အပိုင်း ၃၈
နီရဲနေသော မျက်နှာများ၊ နှာရည်နှင့် တံတွေးများ ပေကျံနေသော ရဲဘော်ရဲဘက်များနှင့် မျက်နှာချင်းဆိုင်လိုက်ရချိန်တွင် အနေခက်စရာ တိတ်ဆိတ်မှုတစ်ခု ဖြစ်ပေါ်လာသည်။ သို့သော်လည်း တစ်ယောက်ချင်းစီက အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းရင်း တစ်ဦးမျက်နှာ တစ်ဦးကြည့်ကာ စိတ်သက်သာရာရသွားကြ၏။
ပထမဦးစွာ ဆောယောင်းက အတားအဆီးမရှိ ဟင်းလင်းပကတိ မြင်နေရသော မြင်ကွင်းကို ပြန်လည် ဆန်းစစ်ကြည့်လိုက်သည်။ သို့သော် ပတ်ပတ်လည်ကို လှည့်ကြည့်နေစရာပင် မလိုတော့ချေ။
ပတ်ဝန်းကျင်တစ်ခုလုံးက မည်းမှောင်နေသည်။ ညဘက် ပင်လယ်ပြင်၏ အလယ်ဗဟိုသို့ ရောက်ရှိနေခြင်းပင်။
“အိပ်ချင်စိတ်တွေ ဝှစ်ခနဲ ပြယ်သွားကြပြီမဟုတ်လား။”
ထို့နောက် လှေ၏ အစွန်းတွင်ထိုင်ကာ ဒူးပေါ် မေးတင်ပြီး ပြုံးနေသော လူတစ်ယောက်။ စောက်ကျိုးနည်း အီဝူရှင်းက လန်းဆန်းတက်ကြွစွာဖြင့် လက်ဝှေ့ယမ်းပြနေလေသည်။
ဆောယောင်းက ပါးစပ်ထဲမှ အဝတ်စကို ထွီခနဲ ထွေးထုတ်လိုက်၏။ ထိုလူက တောင့်တောင့်ကြီး ဖြစ်နေသော အဖွဲ့ဝင်များကို ကြည့်ကာ ဘာမှမဟုတ်သလို ပြောလာသည်။
“ငါက အိပ်ခွင့်မပေးဘူးလို့ ပြောခဲ့တယ်မဟုတ်လား။”
ထိုစကားအဆုံးတွင်ပင် ဗွမ်းခနဲ မြည်သံနှင့်အတူ ရေဖွေးဖွေးများ ကြမ်းတမ်းစွာ စဉ်တက်လာတော့သည်။
အွတ်.....အီး......
ဆက်တိုက် ထွက်ပေါ်လာသော အော်ဟစ်သံများကြားတွင် အီဝူရှင်းက မိစ္ဆာတစ်ကောင်လို ပြုံးနေ၏။
သူက အဖွဲ့ဝင်များ၏ ရင်ဘတ်ကို ခြေထောက်ဖြင့် ခပ်ဖွဖွတွန်းကာ ပင်လယ်ထဲသို့ တစ်ယောက်ပြီးတစ်ယောက် ကန်ချနေခြင်းပင်။ သို့သော် မွေးရာပါ ချောမောလှပသော မျက်နှာကြောင့်လားမသိ၊ ထိုအပြုံးက မခို့တရို့ပြုံးသလိုပုံစံမျိုးပေါက်နေသဖြင့် ဆောယောင်းတစ်ယောက် ဒေါသူပုန်ထသွားရသည်။
အရပ်မျက်နှာ အနှံ့အပြားတွင် အသက်ရှင်လိုဇောဖြင့် ရုန်းကန်နေကြရ၏။ လက်ပြန်ကြိုးတုပ်လျက် ရေကူးနေရခြင်းဖြစ်သောကြောင့် ခန္ဓာကိုယ်ကို သေချာမလှုပ်ရှားနိုင်ပါက ဒီအတိုင်း နစ်မြုပ်သွားပေလိမ့်မည်။
အီဝူရှင်းက နောက်ဆုံးကျန်နေသော ဆောယောင်း၏ ကုပ်ပိုးကို ဆွဲမလိုက်သည်။ နှာခေါင်းချင်း ထိလုနီးပါး မျက်နှာချင်း နီးကပ်သွားကာ တဒင်္ဂ ဆုံလိုက်ရသော မျက်လုံးများက အရောင်တလက်လက် တောက်ပနေ၏။
“ဒီမှာ ခေါင်းလောင်းမရှိတော့ ီး တီးတာနဲ့ပဲ အစားထိုးကြမလား။”
သူက ဆောယောင်း၏ ဒူးကို ခပ်ဖွဖွ ပုတ်ကာ စိန်ခေါ်ခဲ့သည်။
“ဒူးနဲ့ တိုက်ကြည့်လေ။ အဖွဲ့ဝင် ဟန်ဆောယောင်းက အဲ့ဒါမျိုး ကျွမ်းကျင်တာကို။”
“လွှတ်...”
“အာ... မကြိုက်ဘူးလား။ အဲ့ဒါဆို ပါးရိုက်တာနဲ့ အစားထိုးမလား။”
အီဝူရှင်းက သိသာထင်ရှားစွာပင် ခပ်ရေးရေးပြုံးရင်း သူ၏ ပါးတစ်ဖက်ကို လှည့်ပေးလာသည်။
“တစ်ချက်ပဲ ရိုက်၊ အဲ့ဒါဆိုရင် ကုပ်ပိုးကို မလွှတ်ဘဲ ကိုင်ထားပေးမယ်။”
သူက ဆောယောင်း၏ အင်္ကျီကော်လံကို မြဲမြံစွာ ပြန်ပြင်ကိုင်လိုက်သည်။ သို့သော် ဆောယောင်း၏ ခြေဖဝါးက ရေမျက်နှာပြင်နှင့် ထိနေပေပြီ။
ဆောင်တွင်း ညဘက် ပင်လယ်ရေက အပူချိန် မည်မျှရှိမည်နည်း။ အေးစက်သော ရေနှင့် ထိလိုက်သည်နှင့် စိတ်က ဝုန်းခနဲ ကြည်လင်သွား၏။ သွားများပင် တဆတ်ဆတ် တုန်ခါလာချေပြီ။
“လက်ကိုလည်း မဖြေပေးဘဲနဲ့ ရိုက်တဲ့လား။ ဒီအတိုင်း ခေါင်းနဲ့ပဲ ခွပ်ခနဲ ဆောင့်လိုက်လို့ရော ရမလား။”
“အဖွဲ့ဝင် ဟန်ဆောယောင်း ဆန္ဒရှိသလိုသာ လုပ်ပါ။”
“တံတွေးနဲ့ ထွေးလို့ရော ရလား။”
“......”
စကားများ ဆွံ့အသွားပုံရသော ထိုလူက မျက်နှာကြွက်သားများ ဆတ်ခနဲလှုပ်သွားသော်လည်း ခပ်ဖွဖွ ရယ်ခဲ့သည်။
စိတ်ထဲရှိသည့်အတိုင်းသာဆိုလျှင် တကယ်ပင် တစ်ချက်လောက် အားရပါးရ လွှဲရိုက်လိုက်ချင်သော်လည်း ထိုသို့လုပ်ခြင်းက လက်လျှော့အရှုံးပေးလိုက်သလိုမျိုး မဖြစ်စေလိုပေ။ အကြောင်းပြချက်မရှိဘဲ ရိုက်နှက်ခြင်းမျိုးဆိုလျှင်မူ တစ်မျိုးတစ်ဖုံဖြစ်ပေမည်။
နောက်ဆုံးတွင် ဆောယောင်းက ခေါင်းခါလိုက်သည်။ ထို့နောက် ရေထဲသို့ကျရန် အဆင်သင့်ဖြစ်နေသလို “ဟူး...” ဟု သက်ပြင်းတိုလေး ချလိုက်ရာ၊ တည်ငြိမ်နေသော အီဝူရှင်း၏ မျက်နှာက ရုတ်တရက် ပျက်ယွင်းသွား၏။
နှိပ်စက်ခံနေရသူက ဆောယောင်း ဖြစ်ပါလျက် သူက ဘာကြောင့် မျက်နှာပျက်သွားရသည်ကို လုံးဝ နားမလည်နိုင်ခဲ့။
သူက ဆောယောင်းကို တစ်ဖန်ပြန်၍ မြဲမြံစွာ ဆုပ်ကိုင်လိုက်သည်။
“ဘာလို့ ဒီလောက်တောင် အဆိပ်ပြင်းနေရတာလဲ။ ဧကန္တ အိမ်ထောင်မကျခင်ကရော ဒီလိုပဲလား။”
“ဒါပေါ့၊ အွတ်...”
ဆောယောင်းက မောဟိုက်စွာ အသက်ရှူရင်း ခြေထောက်ကို တွန့်လိုက်မိသည်။ နှလုံးရပ်ကာ သေသွားနိုင်လောက်သည်အထိ ရေက အေးစက်လွန်းလှ၏။
ခေါင်းလှည့်ကြည့်လိုက်သောအခါ မျက်နှာလေးများသာ ဖော်ထားရသော အဖွဲ့ဝင်များက ပြာနှမ်းနေသော နှုတ်ခမ်းများဖြင့် ခန္ဓာကိုယ်ကို အတင်းလှုပ်ရှားနေကြသည်။ တော်သေး၍ နစ်မြုပ်သွားသူ မရှိဘဲ အခြားလှေများတွင်လည်း အခြေအနေက ဆင်တူပင်ဖြစ်ဟန်တူ၏။
“အမျိုးသားကတော့ နောက်စေ့ဖြတ်ရိုက်ခံရသလို ခံစားနေရမှာပဲ။”
“အဲ့ဒါက နှစ်ဦးနှစ်ဖက်လုံး အတူတူပါပဲ...”
ဆောယောင်းတစ်ယောက် တိုးဝင်လာသော အအေးဒဏ်ကြောင့် အသက်ကို မနည်းရှူနေရသည်။
“ကျွန်မက စရိုက်ကိုပဲ ဖုံးကွယ်ခဲ့တာ၊ ကျွန်မ ခင်ပွန်းက ပိုပြီးတော့တောင် အများကြီး ဖုံးကွယ်ထားသေးတယ်...ဒီမှာ တကယ် ယုတ်မာတာက ဘယ်သူလဲ...အဲ့ဒါကို ဟန်ဆောင်တာက ဘာဖြစ်သေးလဲ။”
အင်္ကျီထဲအထိ တိုးဝင်လာသော အအေးဓာတ်ကြောင့် တစ်ကိုယ်လုံး တုန်ယင်နေရင်း ပြောလိုက်တော့ သူက ထူးဆန်းသော မျက်နှာထားဖြင့် မေးစေ့ကို ပင့်လိုက်သည်။
“......အဲ့ဒါ လိမ်လည်လက်ထပ်မှုပဲ မဟုတ်ဘူးလား။”
“ကျွန်မ ပြောတာလည်း အဲ့.. အဲ့ဒါပဲလေ...ဒီအမှုမှာ ကျွန်မက နစ်နာသူပါ...”
မေးရိုးများ တဆတ်ဆတ် တုန်နေသဖြင့် စကားများပင် ထစ်ငေါ့နေသည်။ အီဝူရှင်းက ဘာကြောင့်မှန်းမသိ ကြောင်တောင်တောင် အကြည့်ဖြင့် ဆောယောင်း၏ မျက်နှာအစိတ်အပိုင်းများကို ဖြည်းညင်းစွာ စနည်းနာအကဲခတ်နေ၏။ ထို့နောက် ဖုန်ခါသလို နှာခေါင်းကိုရှုံ့ကာ လက်ကို လွှတ်လိုက်လေသည်။
ဆောယောင်းလည်း ယခုပင် ကြုံတွေ့ရတော့မည့် ရေထဲသို့ ဆင်းသက်ခြင်းအတွက် အံကိုတင်းတင်းကြိတ်ထားလိုက်၏။
တကယ်ပဲ ဒီအတိုင်း အေးခဲပြီး သေသွားမှာတော့ မဟုတ်ပါဘူးနော်...
စိတ်ပျက်အားငယ်သွားသော အမူအရာက မျက်နှာပေါ်တွင် ပေါ်သွား၍လားမသိ ဆောယောင်းကို အားကုန် တွန်းထုတ်တော့မည့် လက်မောင်းက တစ်ချက်လေး တုံ့ခနဲ ဖြစ်သွားသည်။
အချိန်ကို ဆွဲဆန့်ခံထားရသလို ထူးဆန်းသော အခြေအနေမျိုးတွင် သူနှင့် မျက်လုံးချင်း ဆုံမိသွား၏။
ဆောယောင်းက အလိမ်အညာများ ပြည့်နှက်နေသော ထိုမျက်လုံးများကို လက်သီးဖြင့် အားရပါးရ ထိုးပစ်ကာ မျက်ကပ်မှန်များကိုပါ ထုတ်ပစ်လိုက်ချင်သည်။ နားမလည်နိုင်စရာ စိတ်လိုက်မာန်ပါ အလိုဆန္ဒပင်။
ထိုကဲ့သို့သော မစင်မကြယ် အတွေးများကို တုံ့ပြန်လိုက်သည့်အလား နောက်ဆုံးတွင် ပိန်သွယ်သွယ် ခန္ဓာကိုယ်လေးမှာ လှေပေါ်မှ အညှာအတာမဲ့စွာ ပြုတ်ကျသွားတော့သည်။
ဗွမ်း....
အေးစက်သော ရေမျက်နှာပြင်နှင့် ထိတွေ့လိုက်သည့် အခိုက်အတန့်တွင် နှလုံးကွဲကြေလုမတတ် ထိတ်လန့်မှုက လွှမ်းမိုးသွား၏။ ခေါင်းအစ ခြေအဆုံး ပင်လယ်ရေအောက်သို့ နစ်မြုပ်သွားသော ခန္ဓာကိုယ်က အောက်သို့၊ ထပ်ပြီးအောက်သို့သာ အဆုံးမရှိ ထိုးကျနေသည်။ ရေမဟုတ်ဘဲ ဓားသွားပေါ်သို့ ပြုတ်ကျသွားသလို နာကျင်မှုမျိုးပင်။
ထိုသို့ ဖြစ်နေသည့်ကြားမှ ရေမျက်နှာပြင်ပေါ်တွင် ထင်ဟပ်နေသော ထိုလူ၏ မျက်နှာကို ဝိုးတဝါးမြင်နေရ၏။ အဆုံးအထိ အကြည့်မလွှဲနိုင်ဘဲ ဖြစ်နေသည်က နှစ်ယောက်အနက် မည်သူမှန်း ဤအခြေအနေမျိုးတွင် ခွဲခြားရန် ခက်ခဲလှသည်။ သို့သော် အီဝူရှင်းအပေါ် ထားရှိသော ပြင်းပြသည့် ဒေါသက တဒင်္ဂ အအေးဒဏ်ကို လွင့်စင်သွားစေလောက်အောင် တောက်လောင်နေ၏။
နောက်ဆုံး ခန္ဓာကိုယ်က ရပ်တန့်သွားသည်ဟု ခံစားရချိန်တွင် ဆောယောင်းတစ်ယောက် ရှိသမျှအားကုန်သုံး၍ တုပ်နှောင်ထားသော ခြေထောက်များကို ရှေ့နောက် လွှဲယမ်းလိုက်သည်။ ခါးကို အဖြောင့်အတိုင်း ထားထားသော ခန္ဓာကိုယ်က ပျော့ပျောင်းစွာ တွန့်လိမ်ရင်း ရေအောက်မှ ခွဲထွက်လာ၏။
သူက ရေပေါ်သို့ တက်လာသည်နှင့် ပါးစပ်ကို အကျယ်ကြီးဟကာ မလုံလောက်သော အသက်ကို ရှူသွင်းလိုက်သည်။ အနက်ရောင် လှေကို မြင်လိုက်ရသည်နှင့် ဆောယောင်းတစ်ယောက် မအောင့်နိုင်ဘဲ အော်ဟစ်လိုက်တော့၏။
“ပြန်မဆယ်ပေးတော့ဘူးလား။”
သူ့ထက်အရင် ရေထဲကျသွားသော အဖွဲ့ဝင်များက ယခုအထိ ကူးခတ်နေရဆဲ ဖြစ်သောကြောင့်ပင်။
“ကျွန်မတို့ အကုန် အေးခဲပြီး သေကုန်ပါတော့မယ်။”
ဝမ်းခေါင်းထဲမှ ဆွဲထုတ်လိုက်သော အသံက ဟိန်းထွက်သွားသည်။ ဆောယောင်း စတင် ကန့်ကွက်လိုက်သည်နှင့် ရေများ ပါးစပ်ထဲဝင်နေသော အဖွဲ့ဝင်များကလည်း သွားများ တဆတ်ဆတ် တုန်နေသည့်ကြားမှ ထောက်ခံသည့်အလား ခေါင်းညိတ်ပြကြ၏။
အီဝူရှင်းက လက်ပတ်နာရီကို ကြည့်ကာ လှေပေါ်တွင် အေးအေးလူလူ နေရာယူထားလျက်ရှိနေသည်။ သူက ကမ်းခြေတွင် လဲလျောင်းနေသူအလား ခေါင်းအောက်တွင် လက်နှစ်ဖက်ကို ယှက်ထားရင်း မိုးကုပ်စက်ဝိုင်းကို လှမ်းမျှော်ကြည့်နေ၏။
“နဂိုကတည်းက လေ့ကျင့်ရေးဆင်းပြီဆိုရင် သေတာလည်း ရှိနိုင်သလို၊ မတော်တဆမှုတွေလည်း ဖြစ်တတ်တာပဲ။”
“ဘာကို......”
“နောက် ၁၀ မိနစ်နေရင် နေထွက်တော့မှာ။ ငါတို့တွေ ဒီမှာ နေထွက်တာ ကြည့်ပြီးမှ သွားကြမယ်။”
အဲ့ဒီ ခွေးကောင်၊ သောက်ကျင့်ယုတ်ကလား။
သူ့ကို စိုက်ကြည့်လိုက်သော ခဏတွင် တိုက်ဆိုင်စွာပင် မျက်လုံးချင်း ဆုံသွားသည်။ ရေထဲကျသွားက မိမိဖြစ်ပါလျက်နှင့် ထူးဆန်းစွာပင် အီဝူရှင်းက ရင်ဘတ်ကို တစ်ချက် နိမ့်ချည်မြင့်ချည် လုပ်နေ၏။
သို့သော် ထိုအရာကလည်း ဆောယောင်း၏ အထင်မှားမှု ဖြစ်သည့်အလား သူက မျက်တောင်တစ်ခတ်အတွင်းမှာပင် အေးရာအေးကြောင်းပြုံးကာ နာရီကို ထပ်ကြည့်ခဲ့သည်။
“ပါးကို အားရပါးရ ရိုက်ပစ်ချင်တဲ့ စိတ်လေး အခု နည်းနည်း ပေါ်လာပြီလား။”
“......ရိုက်ချင်ရုံတင် ဘယ်ကမလဲ၊ အကုန် ဆွဲကိုက်ပစ်ချင်တာကို။”
အီဝူရှင်းက ဆောင်းလေကြောင့် နီရဲနေသော ပါးကို လက်ဖမိုးဖြင့် ပွတ်သပ်ရင်း ရယ်လိုက်သည်။
“အာ၊ ဒါကတော့ အားနာလို့ ဘယ်လိုလုပ်မလဲ။ လက်နဲ့ရိုက်တာတော့ ရပေမဲ့ နှုတ်ခမ်းရာပေးလို့တော့ မဖြစ်တာကို။”
ဒီအတိုင်း သောက်ကျင့်ယုတ်ကိုး...
မကြာမီ မိုးကုပ်စက်ဝိုင်းအလွန်မှ နီရဲသော အလင်းတန်းလေးတစ်ခု ပေါ်ထွက်လာသည်။
အီဝူရှင်းက တကယ်ပင် နေထွက်သည်အထိ အဖွဲ့ဝင်များကို နှိပ်စက်ပြီးနောက် ခန္ဓာကိုယ် အပူချိန် လွန်ကဲစွာ ကျဆင်းမည့် အခြေအနေ မရောက်မီလေးတွင်မှ တစ်ယောက်ချင်းစီကို ကုပ်ပိုးမှ ဆွဲမကာ တင်ပေးခဲ့၏။
ဓားသွားတမျှ အေးစက်လှသော အအေးဒဏ်ကြောင့် တုန်ယင်နေရင်း ငါးတစ်ကောင်လို ပျော့ခွေနေသော ခန္ဓာကိုယ်ကို မနည်း ထိန်းနေရသော်လည်း အီဝူရှင်းက ရှုခင်း လှလို့ မင်းတို့လည်း နေထွက်တာကို ကြည့်ကြဦးဟူသည့် အဓိပ္ပာယ်မရှိသော စကားများကို ရွတ်နေခဲ့သည်။
ချီးပဲ... ဒါကြောင့်လည်း တကယ် မဆဲဘဲ မနေနိုင်တော့တာ။
“ကပ်...ကပ်...ကပ် ထိုင်...ထိုင်ကြရအောင်......”
ထိုစဉ် အဖွဲ့ဝင်တစ်ယောက်က ပြာနှမ်းနေသော နှုတ်ခမ်းများဖြင့် အားလုံးကို တောင်းဆိုခဲ့သည်။ ယခုအချိန်တွင် အနည်းငယ်သော အပူဓာတ်လေးထက် ပို၍လိုလားသည့်အရာ မရှိတော့ပေ။
အားလုံး တင်ပါးကိုရွှေ့ရင်း အချင်းချင်း ပခုံးချင်း၊ လက်မောင်းချင်း ထိကပ်ကာ ထိုင်လိုက်ကြသည်။ မကြာမီ သူတို့က အဝေးတွင် ရှိနေသော ဆောယောင်းကိုလည်း သနားစရာ အကြည့်များဖြင့် လှမ်းကြည့်လာကြ၏။
“......”
“......”
အေးလေ...ဒီလိုအခြေအနေမျိုးမှာတော့ မိန်းမဖြစ်ဖြစ် ယောက်ျားဖြစ်ဖြစ် လူတစ်ယောက် ပိုရှိလေ ကောင်းလေပဲပေါ့။
သက်ပြင်းချသံပင် မေးရိုးရိုက်ခတ်သံနှင့်အတူ ထွက်ပေါ်လာသော အခြေအနေပင်။
နောက်ဆုံးတွင် ဆောယောင်းလည်း ပထမဆုံးအကြိမ်အဖြစ် ဖယ်ကြဉ်ခံထားရသော ဤအုပ်စုအတွင်းသို့ ဝင်ရောထိုင်လိုက်ရသည်။ တစ်ယောက်တည်း ပင်လယ်လေကို ခံနေရသည်ထက်စာလျှင် ခန္ဓာကိုယ်ချင်း ထိကပ်ပွတ်သပ်နေခြင်းက ပို၍ ခံနိုင်ရည်ရှိစေမည်မှာ အမှန်ပင်။
“မင်းတို့တွေ ဒီလိုကနေ တစ်ယောက်နဲ့တစ်ယောက် အဝတ်ပါ ချွတ်ပေးကြတော့မှာပဲ။”
လှေအစွန်းတွင်ထိုင်ကာ စက်နှိုးနေသော အီဝူရှင်းက ခပ်ဖွဖွ ရယ်လိုက်သည်။ သူက ကုန်းပေါ်သို့ ဦးတည်ကာ လှေကို အရှိန်ဖြင့် မောင်းနှင်နေရင်းမှ ရုတ်တရက် ကွေ့ချလိုက်ရာ အဖွဲ့ဝင်အချို့ ရေထဲသို့ ပြန်လည် ပြုတ်ကျကုန်၏။
ဒီအရူးကောင်တော့...
အီဝူရှင်းက မျက်လုံးဖြင့် ဆဲဆိုနေသော ဆောယောင်းကို စိုက်ကြည့်ရင်း နှုတ်ခမ်းကို တင်းအောင်စေ့ကာ ပြုံးလိုက်သည်။ တကယ် အကြောင်းမဲ့သက်သက် နှိပ်စက်နေခြင်းပင်။
ထိုသို့ဖြင့် ကုန်းပေါ်သို့ ရောက်သည်နှင့်တစ်ပြိုင်နက် အဖွဲ့ဝင်များခမျာ တုပ်နှောင်ခံထားရသော ခန္ဓာကိုယ်များဖြင့် အသက်လုကာ ပြေးကြလေတော့သည်။
အဆောင်ထဲသို့ ရောက်သွားရုံနှင့် ခေါင်းပေါ်မှ ဒလဟော ကျလာမည့် ရေနွေးပူပူအောက်တွင် တစ်ကိုယ်လုံးကို စိမ်ထားနိုင်ပေမည်။ သို့သော်လည်း ခြေလက်များတွင် တုပ်နှောင်ခံထားရသည့်အတွက် မကြာမီမှာပင် သဲသောင်ပြင်ပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် ဖုတ်ခနဲ လဲကျကုန်ကြ၏။
မည်သို့ပင် ဇွမ်ဘီးလို အတင်းခုန်ပေါက်ပြေးလွှားနေကြပါစေ ရေထဲတွင် ကြာရှည်စွာ နေခဲ့ရသည့်အတွက် ကြွက်သားများက တောင့်တင်းကာ ကျုံ့နေပေပြီ။ နူးညံ့သော သဲသောင်ပြင်ကလည်း သူတို့အတွက် မည်သည့်အကူအညီမှ မပေးနိုင်ခဲ့ပေ။
“ကြိုးတုပ်ထားတာကို မဖြေနိုင်ရင် အဆောင်ထဲလည်း ဝင်ခွင့်မရှိဘူး။”
ထိုစဉ် အသံချဲ့စက် ကိုင်ထားသော အီဝူရှင်းက ပြောခဲ့သည်။
“အဲ့ဒါကြောင့် တောင့်ခဲနေတဲ့ ငါးအသေတွေ မဖြစ်ချင်ရင် မြန်မြန်ဆန်ဆန် ကြိုးဖြေကြ။”
အဆောင်နှင့် လက်တစ်ကမ်းအလိုမှာတင် ခြေချုပ်မိသွားကြသဖြင့် အဖွဲ့ဝင်များ၏ မျက်နှာပေါ်တွင် မျှော်လင့်ချက်မဲ့သော အရိပ်အယောင်များ ယှက်သန်းသွားတော့သည်။ ထို့အပြင် နောက်ပြန် တုပ်နှောင်ခံထားရသော လက်များကို တစ်ယောက်တည်း ဖြည်ရန်မှာ လုံးဝ ဖြစ်နိုင်မည့်ပုံမပေါ်ပေ။
လက်မလျှော့သေးသော အဖွဲ့ဝင်အချို့က အလျင်အမြန်ပင် လူစုခွဲကာ ကျောချင်းကပ်လိုက်ကြသည်။ သူတို့က တစ်ယောက်၏ လက်ကောက်ဝတ်ကို တစ်ယောက် စမ်းသပ်ရင်း ကြိုးထုံးများကို ရှာဖွေနေကြ၏။
အိုး... ဆောယောင်းလည်း ပြာနှမ်းနေသော နှုတ်ခမ်းများကြားမှ ချီးကျူးသံကို ထုတ်ဖော်လိုက်မိသည်။ ကောင်းမွန်သော ဗျူဟာပင်။ လဲကျပြီး ဆဲဆိုနေကြသော အဖွဲ့ဝင်များလည်း သတိပြန်ဝင်လာကာ နှစ်ယောက်တစ်တွဲစီ ကပ်ကုန်ကြတော့၏။
သို့သော်လည်း ဆောယောင်းအတွက်မူ အစကတည်းက အခက်အခဲနှင့် ကြုံနေရချေပြီ။
~~~~
Miel's Translations