no

Font
Theme

အပိုင်း ၆၁

“အကောင်းဆုံး ကြိုးစားကြမယ်လို့ ပြောထားတယ်မဟုတ်လား။”

သတ်မှတ်ထားသည့် အချိန်အတွင်း သစ်ပင်အရေအတွက် အများဆုံးကို ဆေးကုသပေးရမည်။

ဒုတိယအဆင့် စစ်ဆေးမှုအတွက် ပိတ်ထားသည့် ရွာလေးထဲသို့ ရောက်ရှိလာသော အီယွန်းက နှုတ်ခမ်းလေးများစူလျက် ဂွမ်ချယ်ဝူကို စိုက်ကြည့်နေမိ၏။

ယခုအထိ ပျက်စီးနေဆဲဖြစ်သည့် ပတ်ဝန်းကျင်မြင်ကွင်းက အီယွန်း၏ ရှုပ်ထွေးနေသော စိတ်အခြေအနေနှင့် ထပ်တူကျနေသလိုပင်။ နွေရာသီ၏ အငွေ့အသက်များ စတင်နေပြီဖြစ်သော်လည်း ရာသီဥတုနှင့် မလိုက်ဖက်စွာ မှိုင်းညို့နေသည့် ကောင်းကင်အောက်တွင် အီယွန်းက Jumpsuit ကို ဝတ်ဆင်ကာ ခြေလှမ်းကျဲကျဲဖြင့် လျှောက်နေခဲ့သည်။

“၂၄ နာရီလုံး အလုပ်လုပ်ရမယ်ဆိုတဲ့ အချက်ကို ချန်လှပ်ထားခဲ့တာက ဘယ်သူများလဲ၊ အီယွန်းရဲ့။”

“ကျွန်မ တစ်ညလုံး အိပ်မှာမဟုတ်ဘူးလို့ သေချာပြောခဲ့ပါတယ်။”

“တောင်ထဲမှာ ညအိပ်ညနေ တည်းခိုရမှာကို ပြောတာပေါ့။ တောင်ခြေမှာ ဖျာခင်း၊ မိုးကာအင်္ကျီဝတ်ပြီး အိပ်ရမှာမျိုးလေ။”

ဂွမ်ချယ်ဝူက ဤနေရာသို့ ရောက်ရှိလာကာ တာဝန်ခံစစ်ဆေးရေးမှူး၏ ရှင်းပြချက်ကို ကြားပြီးကတည်းက သဘောထား ပြောင်းလဲသွားခဲ့ခြင်းပင်။

မိမိကိုယ်တိုင်ကတော့ ဒဏ်ရာအပြည့်နှင့် လူမိုက်များကို ကောင်းကောင်းကြီး ပညာပေးနိုင်ခဲ့ပြီးမှ အီယွန်း တစ်ညတာ တောင်ထဲတွင် အိပ်ရမည်ကိုမူ မလိုလား မနှစ်မြို့ ဖြစ်နေရှာသည်။

အစိုးမရသော ထိုလူ၏ အပြုအမူက စိတ်ရှုပ်စရာကောင်းသော်လည်း တစ်ဖက်တွင် ရယ်ချင်စိတ်ကို အောင့်ထားရ၏။ တစ်ခါမှ မရရှိဖူးသည့် ဂရုစိုက်မှုမျိုးကို အတိုင်းအဆမရှိ ရရှိနေသည့်အတွက် အီယွန်းတစ်ယောက် မည်သို့တုံ့ပြန်ရမှန်းပင် မသိတော့ပေ။

ယနေ့ ပြိုင်ဘက်ကား ‘မီ သစ်ပင်ဆေးရုံ’ ပင်။

ကျွမ်းကျင်သည့် ချူဂျာကို ထားခဲ့ရသည်က စိတ်မအေးစရာဖြစ်သော်လည်း ဆုံးဖြတ်ချက်အတွက် နောင်တမရပေ။ ဘိန်းခင်းဖြစ်ရပ်ပြီးနောက် ဂွမ်ချယ်ဝူကို ဆေးရုံခုတင်ပေါ်၌သာ လှဲနေခိုင်းထားခဲ့သည်တော့မဟုတ်။ အီယွန်းက ယနေ့အတွက် ရည်ရွယ်ပြီး သင်ယူမှုမြန်ကာ လက်သွက်သည့် ဂွမ်ချယ်ဝူကို သင်ကြားပေးထား၏။ ထို့ကြောင့် သူက အီယွန်း၏ လက်ထောက်အဖြစ် အဆင်ပြေပြေ ကူညီပေးနိုင်ပေလိမ့်မည်။

“……”

ထိုစဉ် အီယွန်း၏ ခြေလှမ်းများ တုံ့ခနဲ ရပ်သွားသည်။ မီ သစ်ပင်ဆေးရုံဘက်မှ လူအုပ်ထဲတွင် ရင်းနှီးနေသော လူတစ်ယောက်ကို တွေ့လိုက်ရသောကြောင့်ပင်။ ကိုယ်တိုင်ပင် သတိမထားမိဘဲ နှုတ်ခမ်းအတွင်းသားကို တင်းတင်းကိုက်လိုက်မိ၏။

‘ဆေးရုံအုပ် ဂျိုဂယောင်းချွန်း……’

ဘိန်းခင်းကို စီမံခန့်ခွဲသည့် လူမိုက်များ၏ ဖုန်းထဲတွင် သူ၏အမည် ရှိနေခဲ့သည်။ သို့သော်လည်း စုံစမ်းစစ်ဆေးမှုများ ပျောက်သွားကာ D ဆေးရုံသို့ မည်မျှပင် သွားရောက်ရှာဖွေပါစေ ‘ဆေးရုံအုပ်ကြီး မရှိပါဘူး’ ဟူသည့် ကြက်တူရွေးနှုတ်တိုက် အဖြေမျိုးကိုသာ ကြားခဲ့ရသည်မှာ အကြိမ်ကြိမ်ပင်။

တစ်ဝက်လောက် လက်လျှော့ထားခဲ့သော်လည်း……

ယခုမူ ထိုလူက ဤဘက်သို့ လှမ်းကြည့်ကာ ပါးချိုင့်များ တက်လာသည်အထိ ပြုံးရင်း လျှောက်လာနေ၏။

“အီယွန်း။”

ထိုအသံကို အမြန်ဆုံး တုံ့ပြန်လိုက်သူက ဂွမ်ချယ်ဝူပင်။

သူက အီယွန်း၏ ခါးလေးကို ကာကွယ်ပေးသည့်အလား ချက်ချင်း ဖက်ထားရင်း တစ်ဖက်လူကို စိုက်ကြည့်ခဲ့သည်။ ဂျိုဂယောင်းချွန်းက သူ့ကို အကဲခတ်သလို ကြည့်ပြီးမှ အကြည့်လွှဲသွား၏။

“ဒီရက်ပိုင်း ငါ့ကို လိုက်ရှာနေတယ်ဆို။”

“……တကယ်ပဲ ဟွာအီဒိုမှာ ဘာတွေလုပ်နေတာလဲရှင့်။”

အီယွန်းက အသံကိုနှိမ့်ကာ သူ့ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

“ကျွန်မ ထင်နေတဲ့အတိုင်း မဟုတ်ပါစေနဲ့လို့ မျှော်လင့်ပါတယ်။”

“အီယွန်းရယ်၊ နင့်ကို ဒီနေရာဆီ အရင်ခေါ်လာခဲ့တဲ့သူက ငါပါ။”

အဆက်အစပ်မရှိသော စကားကြောင့် အီယွန်း မျက်မှောင်ကြုတ်လိုက်မိသည်။ တစ်ချိန်တည်းမှာပင် ဂျိုဂယောင်းချွန်း ပြောနေသည့် ထိုအချိန်က မည်သည့်အချိန်မှန်း အထင်အရှား ပြန်လည်အမှတ်ရလိုက်၏။

သစ်ပင်ဆေးရုံတွင် အလုပ်ဝင်ပြီး မကြာမီ ဟွာအီဒိုသို့ ပထမဆုံးအကြိမ် ကွင်းဆင်းခရီးထွက်ခဲ့စဉ်က ဖြစ်လိမ့်မည်။

ဂျိုဂယောင်းချွန်းက နှုတ်ဆိတ်နေသည့် အီယွန်းကို မည်သည့်ခံစားချက်မှမရှိသော မျက်နှာဖြင့် ကြည့်နေသည်။ ထိုစဉ်က ဘာမှမသိနားမလည်သေးသည့် လူသစ်လေး ဆိုအီယွန်းနှင့် ဆုံတွေ့ခဲ့ရသည်မှာ ကံကောင်းခြင်းလား၊ ကံဆိုးခြင်းလားဆိုသည်ကို သူ ယခုအထိ မဝေခွဲနိုင်သေးပေ။

ဒါရိုက်တာ ဂွမ်နှင့် ပြောခဲ့ဖူးသည့် စကားများက ဆိုအီယွန်း၏ ကြည်လင်သော မျက်ဝန်းများကို တွန်းထုတ်လျက် နားထဲတွင် ပဲ့တင်ထပ်နေ၏။

‘အဲ့ဒီကိစ္စ အဆင်ပြေရဲ့လား။’

‘ဟုတ်ကဲ့၊ အခက်အခဲမရှိ ဆောင်ရွက်နေပါတယ်။’

‘အဲ့ဒီ ရှားပါးအပင်အကြောင်း ဘယ်သူမှ သိလို့မဖြစ်ဘူးနော်။’

‘……ဂရုစိုက်မှတ်သားထားပါ့မယ်။’

အကယ်၍များ ထိုအပင်ကိုသာ မတွေ့ခဲ့လျှင်။

ဂျိုဂယောင်းချွန်း၏ မျက်နှာတွင် အမှောင်ရိပ်တစ်ခု ဖြတ်သန်းသွားသည်။

လွန်ခဲ့သော ခုနစ်နှစ်က ဟွာအီဒို၏ တစ်ခုသောရွှံ့နွံတောထဲတွင် ထူးဆန်းသော အရာတစ်ခုကို တွေ့ရှိခဲ့၏။ လက်တွေ့ကွင်းဆင်းနေစဉ် ဆိုအီယွန်း လမ်းမှားကာ ရွှံ့နွံထဲ ကျသွားခဲ့သည်မှာ တိုက်ဆိုင်မှုဖြစ်သော်လည်း ထိုမှတစ်ဆင့် အကျိုးအမြတ်ရရှိခဲ့သူက ဂျိုဂယောင်းချွန်းပင်။

ထိုအပင်က ကမ္ဘာ့ရုက္ခဗေဒလောကတွင်ပင် မသိရှိသေးသည့် မျိုးစိတ်သစ်ဖြစ်ပြီး ထိုစဉ်က သိပ္ပံအမည်ပင် မရှိသေးပေ။ သို့သော် ရှားပါးအပင်အကြောင်း တိုးတိုးတိတ်တိတ် ကောလာဟလများ ထွက်ပေါ်လာချိန်တွင် ထိုအပင်က အမြစ်ပါမကျန် အစအနဖျောက်ကာ ပျောက်ကွယ်သွားခဲ့သည်။ ဂွမ်မိသားစု၏ လက်ချက်ပင်။

ထိုသို့ဖြင့် နှစ်အနည်းငယ် ကြာသွားပြီးနောက်….

ရှားပါးအပင်ကို သုတေသနပြုနေသည့် ပထမအသုတ် သုတေသီများ အစအနဖျောက်ခြင်း ခံလိုက်ရသည်ဟူသော သတင်းကို ကြားလိုက်ရချိန်တွင် သူက ဟွမ်ဂျိုယွန်း၏ ပုဂ္ဂိုလ်ရေးကိစ္စကို အကြောင်းပြကာ ဆိုအီယွန်းကို ဆေးရုံမှ ချက်ချင်း နှင်ထုတ်ခဲ့သည်။

ထိုသို့ နှင်ထုတ်ခံလိုက်ရသည့် ကလေးမလေးက ဟွာအီဒိုသို့လာပြီး အခြေချလိမ့်မည်ဟု စိတ်ပင်မကူးမိခဲ့သော်လည်း။ ဂျိုဂယောင်းချွန်းက ရှုပ်ထွေးနေသော မျက်လုံးများဖြင့် အီယွန်းထံသို့ တစ်လှမ်း တိုးလာခဲ့သည်။

“အီယွန်း။”

“အဲ့ဒီမှာတင် ရပ်လိုက်ပါ။”

ထိုစဉ် အမိန့်ကို စောင့်ဆိုင်းနေသည့် အမဲလိုက်ခွေးတစ်ကောင်လို အစွယ်ကို ဝှက်ထားသည့် ဂွမ်ချယ်ဝူက လက်တစ်ဖက်ဖြင့်ကာလိုက်သည်။

အမျိုးသားနှစ်ဦးကြားတွင် အသံတိတ် အကြည့်ချင်း ပြိုင်နေကြစဉ် အီယွန်းက တုန်ရီနေသည့် လျှာဖျားကို ခပ်ဖွဖွကိုက်ရင်း ပြောလိုက်၏။

“ကျွန်မ အမျိုးသားပါ။”

“……ဘာ။”

ဂျိုဂယောင်းချွန်း အံ့အားသင့်ကာ မျက်မှောင်ကြုတ်သွားသည်။

အမျိုး၊ ဘာ……နင့်ရဲ့ ဘာ။ တရုတ်ပြည်မျိုးရင်းဖြစ်တဲ့ အပင်ပုလေး နမ်ချောန်နဲ့ မှားပြောတာ မဟုတ်ဘူးလား။

[TL/N : ခင်ပွန်း - 남편,

အပင် နမ်ချောန် - 남천 (Nandina/ heavenly bamboo)

အီယွန်း အိမ်ထောင်ကျသွားတယ်ဆိုတာကို မယုံနိုင်လွန်းလို့ စာလုံးပေါင်းချင်း ဆင်တာနဲ့ မှားပြောတာများလားဆိုပြီး ချဲ့ကားထားတာပါ။]

အီယွန်းနှင့် အတူရှိနေစဉ်အတွင်း သူ၏ ချို့ယွင်းချက်များစွာကို မြင်တွေ့ခဲ့ဖူးသည့် ဆေးရုံအုပ် ဂျိုတစ်ယောက် ကြောင်အမ်းသွားရုံအပြင်မရှိခဲ့။ ထို့ကြောင့် ဂွမ်ချယ်ဝူ၏ အကြည့်ထဲမှ ရင်းနှီးနေသော အငွေ့အသက်ကို သတိထားမိခဲ့သော်လည်း ချက်ချင်းပင် မေ့မေ့ပျောက်ပျောက်ဖြစ်သွားလေသည်။ ဂျိုဂယောင်းချွန်းက ချောင်းတစ်ချက်ဟန့်ကာ မျက်မှောင်ကြုတ်လိုက်၏။

“အီယွန်း၊ ဒီမှာတင် ရပ်လိုက်လို့ မရဘူးလား။”

“ဘာကိုလဲရှင့်။”

“ဟွာအီဒုမ်ကိစ္စလေ။”

သူက လေးလံစွာ ဖြေခဲ့သည်။

“ပြိုင်ပွဲကနေ နှုတ်ထွက်ခိုင်းနေတာလား။ ကျွန်မက ဘာလို့ ထွက်ရမှာလဲ။”

နားမလည်နိုင်ဖြစ်နေသည့် အီယွန်း၏ မျက်နှာကိုကြည့်ကာ ဂျိုဂယောင်းချွန်းက နှုတ်ခမ်းကိုသာ တင်းတင်းစေ့ထားမိသည်။ ပြောစရာ မရှိတော့သည့်အလား အီယွန်း၏ဘေးမှ ဖြတ်သွားစဉ် ဂျိုဂယောင်းချွန်းက အသံတိုးတိုးဖြင့် လျင်မြန်စွာ ကပ်ပြောသွား၏။

“မသေချင်ရင် ပါးစပ်ပိတ်ထားတာကောင်းမယ်။”

“……”

အီယွန်းတစ်ယောက်တည်းသာ ကြားနိုင်သည့် အသံပင်။ သို့သော် နားအလွန်ပါးသော ဂွမ်ချယ်ဝူက ထိုစကားကို မကြားဘဲနေမည်မဟုတ်ပေ။

ထင်သည့်အတိုင်းပင် သူက ချက်ချင်း လိုက်သွားရန် ခြေလှမ်းပြင်လိုက်သဖြင့် အီယွန်း အလျင်အမြန် သူ၏ အင်္ကျီစကို ဆွဲထားလိုက်ရသည်။ အီယွန်း ခေါင်းခါပြလိုက်သဖြင့် ဂွမ်ချယ်ဝူက မျက်မှောင်ကြုတ်ထားဆဲဖြစ်သော်လည်း ငြိမ်ကျသွား၏။

အီယွန်းကမူ ပျောက်ကွယ်သွားသည့် ဂျိုဂယောင်းချွန်း၏ ကျောပြင်ကို ကြည့်ရင်း မှင်တက်ကာ ရပ်နေမိသည်။

ထိုစကားက သတိပေးချက်လား၊ ခြိမ်းခြောက်မှုလားဆိုသည်ကို လုံးဝ မဝေခွဲနိုင်သောကြောင့်ပင်။

~~~~

သစ်တောဦးစီးဌာနမှ ပေးဝေသည့် ပစ္စည်းများကို ဆေးရုံအသီးသီးသို့ တူညီစွာ ခွဲဝေပေးခဲ့သည်။ စခန်းချရန် လိုအပ်သည့် ပစ္စည်းများ ထည့်ထားသော ကျောပိုးအိတ် အကြီးနှစ်လုံး၊ ဆေးကုသရေးအိတ်၊ Tablet PC၊ တောင်တက်တုတ်နှင့် တောင်တက်ကြိုးများအထိ ပါဝင်၏။

နည်းလမ်းက ရိုးရှင်းပေသည်။ ကုသမှုပြီးစီးသည့် သစ်ပင်ကို Tablet ဖြင့် ဓာတ်ပုံရိုက်လိုက်လျှင် စစ်ဆေးရေးမှူးထံသို့ ချက်ချင်း ရောက်ရှိသွားမည့် စနစ်ပင်။

လျင်မြန်သော ရောဂါရှာဖွေနိုင်စွမ်းနှင့် ကျွမ်းကျင်သော အရေးပေါ် ကုသမှု။ ဤပြိုင်ပွဲက အချိန်နှင့်အမျှ အပြိုင်အဆိုင် လုပ်ဆောင်ရမည့်ပွဲပင်။

“ဂွမ်ချယ်ဝူ၊ အခု သွားတော့မယ်။ ပြင်ဆင်ပါတော့။”

အီယွန်းက မိမိ၏ ကျောပိုးအိတ်ကိုလွယ်ရင်း မြေပုံကို အာရုံစိုက် ကြည့်နေသည့် ဂွမ်ချယ်ဝူကို လှုပ်နှိုးလိုက်သည်။ သူက မျက်တောင်တစ်ချက် မခတ်ဘဲ မြေပုံပေါ်မှ အမှတ်အသားလေးများကို တစ်ခုချင်း လိုက်ကြည့်ကာ အလွတ်မှတ်သားနေ၏။

ခေါင်းပေါ်တွင် ဒရုန်းလေးများ ပျံဝဲနေကာ Tablet ထဲတွင်မူ အချိန်မှတ်နာရီက စတင်လည်ပတ်နေပေပြီ။ အီယွန်းက ‘မီ သစ်ပင်ဆေးရုံ’ ဘက်သို့ တစ်ချက် အကဲခတ်ကာ သူတို့နှင့် ဆန့်ကျင်ဘက်အရပ်သို့ အားတက်သရော လျှောက်လှမ်းခဲ့သည်။

“…….”

မှိုင်းညို့နေသည့် တောအုပ်ကို ကြည့်နေသော အီယွန်း၏ မျက်နှာက သိပ်တော့ မကောင်းလှပေ။ ကျိုးပဲ့ပျက်စီးကာ မြေပေါ်တွင် လဲကျနေသည့် သစ်ပင်များက နေရာအနှံ့ပင်။

မနှစ်က ​လှိုင်းလုံးကြီးများကဲ့သို့ မြေပြိုကျကာဆင်းသက်လာခဲ့စဉ် ဤတောင်တန်းကြီးခမျာ လှပသော ပုံရိပ်အားလုံးကို ဆုံးရှုံးခဲ့ရပြီးပေပြီ။

ရွှံ့နွံတောလို ဖြစ်နေသည့် မြေပြင်၊ ပဲ့အက်နေသော ကျောက်တုံးများနှင့် သစ်ခေါက်အကြွင်းအကျန်များကြောင့် ဖိနပ်များကလည်း ရွှံ့များ ပေကျံနေ၏။

မှိုင်းညို့နေသည့် ရာသီဥတုကြောင့်လားမသိ၊ အလင်းရောင် တစ်စက်မျှ မရှိသည့် အပျက်အစီးများကြားထဲသို့ ရောက်ရှိသွားသလိုပင်။

“……ဒီနေ့တော့ လုပ်စရာတွေ တော်တော်များမှာပဲ။”

“…….”

ဘာမှပြန်မပြောသည့် သူ့ကို မော့ကြည့်ရင်း အီယွန်း ခေါင်းကို အနည်းငယ် ငဲ့စောင်းလိုက်မိသည်။ တောထဲသို့ ရောက်ကတည်းက ဂွမ်ချယ်ဝူတစ်ယောက် စကားနည်းသွား၏။ ထိုအစား တင်းမာနေသော မျက်နှာဖြင့် သူ့နားသူ ဆွဲကြည့်လိုက်၊ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်နှင့် ကျီးကန်းတစ်ကောင်လို ခေါင်းကို ဟိုဟိုဒီဒီ လှည့်ကြည့်နေခဲ့သည်။ ပုံမှန်နှင့်မတူသော သူ၏ အပြုအမူကြောင့် အီယွန်းလည်း လိုက်ပြီး စိုးရိမ်လာရ၏။

“ဘာဖြစ်လို့လဲဟင်။”

“…….”

“တစ်နေရာရာက နေမကောင်းဘူးလား။ ခေါင်းများကိုက်နေလို့လား။”

အီယွန်း၏ စိုးရိမ်မှုကို မြင်တော့ ဂွမ်ချယ်ဝူက ခပ်ရေးရေးပြုံးခဲ့သည်။

“အဲ့ဒီလိုဆိုမှ အီယွန်းက ကိုယ့်ခေါင်းကို တော်တော်စိတ်ဝင်စားတာပဲနော်။”

“ရှင်။”

“ဘိန်းခင်းမှာတုန်းက၊ ကိုယ် အရိုက်ခံနေရတုန်း ဘာပြောခဲ့လဲ မှတ်မိလား။”

“…….”

ထိုစဉ်က စိုးရိမ်စိတ်တစ်ခုတည်းဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ရာ မိမိ ဘာပြောခဲ့သည်ကို အသေးစိတ် မမှတ်မိတော့ပေ။

အီယွန်း မျက်လုံးလေး ကလယ်ကလယ်ဖြင့် ကြည့်နေစဉ် ဂွမ်ချယ်ဝူက နောက်ပြောင်သလို သူ၏ နဖူးဖြင့် အီယွန်း၏ နဖူးလေးကို ခပ်ဖွဖွ တိုက်လိုက်သည်။

“တခြားနေရာတွေ အကုန်ရိုက်ရင်တောင် ခေါင်းကိုတော့ မရိုက်ပါနဲ့ဆိုပြီးတော့လေ။”

သူက တဟားဟား ရယ်နေသဖြင့် အီယွန်း ရှက်ကိုးရှက်ကန်းဖြစ်ကာ ခေါင်းငုံ့ထားလိုက်မိသည်။

မကြာမီ အီယွန်းလည်း နေရာယူကာ အရေးပေါ် ကုသမှုများကို စတင်လုပ်ဆောင်တော့၏။ အီယွန်း ယခုအထိ အများဆုံး လုပ်ခဲ့ရသည်က ပုပ်နေသည့် သစ်ကိုင်းများကို ဖြတ်တောက်ကာ သစ်ပင်၏ ပုံသဏ္ဌာန်ကို ပြန်လည်ပြုပြင်ပေးခြင်းပင်။ သစ်ကိုင်းအချင်းချင်း ချိတ်ဆက်ပေးကာ သံကြိုးများဖြင့် တင်းကျပ်အောင် လုပ်ဆောင်ပေးရခြင်းမှာ အရိုးကျိုးနေသည့် သစ်ပင်များကို ကျောက်ပတ်တီးစည်းပေးခြင်းနှင့် တူပေသည်။

ကျွမ်းကျင်စွာ ကုသပေးပြီးနောက် နောက်ထပ် သစ်ပင်တစ်ပင်ဆီသို့ ကူးပြောင်းသွားသည့် သူ၏ ခြေလှမ်းများ ရှဉ့်ကလေးပမာ လျင်မြန်လှသည်။ ဂွမ်ချယ်ဝူကလည်း သူလိုအပ်သည့် ကိရိယာများကို ချက်ချင်း ကမ်းပေးရင်း ဓာတ်ပုံရိုက်ရန် အလုပ်ရှုပ်နေခဲ့၏။

“သေနေတဲ့ သစ်ပင်တွေက အများကြီးပဲ။”

အများစုမှာ ပြန်လည်ကုသ၍ မရနိုင်လောက်အောင် နှစ်ပိုင်းကျိုးနေခြင်း သို့မဟုတ် ရေနစ်နေခြင်းများ ဖြစ်သည်။

“ကျန်းမာတဲ့ သစ်ပင်ဆိုရင် အချိန်တိုအတွင်းမှာ ပန်းတွေ တစ်ပြိုင်တည်းပွင့်ပြီး ကြွေကျသွားတတ်ပေမဲ့ မကျန်းမာတဲ့ အပင်တွေကျတော့ သစ်ရွက်တွေ ထွက်လာရင်တောင် တချို့တလေက ကျန်နေတတ်တာ။ ကြည့်ပါဦး၊ ဒီဘက်က အပင်တွေက အဲ့ဒီလိုချည်းပဲမဟုတ်လား။”

ပန်းပွင့်များ ညိုမည်းကာ ကျန်ရှိနေသည့် ထိုသစ်ပင်များတွင် အရွက်မရှိဘဲ ကောက်ကွေးနေသည့် သစ်ကိုင်းများ အလွန်များပြားလှ၏။ အပင်၏ အခြေအနေ အားနည်းကာ ညှိုးနွမ်းနေသည့် လက္ခဏာပင်။

ထိုစဉ် အီယွန်း၏ စကားကို နားထောင်နေသော ဂွမ်ချယ်ဝူက မျက်မှောင်ကြုတ်လိုက်သည်။

“အဲ့ဒါက ဝမ်းနည်းစရာကောင်းတဲ့ အကြောင်းအရာပဲ။”

“ရှင်။”

“ပန်းတွေ တစ်ပြိုင်တည်း ပွင့်လာပြီး အတူတူ ကြွေကျသွားတယ်ဆိုတာက။”

“နဂိုကတည်းက ပန်းပွင့်တဲ့ရာသီဆိုတာ တိုတောင်းတာပဲလေ။”

အီယွန်းက အေးဆေးတည်ငြိမ်သော်လည်း ဂွမ်ချယ်ဝူ၏ မကျေနပ်သော မျက်နှာက ပြေလျော့မသွားခဲ့ပေ။

“အဲ့ဒါဆို ကိုယ် အီယွန်းကို ပန်းတွေ ဘယ်တော့မှ မပေးတော့ဘူး။”

“ဘာဖြစ်လို့လဲ။”

“တိုတောင်းတဲ့ နေ့ရက်တွေရဲ့ သက်သေပဲမဟုတ်လား။”

“…….”

မထင်မှတ်ဘဲ ချက်ကျလက်ကျ ပြောလာသည့် စကားကြောင့် အီယွန်း အူကြောင်ကြောင်ဖြင့်သာ ပြုံးလိုက်မိသည်။ သို့သော်လည်း ထိုအကြောင်းပြချက်ကြောင့်ပင် သူက ဂွမ်ချယ်ဝူထံမှ ပန်းများကို လက်ဆောင်အဖြစ် ရယူချင်မိ၏။

ထို့နောက် အတွေးများကို ဖယ်ထုတ်ရန် အီယွန်း ဆေးသွင်းပိုက်တွင် သားရေကွင်းများ ချိတ်ဆက်သည့် အလုပ်ကိုသာ အာရုံစိုက်လုပ်ဆောင်နေခဲ့သည်။ ဆေးသွင်းရန် ကြိုတင်ဖောက်ထားသည့် နေရာတွင် ပိုက်ကို တပ်ဆင်ကာ ဆေးသွင်းလိုက်သည့် အခိုက်အတန့်တွင်….

“……”

သူ၏ မျက်နှာထားက တစ်ဖန် ပြောင်းလဲသွားပြန်သည်။

ဂွမ်ချယ်ဝူ၏ ထိုမျက်နှာထားကို အီယွန်း အင်မတန် ကောင်းကောင်းသိနေ၏။

~~~~

Miel’s Translations

Main Story ဇာတ်သိမ်းပါပြီ။

Morning Star website နဲ့ telegram paid group မှာ Extra အပိုင်း ၄ အထိ ဖတ်လို့ရပါပြီ။

Telegram paid group အတွက် Miel's Translations telegram channel ကနေ ဆက်သွယ်နိုင်ပါတယ်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment