no

Font
Theme

အပိုင်း ၃၆

“မိန်းမတစ်ယောက်ကို အထင်ပဲသေးမလား၊ ကြောက်ပဲကြောက်မလား... အဲ့ဒီနှစ်ခုထဲက တစ်ခုပဲ ရွေးလုပ်စမ်းပါ။”

ထိုင်လိုက်သည့်အတွက် အီဝူရှင်း၏ မျက်လုံးလယ်ဗယ်လ်က အနိမ့်ဆုံးဖြစ်သွားသော်လည်း အသစ်ဝင်လာသူ အဖွဲ့ဝင်များကို အားမလိုအားမရဖြစ်နေသည့် မျက်နှာထားကမူ အထင်းသား ပေါ်လွင်နေသည်။

​ဒူးနှံ့နေသည့် သူ၏ပုံစံက အေးအေးလူလူရှိလှသလို၊ စိတ်ရှုပ်ထွေးနေသည့်အရိပ်အယောင်များလည်း ထင်ဟပ်နေ၏။ သို့သော်လည်း ပတ်ဝန်းကျင်ရှိ လေထုကမူ ဒြပ်ဆွဲအားတစ်ခုက ဖိနှိပ်ထားသည့်အလား တဖြည်းဖြည်း လေးလံလာသည်။ မိမိ၏ ခံစားချက်ကို လူပုံလယ်တွင် ​ပေါ်တင်ထုတ်ပြနေသော်လည်း မည်သူတစ်ဦးတစ်ယောက်ကမျှ ပြန်လည် တုံ့ပြန်ခြင်းမပြုနိုင်ကြပေ။ ဤသည်မှာ သူပိုင်ဆိုင်ထားသည့် အရှိန်အဝါပင်။

“ဒါပေမဲ့ တအားတွေ တုန်လှုပ်နေကြတာကို ကြည့်ရပုံထောက်ရင် ဒုတိယတစ်ခု ဖြစ်မဲ့ပုံပဲ။”

သူက မျက်မှောင်ကြုတ်လျက် စုတ်တစ်ချက်သပ်လိုက်သည်။

“မင်းတို့တွေ ဟန်ဆောယောင်းနဲ့ ပတ်သက်ပြီး စိတ်မသက်မသာဖြစ်နေကြတာ သူက မိန်းမဖြစ်နေလို့ မဟုတ်ဘူး။ သူ့ကို မိန်းမလို့ မြင်ပြီး ထိကပါးရိကပါးလုပ်ချင်နေတဲ့ မင်းတို့ရဲ့ အောက်တန်းကျတဲ့ မျောက်လိုဗီဇကို ကိုယ့်ဘာသာ မကျေမနပ်ဖြစ်နေကြတာ။”

“......”

“ဒါကြောင့်လည်း ကြောက်နေကြတာပေါ့။ မင်းတို့ရဲ့ ပုံရိပ်အစစ်အမှန်ကို ထင်ဟပ်ပြနေတဲ့ မှန်ကို နေ့တိုင်း ကြည့်နေရသလို ဖြစ်နေလို့။ ဒါပေမဲ့ ရဲဘော်ရဲဘက်ကို ရဲဘော်ရဲဘက်လို မမြင်နိုင်တာကတော့ အသိတရားနဲ့ ယဉ်ကျေးမှု မရှိကြတဲ့ မင်းတို့ရဲ့ အပြစ်ပဲ။”

သူက ယဉ်ကျေးပျူငှာစွာ ပြောဆိုနေသည့် စကားလုံးများကိုလည်း ခေတ္တဘေးဖယ်ထားခဲ့သည်။

အဆောင်ခန်းအတွင်း၌ အသက်ရှူရကျပ်လုမတတ် တိတ်ဆိတ်မှုက လွှမ်းမိုးသွား၏။ အဖွဲ့ဝင်များကလည်း အလစ်အငိုက် အထိုးခံလိုက်ရသည့် မျက်နှာထားများနှင့် အသက်ရှူသံပင် မထွက်ရဲကြပေ။ ငုံ့ထားကြသော သူတို့၏ ကုပ်သားများကလည်း ဒေါသကြောင့် နီမြန်းနေသည်။

“နားလည်ပြီဆိုရင်လည်း မြန်မြန် အထုပ်အပိုးဖြေကြတော့။”

သူ နေရာမှ ထလိုက်သည်နှင့် တစ်ပြိုင်နက် ‘ဟုတ်၊ ဟုတ်ကဲ့၊ အမိန့်အတိုင်းပါ...’ ဟူသော တုံ့ပြန်သံများ နေရာအနှံ့မှ ထွက်ပေါ်လာသည်။

အားလုံး စစ်စည်းကမ်းအပြည့်နှင့် ဖြစ်သွားကြပြီး အေးခဲနေသော အနေအထားကလည်း တဖြည်းဖြည်းနှင့် ပုံမှန်အတိုင်း ပြန်ဖြစ်လာသလိုပင်။

အကယ်၍ အီဝူရှင်းသာ ဆောယောင်းအရှေ့တွင် ရပ်မသွားခဲ့ပါလျှင်။

“ဒီတော့ မင်းကရော ဘယ်လိုလုပ်ချင်လဲ။”

တစ်ချိန်လုံး စိတ်ပျက်လက်ပျက် ဖြစ်နေသည့် ပုံစံမျိုး ရှိနေခဲ့သော်လည်း ဆောယောင်းကို ကြည့်သည့် သူ၏အကြည့်များကမူ စူးရှလှသည်။ လူကို ဖိနှိပ်ထားသည့် ဖိအားကြောင့် ဆောယောင်းတစ်ယောက် လက်ကို တင်းတင်းဆုပ်လိုက်၊ ပြန်လွှတ်လိုက် လုပ်နေမိ၏။

“ဟိုကောင်တွေ ပြောသလိုပဲ အခန်း သပ်သပ်ပေးလိုက်ရင် ပြဿနာ ပြေလည်သွားမှာလား။”

သူက ဘောင်းဘီအိတ်ကပ်ထဲ လက်ထည့်ကာ ကိုယ်ကိုကိုင်းပြီး မေးလာသည်။

ပေါ့ပေါ့ပါးပါး မေးလိုက်သည့် မေးခွန်းထဲတွင် ‘အဲ့ဒီလောက်လေးနဲ့တင် ပြဿနာအားလုံး ပြေလည်သွားမယ်လို့ ထင်နေတာလား’ ဟူသော ထိုးနှက်ချက်လည်း ပါဝင်နေ၏။

မျက်လုံးချင်း တည့်တည့်ဆုံသွားသည့်အခါ နက်မှောင်သော သူ၏မျက်ဆန်က ညဘက်ပင်လယ်ပြင်အလား ဆောယောင်းဆီသို့ တိုးဝင်လာသည်။

“ဒါပေမဲ့ အခန်းက မရှိတော့ တကယ်လို့ သုံးချင်တယ်ဆိုရင် နည်းပြနဲ့ပဲ အတူသုံးရမယ်။”

“......”

“အဲ့ဒီနည်းပြက အခု မင်းရှေ့မှာရှိနေတဲ့ လူပဲ။”

နှုတ်ခမ်းထောင့်စွန်းကို အသာပင့်ထားသည့် အေးစက်သော မျက်နှာထားက မသတီစရာပင်။ အားလုံးကို တန်းတူ နှိမ့်ချဆက်ဆံခြင်း ဖြစ်သော်လည်း ဆောယောင်းက ဘာကြောင့်မှန်းမသိ ပို၍ စိတ်တိုလာရသည်။ ယဉ်ကျေးပျူငှာမှု မရှိခြင်းထက်ပိုသည့် အဓိပ္ပာယ်မျိုးဖြင့် မိမိက ကံဆိုးမိုးမှောင်ကျနေသလိုပင်။

“ရပါတယ်၊ အထူးအခွင့်အရေး မပေးပါနဲ့။”

“အဖွဲ့ဝင်တွေ ပြောသလို သူတို့ အဝတ်အစားလဲတာကို တစ်နေ့တစ်နေ့ အကြိမ်ကြိမ်မြင်ရမှာနော်။”

“ကိစ္စမရှိပါဘူး။”

“ဒါဆို မင်းကရော သူတို့ရှေ့မှာပဲ အဝတ်အစား ပေါ်တင်လဲဖို့ ဆုံးဖြတ်ထားတာလား။”

“ရဲဘော်ရဲဘက်ကို ရဲဘော်ရဲဘက်လို မမြင်နိုင်တာက အသိတရားနဲ့ဆိုင်တဲ့ ပြဿနာလို့ နည်းပြကိုယ်တိုင်ပဲ ပြောခဲ့တယ်မဟုတ်ဘူးလား။”

“ဒီတော့ အတူအိပ်၊ အတူရေချိုးပြီး ဟောဟဲဆိုက်တဲ့အထိ လေ့ကျင့်ရေးပါ တန်းတူ ဆင်းမယ်ပေါ့။”

“တန်းတူ ဆင်းပါ့မယ်။”

ဆောယောင်း ပြတ်ပြတ်သားသား ပြောလိုက်သည့်အခါ အီဝူရှင်းက နားလည်သွားသည့်အလား ကိုယ်ကို ပြန်မတ်လိုက်သည်။ သို့သော်လည်း တဒင်္ဂ မဲ့သွားပြီးမှ ပုံမှန်ပြန်ဖြစ်သွားသော သူ၏နှုတ်ခမ်းများကို ကြည့်ရသည်မှာ အနည်းငယ် စိတ်လှုပ်ရှားသွားပုံပင်။

အပြန်အလှန် စိုက်ကြည့်နေကြသော ပြင်းရှရှ အကြည့်များကြားတွင် ထူးဆန်းသော လျှပ်စစ်မီးပွားများ ထွက်ပေါ်လာသည်။

“အေးလေ၊ တောင့်ခံဖို့ ဆုံးဖြတ်တာကလည်း မင်းရဲ့ ရွေးချယ်မှုပဲဆိုတော့။”

သူက လှောင်ပြုံးပြုံးကာ တီးတိုးရေရွတ်လိုက်သည်။ သို့သော်လည်း ဖုံးကွယ်ထား၍မရသော ပြင်းထန်သည့် စူးရှမှုကို သူ၏စကားများထဲတွင် ခံစားနေရ၏။ ယင်းနှင့်အတူ အိတ်ကပ်ထဲမှ တစ်စုံတစ်ရာကို ထုတ်ယူကာ ဆောယောင်းထံသို့ ဝှေ့ယမ်း ပစ်ပေးခဲ့သည်။

ဆောယောင်းက ထိုအရာကို ဘာမှန်းအတည်မပြုနိုင်ခင်မှာပင် ပျံသန်းလာသော အရာကို အလိုလို ဖမ်းယူလိုက်မိ၏။

လက်ထဲတွင် အံဝင်ခွင်ကျရှိနေသည့် အရာမှာ ဓားမြှောင်အသေးလေး တစ်ချောင်းပင်။

အီဝူရှင်းက အဖွဲ့သားများကို လှည့်ကြည့်ကာ အေးစက်စွာ ပြုံးလိုက်သည်။

“ရဲဘော်ရဲဘက်ဆီက လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု ဒါမှမဟုတ် အနိုင်ကျင့်နှိပ်စက်မှုတွေ ရှိလာရင် အဲ့ဒါကို အရင်သုံးပြီးမှ တိုင်ချက်ဖွင့်ပါ။”

“......”

“အဖွဲ့ဝင် ဟန်ဆောယောင်း အစီအစဉ်ကို မမှားစေနဲ့။”

အေးစက်ပြီး လှပသော မျက်နှာက ဆောယောင်းထံ တစ်ချက်ဝေ့ဝဲသွားပြီးမှ တစ်ဖက်သို့ ပြန်လှည့်သွားသည်။

“အကယ်၍ ဓားနဲ့ အထိုးခံရတဲ့ကောင်တစ်ယောက်ရှိလာရင် ဘာမှ ဆက်ပြောမနေဘဲ ချက်ချင်း ထုတ်ပယ်မှာမို့လို့...အဖွဲ့ဝင် ဆောင်းဝုချန်း။”

“ဟုတ်၊ ဟုတ်ကဲ့...”

မျက်လုံးလေး ကစားနေရင်း အခေါ်ခံလိုက်ရသည့် သူက ကိုယ်ကို မတ်လိုက်သည်။ သို့သော်လည်း အီဝူရှင်းက အဖွဲ့ဝင် တစ်ယောက်ချင်းစီ၏ တင်းမာနေသော မျက်နှာများကို အသေးစိတ် လိုက်လံစစ်ဆေးနေရုံသာရှိကာ တကယ်တမ်း ခေါ်လိုက်သည့် ဆောင်းဝုချန်းကိုမူ အကြည့်တစ်ချက်မျှပင် မပေးခဲ့ပေ။

“အတူတူနေရင်းနဲ့ ကိစ္စတစ်ခုခု ဖြစ်လာပြီဆိုရင် အဲ့ဒါက သွေးထွက်သံယိုမှုပဲ ဖြစ်ရမယ်။ အဲ့ဒါကလွဲလို့ တခြား ဘာကိစ္စမှ မရှိစေနဲ့။”

ထိုသို့ ဖြစ်ကိုဖြစ်ရမည်ဟူသော သိသာထင်ရှားသည့် ဖိအားပေးမှုပင်။

ဆောယောင်းတစ်ယောက် ကျယ်ပြန့်သော သူ၏ကျောပြင်ကို ကြည့်ရင်း အသာလေး နှုတ်ခမ်းကို တင်းတင်းစေ့ထားမိသည်။

တစ်ချိန်တွင် ရိုင်းပျသော ဝင်ရောက်စွက်ဖက်မှုနှင့် လူ့စိတ်ကို လှုပ်ခတ်အောင်လုပ်ခဲ့ကာ ယခုမူ ထိုအရည်အချင်းဖြင့်ပင် အဆောင်ခန်းထဲမှ မသန့်မစင် ရှုပ်ထွေးနေသော အငွေ့အသက်ကို တစ်ချက်တည်းနှင့် ရှင်းလင်းသွားအောင် လုပ်ခဲ့ပြန်၏။

ထိုလူ၏ ပုံစံတိုင်းကို ဆောယောင်း ကြည့်မရဖြစ်နေမိသည်။ အထူးသဖြင့် လူတစ်ယောက်ကို ဘာမှမဟုတ်သလို စိတ်ကြိုက်ခြယ်လှယ်နေသည့် ထိုအချက်...

မကြာမီမှာပင် ပြတ်သားသော အသံနေအထားနှင့် အသံထွက်က အဖွဲ့ဝင်အားလုံးဆီသို့ ပဲ့တင်ထပ်သွားလေသည်။

“Blast ကုမ္ပဏီက အစဉ်အလာအရ ကုန်းကြောင်းနဲ့ ရေကြောင်း လုံခြုံရေးဆိုပြီး လုပ်ငန်းခွဲခြားထားတယ်။ ဒါကြောင့် ဒီတစ်ခေါက် လေ့ကျင့်ရေးကတစ်ဆင့် အခြေခံနည်းပညာနဲ့ ကြံ့ခိုင်မှုကို မဖြစ်မနေ တည်ဆောက်သွားကြဖို့ မျှော်လင့်ပါတယ်။”

လက်ကလေးပင် အသာအယာ ဝှေ့ယမ်းပြတော့မည့် လေသံမျိုးပင်။ ယခု အီဝူရှင်းက ဤတွင် သူ့ကိစ္စအားလုံး ပြီးသွားပြီဟုပြောနေသည့်အလား ပေါ့ပါးသော ခြေလှမ်းများဖြင့် တံခါးရှေ့တွင် ရပ်လိုက်သည်။

တံခါးလက်ကိုင်ကို လှည့်နေစဉ်မှာပင် ထိုလူက တစ်ခုခုကို သတိရသွားသည့်ပုံစံဖြစ်သွား၏။

“Harassment ဆိုတာကို သိတဲ့လူတော့ သိလောက်တယ်ဆိုပေမဲ့။”

ထိုစကားကြောင့် အဖွဲ့ဝင်အချို့ ဆတ်ခနဲ တုန်သွားကာ ချက်ချင်း တုံ့ပြန်ခဲ့ကြသည်။ သေချာကြည့်လိုက်တော့ သူတို့၏ မျက်နှာများက အလျင်အမြန်ပင် ပြာနှမ်းလာကြ၏။

ဘေးနားရှိ အဖွဲ့ဝင်နှစ်ဦးက တီးတိုးပြောနေကြသည်။ ‘အထူးတပ်ဖွဲ့တွေမှာ သုံးတဲ့ နှိပ်စက်ညှဉ်းပန်းတဲ့ လေ့ကျင့်ရေး...’ ဟူသော စကားကို ဆောယောင်းက သူတို့၏ နှုတ်ခမ်းလှုပ်ရှားမှုမှတစ်ဆင့် အတိုင်းသား ဖတ်လိုက်မိ၏။

အီဝူရှင်းက ဘယ်တုန်းကနှင့်မှမတူအောင် ပို၍ လှပစွာပြုံးလျက် ဖွင့်ဟလာသည်။

“ဒီအတိုင်း သိထားကြလို့။ ငါကတော့ တန်ဖိုးထားရတဲ့ အဖွဲ့ဝင်ဖြစ်လေလေ၊ အိပ်ခွင့်မပေးလေပဲ။”

ညှို့ယူဖမ်းစားနိုင်သော သူ၏မျက်ဝန်းများက ဆောယောင်းဆီသို့ နက်နက်ရှိုင်းရှိုင်း ကျရောက်လာသည်။

ထိုအခိုက်အတန့်တွင် ဆောယောင်း အလိုလို သိလိုက်တော့၏။

ဤသည်က မင်းကို ဒီမှာတင် ဖယ်ထုတ်ပစ်ခဲ့မှာဟူသည့် ကြေညာချက်ဟူ၍။

“အချိန်မရွေး ဒီလောက်နဲ့ ရပ်ချင်တယ်ဆိုရင် လေ့ကျင့်ရေးကွင်းထဲမှာရှိတဲ့ ခေါင်းလောင်းကို တီးပြီး ထွက်သွားရုံပဲ။”

အီဝူရှင်း၏ အကြည့်များက ဇွဲနပဲကြီးစွာ ကပ်ငြိနေဆဲပင်။

“မင်းတို့က အတင်းအဓမ္မ စုဆောင်းခံထားရတဲ့ တပ်သားအသစ်တွေလည်း မဟုတ်သလို၊ ထွက်ပြေးသွားလို့လည်း စစ်ထောင်ထဲ ထည့်မှာမဟုတ်ဘူး။ အသေအကြေတိုက်မယ်ဆိုပြီး ဒီအထိ ရောက်လာကြတဲ့ ချစ်စရာ ကလေးတွေကို ငါက ဘယ်လိုနည်းနဲ့များ တားရမှာလဲ၊ မဟုတ်ဘူးလား။”

“......”

ဆောယောင်းတစ်ယောက် မိမိထံသို့ ဦးတည်လာသော ပညာသားပါသည့် လှောင်ပြောင်ထိုးနှက်မှုများကို အသာလေး ငြိမ်ခံရင်း အတွင်းစိတ်ထဲတွင်မူ အံကြိတ်နေမိသည်။

အကယ်၍ တောင့်မခံနိုင်တော့မည့် အခိုက်အတန့်သို့ ရောက်လာခဲ့လျှင်ပင်၊ ထိုလူ၏ မျက်နှာကိုကြည့်ပြီး အစွမ်းကုန် အောင့်အည်းသည်းခံပစ်မည်။ လုံးဝ၊ ဘယ်တော့မှ အီဝူရှင်း ဖြစ်စေချင်တဲ့အတိုင်း ဖြစ်မသွားစေရ။

ဆောယောင်းတစ်ယောက် နောက်တစ်ကြိမ် အံကို တင်းတင်းကြိတ်လိုက်မိတော့သည်။

~~~~

ချီးပဲ…။ စိတ်ထဲမှ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိအောင် ကျိန်ဆဲနေမိသည်။

Blast ကုမ္ပဏီ၏ လေ့ကျင့်ရေး ပထမရက်။

“ဟောဟဲ… ဟော…”

၃ ကီလိုမီတာ အပြေးလေ့ကျင့်ခန်းပင်။ မနားတမ်း အမောတကော အသက်ရှူနေရသဖြင့် လည်ချောင်းထဲမှ သွေးနံ့များပင် စပြီးရလာ၏။

ပထမဆုံးအကြိမ် စီးဖူးသည့် မရင်းနှီးသော စစ်ဖိနပ်ကြောင့် ဖနောင့်က စပ်ဖျဉ်းဖျဉ်း နာကျင်နေပြီဖြစ်ကာ အဆုတ်ကလည်း ပြားချပ်သွားတော့မလို ခံစားနေရသည်။

အဖွဲ့ဝင်များကို အရှေ့ဆုံးမှ ဦးဆောင်ကာ မောင်းနှင်နေသည့် ကားပေါ်တွင် အီဝူရှင်းက မည်သည့်အကာအကွယ်ပစ္စည်းမှမပါဘဲ ပေါ့ပေါ့ပါးပါး ထိုင်နေရင်း၊ အလွန်ပျင်းရိငြီးငွေ့နေသည့်အလား မေးထောက်ထား၏။

သူက အသက်ပင် မရှုနိုင်တော့မည့် အခြေအနေသို့ ရောက်နေကြသော တပ်ဖွဲ့ဝင်များထံသို့ နှုတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် မခြားသည့် စကားလုံးများကို အညှာအတာမဲ့စွာ ပက်ပက်စက်စက် လွှတ်ထုတ်ခဲ့သည်။

“ဘာများလုပ်ရသေးလို့ ဘယ်လိုဖြစ်ပြီး အကုန်လုံးက ပြုတ်ထားတဲ့ ဝက်တွေလို ဖြစ်နေကြတာလဲ။”

“……”

“ဘယ်နှကီလိုလောက်များ ပြေးလိုက်ရလို့လဲ။”

သူက ချွေးများရွှဲနစ်ကာ မျက်နှာများ နီမြန်းနေကြသော အဖွဲ့ဝင်များကိုကြည့်ပြီး လှောင်ပြောင်နေ၏။

“ဒီလောက်လေးနဲ့ တုန်ချည့်နေကြတယ်ဆိုရင်လည်း ရပ်ကွက်ထဲက သင်တန်းမှာပဲ ဘဲလေးဖြစ်ဖြစ် သွားကကြလေ၊ သေသေချာချာ မပြေးကြဘူးလား။”

သူက ကားကိုယ်ထည်ကို လက်သီးဖြင့် ဒုန်းခနဲ ထိုးလိုက်ရင်း အသံနိမ့်နိမ့်ဖြင့် ကြိမ်းမောင်းခဲ့သည်။

အီဝူရှင်းက လေ့ကျင့်ရေး အမှန်တကယ် စတင်သည်နှင့်တစ်ပြိုင်နက် ယဉ်ကျေးပျူငှာစွာ ပြောဆိုတတ်သည့် အမူအရာများကို လုံးဝ ဘေးဖယ်ထားလိုက်ပေပြီ။ တပ်ဖွဲ့ဝင်များခမျာ အင်အားကို အကုန် ညှစ်ထုတ်ကာ အရှိန်ပြန်မြှင့်လိုက်ကြသလို၊ ဆောယောင်းကလည်း အရှေ့မှအုပ်စုနှင့် အကွာအဝေးပြတ်မကျန်ခဲ့စေရန် အံကို တင်းတင်းကြိတ်ထားရ၏။

“အခုကစပြီး နည်းပြနောက်ကနေ လိုက်အော်ကြ။ ငါက အသုံးမကျတဲ့ ပစ္စည်းအစုတ်အပဲ့ပဲ....”

ဟုတ်သည်…။ ခန္ဓာကိုယ်ထက် ပို၍ပင်ပန်းရသည်က ထိုကဲ့သို့သော လှောင်ပြောင်ထိုးနှက်မှုများပင်။

“ငါက၊ အသုံးမကျတဲ့၊ ပစ္စည်းအစုတ်အပဲ့ပါ……”

“အားစိုက်ပြီး ပိုကျယ်ကျယ် အော်စမ်း။”

“ငါက အသုံးမကျတဲ့ ပစ္စည်းအစုတ်အပဲ့ပါ။”

“ဒီမှာ စုနေတဲ့ကောင်တွေက အကုန် အားမရှိတဲ့ကောင်တွေချည်းပဲလား။ ဘာလို့ အသံက ဒီလောက်တောင် ပျော့ဖပ်နေရတာလဲ…”

“ငါက... အသုံးမကျတဲ့... ပစ္စည်းအစုတ်အပဲ့ပါ။”

အဖွဲ့ဝင်များ အသံကုန် အော်ဟစ်လိုက်ကြမှ အီဝူရှင်းက ကျေနပ်သည့်အလား ပြုံးခဲ့သည်။

“ဟုတ်ပြီ၊ အခု လုပ်ခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်တာကို တစ်သက်လုံး မမေ့ဘဲ သေသေချာချာ မှတ်ထားကြ။”

အီဝူရှင်းက အဖွဲ့ဝင်များ၏ မိမိကိုယ်ကိုယ် ယုံကြည်မှုကို တမင်နင်းခြေဖျက်ဆီးပစ်ကာ မာနကိုလည်း ထိပါးစော်ကားခဲ့၏။ ပုဂ္ဂိုလ်ရေးဆိုင်ရာ တိုက်ခိုက်မှုများကိုလည်း ပြုလုပ်ရန် ဝန်မလေးပေ။

တစ်ခါတရံ မိဘကိုပါ ထိပါးသည့် ရိုင်းစိုင်းသော ဆဲဆိုမှုများဖြင့် စိတ်ဓာတ်ကို အရင် ချေမှုန်းပြီးမှ ပြစ်ဒဏ်ပေးသည့်အခါ အချို့မှာ ဆောယောင်းထက်ပင် အရင် ဦးကျိုးသွားတတ်ကြသည်။

တကယ်ပဲ ‘အမေ၊ အဖေ’ က ဘာမို့လို့လဲ။ ထိုစကားလုံးများကို ထည့်သွင်း ဝေဖန်လိုက်လျှင် လူတိုင်းက ခြေထောက်အဖြတ်ခံရသည့်အလား မိုက်မဲစွာ တုံ့ပြန်တတ်ကြ၏။ ဆောယောင်းအတွက်မူ ထိုအချက်က လုံးဝ နားမလည်နိုင်စရာပင်။

နေပါဦး၊ အမေနဲ့အဖေက တကယ် အသုံးမကျတာလည်း ဖြစ်နိုင်တာပဲကို၊ ဘာလို့ ငိုနေကြတာလဲ…

ထိုစဉ် စစ်ဖိနပ်ကို တရွတ်တိုက်ဆွဲရင်း အတင်းလိုက်ပါလာသော ဆောယောင်းထံသို့ သူ၏အကြည့်က ခေတ္တ ကျရောက်လာပြီးမှ ဖယ်ခွာသွားသည်။ အီဝူရှင်း၏ မထီတရီမျက်နှာကို အနီရောင်စပီကာက ဖုံးကွယ်ထားသဖြင့် သေသေချာချာ မမြင်ရပေ။

“အဖွဲ့ဝင် ဟန်ဆောယောင်း၊ စစ်ဖိနပ်က အရမ်းကြီးနေတဲ့ပုံပဲ။”

“မဟုတ်ပါဘူး…”

“ပင်ပန်းရင် နားလိုက်တော့။ ဒီမှာ မင်းကို ထမ်းချင်ပိုးချင်နေတဲ့ ယောကျ်ားတွေမှ အများကြီးပဲ။”

“……”

ဆောယောင်း၏ မျက်ခုံးနှစ်ဖက်က ချက်ချင်းပင် ကျုံ့သွားတော့သည်။ အပေါ်ယံ နားထောင်လျှင် ဂရုစိုက်သည့်စကားဟု ထင်ရသော်လည်း အမှန်တော့ အကန့်အသတ်ကို ကျော်သွားသည့် စော်ကားမှုပင်။

ဒေါသထွက်သွားသည့် ဆောယောင်းတစ်ယောက် ခြောက်နေသော လည်ချောင်းကို အတင်းဖျစ်ညှစ်ကာ ဒက်ခနဲ ပြန်ဖြေလိုက်တော့သည်။

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment