no

Font
Theme

အပိုင်း ၇၀

“ဒီကောင်မစုတ်လေး။”

ကန်တော့ပွဲရှေ့တွင် ဝမ်းနည်းပူဆွေးနေသည့် ကျောပြင်ကို ပြနေခဲ့သော ချူဂျာက ရုတ်တရက် မျက်လုံးများ နီမြန်းလျက် ပြေးဝင်လာသည်။ လက်ရှိတွင် သစ်သီးများ အခွံနွှာနေဆဲဖြစ်ရာ သူ့လက်ထဲမှ သစ်သီးလှီးဓားလေးက မီးရောင်အောက်တွင် တလက်လက်တောက်ပနေ၏။

“ဒီ ရေထဲမှာ ဇောက်ထိုးစိုက်ထားရင်တောင် စိတ်မပြေနိုင်မဲ့ ကောင်မစုတ်။”

“အား... ချူဂျာ။”

အီယွန်းက ချက်ချင်းပင် လက်နှစ်ဖက်ကိုဖြန့်ကာ ခပ်ဝေးဝေးသို့ ဆုတ်လိုက်သည်။ စိတ်မကောင်းဖြစ်နေခဲ့သော စိတ်ကလည်း ဆေးလိပ်ငွေ့ကဲ့သို့ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့လေပြီ။

“တီဗွီမှာတော့ သေဆုံးသူမရှိဘူးလို့ ပြောနေပေမဲ့ ငါတို့ ဆေးရုံအုပ်က ဖုန်းလည်းမဆက် ဖုန်းလည်း မကိုင်။ သေဖို့အတွက် ကြီးစဉ်ငယ်လိုက် သတ်မှတ်ချက်မရှိဘူးဆိုပေမဲ့ နင်က စဉ်းစဉ်းလဲလဲနဲ့ ငါ့ထက်အရင် ဦးစားပေး အလှည့်ယူသွားပြီလားဆိုပြီး မျက်လုံးတွေပြူးထွက်မတတ် စိုးရိမ်ခဲ့ရတာ။”

“တောင်းပန်ပါတယ် ချူဂျာရယ်။ တကယ်တော့ ဒီမှာ ပြောပြလို့မရတဲ့ အ​ခြေအနေလေးတွေ ရှိလို့ပါ….”

“လာနောက်မနေနဲ့။ နင့်ကို ငါက တန်ဖိုးမထားဘူးလို့ မှတ်နေတာလား။”

“တကယ်ကို စိတ်မအားလူမအား ဖြစ်နေလို့ပါ။”

တစ်ချက်ကလေး ချူဂျာ၏ မျက်ဝန်းများတွင် မျက်ရည်များ ဝဲတက်လာသည်ဟု ထင်လိုက်ရသော်လည်း ယင်းက ဝိုးတဝါးသာ။

ပုံမှန်အားဖြင့် အရေးအကြောင်း မဖြစ်စေရန် မျက်နှာကြွက်သားများကို သိပ်မသုံးတတ်သော သူက ယခုအခါ နှာတံကို အဝတ်ညှစ်သလိုကျုံ့ကာ ပြေးဝင်လာခြင်းဖြစ်သည်။ သူ့လက်ထဲတွင် ဘာကိုင်ထားမှန်းကိုလည်း လုံးဝ မေ့လျော့နေသည့်ပုံပင်။

ထိတ်လန့်သွားသော အီယွန်း ခုခံကာကွယ်ရန် လက်နှစ်ဖက်ကို မြှောက်လိုက်သည့်အချိန်တွင် ဂွမ်ချယ်ဝူက ကြားထဲသို့ ညင်သာစွာ ဝင်ရောက်လာ၏။

“ယောက္ခမကြီးအစား ကျွန်တော်သွားနိုင်ခဲ့လို့ တကယ် တော်ပါသေးရဲ့။”

ဘယ်အချိန်ကတည်းက ရောက်နေသည်မသိသော ထိုလူက ချူဂျာ၏ နောက်ကျောဘက်သို့ ရောက်လာကာ သူ့လက်ကောက်ဝတ်ကို ဆွဲကိုင်ပြီး ပြတ်သားစွာပင် ဓားကို သိမ်းယူသွားသည်။

“......ငါတို့ သမက်ဂွမ်။”

သရဲလိုဖြစ်နေသော ချူဂျာ၏ မျက်နှာထားက ချက်ချင်းပင် နူးညံ့ပျော့​ပျောင်းသွားတော့သည်။ ယခင်ကထက် ပို၍ ယုံကြည်အားကိုးမှုများ ပြည့်နှက်လာသည့် သူက ဂွမ်ချယ်ဝူအား ဘုရင်မင်းမြတ်၏ မျက်နှာတော်ကို ဖူးမြော်နေသလို မော့ကြည့်နေလေ၏။

“ထမင်းစားပြီးပြီလား။ အီယွန်းကို ကယ်ပေးခဲ့တဲ့ ကျေးဇူးရှင်ကြီး ရောက်လာတာကို ကျွေးစရာက ကန်တော့ပွဲ ထမင်းဟင်းအပြင်မရှိလို့ ဘယ်လိုလုပ်ရပါ့မလဲ။”

“ရပါတယ်။”

ပန်းချီကားတစ်ချပ်အလား ပြုံးနေသော ဂွမ်ချယ်ဝူနှင့် လျှို့ဝှက်စွာ အကြည့်ချင်းဆုံမိတော့ အီယွန်း အရင်ဆုံး မျက်နှာလွှဲလိုက်မိသည်။ ရင်ဘတ်ထဲသို့ မီးခတ်ကျောက်ဖြင့် ပွတ်တိုက်လိုက်သလိုပင်။

ယခုမူ ယုံကြည်အားကိုးရသော ရွှေသမက်ငွေသမက်လို ဖြစ်နေသော်လည်း သူက အီယွန်း၏ အောက်ပိုင်းကို မည်မျှအထိ ကြမ်းတမ်းစွာ ပွတ်သပ်နှိုးဆွပြီး ဆောင့်သွင်းခဲ့ကြောင်းသာ သိသွားမည်ဆိုလျှင် မည်သူမဆို ပြောစရာစကားမရှိအောင် အံ့ဩကြမည်သာ။

“ချူဂျာ၊ ဒါဆို ကျွန်မ နောက်ပိုင်း သိမ်းဆည်းတာတွေ ကူလုပ်ပေးမယ်နော်။”

အီယွန်းက နီမြန်းနေသော လည်ပင်းကိုကုတ်ရင်း မီးဖိုချောင်ထဲသို့ တန်းတန်းမတ်မတ် ထွက်ပြေးခဲ့သည်။ အရင်ဆုံး ပြတင်းပေါက်ကိုဖွင့်ကာ အခန်းထဲတွင် အုံ့ဆိုင်းနေသော ဆီနံ့များကို လေဝင်လေထွက်ကောင်းအောင် လုပ်လိုက်၏။ ထို့နောက် လက်အိတ်ကိုယူကာ စင်ပေါ်တွင် ထားထားသော ဒယ်အိုးကို ဆေးကြောရန် ပြင်လိုက်စဉ် သာယာတည်ငြိမ်သောအသံက လည်တိုင်ပေါ်သို့ သက်ဆင်းကျရောက်လာသည်။

“အီယွန်း။”

ထိုအသံက မည်မျှအထိ ပြင်းထန်ကြမ်းတမ်းစွာ တုန်ခါခဲ့ကြောင်း မှတ်မိနေဆဲပင်။ အီယွန်း၏ နှလုံးသားလေး လှပ်ခနဲတုန်ယင်သွားရသည်။

“ဦးလေးက အီယွန်းအတွက် အရေးကြီးတဲ့လူလားဟင်။”

“အာ……”

အီယွန်း ပန်းကန်ဆေးဖတ်ကို ခဏချလိုက်ကာ ရေဘုံဘိုင်မှ ကျလာသော ရေများကို ငေးကြည့်နေမိသည်။

“ဦးလေးသာမရှိရင် ကျွန်မ တကယ်ပဲ သွားစရာနေရာ ရှိခဲ့မှာမဟုတ်ဘူး။ ဦးလေးက အသက်ကြီးမှ မိသားစု စပြီးထူထောင်တာတောင် ကျွန်မကို ကြည်ကြည်ဖြူဖြူနဲ့ လက်ခံပေးခဲ့တာပါ။ ချူဂျာကလည်း အရင်ကရော အခုပါ အမြဲတမ်း လှပပြီး သံယောဇဉ်ကြီးတဲ့သူရှင့်။”

သူက စကားတစ်ခွန်းမှ မပြောဘဲ အီယွန်း၏ ခါးလေးကို ဖက်ခဲ့သည်။ သက်တောင့်သက်သာရှိသော အနွေးဓာတ်က ကျောပြင်မှတစ်ဆင့် တုန်ခါမှုအဖြစ် ပျံ့နှံ့သွား၏။

“အဲ့ဒီလို သေးငယ်တဲ့ ကျေးလက်တောရွာလေးမှာ အများကြီး သင်ယူရင်း စိတ်လည်း ပြန်ပြီးနာလန်ထူလာတာပါ။”

ဂွမ်ချယ်ဝူက အီယွန်း၏ သေးငယ်သော ကျောပြင်လေးကို အမိုးတစ်ခုအလား အုပ်မိုးထားကာ ငယ်ထိပ်​လေးပေါ်သို့ မေးတင်ခဲ့သည်။ အီယွန်းက အုပ်မိုးလာသော အလေးချိန်ကြောင့် တစ်ချက် ယိမ်းထိုးသွားသော်လည်း သူ့ကို တင်းတင်းကျပ်ကျပ် ဖမ်းဆုပ်ထားသော ခန္ဓာကိုယ်အောက်တွင် ပြီးပြည့်စုံစွာ ဖြားယောင်းခံလိုက်ရ၏။ အသက်ရှူမှားလောက်သော နွေးထွေးမှုပင်။

“ဒါဆို ကိုယ် မျက်နှာလုပ်ရမဲ့လူပေါ့။”

“ကွယ်လွန်သွားပြီပဲကို။”

“အဲ့ဒါနဲ့ ဘာမှမဆိုင်ပါဘူး။ ကိုယ်က အီယွန်းရဲ့ ခင်ပွန်းအနေနဲ့ မှတ်သားထားချင်လို့ပါ။”

“ဘာကိုလဲဟင်။”

အီယွန်းက ပန်းကန်များ ပြန်ဆေးနေသော်လည်း ဂွမ်ချယ်ဝူကမူ ခွာမည့်ပုံမပေါ်ချေ။

“သတ်ရမဲ့စာရင်းလေ။”

“……”

ဒယ်အိုးကို ဆေးနေသော လက်များက ချက်ချင်းပင် ချော်ထွက်သွားတော့သည်။

သတ်ရမဲ့သူလား၊ လွှတ်ပေးရမဲ့သူလားဆိုတာကို ရေးထားတဲ့ အဲ့ဒီဟာ……လား။

“ဒီကိစ္စမှာတော့ ကိုယ်က ကျေးဇူးတင်ရမဲ့ဘက် ဖြစ်နေတာပဲ။”

ပျင်းရိစွာ သမ်းဝေလိုက်သည့်အသံ ခေါင်းပေါ်မှ ထွက်ပေါ်လာသည်။ အီယွန်းလည်း အံ့အားသင့်လွန်းသဖြင့် မှန်ပြတင်းပေါက်တွင် ပေါ်နေသော မိမိ၏ ကြောင်တောင်တောင် မျက်နှာကိုသာ ကြည့်နေမိတော့၏။ တကယ် ဤလူနှင့် ပတ်သက်ပြီးသည့်နောက်မှ ခံစားချက်မျိုးစုံကို ကြုံတွေ့နေရသည်။ ဤသို့သော ထူးဆန်းသည့်ကိစ္စများအထိ။

“ချယ်ဝူရှင့်၊ ဟိုလေ၊ ကျွန်မက အဲ့ဒီလောက်ကြီး အံ့ဩစရာကောင်းတဲ့လူမဟုတ်ပါဘူး။”

“အဲ့ဒါက ဘာစကားလဲ။”

ပျော့ခွေနေသော ကိုယ်ကို မတ်လိုက်ကာ သူက စူးစူးရှရှ တုံ့ပြန်လာသည်။ ထိုအရှိန်အဝါကြောင့် အီယွန်း၏ ပခုံးလေးများ တောင့်တင်းသွား၏။

“ချယ်ဝူအနေနဲ့ အတင်းဖျစ်ညှစ် ကြိုးစားနေစရာမလိုဘူးလို့ ပြောတာပါ။”

“ဒါက ဘာ​လို့ အတင်းဖျစ်ညှစ်တာ ဖြစ်ရမှန်း မသိတော့ဘူး။”

“အင်း……”

“အီယွန်းအမြင်မှာ ကိုယ့်ရဲ့လုပ်ရပ်တွေက လွန်လွန်ကဲကဲဖြစ်နေလို့လားဟင်။”

လွန်တာပေါ့၊ ရှင်က အစကတည်းက အားလုံး လွန်နေတာ။

သို့သော် အီယွန်း ခေါင်းခါလိုက်သည်။ ထိုလုပ်ရပ်နောက်ကွယ်မှ အဓိပ္ပာယ်ကို ယခုအခါ အနည်းငယ် မြင်တွေ့နိုင်ခဲ့ပြီဖြစ်သောကြောင့်ပင်။ ထို့အပြင် အစကတည်းက ထိုလူကို အသိစိတ်ပြောင်းလဲအောင် လုပ်ခဲ့သော မိမိတွင်လည်း တာဝန်ရှိသည် မဟုတ်ပါလား။

“အဲ့ဒါထက် စိုးရိမ်လို့ပါ။”

သူက မဖြစ်စဖူး တိတ်ဆိတ်နေသဖြင့် အီယွန်း ပို၍ ပွင့်လင်းစွာပြောရန် ဆုံးဖြတ်လိုက်သည်။

“ကျွန်မရဲ့ မိဘအရင်းတွေက တစ်ရက်တည်းမှာပဲ မတော်တဆမှုနဲ့ ဆုံးပါးသွားခဲ့တာပါ။ အဲ့ဒါက တကယ်ပဲ မတော်တဆမှု ဟုတ်၊မဟုတ်တော့ မသိဘူးပေါ့။”

“……”

ဂွမ်ချယ်ဝူက အသက်ပင်ဝအောင်မရှူဘဲ အီယွန်း၏ စကားကို နားထောင်နေမိသည်။ စိတ်ထဲတွင်မူ အီယွန်းကို မိမိဘက်သို့ လှည့်ကြည့်စေချင်သော်လည်း အလောတကြီး လုပ်လိုက်မိပါက ကြားသင့်သည့်စကားများ မကြားရတော့မည်ကို စိုးရိမ်သဖြင့် အသာလေးရပ်နေရုံသာ တတ်နိုင်ခဲ့၏။ အီယွန်းကို တင်းတင်းကျပ်ကျပ် ဖက်ထားသည့် လက်များကိုပင် တစ်ချက်ကလေး လျှော့ပေးလိုက်ရသည်အထိ သတိထားနေမိသည်။ ထို့သို့ဖြစ်နေသည့်တိုင် မှန်ပေါ်တွင် အရိပ်ထင်နေသော အီယွန်းထံမှမူ တစ်စက္ကန့်မျှပင် အကြည့်မလွှဲခဲ့ပေ။

“ကျွန်မမှာ အမြစ်တွယ်စရာ မရှိခဲ့ပါဘူး။ အမြဲတမ်း မရှိဘူးလို့ပဲတွေးပြီး ရှင်သန်လာခဲ့တာပါ။”

“……”

“ဒါပေမဲ့ အခုတော့ အခြေစိုက်ဖို့ ကြိုးစားနေတာကို….”

အီယွန်း ရုတ်တရက် ကိုယ်ကိုလှည့်ကာ ဂွမ်ချယ်ဝူကို တည့်တည့် မော့ကြည့်လိုက်သည်။

“ချယ်ဝူသာ ထိခိုက်သွားမယ်ဆိုရင် အားလုံးက အလဟဿ ဖြစ်သွားမှာပါ။ အဲ့ဒါကြောင့် ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပေးပါ။”

အီယွန်း၏ စူးရှပြင်းပြသော အကြည့်များကြောင့် ထိုလူလည်း တစ်ချက်လေး ရင်ဘတ်ထဲတွင် တစ်စုံတစ်ရာ ဆို့တက်လာသဖြင့် ဘာမှမပြောနိုင် ဖြစ်သွားရသည်။ ရှင်းပြ၍မရသော ရင်ခုန်သံကြောင့် အာရုံကြောများ စူးရှလာကာ မျက်လုံးများပင် ပူထူလာတော့၏။ တစ်ချိန်တည်းမှာပင် မာကျောသော အခွံအောက်တွင် အီယွန်း တစ်သက်လုံး ငြင်းပယ်လာခဲ့သည့် ရင်တွင်းခံစားချက်များကိုလည်း အနည်းငယ် ခံစားမိရသလိုပင်။

“အီယွန်း။”

သူက အရှုံးပေးသလို အီယွန်းကို ပွေ့ဖက်ကာ အီယွန်း၏ ပခုံးလေးပေါ်သို့ မေးတင်လိုက်သည်။

“……သိပါပြီ၊ အဲ့ဒီအတိုင်း လုပ်ပါ့မယ်။ ဒါပေမဲ့….”

ဂွမ်ချယ်ဝူက လည်ချောင်းထဲမှ တစ်ခုခုဆို့တက်လာသလို အသံကိုထုတ်ကာ မျက်လုံးများကို မှိတ်ထား၏။

“မိဘတွေ တစ်ရက်တည်းမှာ ဆုံးပါးသွားတိုင်း အီယွန်းပါ အဲ့ဒီလိုဖြစ်စရာ မလိုပါဘူး။”

“……”

ရုတ်တရက် အီယွန်း နောက်စေ့အရိုက်ခံလိုက်ရသလို ကြောင်သွားသည်။ တစ်စုံတစ်ယောက်က အနောက်မှလိုက်နေသလို ပါးစပ်များ ခြောက်ကပ်လာကာ နှလုံးခုန်သံများ မြန်လာ၏။ သို့သော် အတွေးများ ပျံ့လွင့်နေသည့်တိုင် ဂွမ်ချယ်ဝူ၏ အသံက တောမီးလို လျင်မြန်စွာ ပျံ့နှံ့လာသည်။ မှောင်မည်းနေသော ချုံနွယ်ပိတ်ပေါင်းများကို ခဏချင်းအတွင်း ပြာဖြစ်အောင် လောင်ကျွမ်းပစ်လိုက်သလိုပင်။

“ကိုယ်တို့အတွက် အဲ့ဒါက အဖြေမှန်မဟုတ်ဘူးလေ။”

ဂွမ်ချယ်ဝူက အီယွန်း၏ နောက်စေ့ကို ဖြည်းညင်းစွာ ပွတ်သပ်ပေးနေသည်။

“အနာကျင်ဆုံး ဖြစ်ခဲ့တယ်ဆိုရုံနဲ့ အဲ့ဒါက အကြီးကျယ်ဆုံးကိစ္စ ဖြစ်လာတာ မဟုတ်တာကို။ အဲ့ဒီလိုမျိုးတွေကို အားမကျပါနဲ့။”

“……”

အီယွန်းတစ်ယောက် ထူးဆန်းစွာ နှာခေါင်းထဲတွင် စပ်ဖျဉ်းဖျဉ်း ဖြစ်လာသဖြင့် ခေါင်းကို ငုံ့ချလိုက်မိ၏။

တစ်သက်လုံး မုန်းတီးခဲ့သလို တစ်ချိန်တည်းမှာပင် တောင့်တခဲ့သော ထိုအရာ။

‘အန္တရာယ်ရှိတာပဲဖြစ်ဖြစ်၊ အရေးကြီးတဲ့ အခြေအနေပဲဖြစ်ဖြစ်၊ အဲ့ဒါတွေနဲ့ မဆိုင်ဘဲ ကျွန်မကို မထားခဲ့ပါနဲ့လို့ ပြောမယ်ဆိုရင် လောကအကြောင်း မသိနားမလည်တဲ့ မိန်းမလို ဖြစ်နေမလား။ အဲ့ဒီလိုဆိုရင်တောင်…… အဲ့ဒါက ဘယ်နေရာပဲဖြစ်ဖြစ် ကျွန်မကို ခေါ်သွားပေးပါလို့ ပြောရင်၊ အဲ့ဒီလို လုပ်ပေးနိုင်မလား။’

တစ်ဖက်တွင်လည်း ဂွမ်ချယ်ဝူက စဉ်းလဲသော ရယ်သံများ ထွက်မလာစေရန် အတင်းဖျစ်ညှစ်ပြီး အောင့်ထားရသည်။ အီယွန်း၏ အရာအားလုံးကို အမြဲတမ်း ချောင်းမြောင်းနေသော လူအတွက် ထိုသို့သော ချို့ယွင်းချက်က မည်မျှအထိ နှစ်လိုဖွယ်ကောင်းကြောင်း သိနေသည်မဟုတ်ပါလား။

အထီးကျန်နေသော ဆိုအီယွန်းက ရှေ့လျှောက်လည်း သူ့ထံတွင် ကပ်ပါးကောင်လို တွယ်ကပ်နေလိမ့်မည်ဟု တွေးမိတော့ အောက်ပိုင်းက တင်းမာလာတော့၏။ ထို့ကြောင့် ပို၍ပင် အလင်းရောင်ထဲတွင် ရှင်သန်ရပေမည်။

သေဆုံးသွားသော မိဘများပင် အနားမကပ်နိုင်စေရန်။ အီယွန်းကို ထိန်းချုပ်နိုင်သူက သူတစ်ဦးတည်းသာ ဖြစ်စေရန်။

“တကယ် အံ့ဩစရာကောင်းတာက အီယွန်းတစ်ယောက်တည်းပါ။”

သူက အီယွန်းကို ကြေမွသွားမတတ် ဖက်ထားရင်း ထပ်မံ၍ တီးတိုးရေရွတ်ခဲ့သည်။ ကိုယ့်မျက်လုံးထဲမှာတော့ ဆိုအီယွန်းက အလှဆုံးနဲ့ အတော်ဆုံးပါပဲ။ သစ်ပင်တွေကိုလည်း ကယ်ပေးပြီး ကိုယ့်ကိုလည်း လက်ခံပေးခဲ့တဲ့ ဆိုအီယွန်းက ကမ္ဘာပေါ်မှာ ဆွဲဆောင်မှုအရှိဆုံးနဲ့ အံ့ဩစရာအကောင်းဆုံးပါပဲ။

ရယ်စရာကောင်းသော စကားလုံးများသာ ဖြစ်သော်လည်း အီယွန်း မျက်ရည်များ ဝဲလာတော့သည်။ ထပ်မံ၍ တိုးဝင်စရာ နေရာမရှိတော့သည့်တိုင် ဂွမ်ချယ်ဝူ၏ ရင်ခွင်ထဲသို့ အတင်းတိုးဝင်ကာ ဖက်ထားမိ၏။ ထိုအခါ သာယာသော ရယ်သံလေးက မွှေးပျံ့သော အသီးတစ်လုံးလို ကြွေကျလာလေသည်။

~~~~

“မျက်ကွင်းညိုနေပေမဲ့ အသားအရေကတော့ ချောမွတ်ပြီး တောက်ပနေတာပဲ။”

ချူဂျာက ကန်တော့ပွဲရှေ့တွင် ကျုံ့ကျုံ့လေး ထိုင်နေသော အီယွန်းကို စိုက်ကြည့်ရင်း ပြောလာသည်။

“ရှင်။”

အီယွန်း အ​လကားနေရင်း မျက်နှာတစ်ဖက်ကို ပွတ်သပ်လိုက်ရာ ချူဂျာ၏ မျက်လုံးများက ‘ဟုတ်နေတာကိုး’ ဟုပြောနေသည့်အလား ကျုံ့သွားလေ၏။

“မိန်းမ ဖြစ်သွားပြီကိုး။”

“……”

ချူဂျာ၏ နှုတ်ခမ်းထောင့်စွန်းတွင် ညစ်ကျယ်ကျယ် အပြုံးတစ်ခု ပေါ်လာသည်။ အီယွန်းတစ်ယောက် မျက်နှာအရဲသားဖြင့် ပါးစပ်ကို ဖွင့်လိုက်ပိတ်လိုက် လုပ်နေရာမှ ရှက်ကိုးရှက်ကန်းနှင့် အကြည့်လွှဲလိုက်မိ၏။ တိုးတိုးလေး တခစ်ခစ်ရယ်နေသော ချူဂျာက ခဏနေတော့ အီယွန်း၏ လက်ဖမိုးကို ပုတ်ခဲ့သည်။ ညစ်ကျယ်ကျယ် သူ၏ မျက်နှာကလည်း ဘယ်အချိန်ကတည်းက နူးညံ့သွားသည်မသိ။ စကားဖြင့် မပြောသော်လည်း ချူဂျာ၏ စိတ်ရင်းကို ခံစားမိရ၏။

‘တကယ် ကောင်းကောင်းလုပ်ရဲ့လား။’

‘ချူဂျာ။’

‘အခုတော့ နင်လည်း သစ်ပင်တွေချည်း ကိုင်းဆက်ပေးနေတာ မဟုတ်တော့ဘဲ ညတိုင်း တုတ်တံကြီးနဲ့…..’

‘တော်ပါတော့။”

ထိုသို့ အကြည့်ချင်း ဆုံမိသွားသော နှစ်ဦးသား အသီးသီး ဆန့်ကျင်ဘက်သို့ မျက်နှာလွှဲလိုက်ကြသည်။ ချူဂျာက ရယ်ချင်စိတ်ကို အောင့်ထားရန်ဖြစ်ပြီး အီယွန်းကမူ ပူနွေးသော နှာခေါင်းမှလေများကြောင့် စိတ်ရှုပ်ထွေးလာ၍​ဖြစ်၏။

မကြာမီ အငွေ့တထောင်းထောင်းထနေသော ကော်ဖီခွက်ကို ကြည့်နေသည့် ချူဂျာက ဖြည်းဖြည်းချင်း မျက်နှာကို တည်လိုက်ကာ စကားစလာသည်။

“……အခုအထိ ရင်ထဲမှာ စွဲနေတာက၊ အိမ်မှာပဲ အေးအေးဆေးဆေး သေချင်တယ်ဆိုတဲ့ လူကို ငါက အတင်းအကျပ် ဆေးရုံတင်ပေးပြီး ဆေးရုံမှာ သေခိုင်းမိခဲ့တာပဲ။ ပန်းတွေကို မြတ်နိုးပြီး ကိုယ့်အိမ်မျက်နှာကြက်က အရမ်းလှတယ်လို့ ပြောတတ်တဲ့ အဲ့ဒီလူကို၊ ငါ့ရဲ့ လောဘကြောင့် အိမ်ကိုတောင် ပြန်ခွင့်မပေးခဲ့တာ။ အဲ့ဒါက ငါ့အတွက် တစ်သက်လုံး နောင်တရစရာပဲ။”

အသည်းကင်ဆာ နောက်ဆုံးအဆင့် ဖြစ်ခဲ့သော ဦးလေးက ဝေဒနာ ခံစားနေရသည့်တိုင် ညတိုင်း ချူဂျာကို ကဗျာရွတ်ပြတတ်သည့် ရိုမန့်တစ်ဆန်သူပင်။ အချိန်တိုင်း မတူသော ကဗျာစာသားများဖြင့် ချစ်စကား ဆိုခဲ့သည့် ဦးလေးဖြစ်သော်လည်း သေဆုံးခါနီး အချိန်တွင်မူ ဘာစကားမှ မပြောခဲ့ချေ။

“အီယွန်း၊ ဒါနဲ့ အဲ့ဒီလူရော အဆင်ပြေရဲ့လား မသိဘူးနော်။”

“……ဘယ်သူလဲဟင်။”

“နင့်ဦးလေးရဲ့ ဆေးရုံစရိတ်တွေ အကုန်ပေးခဲ့တဲ့လူပြောပါတယ်။”

“အာ……”

ရုတ်တရက် အီယွန်း အံဆွဲအောက်ဆုံးတွင် သိမ်းဆည်းထားသော ဂန္တဝင်ဂီတ စီဒီလေးကို သတိရလိုက်မိတော့သည်။

“တကယ်ပဲ အဲ့ဒီလူကြောင့်သာမဟုတ်ရင် ငါတို့လည်း ဘာလုပ်ရမှန်းမသိဘဲ ပျာယာခတ်နေမှာ…… သားလေးနဲ့ရော ကောင်းကောင်း ပြန်ဆုံခဲ့ရဲ့လား မသိပါဘူး။”

~~~~

Miel’s Translations

Morning Star website နဲ့ telegram paid group မှာ အစ/အဆုံး ဖတ်လို့ရပါပြီ။

၁၇.၁၀.၂၀၂၆ ကနေ ၃၀.၁၁.၂၀၂၆ အထိ Miel's Translation က telegram paid group ရှိတဲ့ novel အားလုံး ပရိုမိုးရှင်း ရှိတယ်နော်။

Telegram paid group အတွက် Miel's Translations telegram channel ကနေ ဆက်သွယ်နိုင်ပါတယ်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment