကိုယ်တိုင်ပင်။

​တစ်စုံတစ်ရာက အကြီးအကျယ်မှ အကြီးအကျယ် မှားယွင်းနေချေပြီ။ ထိုနှစ်ပတ်အတွင်း ထိုအတွေးကို ရပ်တန့်၍ မရခဲ့ပေ။

​‘ချူဂျာရှင့်၊ ကျွန်မ တစ်ခုခုကို……အတည်ပြုကြည့်မှ ဖြစ်မယ်ထင်တယ်။’

​‘....Suspension Bridge Effect ဆိုတာ သိလားဟင်။’

​‘အဲ့ဒီတော့ကလေ၊ သာမန်ယောက်ျားတွေပါ၊ တတ်နိုင်သလောက်များများ……’

​ပြန်တွေးကြည့်လျှင် ဂွမ်ချယ်ဝူ၏ နည်းလမ်းက အမြဲတမ်း ‘အကြောက်တရား’ ပင်။

​တောထဲတွင် ပထမဆုံး တွေ့ဆုံချိန်မှစ၍၊ အိပ်ရာပေါ်တွင် အချုပ်ခံရခြင်း၊ ကြက်သားစိမ်းကို ဆုပ်ကိုင်ခဲ့သည့်နေ့၊ ထိုနောက်ပိုင်းတွင်လည်း ဆက်တိုက်၊ ဆက်တိုက်……ဟွမ်ဂျိုယွန်း၏ ရှေ့တွင်၊ မီတာ ၃၀မြင့်သော သစ်ပင်ပေါ်တွင်၊ တောဝက်ကြီး၏ ရှေ့တွင်၊ အနံ့ဆိုးထွက်နေသော ဘိန်းခင်းထဲတွင်၊ လှုပ်ခါနေသော လှေပေါ်တွင်။

​အီယွန်းကို သူနှင့် မတူသော လုပ်ရပ်များလုပ်ရန် တွန်းအားပေးခဲ့သည့် စွမ်းအင်က….

​ဂွမ်ချယ်ဝူ၏ ကြောက်မက်ဖွယ်ကောင်းသော ထိုနည်းလမ်းများကြောင့်လည်း ဖြစ်နိုင်ပေသည်။ ထိုကြောက်ရွံ့မှုများအောက်တွင် ဖိနှိပ်ခံရခြင်း၊ ယဉ်ပါးသွားခြင်း၊ နောက်ဆုံး၌ စွဲလမ်းသွားခြင်းပင်။

​ထိုသို့ စိတ်ကို တင်းထားစဉ် ကျောဘက်မှနေ၍ ဂွမ်ချယ်ဝူက ရုတ်တရက် ခါးကို ကိုင်းညွှတ်လာခဲ့သည်။

​“အီယွန်း၊ ဘယ်သွားမလို့လဲ။”

​“……”

​ပူနွေးသော ဝင်သက်ထွက်သက်က နားရွက်နားသို့ ကျရောက်လာ၏။

​လန့်သွားသော အီယွန်းလည်း လှည့်ကြည့်လိုက်ရာ သူ့ကို ငုံ့မိုးကြည့်နေသည့် ပယင်းရောင် မျက်လုံးများနှင့် ဆုံသွားတော့သည်။ တည်ငြိမ်သော အကြည့်တို့က အီယွန်း၏ ဝတ်စားဆင်ယင်မှုကို ဖြည်းဖြည်းချင်း အကဲခတ်နေ၏။ သပ်ရပ်သော ရှပ်အင်္ကျီနှင့် ဂျင်းဘောင်းဘီ။

​မျက်လုံးများက ဟိုဟိုဒီဒီ ရွေ့လျားနေသော်လည်း အမှန်အတိုင်း ဝန်ခံ၍မဖြစ်ပေ။ နှလုံးက တဒုတ်ဒုတ်ခုန်နေသည်။

​ချူဂျာ သေချာရွေးချယ်ပေးထားသည့် ဟွာအီဒိုမှ သာမန်လူငယ်များနှင့် ယနေ့ တစ်နေကုန် ချိန်းဆိုမှုများ ရှိနေ၏။

​ကျိန်းသေပေါက် ဂွမ်ချယ်ဝူ၏ အနေအထားအရဆိုလျှင် အလွန်ပင် မကျေနပ်စရာဖြစ်ရမည်သာ။ သို့သော်လည်း သတ္တိမွေးပြီး သူ့ကို လိမ်ညာရလျှင်ပင် စစ်ဆေးကြည့်ချင်သော အရာတစ်ခုရှိနေခဲ့သည်။

​မိမိ၏ စိတ်ကို သေချာမခွဲခြားနိုင်လျှင် မည်သည့်ဘက်သို့မျှ ရှေ့ဆက်နိုင်မည် မဟုတ်သောကြောင့်ပင်။

​“နောက်တစ်ခါ တောင်ပေါ်ကို တစ်ယောက်တည်း သွားဦးမလို့လား။”

​“မဟုတ်ပါဘူး။”

​ဘိန်းခင်းဖြစ်စဉ် နောက်ပိုင်းတွင် ဂွမ်ချယ်ဝူက အီယွန်း၏ သွားလာမှုများအပေါ် အလွန်ပင် ထိလွယ်ရှလွယ် ဖြစ်နေခဲ့သည်။ ထို့ကြောင့် တစ်ယောက်တည်း လူနာကြည့်သွားရန်ပင် အရိပ်အကဲကြည့်နေရသဖြင့် သူ ခန္ဓာကိုယ် ပြန်လည်ကောင်းမွန်လာသည်အထိ အလုပ်များကို ချူဂျာထံ လွှဲထားခဲ့ရ၏။

​“အဲ့ဒါဆို ဘယ်သွားမလို့လဲ။”

​“ခဏလေး…… သူငယ်ချင်းနဲ့ သွားတွေ့မလို့ပါ။”

​“သူငယ်ချင်း။”

​“ဟုတ်ကဲ့။”

​ထိုအခါ သူ၏ မျက်နှာထားက သင်္ကာမကင်းဖြစ်သွားသည်။

​“အီယွန်းမှာ သူငယ်ချင်း ရှိလို့လား။”

​“ဟင်….”

​ထိုစကားကို မည်သို့ လက်ခံရမည်နည်း၊ အီယွန်း၏ မျက်နှာတစ်ခုလုံး နီမြန်းသွားရသည်။ ထိုအခိုက်အတန့်တွင် ဂွမ်ချယ်ဝူက ဆင်ခြေပေးသလို အမြန်ပင် ထပ်ပြောလာ၏။

​“ကိုယ့်ဆီ လာတွေ့တဲ့လူလည်း မရှိသလို၊ အီယွန်းဆီမှာလည်း ဧည့်သည်မရှိလို့ပါ။”

​အီယွန်းကို အရှက်ရစေခဲ့သည်ဟုတွေးကာ သူ့လည်ကုပ်သူ ပွတ်သပ်နေသည့် လက်လှုပ်ရှားမှုက အလွန်ပင် ပျာယာခတ်နေ၏။

​“ကိုယ်တို့က တစ်ယောက်အတွက် တစ်ယောက်ပဲ ရှိတာလို့ ထင်ခဲ့တာလေ။”

​အနက်ကို မသိနိုင်သော သူ၏ နက်ရှိုင်းသည့် အကြည့်တို့က လှံတစ်စင်းလို စိုက်ဝင်လာသည်။

​တစ်ဖန်ပြန်၍ နှလုံးသားက ထူးဆန်းစွာ လှုပ်ခတ်သွားရပြန်၏။ အီယွန်း လန့်ဖျပ်ကာ ခေါင်းငုံ့ပြီး အသက်ရှူနှုန်းကို ပြန်ထိန်းလိုက်စဉ် ဂွမ်ချယ်ဝူက ဘာမှမဟုတ်သလို ကိုယ်ကို မတ်လိုက်သည်။

​“ညစာ ပြင်ထားလိုက်ပါ့မယ်။ စောစောပြန်လာပါ။”

​ထိုသို့ပြောကာ သူက နောက်ဆုတ်သွားသည်။ အီယွန်းလည်း ထောင်ချောက်မှ လွတ်မြောက်လာသူအလား ဝင်ပေါက်ဆီသို့ သုတ်ခြေတင် ပြေးသွားမိ၏။ မြေကြီးမပေသေးသည့် သန့်ရှင်းသော အားကစားဖိနပ်ကို စီးရန်ပြင်နေစဉ်မှာပင် အေးစက်သော အသံတစ်ခုက လည်ကုပ်တွင် ကပ်ပါလာသည်။

​“ဒီနေ့ လှနေတယ်နော်၊ အီယွန်း။”

​မျက်လုံးများ တစ်စက်ကလေးပင် ပြုံးခြင်းမရှိသော ဂွမ်ချယ်ဝူက နှုတ်ခမ်းထောင့်စွန်းကိုသာ ကွေးညွှတ်ထားရင်း ဒီဘက်ကို စိုက်ကြည့်နေလေ၏။

~~~~

Miel’s Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment